ဂေါ့ဖားသားအဖြစ် သရုပ်ဖော်
Vol. 6 Ch. 77
ထိုသို့သော အငွေ့အသက်နှင့် ဩဇာလွှမ်းမိုးနိုင်ပုံမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်အချိုု့သာ ပိုင်ဆိုင်ကြောင်း အဖိုးယိုဖန် သိထားသည်။
ထို့ကြောင့် သူတို့၏ မိသားစုခေါင်းဆောင်လေးမှာ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးအား မည်သို့ ဆွဲဆောင်နိုင်မိမှန်း နားမလည်နိုင်ရခြင်း ဖြစ်သည်။ ကလေးတစ်ဦးအနေနှင့် ထိုသို့သော အင်အားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးအား ဆွဲဆောင်မိရန် အလွန်ရှားပါးသည်။
သူမရဲ့ နိမိတ်ပြအိပ်မက် စွမ်းရည်ကြောင့်လား.. အဲဒီလို ဖြစ်ရမယ်..
အဖိုးယိုဖန် ထိတ်လန့်တုန်လှုပ်လာမိသည်။ အဖိုးကြီးသည် နောက်ကျောမတ်ကာ အင်စလေ၏ စကားလုံးများအား စတင်စဉ်းစားတော့သည်။
‘ငါ သံသယဝင်ခဲ့တဲ့သူ.. အင့်ကို အကြံပေးတာ.. ခဏလေး..’
အဖိုးယိုဖန် နေရာမှာတင် အေးခဲသွားတော့သည်။ ရုတ်တရက်ဆိုသလို အင်စလေနှင့် ဆွေးနွေးမှုအား အမှတ်ရလိုက်ပြီးနောက် မျက်နှာတစ်ခုလုံး သိသိသာသာ ဖြူဖျော့သွားလေသည်။
ငါ သံသယဝင်မိတဲ့သူဆိုတာ.. ဂေါ့ဖားသား မဟုတ်ဘူးလား..
အဖိုးယိုဖန်၏ မျက်နှာမှာ ယခင်ထက်ပင် ပိုမိုဖြူဖျော့လာပြီး အချိန်မရွေး သတိလစ်သွားတော့မလို ထင်ရသည်။ ယင်းကပင် ကလေးအား ကျေနပ်သွားစေသည်။
“ဟမ့်.. ခင်ဗျား နောက်ဆုံးတော့ ကျုပ်ကို သိသွားပြီတော့.. ဒီတော့ အဖိုးကြီး.. ပြောစမ်းပါဦး.. ခင်ဗျားက ကျုပ်ရဲ့ အကြံဉာဏ်ကို ဘာအရည်အချင်းနဲ့ သံသယဝင်ရတာလဲ..”
အင်စလေ စားပွဲအား လက်ချောင်းလေးများဖြင့် ခေါက်နေရင်း မောက်မာစွာဖြင့် ဆံပင်သပ်လိုက်သည်။
သူမ၏ ဂေါ့ဖားသားအဖြစ် သရုပ်ဖော်မှုမှာ အတော်လေး စစ်မှန်နေသဖြင့် ထိုမြင်ကွင်းအား ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရပါက ဂေါ့ဖားသားပင်လျှင် သူ၏ တည်ရှိမှုအပေါ် သံသယဝင်သွားနိုင်သည်။
ကလေး၏ မောက်မာထောင်လွှားသော အပြုအမူနှင့် ဗိုလ်ကျစိုးမှုသော အမူအရာသည် အဖိုးယိုဖန်အား အံအားသင့်နေစေသည်။ သူ၏အရှေ့တွင် ရှိနေသည့် ကလေးငယ်မှာ ဘေဘီအင် မဟုတ်တော့ဘဲ ဂေါ့ဖားသားကိုယ်တိုင် ဖြစ်သည်ဟု တဖြည်းဖြည်းချင်း ယုံကြည်လာသည်။
“သ.. သခင်ကြီး.. ကျွန်.. ကျွန်တော်က သခင်ကြီးရဲ့ အကြံဉာဏ်ကို သံသယဝင်တာ မဟုတ်ပါဘူး..”
အဖိုးယိုဖန် လေသံလျော့ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။ အဖိုးကြီးသည် ခြောက်ကပ်ကပ်ပြုံးကာ အကြောင်းပချက်ပေးရန် ကြိုးစားနေ၏။
ဂါးး အဲဒီလူကိုယ်တိုင် အင်စလေရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတဲ့တုန်း.. ကြိုသိခဲ့ရင် ကလေးရဲ့ စကားတွေကို လုံးဝ သံသယဝင်မိမှာ မဟုတ်ဘူး.. အားး
အင်စလေ မျက်လုံးများ မှေးကျဉ်းကာ နှာမှုတ်လိုက်ပြီးနောက် အဖိုးကြီး၏ မျက်နှာအား လက်ညှိုးဖြင့်ထိုးကာ ပြောလိုက်သည်။
“ကျွတ်.. ဒီသခင်ကြီးက ပေါက်စလေးကို အတော်လေး သဘောကျနေမိလို့ မင်းကံကောင်းသွားတယ်.. ဒီသခင်ကြီးက သူမကို အစောင့်အရှောက်တွေနဲ့ တွေ့ဖို့ အကြံပြုတယ်.. အစောင့်အရှောက် တစ်ကောင်ကို ယဉ်ပါးစေမယ်ဆိုရင် သူမက ကြီးမားတဲ့ကိစ္စတွေကို လုပ်နိုင်လိမ့်မယ်..”
အင်စလေ ခြေထောက်ယမ်းကာ သူတို့၏ စကားများအား နားထောင်ပြီး ကျောက်ရုပ်ဖြစ်သွားသော အယ်လီယာနာအား ကြည့်လိုက်သည်။ ထို့နောက် ကောင်မလေးသည် လက်ဖျောက်တီးလိုက်သည်။
“မင်း.. ဟိုနားကတစ်ယောက်.. ဒီသခင်ကြီးအတွက် ဝိုင်ကောင်းကောင်းနဲ့ စီးကရက် ယူလာခဲ့..”
ကောင်မလေး၏ ရုတ်တရက် တောင်းဆိုမှုသည် အယ်လီယာနာနှင့် အဖိုးယိုဖန်အား ကြောက်လန့်သွားစေသည်။ ဂေါ့ဖားသားသည် ဝိုင်နှင့် စီးကရက်အား အလွန်အမင်း ကြိုက်နှစ်သက်ကြောင်း မသိသူ မရှိပေ။ သို့သော် လက်ရှိအချိန်တွင် ကလေးတစ်ဦး၏ ခန္ဓာကိုယ်အား အပိုင်စီးထားခြင်း ဖြစ်သည်။
ကလေးတစ်ယောက်က ဝိုင်သောက်ပြီး စီးကရက်ဖွာနိုင်မှာလဲလို့..
“အာ.. သခင်ကြီး.. ဒါက..”
အဖိုးယိုဖန် ကြားဖြတ်ပြောလိုသော်ငြား ကလေးထံမှ အကြည့်စူးစူး တစ်ချက်သည် သူ၏ အငြင်းစကားများအား ပြယ်လွင့်သွားစေသည်။ အဖိုးအိုမှာ အမြီးကုပ်ရင်း ခေါင်းငုံ့ထားရုံသာ ရှိတော့သည်။
“ဟမ့်.. ဒီသခင်ကြီးက နည်းနည်းလောက်ပဲ အရသာခံမှာ.. တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်မစီးရတာတောင် ကြာခဲ့ပြီ.. မစိုးရိမ်နဲ့.. အကောင်ပေါက်လေး အဆင်ပြေမှာပါ..”
အင်စလေ ရင်ဘတ်အား လက်ဖြင့်ပုတ်ကာ ပြောလိုက်ပြီးနောက် အယ်လီယာနာအား မျက်ထောင့်နီဖြင့် ကြည့်လိုက်ပြန်သည်။
သနားဖွယ်ရာ အမျိုးသမီးသည် ကြောင်အနေရာမှ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝိုင်နှင့် စီးကရက်ယူရန် ပြေးထွက်သွားသည်။
သို့သော် အယ်လီယာနာသည် အင်စလေ၏ နံပါတ် ၁ ပရိသတ် ဖြစ်သောကြောင့် အင်စလေအား ထိခိုက်စေမည့်အရာများကို လွယ်လွယ်ကူကူ ယူမလာပေးနိုင်ပေ။ ထို့ကြောင့် အမျိုးသမီးသည် အမိန့်အား တစ်ဖက်လှည့်နှင့် ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်သည်။
အယ်လီယာနာ အလျင်စလို ပြေးထွက်သွားသည်ကို ကြည့်ပြီး အင်စလေ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ အင်စလေသည် သူမ၏ ပြီးပြည့်စုံသော သရုပ်ဆောင်စွမ်းရည်အပေါ် တိတ်တဆိတ် ချီးကျူးလိုက်သေးသည်။
ဂေါ့ဖားသား အစစ် ရောက်လာရင်တောင် သူက အစစ်လား အတုလားဆိုပြီး သံသယဝင်သွားလောက်တယ်..
ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြီးနောက် အင်စလေ အဖိုးယိုဖန်ထံသို့ အကြည့်ရောက်သွားသည်။ အဖိုးယိုဖန်မှာ အင်စလေအား ဂေါ့ဖားသားဝိညာဉ် ပိုင်စိုးထားခြင်းဟု အကြွင်းမဲ့ ယုံကြည်နေလေပြီ။
အင်စလေအား ယုံကြည်ရန် အဖိုးယိုဖန် စက္ကန့်အနည်းငယ်သာ ယူလိုက်ရသည်။ နိမိတ်ပြအိပ်မက်သည် ထိုအရာအား ချောချောမွေ့မွေ့ ဖြစ်စေရန် အကူအညီပေးခြင်း ဖြစ်နိုင်လောက်သည်။
“ကောင်းပြီလေ.. အဖိုးကြီး.. အကောင်ပေါက်လေးကို ခင်ဗျားတို့ မိသားစုရဲ့ မြင့်မြတ် အစောင့်အရှောက်တွေနဲ့ တွေ့ခွင့်ပြုလိုက်.. ဒီသခင်ကြီး ရှိနေသရွေ့ သူမ ထိခိုက်မှာ မဟုတ်ဘူးလို့ အာမခံတယ်..”
အင်စလေ မေးကလေးမော့ကာ ရင်ဘတ်ကော့လိုက်သည်။ ယင်းမှာ မာဖီးယားလောက၏ ထိပ်ဆုံးရှိ လူတစ်ဦး၏ အပြုအမူနှင့် တစ်ထပ်တည်းပင်။
“ဒီသခင်ကြီးက တိုက်ခိုက်စွမ်းအား မသုံးနိုင်သေးပေမဲ့လည်း ကျုပ်ရဲ့ အငွေ့အသက်က အကောင်ပေါက်လေးကို အချိန်တစ်ခု အထိတော့ ကာကွယ်ပေးထားလိမ့်မယ်.. နားလည်လား..”
အဖိုးယိုဖန်အား လတ်တလော၌ ဂေါ့ဖားသား၏ စွမ်းအားများ အသုံးပြုနိုင်မည် မဟုတ်ကြောင်း အင်စလေ အလျင်အမြန် ပြောလိုက်သည်။ သူမ လုံလောက်အောင် ကံမကောင်းပါက အဆိုပါ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး၏ စွမ်းရည်များအား ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ သူမလိုချင်သည့် အရာများအား ပြုလုပ်နိုင်ရန် အခြားသူများအား လှည့်ဖျားရန်အတွက်သာ ဤသူ၏ အထောက်အထားအား ချေးငှားအသုံးပြုလိုခြင်း ဖြစ်သည်။
“ဒီသခင်ကြီးက မတိုက်ခိုက်နိုင်ပေမဲ့ ကျုပ်ရဲ့ အသိပညာတွေကို သုံးပြီးတော့ အကောင်ပေါက်လေးကို ကူညီပေးနိုင်တယ်.. မိသားစုကို ကူညီဖို့ မြင့်မြတ် အစောင့်အရှောက် တစ်ကောင်ကို လိုအပ်တယ်..”
ကောင်မလေး ထပ်ပေါင်းပြောသည်။
အင်စလေ၏ ချောချောမွေ့မွေ့နှင့် ယုံကြည်မှု ပြည့်ဝသည့် ပြောဆိုပုံကြောင့် အဖိုးယိုဖန် မယုံဘဲ မနေတော့ချေ။ အခြားသူများသာဆိုလျှင် အင်စလေအား ဂေါ့ဖားသားဝိညာဉ် ပိုင်စိုးထားသည်ဟု ယုံကြည်ကြမည်ဖြစ်ပြီး ကူညီပေးရန် ကြိုးစားကြလိမ့်မည်။
ကလေးမှာ ထိုမျှလောက် သရုပ်ဆောင်ကောင်းလေသည်။ ဖင်းလီပင်လျှင် အရူးလုပ်ခံရနိုင်သည်။
“ကောင်း.. ကောင်းပါပြီ သခင်ကြီး.. ကျွန်တော်တို့ မိသားစုခေါင်းဆောင်က သခင်ကြီးရဲ့ အထောက်အပံ့ကို ရရှိတာ ဂုဏ်ယူစရာ တစ်ခုပါ.. ကျွန်တော်တို့ မိသားစုခေါင်းဆောင်ကို မြင့်မြတ် အစောင့်အေရှာက်တွေနဲ့ တွေ့ဆုံပေးဖို့ အမြန်ဆုံး စီစဉ်လိုက်ပါမယ်..”
အဖိုးယိုဖန် အလွန်မြန်ဆန်စွာ လက်လျော့လိုက်သောကြောင့် အင်စလေ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
ဖိုးဖိုးရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားတာလဲ.. ဂေါ့ဖားသားရှေ့မှာ ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ပြောင်းလဲသွားနိုင်တာလဲ.. ကျွတ်..
အင်စလေ အေးစက်သော အမူအရာဖြင့် ခေါင်းညိတ်ရုံသာ ရှိသည်။ သူမ၏ အခန်းကဏ္ဍအား ကောင်းမွန်စွာ တင်ဆက်ရန် လိုအပ်နေဆဲဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဆွေးနွေးမှုပြီးနောက် အယ်လီယာနာသည် သောက်စရာတစ်ခွက်၊ စီးကရက်တစ်ဘူးနှင့် ထမင်းစားခန်းသို့ ပြန်ရောက်လာသည်။
ထိုအရာမှာ စီးကရက်နှင့် တူသော်ငြား အင်စလေအရှေ့ရှိ စားပွဲပေါ်သို့ တင်လိုက်ချိန်တွင် စီးကရက်များ မဟုတ်တော့ချေ။
ချောကလက်မုန့်လက်ညှိုးဖြစ်နေသည်။
အင်စလေ၏ နှုတ်ခမ်းထောင့်များ မဲ့ကျသွားသည်။
“မုန့်လက်ညှိုးလား..”
ကောင်မလေးသည် အေးစက်စွာဖြင့် ပြောလိုက်ရင်း သောက်စရာထည့်နေသော အယ်လီယာနာအား ကြည့်နေသည်။ သောက်ဖွယ်မှာ အဖြူရောင်ဖြစ်သော်ငြား ဝိုင်ဖြူ မဟုတ်ခဲ့ချေ။
နွားနို့ဟ.. ဝိုင်တောင် မဟုတ်ဘူးလေ..
ဂေါ့ဖားသားသာ ရှိနေမည်ဆိုလျှင် စားပွဲအား လှန်ပြစ်လိုက်ပြီ ဖြစ်လိမ့်မည်။
အယ်လီယာနာ.. အရမ်းတွေ သတ္တိရှိနေတယ်ပေါ့..