← Chapters

ရေပန်းကဲ့သို့ ဖြာကျနေသော အမြီး

Vol. 6 Ch. 80

ရေပန်းကဲ့သို့ ဖြာကျနေသော အမြီး

Vol. 6 Ch. 80

အဖိုးယိုဖန် အင်စလေအား ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီးနောက် ကြောင်စာထုပ်တစ်ထုပ်နှင့် အရုပ်အချို့ ထည့်ထားသော ကျောပိုးအိတ်အား ကမ်းပေးလိုက်သည်။ အဖိုးယိုဖန်သည် အင်စလေအား လိုအပ်သည့် ပစ္စည်း အစုံအလင် တပ်ဆင်ပေးပြီးနောက် ရွှေရောင်တံခါးပေါ်သို့ လက်တင်လိုက်သည်။

“အင်.. သမီး ဂရုစိုက်နော်.. သမီးရဲ့ လုံခြုံရေးက ဦးစားပေးပဲ ဟုတ်ပြီလား.. ဒီနေ့ မရရင်လည်း နောက်နေ့တွေ အချိန်မရွေး ပြန်လာလို့ရတယ်..”

အဖိုးယိုဖန်သည် ရွှေရောင်တံခါးထဲသို့ သူ၏ စွမ်းအင်ပင်ရင်းအား ပေါင်းထည့်ရင်း အင်စလေကို သတိပေးလိုက်သည်။

ရွှေရောင်တံခါးသည် ချက်ချင်းပင် တောက်ပစွာ လင်းလာပြီးနောက် ကျယ်လောင်သော အသံဖြင့် ခပ်ဖြည်းဖြည်း ပွင့်လာသည်။

“ဟု.. ဖိုးဖိုး.. အင် ဂုချိုက်မေ (အင် ဂရုစိုက်မယ်)”

အင်စလေ ထိုသို့ပြောပြီးချိန်မှာပင် သူမ မျက်နှာသို့ လေညင်းတစ်ခု ရိုက်ခတ်လာသည်။

ရွှေရောင်တံခါးထံမှ မြေဆီနံ့နှင့် မြက်နံ့သင်းသင်း ထွက်လာသည်။ အင်စလေ၏ အမြင်အာရုံမှာ ရွှေရောင်အလင်းတန်းမှ အပြာရောင်ကောင်းကင်သို့ ပြောင်းလဲသွားသည်။

သူမ မျက်လုံးထဲ မြင်နိုင်သမျှ အရာအားလုံးမှာ စိမ်းစိုသော မြက်များ အပြည့်နှင့် သစ်ပင်ရှည် အချို့ရှိသော မြက်ခင်းပြင်ကျယ်ကြီး ဖြစ်သည်။ ကြည်လင်သော ကောင်းကင်ထက်၌ နေလုံးတစ်လုံး ရှိနေပြီး နေရောင်ခြည်နှင့်အတူ ဖြူလွှလွှတိမ်လွှာများ ပျင်းရိငြီးငွေ့စွာ ရွေ့လျားနေကြသည်။

ဒါ.. ဘာလဲ.. ဒါက ဘာလဲ.. မြက်ခင်းပြင်လား..

အင်စလေ မြက်ခင်းပြင်ရှေ့၌ မတ်မတ်ရပ်နေသည်။ အတွင်းသို့ မဝင်ရသေးသော်ငြား လှပသည့် မြက်ခင်းပင် အတွင်းပိုင်းမှ ရောက်လာသည့် ဖိအားအချို့အား ခံစားနေရပြီ ဖြစ်သည်။

ဖျော့တော့သော ဖိအားတစ်စွန်းတစ်စသာ ဖြစ်သည့်တိုင်အောင် အင်စလေသည် ရုတ်တရက် ကျားရိုင်းတစ်ကောင် အရှေ့၌ မတ်တတ်ရပ်နေရသလို ခံစားရသည်။ သူမ၏ ခံစားချက်မှာ ထိုအတိုင်း ဖြစ်သည်။

ကလေး၏ မျက်နှာတွင် အလွန်အမင်း အံ့အားသင့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ထင်ဟပ်နေသည်။

ငါတို့မိသားစုမှာ ပြင်ပနေရာတစ်ခု ဘယ်လိုဖြစ်ပြီး ရှိနေတာလဲ.. ဒါက အပြင်ဘက်လား.. ဒါပေမဲ့ ရွှေရောင်တံခါးက.. ခဏလေး..

ငါတို့က စလိုအန်မိသားစု အိမ်ရာဝန်းရဲ့ အလယ်မှာ ရှိသင့်တာလေ.. ဒီတော့ ဘယ်လိုလုပ်ပြီး မြက်ခင်းပြင်တစ်ခုကို ရောက်လာတာလဲ.. မဖြစ်နိုင်ဘူးနော်.. ဒီအဆောက်အဦကို အခြားစံအိမ်တွေ ဝိုင်းရံပြီး ရှိနေတာလေ..

အင်စလေ ကြောင်အနေမိသည်။ လက်ရှိအချိန်၌ သူမ ခံစားရသည့် ဖိအားအကြောင်း မတွေးနိုင်ဘဲ မြက်ခင်းပြင်၏ တည်ရှိမှုသည် သူမအား မှင်တက်နေစေသည်။

ဒါက အမြင်လှည့်စားခြင်းတော့ မဟုတ်လောက်ပါဘူးနော်.. ဒါမှမဟုတ် အတုအယောင် လက်တွေ့ကမ္ဘာများလား..

အင်စလေ အချိန်ယူ စဉ်းစားနေစဉ် ရုတ်တရက် သူမသည် တံခါးနောက်ရှိ နေရာသို့ တွန်းပို့ခံလိုက်ရလေသည်။

“ဂရုစိုက်..”

အဖိုးယိုဖန်၏ အသံဖျော့ဖျော့အား ကြားလိုက်ရပြီးနောက် ရွှေရောင်တံခါးသည် ကျယ်လောင်စွာမြည်လျက် ပိတ်သွားတော့သည်။

ဝုန်း

ကျယ်လောင်သော တံခါးပိတ်သံသည် အင်စလေအား လက်ရှိအချိန်သို့ အသိပြန်ဝင်လာစေသည်။ ကလေးသည် သူမ၏ ပါးဖောင်းဖောင်းလေး နှစ်ဖက်အား လက်ဖြင့်ရိုက်ပြီးနောက် အသက်ရှူထုတ်လိုက်သည်။

အာ.. တွေးနေတာ ရပ်လိုက်တော့.. မစ်ရှင်အပေါ် အာရုံစိုက်ရမယ်..

အင်စလေသည် ကျယ်ပြောလှသော မြက်ခင်းပြင်အား မကြည့်မီ သူမလက်ထဲရှိ အရာ ၂ ခုအား ငုံ့ကြည့်လိုက်သည်။

သူမ၏ အမြင်အာရုံမှာ လူကြီးများကဲ့သို့ ကောင်းမွန်ခြင်း မရှိသေးသည့်တိုင်အောင် အရာများအား ရှင်းရှင်းလင်းလင်း မြင်နိုင်ဆဲဖြစ်သည်။ သို့တိုင်အောင် လက်ရှိအချိန်၌ ကလေးသည် မြက်ခင်းပြင်၏ အဆုံးအား မမြင်နိုင်ချေ။

မြက်ခင်းက အဆုံးမရှိသလိုမျိုးပဲ..

ဂလု

အင်စလေ၏ လည်စလုပ် လှုပ်ရှားသွားသည်။ ကလေးသည် သူမ၏ ကျောပိုးအိတ်လေးနှင့် ကြောင်စာထုပ်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး လေပြည်ညင်း တိုက်ခတ်မှုကြောင့် ဆံပင်များ ဝေ့ဝဲနေသည်။

‘အပူချိန်လေးက ကောင်းလိုက်တာ.. အေးပေမဲ့လည်း အရမ်းမအေးဘူး.. မြင့်မြတ် အစောင့်အရှောက်တွေက ဒီလိုနေရာကို ကြိုက်တာများလား..’

အင်စလေ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရာ သစ်ပင်အနည်းငယ်မှအပ အခြားအရာ မတွေ့ပေ။

သို့သော် ဤအမည်မသိ နေရာ၌ သစ်ပင်များမှလွဲ၌ အခြားအရာများ မရှိခြင်းမှာ မဖြစ်နိုင်ပေ။ အင်စလေ မယုံကြည်ပါ။ ထို့ကြောင် ကောင်မလေးသည် ကျယ်ပြောသော မြက်ခင်းပြင်အား လေ့လာရန် လျှောက်လှမ်းသွားတော့သည်။

ကလေးသည် ခြေလှမ်းအနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် ခရစ္စတယ်မှန်ကဲ့သို့ ကြည်လင်နေသော ရေကန်တစ်ခုအား တွေ့လိုက်ရသည်။ ကန်၏အဆုံးမှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ကန်တွင်း၌ ပျော်ရွှင်စွာ ကူးခတ်နေကြသော ခိုအီငါးများ ရှိလေသည်။

ချစ်စဖွယ်ကန်လှလှလေးမှာ ငါးများ ရှိနေသောကြောင့်...

‘ဒီကန်က မြင့်မြတ်သားရဲတွေကို အစာကျွေးဖို့ လုပ်ထားတာများလား.. ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ဘာတိရစ္ဆာန်မှ မရှိဘူးလေ.. သူတို့ ဘာစားကြမှာလဲ.. မြက်လား..’

အင်စလေ နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကောင်မလေးသည် ထို့နောက် ရေကန်အား ဝိုင်းပတ်ကာ ရှောင်ရှားလိုက်ပြီးနောက် ဦးတည်ရာမဲ့ ဆက်လျှောက်ရင်း အစောင့်အရှောက်များ၏ အရိပ်အယောင်အား ရှာတွေ့နိုင်ရန် ကြိုးစားလေသည်။

ဖင်းနီနှင့် ဖိုးဖိုးယိုယို၏ ပြောပုံအရ ထိုအစောင့်အရှောက်များမှာ ကြောင်ပုံစံဖြင့် ရှိနေကြလိမ့်မည်။ သို့သော မြက်ခင်းပြင်မှာ အလွန်ကျယ်ပြောသောကြောင့် ကြောင်တစ်ကောင်ထက် အဆများစွာ ပိုမိုကြီးမားသော နွားတစ်ကောင်ပင် ကောင်းစွာ ပုန်းအောင်းနေနိုင်သည်။

ထို့ကြောင့် အင်စလေသည် ကြောင်များအား ဦးစွာရှာဖွေရမည်။ အချိန်အတော်ကြာအောင် လျှောက်လှမ်းသွားပြီးနောက် အလယ်ခေတ်ပုံစံ အဖြူရောင် အဆောက်အဦ တစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုအဆောက်အဦမှာ မြင့်မားထည်ဝါပြီး အလယ်တွင် ခဲဖြူရောင် စကျင်ကျောက်များဖြင့် ပြုလုပ်ထားသော စားပွဲဝိုင်းတစ်လုံး ရှိသည်။ စားပွဲ၏ ပတ်လည်တွင် ရွှေရောင်နှင့် အဖြူရောင် ရောယှက်နေသော တိုင်လုံး ၃ လုံး ရှိပြီး အဆောက်အဦ၏ အမိုးခုံးကိုပင် ထိလုမတတ် ဖြစ်သည်။

အဆောက်အဦ တစ်ဝိုက်၌ မြူခိုးဖြူများ ရစ်သိုင်းနေသောကြောင့် လျှို့ဝှက်ဆန်းကြယ်ပုံပေါ်သည်။ သို့သော် အင်စလေ၏ အာရုံမှာ ထိုအဆောက်အဦးထံ၌ မရှိချေ။ သူမ၏ အကြည့်သည် စားပွဲ၏ ခြေထောက်အနီးရှိ အညိုရောင် ကတ်ထူပုံးပေါ်သို့ ကျရောက်နေသည်။

ဂျစ်.. ဂျစ်..

အဆုံးတွင် အရောင်ရင့်အချို့ ရှိနေသော အဖြူနှင့် အညိုဖျော့ရောင် အမွေးဖွားဖွား တစ်ခုသည် အညိုရောင် ကတ်ထူပုံးမှ တစ်စွန်းတစ်စ ထွက်ပေါ်နေပြီး ရံဖန်ရံခါ လှုပ်ယမ်းနေတတ်သည်။ အမွေးဖွားများနှင့် အမြီးတုတ်တုတ်မှာ တစ်ခါတစ်ရံ တုန်ယင်သွားတတ်ပြီး အမြီးအစွန်းမှာ ရေပန်းကဲ့သို့ ဖြာကျနေသည်။

အင်စလေ နှလုံးခုန်သွားသည်။

ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ အမြီးလဲ.. အရမ်းလှတာပဲ.. ဘယ်လိုကြောင်မျိုးမှာ ဒီလောက်လှတဲ့ အမြီးရှိတာလဲ.. ကြက်မွေးဖုန်သုတ်တံနဲ့တောင် တူသေးတယ်..

အင်စလေသည် ထိုအမြီးအား မြင်ပြီးနောက် မျှော်လင့်ချက် ကြီးလာသည်။ မြင့်မြတ် အစောင့်အရှောက်များထဲမှ တစ်ကောင်နှင့် တွေ့ရပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်ရသည်။

မည်သည့် အစောင့်အရှောက်နှင့် တွေ့ရစေကာမူ သူမ၏ ရည်မှန်းချက်ပန်းတိုင်မှာ ကြောင် ၃ ကောင်ထဲမှ တစ်ကောင်အား သိမ်းသွင်းနိုင်ရန် ဖြစ်သည်။

အခွင့်အရေး ပေါ်လာသည်နှင့် အင်စလေသည် အဆောက်အဦ အနီးသို့ ချဉ်းကပ်မသွားတော့ဘဲ မြက်ခင်းပြင်ပေါ်၌ ထိုင်ချလိုက်သည်။ ထို့နောက် စက္ကူအိတ်အတွင်းမှ ကြောင်စာခြောက်အား သူမ ပြင်ဆင်လာခဲ့သော သစ်သားပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။

ကလေးသည် ကြောင်အား အစာဖြင့် ဖြားယောင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။

မြင့်မြတ် အစောင့်အရှောက်များပင်လျှင် ကြောင်များအတွက် သီးသန့်ပြုလုပ်ထားသည့် အစာခြောက်များကို ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ကြောင်း အင်စလေ သေချာပေါက်ယုံကြည်သည်။

ကံဆိုးလိုက်ပုံများ.. ထိုအကွက်သည် အခြား အစားမက်သော မြင့်မြတ် အစောင့်အရှောက် အပေါ်တွင် အမှန်တကယ် အလုပ်ဖြစ်မည်ပင်။ သို့သော် ယခု အင်စလေ ဖြားယောင်းရန် ကြိုးစားနေသည့် မြင့်မြတ်သားရဲမှာမူ..

အစားမက်သူ မဟုတ်ချေ။

ထိုအမည်မသိကြောင်သည် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိဘဲနှင့် အမြီးဖွားဖွားကိုသာ တယမ်းယမ်း လှုပ်ရင်း အင်စလေအား မိနစ် အနည်းငယ်ကြာအောင် လျစ်လျူရှုထားလေသည်။

အင်စလေ၏ မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။

ဒီကောင်ကို ကြောင်စာနဲ့ ဖြားယောင်းလို့ မရဘူးလား..

All Chapters