ဟန်ဆောင်မှုစွမ်းအား
Vol. 6 Ch. 76
အင်စလေသည် အဖိုးယိုဖန်၏ မဲမှောင်နေသော မျက်နှာအားကြည့်ကာ လက်သည်းကိုက်လိုက်မိသည်။ သူမ၏ ညှို့ဓာတ်စွမ်းအင်ကို အသုံးပြုထားသည့်တိုင်အောင် အဖိုးကြီးမှာ အနည်းငယ်မျှပင် တုန်လှုပ်မှုမရှိချေ။ ဆိုလိုသည်မှာ အဖိုးယိုဖန်သည် သူအား အဘက်ဘက်မှ တားမြစ်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
အဖိုးယိုဖန်၏ ခိုင်မာသော ဆုံးဖြတ်ချက်သည် အင်စလေ အသုံးပြုလိုက်သည့် ညှို့ဓာတ်စွမ်းရည်ကိုပင် ပျက်ပြယ်သွားစေသည်။ အင်စလေသည် ညှို့ဓာတ်စွမ်းရည်အား ကံကောင်းခြင်းစွမ်းရည်နှင့် ပေါင်းစပ်အသုံးပြုခြင်း မရှိသည့်တိုင်အောင် အဖိုးယိုဖန်၏ စွမ်းအားကြောင့် အတော်လေး အံ့ဩထိတ်လန့်သွားမိသည်။
သောက်ကျိုးနည်း.. ဘာလုပ်ရတော့မှာလဲ.. နိမိတ်ပြအိပ်မက်တောင် သူ့ကို စိတ်မပြောင်းနိုင်ဘူးဆိုတော့ ဒီတစ်ကြိမ် စိတ်ဝိညာဉ်ပိုင်စိုးမှုကို သုံးရတော့မှာလား..
အင်စလေသည် စိတ်ဝိညာဉ်ပိုင်စိုးမှုအား အသုံးပြုရန် အတော်လေး အင်တင်တင် ဖြစ်နေမိသည်။ အကြောင်းမှာ ထိုအလိမ်အညာသည် အတော်လေး ကြီးမားသောကြောင့် ဖြစ်သည်။ သို့သော် ယင်းအား အသုံးမပြုပါလျှင် သူမ၏ ဆန္ဒအား ဖြည့်ဆည်းပေးကြလိမ့်မည် မဟုတ်ပေ။
အဆုံးတွင် စိတ်ဝိညာဉ်ပိုင်စိုးမှု အလိမ်အညာအား အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ဂေါ့ဖားသားအဖြစ် အမှားအယွင်းမရှိ သရုပ်ဆောင်နိုင်ရန် သူမ နေ့စဉ်နေ့တိုင်း လေ့ကျင့်ထားခဲ့သည်။ ယခုအချိန်တွင် အင်စလေသည် အဖိုးကြီးဒေ့ဗ်၏ အနှစ်သက်ဆုံး အစားအစာများကိုပင် သိထားပြီးဖြစ်သည်။
ထို့ကြောင့် သူမ မလိမ်ညာချင်ဘူး ဆိုရုံနှင့် သူမ၏ ကြိုးစားအားထုတ်မှုများအား ဖြုန်းတီးရမည်လား။ မည်သို့ပင်ဖြစ်စေ သူမသည် နိမိတ်ပြအိပ်မက်များနှင့် ပတ်သက်၍ အလိမ်စကား ဆိုမိပြီးဖြစ်သည်။
သူမ၏ အလိမ်အညာများမှာ ပို၍ပို၍ ကြီးထွားလာပြီ ဖြစ်သောကြောင့် ထပ်ပေါင်းထည့်ရန် ပြဿနာမဟုတ်ချေ။ သူမ၏ အလိမ်အညာ ပေါ်သွားခဲ့သည့် တစ်နေ့တွင် ဖြစ်လာမည့် အကျိုးဆက်များကိုလည်း လက်ခံနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ထိုသို့ စဉ်းစားပြီးနောက် အင်စလေ စိတ်တင်းကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ကောင်မလေးသည် ကံကောင်းခြင်းစွမ်းရည်အား အသုံးပြုလိုက်သည်။ ထိုမှသာ သူမအား ဝန်းရံနေသည့် ရွှေရောင်အငွေ့အသက်များအား အခြားသူများ မြင်နိုင်မည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် စိတ်ဝိညာဉ် ပိုင်စိုးခံရသူ တစ်ဦး၏ လက္ခဏာ တစ်ရပ်မှာ ရွှေရောင်အငွေ့အသက်များ ရှိခြင်းဖြစ်သည်။
အင်စလေ ရွှေရောင်အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်နှင့် သူမ၏ အမူအရာများလည်း ပြောင်းလဲသွားတော့သည်။ မျက်လုံးအကြည့်များ ထက်မြက်စူးရှလာပြီး မျက်နှာပေါ်တွင် အကြင်နာမဲ့ကာ ရက်စက်မှုများ ထင်ဟပ်လာသည်။
ကောင်မလေးသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်ပြီး ဗိုလ်ကျစိုးမိုးသည့် သူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့သော သန်မာအားကောင်းသည့် ဩဇာလွှမ်းမိုးမှုသည် အဖိုးယိုဖန်အား ကြောင်အသွားစေသည်။ ထမင်းစားပွဲ အနီးရှိ အိမ်အကူများနှင့် အစေခံများပင်လျှင် ပြောင်းလဲမှုအား သတိပြုမိကြသည်။
ထို့အပြင် ရွှေရောင်အငွေ့အသက်မှာ အလွန်တောက်ပနေသောကြောင့် သတိမပြုမိရန် မဖြစ်နိုင်ချေ။
“အင်.. ဘာဖြစ်နေတာလဲ သမီး..”
အဖိုးယိုဖန် နှလုံးတစ်ချက် ခုန်သွားသည်။ သူ၏ ညာဘက်သို့ ကြည့်လိုက်ချိန်တွင် သူ့အား တဖြည်းဖြည်းချင်း မော့ကြည့်လာသည့် ကောင်မလေးအား မြင်တွေ့လိုက်ရသည်။
သို့သော် တစ်ခုခု ကွဲပြားနေသည်။
ပုံမှန်အားဖြင့် အင်စလေ၏ မျက်လုံးများမှာ သန့်စင်ကာ အပြစ်ကင်းပြီး ချစ်စဖွယ်ကောင်းလှသည်။ သို့သော် ယခု သူမ၏ အကြည့်များမှာ ဘဝအတွေ့အကြုံများစွာ ဖြတ်သန်းလာပြီးသော လူတစ်ဦးကဲ့သို့ ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်မှ မွေးရာပါ ခေါင်းဆောင်တစ်ဦးထံမှ ရတတ်သည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်မျိုး ထုတ်လွှင့်နေပြီး ဉာဏ်ပညာကြီးကာ လုပ်ရည်ကိုင်ရည်ရှိသူဟု ခံစားမိစေသည်။
ထိုသို့သော ဩဇာတိက္ကမရှိသည့် အငွေ့အသက်မျိုးမှာ ၃ နှစ်အရွယ် ကလေးတစ်ဦးအတွက် ပုံမှန်မဟုတ်ပေ။
အဖိုးယိုဖန် နှုတ်ခမ်းအား ဖိကိုက်ကာ နှစ်ဖက်ချည်ထားသည့် ဆံပင်များအား ဖြည်ချနေသည့် အင်စလေအား ကြည့်နေမိသည်။ သူမ၏ ဂုတ်ထောက်ဆံပင်မှာ လည်ပင်းပေါ်သို့ ဖြာကျသွားသည်။ ကောင်မလေးသည် ဆံပင်အား ခါလိုက်ပြီးနောက် ဆံမြိတ်အား လက်ဖြင့်ဖွကာ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
“ဟ.. အချိန်တွေတောင် ကြာခဲ့ပြီပဲ..”
အသံမှာ ကလေးတစ်ဦးကဲ့သို့ ဖြစ်သော်ငြား ယခင်ကထက် ပိုဩလာသည်။
သူမ၏ စကားသံမှာ ရုတ်တရက် များစွာပီသလာခြင်းကိုပင် ပြောရန်ပင် မလိုတော့ချေ။
အဖိုးယိုဖန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ မျက်လုံးများ နက်မှောင်ကာ အင်စလေအား တိုက်ခိုက်ရန် တိတ်တဆိတ် ပြင်ဆင်ထားလိုက်သည်။
ဒါက.. အင် မဟုတ်ဘူး.. သူမ ခန္ဓာကိုယ်ထဲ ရှိနေတာ ဘယ်သူလဲ.. တစ်ယောက်ယောက်က သူမခန္ဓာကိုယ်ကို ဝင်စီးထားတာလား..
အဖိုးယိုဖန်မှာ အရူးမဟုတ်ပေ။ ကောင်မလေး၏ အသံနှင့် လေသံအား နားထောင်ရုံနှင့်ပင် သူ့အား ခြိမ်းခြောက်နေသည်ကို ခံစားမိသည်။
ကလေးသည် လက်ရှိအချိန်၌ သေဆုံးပြီးသား စိတ်ဝိညာဉ်တစ်ခု၏ ပိုင်စိုးခြင်း ခံနေရသည်။ ရွှေရောင်အငွေ့အသက်မှာ သက်သေတစ်ခုလည်း ဖြစ်သည်။ သို့သော် အဓိပ္ပါယ်မှာ ကလေးသည် နတ်ဆရာတစ်ဦး ဖြစ်နေခြင်းလား။ လခွမ်း
“ဘယ်.. ဘယ်သူလဲ..”
အဖိုးယိုဖန် အသံမြှင့်လိုက်သည်။ ထို့နောက် လက်ယမ်းကာ အစေခံများနှင့် အိမ်အကူများအား ထမင်းစားခန်းမှ ထွက်သွားရန် အချက်ပြလိုက်သည်။
မိသားစုခေါင်းဆောင်အား အမည်မသိ ဝိညာဉ်တစ်ခုမှ ပိုင်စိုးထားခြင်းကို အခြားသူများ မမြင်စေလိုပါ။ စိတ်ဝိညာဉ်ပိုင်စိုးမှုမှာ အထူးစွမ်းရည်တစ်ခု ဆိုလျှင်ပင် အတော်လေး အန္တရာယ်များသည်။
ကလေးအား ပိုင်စိုးထားသည့် သေဆုံးပြီးသား စိတ်ဝိညာဉ်မှာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေပါက ကလေး၏ ဘဝ အဆုံးသတ်သွားလိမ့်မည်။
အမိန့်ရရှိပြီးနောက် အိမ်အကူများနှင့် အစေခံများသည် မေးခွန်းမထုတ်ရဲကြဘဲ မျက်နှာသေဖြင့် ထမင်းစားခန်းမှ ထွက်ခွာသွားကြသည်။ အခန်းထဲ၌ အယ်လီယာနာ တစ်ဦးတည်းသာ ကျန်ရှိလေသည်။
တစ်ဖက်တွင် အင်စလေသည် ခြေချိတ်ထိုင်ကာ အထက်စီးဆန် မောက်မာစွာဖြင့် မေးမော့ထားသည်။ ထို့နောက် ကောင်မလေးသည် အဖိုးယိုဖန်အား မျက်လုံးများ မှေးကျဉ်းကာ ကြည့်လိုက်သည်။
“ဘာ.. မင်းက ဒီသခင်ကြီးကို ဘယ်သူလဲဆိုပြီး မေးနေတာလား..”
အင်စလေ အထင်သေးစွာဖြင့် လျှာတောက်လိုက်သည်။ ထို့နောက် သူမသည် ကလေး၏ ခန္ဓာကိုယ်အား စစ်ဆေးဟန်ဆောင်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
“ခန္ဓာကိုယ်လေးက သေးလိုက်တာ.. သူမက အရမ်းငယ်သေးတယ်.. ဒါပေမဲ့ အလားအလာ ကောင်းသားပဲ..”
ကောင်မလေး တစ်ကိုယ်တည်း ရေရွတ်နေပြီး အဖိုးယိုဖန်၏ အံ့ဩထိတ်လန့်နေသည့် အကြည့်အား လျစ်လျူရှုထားသည်။
သူမ၏ စကားလုံးများမှာ သနားဖွယ်ကောင်းသည့် အဖိုးအိုအား ထိတ်လန့်ကြောက်ရွံ့စေသည်။
‘သခင်ကြီးလား.. သူ့ကိုယ်သူ သခင်ကြီးဆိုပြီး ခေါ်ရလောက်အောင် မောက်မာနိုင်တယ်ပေါ့.. ဘယ်ဝိညာဉ်က ဒီလိုမျိုး လုပ်နိုင်မလဲ..’
အဖိုးယိုဖန် လက်သီးဆုပ်လိုက်ပြီး အင်စလေ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်အား ရိုက်ထုတ်နိုင်မည်လား ဆိုသည်ကို တွေးနေမိသည်။
ကံမကောင်းစွာဖြင့် သူ၏ ရိုက်ချက်သည် ကလေးအား အန္တရာယ်ရှိစေသည်။ အင်စလေ သူမ၏ စွမ်းအားကို မထိန်းချုပ်နိုင်သေးသရွေ့ သူမသည် စိတ်ဝိညာဉ်၏ ထိန်းချုပ်ခံနေရမည်ပင်။
နတ်ဆရာစွမ်းရည်ဆိုသည်မှာ ကောင်းချီးပေးခံရသလို ကျိန်စာတစ်ခုလည်း ဖြစ်သည်။
လေအေးတစ်ရှိုက် ရှူလိုက်ပြီးနော်က အဖိုးယိုဖန် ခပ်ကြမ်းကြမ်း ပြုမူရန် ဆုံးဖြတ်လိုက်သည်။ သူ၏ စွမ်းအားကြီး အငွေ့အသက်အား ထုတ်ဖော်ကာ ကလေးအား စိုက်ကြည့်လိုက်သည်။
“ငါမေးနေတယ်.. မင်း ဘယ်သူလဲ.. မင်းက ငါတို့ရဲ့ အင်ကို ဘယ်အချိန်ကတည်းက ဝင်စီးထားတာလဲ.. မင်းဘယ်သူလဲဆိုတာ ဘာဖြစ်လို့ မပြနိုင်ရတာလဲ.. ဟက်..”
အဖိုးယိုဖန်သည် အင်စလေအား မည်သည့်ဝိညာဉ် ပိုင်စိုးထားကြောင်း မသိရသဖြင့် စကားလုံးများဖြင့် ထိုးနှက်တော့သည်။
သူမအား ပိုင်စိုးထားသည်မှာ ဂေါ့ဖားသားဖြစ်ကြောင်း သိသွားခဲ့လျှင် ဘောင်းဘီထဲ၌ အပေါ့စွန့်မိလောက်သည်။
“ကျုပ်လား.. ခင်ဗျားက ဒီသခင်ကြီးကို မသိဘူးပေါ့..”
အင်စလေ ခေါင်းလေးစောင်းပြီး ဘယ်ဘက်လက်ပေါ် မေးတင်လိုက်သည်။ ကောင်မလေးသည် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် အသံခပ်နိမ့်နိမ့်ဖြင့် ရယ်မောနေသည်မှာ ချောက်ချားဖွယ်ပင် ကောင်းလှသည်။
“ခင်ဗျားက ဘာဖြစ်လို့ ဒီသခင်ကြီးကို မသိရမှာလဲ.. ဒီကောင်မလေးကို ဒီသခင်ကြီး ပေးလိုက်တဲ့ အကြံဉာဏ်ကို ခင်ဗျား အခုလေးတင် သံသယဝင်နေခဲ့တာ မဟုတ်ဘူးလား.. အဖိုးကြီး ခင်ဗျားက သေချင်နေတာပဲ..”
အင်စလေ ကံကောင်းခြင်းစွမ်းရည်အား တိုးမြှင့်လိုက်ပြီးနောက် ရွှေရောင်အငွေ့အသက်မှာ ပို၍တောက်ပလာသ်ည။
ယုံကြည်မှု အငွေ့အသက်သည် သူမ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီးနောက် အဖိုးယိုဖန်အား စတင်တိုက်ခိုက်သည်။
မှန်သည်။ အင်စလေထံ၌ စွမ်းအင်အစစ်အမှန် မရှိသော်ငြား ဟန်ဆောင်မှုမှာ သူမ၏ အားအကောင်းဆုံး စွမ်းရည်လည်း ဖြစ်သည်။
တောင့်ခံထားဦး ဟန်ဆောင်မှုစွမ်းအားရေ..
အင်စလေ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည့် အားကောင်းသော အငွေ့အသက်အား အာရုံခံမိပြီးနောက် အဖိုးယိုဖန် တံတွေးသီးသွားသည်။ အဖိုးကြီးမှာ ရုတ်တရက် ချွေးစေးများ ထွက်လာသည်။
ဒီစိတ်ဝိညာဉ်က သန်မာတာပဲ..
ယင်းမှာ သူထင်နေသကဲ့သို့ အမျိုးသမီး စိတ်ဝိညာဉ်တစ်ခုနှင့် တူချေ။ သို့သော် အင်စလေသည် ထိုသို့သော သန်မာအားကောင်းသည့် စိတ်ဝိညာဉ်အား မည်သို့ ဆွဲဆောင်နိုင်ခဲ့သနည်း။
သူ၏ အငွေ့အသက်မှာ ကြောက်မက်ဖွယ်ကောင်းသည်။
အင်စလေအား မည်သို့သော လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးမှ ပိုင်စိုးထားပါသနည်း။