← Chapters

အစောင့်အရှောက်များထံ သွားရောက်ခြင်း

Vol. 6 Ch. 79

အစောင့်အရှောက်များထံ သွားရောက်ခြင်း

Vol. 6 Ch. 79

ဆရာတစ်ယောက် ရရှိလာသည်နှင့် ထိုဆရာသည် သူမ၏ စွမ်းအင်ပင်ရင်းအား ဖော်ထုတ်ပြီး စွမ်းရည်များအား စစ်ဆေးလိမ့်မည်။ ထိုအချိန်တွင် သူမ၏ စွမ်းရည်များမှာ အဖိုးယိုဖန် သိထားသည်နှင့် မတူညီကြောင်း သတိပြုမိသွားလိမ့်မည်။

ယင်းမှာ အိပ်မက်ဆိုးတစ်ခုပင်။ ထိုဆရာသည် သူမ၏ အလိမ်အညာများအား ဖော်ထုတ်ပစ်မည်ပင်။

အင်စလေ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့လာသည်။ သူမ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာသည်။ အဖိုးယိုဖန်ထံမှ ထွက်ပြေးခြင်း သို့မဟုတ် ကန့်ကွက်ခြင်းများ ပြုလုပ်ရန် စဉ်းစားမိသော်ငြား ထိုသို့ မလုပ်နိုင်ပေ။

လက်ရှိအချိန်တွင် သူမ အိပ်ပျော်ဟန်ဆောင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အင်စလေသည် အဖိုးယိုဖန်နှင့် အယ်လီယာနာတို့၏ စကားဝိုင်းအား နားထောင်ရုံသာ ရှိတော့သည်။

“ဘယ်လိုလဲ.. ဘေဘီအင်က ဆရာတစ်ယောက် လိုအပ်မယ်လို့ မင်းထင်လား..”

အဖိုးယိုဖန် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ အယ်လီယာနာမှာ ထက်မြက်သူမဟုတ်သော်ငြား အထူးစွမ်းရည်များနှင့် ပတ်သက်လျှင် သူ့လောက်နီးနီး သိထားသူဖြစ်ကြောင်း အဖိုးယိုဖန်သိသည်။

“ဟုတ်တယ်.. ဆရာ.. ကျွန်မ.. ရှာမယ်..”

အယ်လီယာနာသည် အင်စလေအတွက် ဆရာတစ်ယောက် ကိုယ်တိုင်ရှာပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမ တုံ့ဆိုင်းသွားသည်။ ကလေးအတွက် မည်သို့သော ဆရာမျိုးမှာ အကောင်းဆုံးဖြစ်မည်ဟု သူမ မသိချေ။

ပုံမှန်အားဖြင့် ချမ်းသာကြွယ်ဝသော မိသားစုများမှ ကလေးများသည် အသက် ၅ နှစ် အရွယ်တွင် ဆရာတစ်ယောက် ရှိတတ်ကြသော်ငြား စွမ်းရည်ထိန်းချုပ်ရန် သင်ကြားပေးမည့် ဆရာ မဟုတ်ချေ။

ကလေးများသည် သူတို့၏ ဆရာများထံမှ အခြေခံ အသိပညာများကို သင်ယူကြပြီး အသက် ၁၀ နှစ်ပြည့်၍ ကျောင်းတက်ချိန်၌ အခြားအရာများကို လေ့လာရမည့်အစား စွမ်းအင်ထိန်းချုပ်ခြင်းနှင့် ပတ်သက်သော အရာများကို သင်ယူကြရသည်။

ယခုအခါ မဟာအကြီးအကဲသည် အင်စလေအား စွမ်းရည်ထိန်းချုပ်နည်း သင်ကြားပေးမည့် ဆရာတစ်ဦး ရှာဖွေလိုနေသည်။ ထိုသို့သော ဆရာမျိုးမှာ ရှားပါးလှသည်။ ထိုသို့သော ဆရာမျိုးအား ထိပ်တန်းကျောင်းများတွင်သာ ရှာတွေ့နိုင်မည် ဖြစ်သည်။

ထိပ်တန်းမိသားစုကြီး ၇ စုသာလျှင် သူတို့၏ ကလေးများအား သင်ကြားပေးရန် ထိုသို့သော ဆရာမျိုး ငှားယမ်းနိုင်ကြမည် ဖြစ်သည်။ သူတို့၏ ကလေးများမှာ အသက် ၁၀ နှစ် မပြည့်မီမှာပင် စွမ်းရည်များ နိုးထတတ်ကြသော ဉာဏ်ကြီးရှင်များ ဖြစ်ကြသည်။

စလိုအန်မိသားစုကဲ့သို့သော ပြိုလဲနေသည့် မိသားစုတစ်ခုထံ၌ အသက် ၁၀ နှစ် မပြည့်မီ စွမ်းရည်နိုးထလာသော ဉာဏ်ကြီးရှင်တစ်ဦး ရှိလိမ့်မည်ဟု မည်သူမှ တွေးမိလိမ့်မည် မဟုတ်ပေ။

အင်စလေမှာ အသက် ၃ နှစ် အရွယ်၌ စွမ်းရည်နိုးထလာကြောင်း အခြားသူများ သိသွားခဲ့လျှင် ထိုသူများ သတ်သေသွားလောက်၏။

အယ်လီယာနာ၏ တုံ့ဆိုင်းနေသည့် မျက်နှာအား မြင်သည့်အခါ အဖိုးယိုဖန် သူမ၏ စိုးရိမ်မှုအား သိလိုက်ရသည်။ အဖိုးကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုကိစ္စမှာ အမှန်တကယ်ကို ခက်ခဲကြောင်း နားလည်သွားသည်။

စလိုအန်မိသားစုမှာ လက်ရှိအချိန်၌ အထူးဆရာများအား ငှားယမ်းရန် မတတ်နိုင်ချေ။

“ဟင်း.. ဒီကိစ္စကို လတ်တလောတော့ ခဏဆိုင်းထားဦးမယ်.. ဒါပေမဲ့ မနက်ခင်းတိုင်း အင်စလေရဲ့ စွမ်းအားတွေကို လမ်းညွှန်ပေးဖို့ မင်းကိုပဲ အကူအညီ တောင်းရတော့မှာပဲ.. အခုတော့ ရိုးရိုးရှင်းရှင်း လေ့ကျင့်ရုံပဲ..”

အဖိုးယိုဖန်သည် ထိုကိစ္စအား အယ်လီယာနာထံသို့ လွှဲပေးလိုက်သည်။

ကလေးအား နည်းနည်းချင်းစီ သင်ကြားပေးရမည်။ သို့သော် မြန်မြန်ဆန်ဆန် သင်ယူလေ့လာရန် ဖိအားပေးမည် မဟုတ်ပေ။

“သိပါပြီ..”

အယ်လီယာနာ ခပ်တိုတို ပြန်ဖြေသည်။ ထို့နောက် အမျိုးသမီးသည် အင်စလေအား အဖိုးယိုဖန်ထံမှ ခေါ်ယူကာ ကလေး၏ အိပ်ခန်းထဲသို့ ဝင်သွားသည်။

ထိုသို့ဖြင့် အင်စလေသည် ကြမ္မာငင်မည့်အရေးမှ ဆံချည်တစ်ထောက်စာလေး လွတ်မြောက်သွားတော့သည်။ မိသားစု ဆင်းရဲနေခြင်းကြောင့် စိတ်သက်သာရာ ရမိသွားသည်။ သို့သော်.. ကာစီနိုမှ ငွေကြေးများစွာ ရှာဖွေပြီးနောက်တွင် ထိုသူများသည် သူ့အတွက် ဆရာတစ်ဦး ရှာဖွေပေးရန် ကြိုးစားကြပေဦးမည်။

ထိုသို့ဆိုလျှင် အဖိုးယိုဖန် မတိုင်မီ ယုံကြည်စိတ်ချရသော ဆရာတစ်ယောက် ရှာဖွေရမည် ဖြစ်သည်။

အင်စလေ၏ ‘အိမ်စာ’ များမှာ တစ်ခုမပြီးခင်မှာပင် ထပ်ကာထပ်ကာ ပုံလာတော့သည်။ ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးသောကြောင့် ခပ်ဖြည်းဖြည်းသာ လျှောက်လှမ်းရမည်။

မည်သို့ပင်ဖြစ်စေ မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံရတော့မည် ဖြစ်သည်။

အင်စလေ ပုခတ်ပေါ်၌ လှဲရင်း တခစ်ခစ် ရယ်မောနေတော့သည်။ မနက်ဖြန်မှာ သူမအတွက် အထူးနေ့ရက် ဖြစ်လာလိမ့်မည်။ မြင့်မြတ် အစောင့်အရှောက်များထဲမှ တစ်ကောင်အား ယဉ်ပါးစေနိုင်ခြင်း ရှိ၊ မရှိမှာမူ သူမ၏ အစွမ်းအစပေါ်တွင်သာ မူတည်လေသည်။

သူမ ကျဆုံးခဲ့လျှင် ကာစီနိုသို့ သွားနိုင်တော့မည် မဟုတ်သည့်အပြင် မိသားစု၏ အကြွေးများကိုလည်း ဆပ်နိုင်မည် မဟုတ်တော့ပေ။ ပြောရမည်ဆိုလျှင် အနာဂတ်ဘဝမှာ မနက်ဖြန်၏ အောင်မြင်မှုအပေါ် မူတည်နေသည်။

လုပ်ကြတာပေါ့..

အင်စလေ လက်သီးဆုပ်ရင်း မျက်လုံးများ မှိတ်လိုက်သည်။ စောင်ခြုံပြီးနောက် စက္ကန့်ပိုင်းလေးအတွင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့..။

ယနေ့တွင် အင်စလေသည် မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် အိမ်အကူများသည် သူမအား အပြာနှင့် ပန်းရောင်ပါဝင်သော ဝတ်စုံကို ဝတ်ဆင်ပေးထားသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမသည် စကပ်အစား ဘောင်းဘီ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

ကလေးသည် မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံချိန်၌ လှုပ်ရှားမှုများစွာ ပြုလုပ်ရလိမ့်မည်ကို တွေးကြည့်၍ပင်ရသည်။

ကလေး၏ဆံပင်အား ရိုးရိုးရှင်းရှင်း ခပ်မြင့်မြင့် ချည်နှောင်ပေးပြီးနောက် အင်စလေသည် လင်းပိုင်ကွေး လည်ဆွဲအားဆွဲကာ ထမင်းစားခန်းသို့ အလျင်စလို ပြေးသွားတော့သည်။

နံနက်စာ စားပြီးနောက် အဖိုးယိုဖန်နှင့် အယ်လီယာနာသည် အင်စလေအား မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားမည် ဖြစ်သည်။ နှစ်ဦးစလုံး ကောင်းစွာ ပြင်ဆင်ထားပုံရသည်။

အယ်လီယာနာသည် ကြောင်များ ကြိုက်နှစ်သက်သည့် အရုပ်များစွာ ဝယ်ယူထားသလို အဖိုးယိုဖန်သည်လည်း ကြောင်စာများစွာ ပြင်ဆင်ပေးထားသည်။ သူတို့နှစ်ဦးစလုံးသည် အင်စလေအား ဝန်လျော့စေရန် ကူညီပေးလိုကြခြင်း ဖြစ်သည်။

ထိုအခြင်းအရာသည် ကလေးအား သဘောတကျ ပြုံးရယ်လာစေသည်။

မိသားစုခေါင်းဆောင်အတွက် သတ်မှတ်ပေးထားသည့် သီးသန့်ခုံ၌ ထိုင်ပြီးနောက် အင်စလေ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကျေးချူးပါ ဖိုးဖိုး.. အယ်..”

ကလေးသည် အဖိုးယိုဖန်နှင့် အယ်လီယာနာအား အသံသေးသေးလေးဖြင့် ကျေးဇူးတင်စကား ပြောပြီးနောက် အဖြူရောင်လက်ကိုင်ပဝါဖြင့် ပါးစပ် သုတ်လိုက်သည်။

မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် ယနေ့တွင် ဖင်းလီအား တွေ့ဆုံနိုင်ချေ ရှိ၊ မရှိ မသေချာချေ။ မည်သို့ပင်ဖြစ်စေ ဖင်းလီသည် သူမနှင့် မိနစ်အနည်းငယ်သာ တွေ့ရမည်ဆိုလျှင်ပင် အင်စလေအား သေချာပေါက် စောင့်နေဦးမည် ဖြစ်သည်။

“အဆင်သင့်ပဲလား ဘေဘီအင်..”

အဖိုးယိုဖန်သည် အင်စလေအား ပွေ့ချီခေါ်ယူရင်း နူးညံ့စွာ မေးလိုက်သည်။ အဖိုးယိုဖန်သည် စံအိမ်၏ အလယ်ဗဟိုရှိ တံခါး ၇ ချပ်ရှိရာသို့ မနှေးမမြန်နှုန်းဖြင့် သွားနေရင်း ရွှေအိုရောင်ဆံပင်များမှာ လေထဲ၌ ဝဲနေသည်။

“ဟု.. လယ်ဒီဘဲ (ရယ်ဒီပဲ)”

အင်စလေ လေးနက်မှုရှိစွာ ခေါင်းညိတ်လိုက်သည်။ ကလေးးသည် လင်းပိုင်ကွေး လည်ဆွဲအား တင်းတင်းဆုပ်ကိုင်ရင်း ဖင်းလီနှင့်အတူ လေ့ကျင့်ခဲ့သော မနက်ခင်း သင်ခန်းစာများကို ပြန်စဉ်းစားနေမိသည်။

ယခုအခါ သူမသည် ညှို့ဓာတ်စွမ်းရည်နှင့် ကံကောင်းခြင်းစွမ်းရည် ပေါင်းစပ်မှုအား အများဆုံး ၁၅ မိနစ်ကြာ အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့သော် ယင်းသည် မြင့်မြတ် အစောင့်အရှောက်များအား ဆွဲဆောင်ရန်နှင့် သူတို့၏ သွေးမျိုးဆက်အား နိုးထစေရန် လုံလောက်သည်။

အင်စလေ ယုံကြည်မှုရှိသည်။ သူမ၏ အပြာရောင်မျက်လုံးလေးများ တလက်လက်တောက်ပနေပြီး ချိုသာသည့် အပြုံးလေးတစ်ခုလည်း ရှိနေသည်။ ကလေးသည် မိသားစုထဲရှိ အခြားသူများထက် ပိုမိုယုံကြည်မှုရှိနေသည်။

မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်၍ အကြီးအကဲ ၇ ဖော်နှင့် အယ်လီယာနာသာ သိထားခြင်း ဖြစ်သည်။

“အင်း.. ကောင်းပြီ.. ဖိုးဖိုးတို့က အပြင်မှာ စောင့်နေမယ် ဟုတ်ပြီလား.. မှတ်ထားနော်.. သမီးမှာ ၁၅ မိနစ်ပဲ အချိန်ရှိတယ်.. ပြီးတာနဲ့ အခန်းထဲက အလိုအလျောက် အပြင်ပို့ခံရလိမ့်မယ်..”

အဖိုးယိုဖန်သည် ရွှေရောင်အခန်းတံခါး၏ အပြင်ဘက်၌ ရပ်နေရင်း အင်စလေအား ထပ်မံသတိပေးလိုက်သည်။

မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံချိန် ကျလေပြီ

All Chapters