ဖင်းရဲ့ ဗိုက်ကလေးကို ပွတ်
Vol. 6 Ch. 86
လေပြင်း တိုက်ခတ်ချိန်တွင် သူမ၏ အတွင်းခံလေးအား ဖင်းလီ မြင်တွေ့သွားခြင်း ရှိ၊ မရှိအား မသိသော်ငြား အင်စလေ အလိုအလျောက်ပင် အော်ဟစ်ကာ ခြေထောက်များအား စေ့လိုက်သည်။
“ဝါးးးး လူချိုးနာပူး (လူဆိုးနှာဘူး)”
အင်စလေ စကပ်အား ဖုံးဖိရင်း ဖင်းလီအား မျက်ထောင့်နီဖြင့် ကြည့်လိုက်သည်။ ဖင်းလီသည် အင်စလေ အနီးသို့ လျှောက်လာမည် ပြုစဉ်မှာပင် သူမ၏ အော်သံကြောင် နေရာမှာတင် ကြောင်အလျက်သား ရှိနေသည်။
ကောင်လေး၏ တည်ငြိမ်သော မျက်နှာလေးမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ ချွေးအေးများ ထွက်လာပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။
“လူဆိုးနှာဘူး ဟုတ်လား.. ငါလား.. အင်.. နောင် မနေနဲ့.. ငါ ဘာမှ မလုပ်ပါဘူး..”
ဖင်းလီ စိုးရိမ်ပူပန်လာသည်။ စနောက်နေခြင်း ရှိ၊ မရှိ သိရရန် အင်စလေအနီးသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။
ယခုလေးတင် လေစွမ်းရည်သုံးကာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး မည်သည်ကိုမှ မမြင်လိုရသလို လက်ကလေးပင် မလှုပ်ရသေးချေ။ သို့သော် အင်စလေသည် သူ့အား ရုတ်တရက် လူဆိုးနှာဘူးဟု စွပ်စွဲပြောဆိုသဖြင့် အနာဂတ်တွင် မည်သို့ လက်ထပ်ရတော့မည်နည်း။
“နိုး.. နင်.. နင်.. နင် ငါ့ ပန်တီ (အတွင်းခံ) ကို မြင်သွားတယ်”
အင်စလေ ထိတ်ထိတ်ပြာပြာနှင့် အော်လိုက်ပြီး နောက်ဆုတ်ကာ ဖင်းလီအား ရှောင်လိုက်သည်။ သူမ၏ မျက်နှာမှာ အလွန်နီရဲနေသောကြောင့် ခရမ်းချဉ်သီးနှင့်ပင် တူနေတော့သည်။
ကလေးသည် အရှက်အား အသက်နှင့် လဲတော့မလို ဖြစ်နေသည်ကို မြင်ပြီးနောက် ဖင်းလီသည် နားလည်မှုလွဲခြင်းအား သဘောပေါက်သွားတော့သည်။ ခြေလှမ်းများ ရပ်တံ့ပြီး အင်စလေ၏ စကားလုံးများအား ပြန်စဉ်းစားလိုက်သည်။
အတွင်းခံ.. လူဆိုးနှာဘူး.. သူ့ရဲ့ အတွင်းခံကို မြင်လိုက်တယ်.. ဒါပေမဲ့.. မမြင်ခဲ့ဘူးလေ..
ဖင်းလီ ခေါင်းကလေးစောင်းပြီး ကောင်ငယ်လေး တစ်ဦးကဲ့သို့ လက်ချောင်းများအား လိမ်နေမိတော့သည်။ သူ၏ စိတ်ဝိညာဉ်မှာ လူကြီးတစ်ဦး ဖြစ်နေသည့်တိုင်အောင် ကလေးတစ်ဦးထံမှ လူဆိုးနှာဘူးဟု စွပ်စွဲပြောဆိုခံရချိန်တွင် မတည်ငြိမ်နိုင်တော့ချေ။
ရွှေအိုရောင်ဆံပင်နှင့် ကောင်လေးသည် အင်စလေအနီးသို့ ချဉ်းကပ်မသွားတော့ဘဲ ဗလာမျက်လုံးများနှင့် ရပ်နေမိတော့သည်။ သူ၏ စိတ်အာရုံမှာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေပြီး ကျဉ်းထဲကြပ်ထဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းအား ရှာဖွေနေတော့သည်။
“အင်.. ကြည့်.. ကြည့်ဦး.. ငါ အခုမှ ရောက်လာတာ.. ဘာမှ မမြင်လိုက်ပါဘူး.. အတွင်းခံလား.. ငါ လုံးဝ မမြင်ဘူး.. တကယ်ပြောတာ.. ကျိန်လို့ရတယ်..”
ဖင်းလီသည် လက်ညှိုးနှင့် လက်ခလယ်အား ချိတ်ကာ ကျိန်ဆိုမှုပြုသည်။
“တော်ဝင်မိသားစုရဲ့ အမည်နာမကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်..”
ဖင်းလီ၏ ကျိန်ဆိုသံမှာ ခိုင်မာပြီး လေးနက်မှုရှိသော်ငြား အင်စလေ မယုံကြည်ဘဲ ရှိလေသည်။
သူက ဘယ်လိုလုပ်ပြီး မမြင်ဘဲ နေမှာလဲ.. သူရောက်လာတဲ့ အချိန်မှာပဲ အတွင်းခံက ပေါ်သွားတာလေ.. သူက အဲဒီရှေ့ တည့်တည့်ကြီးမှာ ရပ်နေခဲ့တာ..
“မုတ်ဝူး လူလိမ်”
အင်စလေ ထိုသို့ပြောပြီး ချက်ချင်းဆိုသလို သူတို့၏ လျှို့ဝှက်အခြေစိုက်စခန်းအဖြစ် အသုံးပြုသော သစ်ပင်ကြီးထံ ပြေးသွားသည်။ ကလေးသည် သစ်ပင်၏ သစ်ကိုင်းတစ်ခုအား လက်ဖြင့်ဖက်ရင်း ပင်စည်၏နောက်၌ ပုန်းလိုက်သည်။
သူမသည် ရှက်ရွံ့စွာဖြင့် ဖင်းလီထံမှ ပုန်းနေခြင်း ဖြစ်သည်။ ဖင်းလီသည် သူမ၏ အတွင်းခံများအား မြင်တွေ့သွားသောကြောင့် သူမအနေဖြင့် အနာဂတ်တွင် လက်ထပ်နိုင်တော့မည် မဟုတ်ဟု တွေးနေခြင်း ဖြစ်၏။
“အ.. အင်..”
ဖင်းလီသည် သစ်ပင်နောက်တွင် ပုန်းအောင်းပြီး ထွက်လာရန် ငြင်းဆိုနေသည့် အင်စလေအားကြည့်ကာ အားဖျော့စွာဖြင့် ခပ်တိုးတိုး ခေါ်လိုက်မိသည်။ ကောင်လေး၏ နောက်ကျောတွင် ချွေးအေးများ စိုရွဲနေပြီး လက်ဖဝါးများလည်း အေးစက်လျက်ရှိသည်။
သောက်ကျိုးနည်း.. ငါ့ရဲ့ ကံမကောင်းတဲ့နေ့လား.. ဒါပေမဲ့ သူမရဲ့ အတွင်းခံကို နည်းနည်းလေးတောင် မမြင်လိုက်ရဘူးလေ.. တကယ်လို့ မြင်ခဲ့တယ် ဆိုရင်တောင် ကလေးပေါက်စရဲ့ အတွင်းခံကို စိတ်ဝင်စားမှာတဲ့လား.. လုံးဝပဲ..
ဖင်းလီ နှုတ်ခမ်းအား ဖိကိုက်ပြီး မှားယွင်းစွပ်စွဲခံရသလို ခံစားနေရသည်။
လေပြည်ညင်း တိုက်ခတ်မှုကြောင့် ဖင်းလီ၏ ရွှေအိုရောင်ဆံပင်များ လွင့်ဝဲနေသည်။ လေညင်းသည် ဖင်းလီ၏ ဖျော့တော့သော ကိုယ်သင်းရနံ့အား မြင့်မြတ်သစ်ပင်ကြီး၏ သစ်ကိုင်းနောက်တွင် ပုန်းအောင်းနေဆဲဖြစ်သည့် အင်စလေထံသို့ သယ်ဆောင်ပေးသွားသည်။
အင်စလေ သစ်ကိုင်းနောက်မှ ခေါင်းထွက်ကာ ခွေးတစ်ကောင်သဖွယ် နှာခေါင်းတရှုံ့ရှုံ့နှင့် အနံ့ခံလိုက်သည်။
“လူဆိုးနှာဘူး”
ဖင်းလီအား စိုက်ကြည့်ပြီး တတိယအကြိမ် ကျိန်ဆဲလိုက်ပြန်သည်။
ဖင်းလီ၏ အမှားမဟုတ်ကြောင်း သူမ သိသော်ငြား လေကြောင့် စကပ်လန်သွားသဖြင့် အလွန်အမင်း ရှက်ရွံ့နေခြင်း ဖြစ်သည်။ သူမ၏ ရှက်ရွံ့မှုအား တစ်နည်းနည်းနှင့် ဖြေလျော့ရန် လိုအပ်သည်။
အင်စလေ သစ်ပင်နောက်မှ ထွက်လာရန် ဆန္ဒမရှိသည်ကို မြင်ပြီးနောက် ဖင်းလီ သက်ပြင်းချပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
ကမ္ဘာကြီးတစ်ခုလုံးအား တင်ကြွေးထားရသလို မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေတော့သည်။
“ကောင်းပါပြီ.. ဒါဆိုလည်း.. အင်က ငါ့ကို မမြင်ချင်မှတော့ အိမ်ပြန်ပါတော့မယ်.. ကစားချိန်လည်း ကျော်သွားပြီလေ..”
ဖင်းလီ စိတ်ဓာတ်ကျသည့် အသံဖြင့် ပြောလိုက်သည်။ ဖြူစင်သော နတ်သမီးလေးသည် ပခုံးများ လျောချပြီး နောက်ကျောကုန်းကာ သစ်ပင်အဝေးသို့ ခြေလှမ်းကြဲများဖြင့် လျှောက်လှမ်းသွားသည်။
“ငါက အင် အောင်မြင်ခဲ့လား သိရဖို့ တစ်နေ့လုံး စောင့်နေခဲ့ပေမဲ့ အင်က.. ငါ့ကို မုန်းနေတယ်..”
ဖင်းလီ ဝမ်းနည်းစွာ ပြောလိုက်သည်။ သူ၏ နောက်ကျောအား ကြည့်ရသည်မှာ အတော်လေး အထီးကျန်ဆန်လှပြီး မြင်ရသူတိုင်း မျက်ရည်ကျမတတ် ဖြစ်စေသည်။
အင်စလေသည် ဖင်းလီ၏ ဝမ်းနည်းမှုများ ပြည့်နေသည့် နောက်ကျောပြင်အား မြင်သည့်အခါ နှလုံးသားထဲ ကိုက်ခဲလာသည်။ သူမ၏ နှလုံးသား ပျော့ပျောင်းကာ မလိုအပ်သည့် အတ္တများအား လျော့ချလိုက်သည်။
“ထ.. ထနလေး.. ဖွင်း.. နေပါ.. ချောတီးနော်.. ချောတီး.. နော်လို့”
ကလေးသည် သစ်ကိုင်းနောက်မှ ထွက်ကာ ဖင်းလီထံသို့ ခြေပုတိုလေးများဖြင့် ပြေးသွားလိုက်သည်။ အလျင်အမြန် ပြေးသွားသောကြောင့် ကျောက်စရစ်ခဲများပေါ် ချော်ကျလုနီးနီးပင်။
သူမသည် အကြိမ်အနည်းခန့် ချော်ကျမတတ် ဖြစ်သွားခဲ့သည်။
ဖင်းလီ၏ ခြေလှမ်းများ ရပ်တံ့သွားပြီး နီရဲနေသော မျက်လုံးများဖြင့် တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ ဝမ်းနည်းစိတ်ထိခိုက်ကာ အချိန်မရွေး ငိုချတော့မည်ဟု ထင်ရသည်။
“တကယ်လား.. အင်က ငါ့ကို နေခိုင်းမှာလား.. မမုန်းတော့ဘူးလား..”
ဖင်းလီ မျက်လုံးထောင့်ရှိ မျက်ရည်များအား လက်ဖြင့်သုတ်လိုက်သည်။
ဖင်းလီသည် သူ၏ ရေစွမ်းအင်အား အသုံးပြုကာ မျက်လုံးထဲသို့ ရေစက်အချို့ ညှစ်ချလိုက်ခြင်းဖြစ်သဖြင့် ချက်ချင်းဆိုသလို မျက်လုံးများအား နီရဲလာစေသောကြောင့် ငိုကြွေးသကဲ့သို့ ဖြစ်သွားသည်။
မျက်လုံးထဲသို့ ရေဝင်သဖြင့် မျက်လုံးမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်လာတော့သည်။
“ဟု.. ဟု.. ထွင့်လွှတ်တယ် (ခွင့်လွှတ်တယ်)”
အင်စလေ ထိတ်လန့်တကြား အော်ပြောလိုက်သည်။ ဖင်းလီ၏ လက်မောင်းအားဆွဲကာ မငိုစေရန် ကြိုးစားလေသည်။
“ငိုနဲ့.. ငိုနဲ့..”
အင်စလေ လျှာကိုက်ကာ ခြေဖျားထောက်ပြီး ဖင်းလီ၏ မျက်ရည်စများအား အင်္ကျီလက်ဖြင့် သုတ်ပေးချင်သည်။
ထိုမြင်ကွင်းမှာ အဝေးမှကြည့်လျှင် အလွန်ချိုမြိန်ကြည်နူးဖွယ် ကောင်းလှသည်။ သို့သော် ကလေးသည် အကြိမ်ပေါင်းများစွာ ခုန်နေသည့်တိုင်အောင် ကောင်လေး၏ မျက်လုံးများအား လှမ်းမမီနိုင်ချေ။
အဆုံးတွင် အင်စလေ လက်လျော့လိုက်ပြီး ဖင်းလီ၏ ဝမ်းဗိုက်အား လက်ဖြင့်ပုတ်ကာ နှစ်သိမ့်လိုက်သည်။ ထိုသို့သော နည်းလမ်းဖြင့် နှစ်သိမ့်ပေးပုံမှာ အတော်လေး ကိုးရိုးကားယား နိုင်သော်ငြား မည်သူမျှ ဂရုမစိုက်ချေ။
အင်စလေ ဝမ်းဗိုက်အား ကိုင်ရသည်ကို ကြိုက်သည်။ ဖင်း၏ ဝမ်းဗိုက်လေးအား ပွတ်ပေးမည်။
ဖင်းလီသည် အော်စကာအဆင့် သရုပ်ဆောင်စွမ်းရည်အား ရပ်လိုက်ပြီးနောက် တောက်ပစွာ ပြုံးကာ အင်စလေအား ဖက်လိုက်သည်။ ကောင်လေးသည် အင်စလေ၏ ခန္ဓာကိုယ်လေးအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး သူမ၏ ပခုံးပေါ်သို့ မျက်နှာအပ်လိုက်သည်။
ပြောရမည်ဆိုလျှင် အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။
“ဆိုတော့ မြင့်မြတ် အစောင့်အရှောက်ကို သိမ်းသွင်းနိုင်ခဲ့လား.. ပြောပါဦး..”
ဖင်းလီ၏ ပေါ့ပေါ့ပါးပါး ရယ်မောပုံမှာ မငိုခဲ့သလိုပင်။ ခေါင်းလောင်းကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသည့် ရယ်သံမှာ အင်စလေ၏ နားထဲ၌ လှောင်ပြောင်နေသလိုပင်။
ကောင်လေး၏ နွေးထွေးသော ပွေ့ဖက်ပေးမှုအား ခံယူရင်း ရုတ်တရက် လှည့်စားခံလိုက်ရသလို ခံစားမိသည်။
ဖင်း.. နင်က ငိုချင်ယောင် ဆောင်နေတာပေါ့လေ.. ဟုတ်လား.. မားသားဖားသား..