← Chapters

ခြေအိတ်နှင့်ကြောင်

Vol. 6 Ch. 81

ခြေအိတ်နှင့်ကြောင်

Vol. 6 Ch. 81

အင်စလေ စိတ်ဓာတ်ကျသွားတော့သည်။ ကလေးသည် သူမ၏ မျက်စိရှေ့ မိတာအနည်းငယ် အကွာတွင် ရှိနေသော တယမ်းယမ်းလှုပ်နေသည့် အမြီးကို ကြည့်ရင်း နှုတ်ခမ်းထောင့်လေးများ မဲ့ကျသွားသည်။

ဒီကြောင်ကို ကြောင်စာခြောက်နဲ့ ဖြားယောင်းလို့ မရဘူးဆိုရင် ညှို့ဓာတ်စွမ်းရည်နဲ့ ကံကောင်းခြင်းစွမ်းရည်ကို သုံးရတော့မှာလား..

အင်စလေသည် သူမ၏ ဝှက်ဖဲအား ထိုမျှမြန်မြန် ထုတ်မသုံးလိုပေ။ သို့သော် မြင့်မြတ် အစောင့်အရှောက်မှာ သာမန်ကြောင်တစ်ကောင် မဟုတ်သောကြောင့် တင်ပလ္လင်ခွေထိုင်ကာ သူမ၏ ညှို့ဓာတ်စွမ်းရည်အား စတင်အသုံးပြုတော့သည်။

အင်စလေ၏ ခန္ဓာကိုယ် တစ်ခုလုံးအား ပန်းရောင်အငွေ့အသက် လွှမ်းခြုံလာပြီး နောက်တစ်ခဏမှာပင် ရွှေရောင်အငွေ့အသက်သည် ပန်းရောင်အငွေ့အသက်နှင့် စတင်ပေါင်းစပ်ကာ ပန်းရောင်အငွေ့အသက်အား ပိုမိုအစွမ်းထက်လာစေသည်။

အင်စလေ၏ ညှို့ဓာတ်စွမ်းအားသည် ပန်းရောင်လှိုင်းအလျား တစ်ခုအနေနှင့် မြက်ခင်းပြင်အား ဖြတ်သန်းသွားပြီး ပန်းရွှေရောင် အငွေ့အသက်သည် သေးငယ်သော အစက်အပျောက်လေးများအဖြစ် ဆက်လက်ပျံ့နှံ့နေသည်။

ထိုလှိုင်းအလျားနှင့် တိုက်ခိုက်ခံရသည့် မည်သည့်လူသားမဆို အင်စလေအား ဒူးထောက်ကာ ကိုးကွယ်ကြလိမ့်မည်။ ကံမကောင်းစွာဖြင့် ဤနေရာ၌ မြင့်မြတ်သားရဲများမှလွဲ၌ လူသားမရှိချေ။

ထို့ကြောင့် အင်စလေသည် မျက်လုံးများအား တင်းတင်းကြပ်ကြပ် ဖိပိတ်ထားပြီး သူမ၏ ညှို့ဓာတ်စွမ်းရည်သည် ထိုသားရဲများအပေါ် သက်ရောက်မှုရှိရန် မျှော်လင့်နေမိသည်။ အနည်းဆုံး သူမ မြင်တွေ့လိုက်ရသည့် သားရဲတစ်ကောင်ကိုသာ သိမ်းသွင်းနိုင်မည်ဆိုလျှင်ပင် သူမ ကျေနပ်နိုင်၏။

သူမ၏ ကံကောင်းခြင်းစွမ်းရည်အပေါ် ကျေးဇူးတင်ရမည်။ ပန်းရောင်အငွေ့အသက်သည် ကတ်ကူပုံးထဲရှိ လျှို့ဝှက်ဆန်းကြယ်သော ကြောင်ထံသို့ ရောက်ရှိသွားပြီး ၎င်း၏ အာရုံစိုက်မှုအား အနည်းငယ်မျှ ဆွဲဆောင်လိုက်နိုင်သည်။

ကတ်ထူပုံးအတွင်းရှိ ကြောင်သည် အမြီးလှုပ်နေခြင်းအား ရပ်လိုက်သည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ကတ်ထူပုံးအတွင်းမှ တရှဲရှဲမြည်သံ ထွက်ပေါ်လာသည်။

တောက်..

ကြောင်သည် ရုတ်တရက် အညိုရောင် ကတ်ထူပုံးအတွင်းမှ ခုန်ထွက်လာသဖြင့် လေထဲတွင် လှပသော အကွေးဝိုက်တစ်ခု ပေါ်လာသည်။ အင်စလေသည် မြေပြင်ပေါ်သို့ ညင်သာစွာ သက်ဆင်းလာသည့် အသံအား ကြားလိုက်ရသည်နှင့် ချက်ချင်းဆိုသလို မျက်စိဖွင့်လိုက်သည်။

ဝမ်းနည်းဖို့ကောင်းစွာပင် အဆောက်အဦအား လျှို့ဝှက်ဆန်းကြယ်သော မြူခိုးတစ်လွှာမှ ထူထူထဲထဲ ရစ်ပတ်ထားသောကြောင့် အင်စလေသည် ထိုလှပသည့် သက်ဆင်းမှုအား မမြင်တွေ့လိုက်ရချေ။

အဆောက်အဦ၏ စကျင်ကျောက်ကြမ်းခင်း အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်သို့ သက်ဆင်းလာသော ခြေထောက်လေး ၄ ချောင်းကိုသာ အင်စလေ မြင်နိုင်သည်။ 7

ထိုခြေထောက်လေး ၄ ချောင်းမှာ အညိုဖျော့ရောင် အမွေးဖွားလေးများရှိပြီး အဖြူနှင့် အညိုရင့်ရောင် အမွေးလေးများ အနည်းငယ် ရောနှောပါရှိသည်။ ခြေထောက်များရှိ ဖဝါးလေးများမှာ အလွန်နက်မှောင်နေပြီး အနက်ရောင်ဟုပင် ဆိုရမည်။

ခြေထောက်များမှာ ဖဝါးလေးများထက် အရောင်နုသောကြောင့် ထိုခြေထောက်ပိုင်ရှင်သည် ခြေအိတ် ၄ ခု ဝတ်ထားသကဲ့သို့ပင်။

အင်စလေ စိတ်ထဲမှ အော်ဟစ်နေမိတော့သည်။

အရမ်းချစ်ဖို့ကောင်းတာပဲ.. ဒါက ဘယ်လိုကြောင်မျိုးလဲ.. ပါရှန်းလား.. အမွေးရှည်ရှည်လေးတွေက ပါရှန်းပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား.. ဒါပေမဲ့ ပါရှန်းကြောင်မျိုးထဲမှာ ခြေအိတ်ဝတ်ထားသလိုမျိုး ကြောင် မရှိဘူးလားလို့..

အင်စလေ ခေါင်းကလေးစောင်းလိုက်ပြီး ဆွဲဆောင်မှုရှိသည့် အင်္ဂါရပ်များ ပါဝင်သော ကြောင်အမျိုးအစားများအား မှတ်မိရန် ကြိုးစားနေမိသည်။ သူမ စဉ်းစားနေချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော ကြောင်သည် ခြေထောက်သေးသေးလေးများဖြင့် အင်စလေရှိရာသို့ တရွေ့ရွေ့ လှမ်းလာနေသည်။

ဤတစ်ကြိမ်တွင်မူ‌ ကြောင်သည် အဆောက်အဦ ပတ်လည်ရှိ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးလွှာနှင့် တဖြည်းဖြည်း ဝေးလာပြီဖြစ်သောကြောင့် အင်စလေသည် ၎င်း၏ နားရွက်တစ်စုံအား မြင်နိုင်ပြီ ဖြစ်သည်။ နားရွက်လေးများသည် ခပ်မတ်မတ်နှင့် ဝံ့ကြွားစွာ ရှိနေပြီး ရံဖန်ရံခါ နားရွက်ခတ်ခြင်း နောက်သို့အသံစွင့်ခြင်းများ ရှိလေသည်။

ဖဝါးလေးများ ကဲ့သို့ပင် နားရွက်များမှာလည်း အနက်ရောင်ဖြစ်ကြပြီး နားရွက်အတွင်းရှိ အမွေးလေးများမှာမူ အဖြူရောင်ဖြစ်သည်။

ထူးခြားလှပသော ပေါင်းစပ်မှုပင်။

မြူခိုးထဲမှ ထွက်ပေါ်လာသော ကြောင်အမြီးသည် တဖြည်းဖြည်းချင်း ကြီးလာသည်ကိုကြည့်ရင်း အင်စလေ နှလုံးခုန်သ့များ ကျယ်လာသည်။ ဆိုလိုသည်မှာ ကြောင်သည် သူမရှိရာသို့ လာနေခြင်းဖြစ်သည်။ သူမထံ ချဉ်းကပ်လာနေ၏။

အင်စလေသည် စက္ကူအိတ်အား ဘယ်ဘက်လက်တွင်ကိုင်ပြီး ကျောပိုးအိတ်အား ညာဘက်လက်တွင်ကိုင်ကာ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ ကောင်မလေးသည် ကျောပိုးအိတ်အား မြေပြင်ပေါ်သို့ ပစ်လိုက်သော်ငြား စက္ကူအိတ်ကိုဖြင့် လက်ဖြင့်ကိုင်ထားဆဲ ဖြစ်သည်။

အင်စလေသည် လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများအတွင်းမှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာသော ကြောင်၏ ခန္ဓာကိုယ်အား တဖျက်ဖျက်လက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

သူမအား ပထမဆုံး ကြိုဆိုနှုတ်ဆက်သည့် အရာမှာ ပုတီးစေ့များကဲ့သို့ လုံးဝိုင်းနေသော အနက်ရောင် မျက်လုံးတစ်စုံ ဖြစ်သည်။ အဆိုပါ မျက်လုံးတစ်စုံမှာ အလွန်လုံးဝိုင်းကာ ကြီးမားသောကြောင့် သေလောက်အောင် ချစ်ဖို့ကောင်းလေသည်။

ထို့အပြင် ထိုမျက်လုံးများ၏ ပိုင်ရှင်မှာ မြူခိုးများနှင့် ဝေးရာသို့ ရောက်လာသည်နှင့် အနက်ရောင်မျက်လုံးများမှာ နေရောင်ခြည်၏ အလင်းတန်း ဖြာကျမှုကြောင့် အရောင်အမှန် ပေါ်လာသည်။

မိုးပြာရောင် မျက်လုံးဝိုင်းတစ်စုံသည် အင်စလေအား အသံတိတ် စိုက်ကြည့်လျက်ရှိသည်။

မိုးပြာရောင် မျက်လုံးပိုင်ရှင်သည် တဖြည်းဖြည်းချင်း လှုပ်ရှားနေသော်ငြား ယင်း၏ မျက်လုံးများသည် အင်စလေထံမှ ရွေ့သွားခြင်းမရှိဘဲ သူမလက်ထဲရှိ အရာအားလ အလွန်အမင်း စိတ်ဝင်စားသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

အင်စလေ နှလုံးတစ်ချက် ခုန်သွားသည်။ အချိန် တရွေ့ရွေ့ ကုန်လာသည် နှင့်အမျှ သူမသည် မြူခိုးဖြူများကြားမှ ထွက်လာသော ကြောင်၏ မျက်နှာအသွင်အပြင်အား မြင်နိုင်ပြီဖြစ်သည်။

ကြောင်၏ မျက်နှာမှာ အနည်းငယ် နက်မှောင်ပြီး အညိုရင့်ရောင်ရှိကာ နှုတ်ခမ်းမွေးများသာလျှင် ဖြူနေခြင်းဖြစ်သည်။ ထူးဆန်းသည်မှာ ယင်း၏ လည်ဆံမွေးများမှာ အဖြူရောင်အမွေးဖွားများ ဖြစ်သောကြောင့် ကြောင်သည် မီးခိုး‌ရင့်ရောင် မျက်နှာဖုံးအား တပ်ထားသလို ဖြစ်နေသည်။

အနက်ရောင်နားရွက်များ၊ ခြေအိတ်နှင့်တူသော အနက်ရောင် ဖဝါးလေးများနှင့် ပေါင်းစပ်လိုက်သည့်အခါ ကြောင်၏ သွင်ပြင်မှာ အလွန်အကျူး ချစ်စဖွယ် ဖြစ်လာတော့သည်။

ခန္ဓာကိုယ်မှာ အဖြူရောင်တွင် အညိုဖျော့ရောင်နှင့် အညိုရင့်ရောင် အမွေးလေးများ ရောနှောကာ ရှိနေပြီး နွေးထွေးနှစ်လိုဖွယ် ရှိသည်။ တင်းတင်းကြပ်ကြပ် စေ့ပိတ်ထားသော ပါးစပ်ကလေးမှာ ပန်းနုရောင်သန်းနေပြီး ဣတ္ထိယတစ်ဦးကဲ့သို့ နူးညံ့ကာ ချစ်ဖွယ်ကောင်း၏။

ထိုသို့သော သွင်ပြင်လက္ခဏာရပ်များနှင့် ကြောင်တစ်ကောင်မှာ ကြမ်းတမ်းရိုင်းစိုင်းသော မြင့်မြတ်သားရဲ တစ်ကောင်ဟု မယုံကြည်နိုင်ပေ။

အင်စလေ၏ ဒူးခေါင်းများသာမြင့်သော အလတ်စားအရွယ် ကြောင်တစ်ကောင်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် သူမအနီးသို့ ချဉ်းကပ်လာနေသည်။

ဒါက.. တကယ်ပဲ မြင့်မြတ် အစောင့်အရှောက်လား..

အင်စလေသည် ကြောင်၏ ဖြစ်တည်မှုအား သံသယဝင်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို..

“အူဝူးးးးး”

ကြောင်အော်သံ ထွက်လာသည်။ သို့သော် ယင်း၏အသံမှာ ကြောင်အော်သံနှင့် အနည်းငယ်မျှပင် မတူချေ။ ဝံပုလွေပေါက်လေး၏ အသံနှင့်တူပြီး စိတ်ပျက်အားငယ်ဖွယ်ကောင်းသလို တစ်ချိန်တည်းမှာပင် ချစ်ဖို့လည်း ကောင်းလှသည်။

အင်စလေ၏ အံ့အားသင့်နေသော မျက်နှာမှာ ချက်ချင်းဆိုသလို နားမလည်နိုင်သော အမူအရာ ဖြစ်သွားသည်။ ကောင်မလေးသည် မျက်လုံးများ ပြူးကျယ်ကာဖြင့် သူမ၏ ဘယ်ဘက်လက်ထံသို့ ရောက်ရှိလာသည့် ကြောင်အား ကြည့်နေမိတော့သည်။

လ.. ခွမ်း.. သူ အခုလေးတင် အူလိုက်တာလား.. ကြောင်လား ခွေးလား ဝံပုလွေလား.. သိသိသာသာကြီး ကြောင်ပါနော်.. ဘာကိစ္စနဲ့ မြောင် လို့ အော်ရမဲ့ အသံလေးက ပြောင်းနေရတာလဲ..

အင်စလေသည် သူမ၏ မျက်စိရှေ့ရှိ ချစ်ဖွယ်ကြောင်လေးအား ရိုက်နှက်ကာ မှန်ကန်သော ကြောင်အော်သံကို သင်ပေးလိုစိတ် ဖြစ်လာသည်။

အလိုလေး.. အင်စလေ မလှုပ်ရှားနိုင်သေးခင်မှာပင် ရေပန်းနှင့်တူသော အမြီးဖွားဖွားများရှိသည့် အမွေးပွကြောင်လေးသည် ဖဝါးလေးတစ်ခုအား ပေါ့ပါးစွာ မြှောက်လိုက်ပြီး အောက်ခြေရှိ ပန်းရောင် ပဲစေ့လေးအား ပြသလာသည်။

ဖြန်း..

ကြောင်လေးသည် အင်စလေ၏ လက်ထဲရှိ စက္ကူအိတ်အား လက်ဖြင့်ပုတ်လိုက်ပြီး ချက်ချင်းပင် မြေပေါ်သို့ လွင့်ထွက်သွားသည်။ ထို့နောက် ကြောင်သည် တလက်လက် တောက်ပနေသော မိုးပြာရောင် မျက်လုံးလေးများဖြင့် အညိုရောင်စက္ကူအိတ်ပေါ်သို့ ခုန်လိုက်သည်။

ဟမ်..

ကြောင်သည် စက္ကူအိတ်ပေါ်သို့ ခုန်ဆင်းပြီးနောက်..

စတင်လှိမ့်တော့သည်။

အင်စလေသည် ကြောင်အား နျူဖြင့်ထုကာ ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးချင်လာမိသည်။

All Chapters