← Chapters

သာမန်လူတစ်ဦး

Vol. 6 Ch. 88

သာမန်လူတစ်ဦး

Vol. 6 Ch. 88

အင်စလေသည် ဖင်းလီ၏ ဆိုလိုရင်းအား မေးမြန်းလိုသော်ငြား ကောင်လေးသည် သူမအား ခါးသက်သော အပြုံးတစ်ခုနှင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

“အရင်က ပြောခဲ့သလိုပဲ.. မင်း ခေါ်လာခဲ့တဲ့ အစောင့်အရှောက်က ဖန်ရစ်သွေးမျိုးဆက်ဖြစ်ပြီး ယုံကြည်မှုပြဿနာလည်း ရှိနေတယ်.. ညှို့ဓာတ်စွမ်းရည်နဲ့ ကံကောင်းခြင်းစွမ်းရည်ကို သုံးရုံနဲ့ မလုံလောက်ဘူး..”

ဖင်းလီသည် ထိုင်ပုံစံ ပြောင်းလိုက်ပြီးမှ ဆက်ပြောသည်။

“မင်း လိုအပ်တာက အစောင့်အရှောက်ရဲ့ ဒဏ်ရာကို နားလည်သိရှိပြီး ကုသပေးဖို့ ကြိုးစားရမယ်.. သူ့ကို ငါတို့ ဂရုစိုက်ပေးရမှာက စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ကျန်းမာရေးပဲ..”

ဖင်းလီ လက်ဆန့်ပြီး အင်စလေ၏ နဖူးအား ပွတ်သပ်လိုက်သည်။ စကားပြော မရပ်ဘဲ သူပြောသမျှ စကားလုံးတိုင်းသည် ကလေး၏ ကောင်းကျိုးအတွက် ဖြစ်သည်။

“မှတ်ထားနော်.. အစောင့်အရှောက်တွေက သားရဲတွေ ဆိုပေမဲ့လည်း လူသားတွေလိုမျိုး ခံစားချက်တွေ ရှိကြတယ်.. ဒီ အစောင့်အရှောက်လေးကို နားလည်ဖို့ ကြိုးစားပြီး မင်းရဲ့ သေဖော်ရှင်ဖက် ဖြစ်လာအောင် လုပ်ရမယ်..”

“ဟုတ်ပြီလား..”

ဖင်းလီသည် အင်စလေ၏ နဖူးအား လက်ဖြင့်တောက်ပြီး ကျိတ်ပြုံးလိုက်သည်။

ထိုအရာများအား သိထားခြင်းမှာ အနာဂတ်တွင် မြင်တွေ့ခဲ့သောကြောင့်ပင်။ ထိုအဖြစ်အပျက်များအား မျက်မြင်တွေ့ခဲ့ရသည်။ ဝေးကွာသော အနာဂတ်တွင် စလိုအန်မိသားစုမှ အရူးတစ်ယောက်သည် ဖန်ရစ်အား ဖိအားပေး သိမ်းသွင်းရန် ကြိုးစားသောကြောင့် သေဆုံးသွားခဲ့ရသည်။

ဖန်ရစ်မှာ ထိခိုက်ဒဏ်ရာ ရထားခြင်းဖြစ်သည်။ ပြင်ပဒဏ်ရာ မဟုတ်ဘဲ စိတ်ဒဏ်ရာ ဖြစ်သည်။ ယင်းသည် ၎င်း၏ ဘိုးဘေးများ သို့မဟုတ် အတိတ်မှ ဖြစ်ရပ်ကြောင့် ဖြစ်နိုင်သည်။

ဖင်းလီသည် အစောင့်အရှောက်များအား အုပ်ချုပ်မည့်သူသည် ယင်းတို့အား လက်နက်တစ်ခုသဖွယ် မမြင်သင့်ကြောင်းပြောရင်း နိဂုံးချုပ်လိုက်သည်။ သူတို့သည် အစောင့်အရှောက်များအား မိသားစုသဖွယ် အပေါင်းအဖော် သူငယ်ချင်းသဖွယ် မှတ်ယူသဘောထားရန် လိုအပ်သည်။

“တိပီ.. တိပီ..”

အင်စလေ ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်ပြီး ဖင်းလီ၏ စကားများအား အလေးအနက် မထားချေ။ သူမ၏ အစီအစဉ်အား အကောင်အထည် ဖော်ရန်အတွက် အစောင့်အရှောက်အား အလျင်အမြန် သိမ်းသွင်းဖို့ရန်သာ ခေါင်းထဲရှိနေခြင်း ဖြစ်သည်။

ဖင်းလီသည် အင်စလေ၏ မျက်လုံးထဲရှိ လောဘအား မြင်နိုင်သည်။ သူမ၏ အကျိုးအမြတ်အတွက် အစောင့်အရှောက်အား အသုံးချရန် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ဖင်းလီ အနည်းငယ် စိတ်ပျက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

လောဘတရားမှာ အမှားအယွင်းတစ်ခု မဟုတ်ပေ။ မိသားစုခေါင်းဆောင်တိုင်း ထိုသို့သောအတွေး ရှိကြလိမ့်မည်။ မိသားစု၏ အကျိုးအမြတ်အတွက် အစောင့်အရှောက်၏ စွမ်းအားကို အသုံးပြုရန် လိုအပ်သည်။

သို့သော် လူသားများ၏ လောဘမှာ အကန့်အသတ် မရှိချေ။ ဘဝတစ်ခုအား နှစ်ကြိမ် နေထိုင်လာသူ တစ်ဦးအနေနှင့် ဖင်းလီသည် ခါးသီးသော ဘဝအတွေ့အကြုံ များစွာအား ကြုံတွေ့ခဲ့ဖူးသည်။ သူသည်လည်းပဲ ရည်မှန်းချက်ကြီးသော လူငယ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

လောဘနှင့် ရည်မှန်းချက်တို့ကြောင့် ထိပ်ဆုံးသို့ တက်လှမ်းလိုစိတ် ပြင်းပြခဲ့သော်ငြား အခြားလူတစ်ဦး၏ စိတ်ဆန္ဒကြောင့် ကျဆုံးခဲ့ရသည်။

အဆုံးတွင် လုံခြုံဘေးကင်းခြင်းမှာ ပထမဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အရာများအား တန်ဖိုးထားရန် လိုအပ်ကြောင်း ဖင်းလီ သိရှိလာခဲ့သည်။ အကြောင်းပြချက် မရှိဘဲနှင့် လူသားများအား စတေးရန် မလိုအပ်ပေ။ လောဘကြောင့် မျက်ကန်းတစ်ယောက်လည်း မဖြစ်စေရပါ။

သူ့ရှေ့ရှိ အင်စလေမှာ ယခင်က မြင်ခဲ့ဖူးသော အင်စလေနှင့် မတူကြောင်း ဖင်းလီ သိထားသည်။ ဤ အင်စလေထံတွင် အကန့်အသတ်မဲ့သော စိတ်ဆန္ဒများ ရှိလေသည်။ သူမသည် ကောင်းကင်အား သိမ်းပိုက်စိုးမိုးလိုစိတ် ပြင်းပြနေသော ဖီးနစ်ငှက်အလားပင်။

သူမကိုယ်သူမ မထိန်းချုပ်နိုင်ပါက ကြီးစိုးခြယ်လှယ်တတ်သော အာဏာရှင်တစ်ဦး ဖြစ်လာပြီး သူမပတ်ဝန်းကျင်ရှိ လူများအား နယ်ရုပ်များ၊ လက်နက်များသဖွယ် အသုံးချတတ်သူတစ်ဦး ဖြစ်လာလိမ့်မည်။

ထိုအခြင်းအရာအား အင်စလေသည် သူမ၏ အုပ်ထိန်းသူ ဖြစ်လာမည့်သူအား တုံးအပြီး ရုပ်သေးရုပ်အဖြစ် အသုံးချနိုင်မည့်သူကို ရွေးချယ်ခြင်းမှတဆင့် ဖင်းလီ မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

ကလေးထံ၌ ရင့်ကျတ်သော အတွေးအခေါ် ရှိနေခြင်းမှာ အံ့ဩဖွယ် ကောင်းလှသည်။ သူမကိုယ်သူမ ကာကွယ်ရန် ရုပ်သေးအုပ်ထိန်းသူအား ရွေးချယ်ရမည်ကို သိထားသည်။ ထို့နောက်တွင်မူ...။

သူမရဲ့ လက်အောက်ငယ်သားတွေကို တစ်ခါသုံး ပစ္စည်းတွေလို သဘောထားမှာလား..

ဖင်းလီသည် ထိုသို့သော မိသားစုခေါင်းဆောင် များစွာကို မြင်တွေ့ဖူးသည်။ ထိုသူများမှာ သန်မာအားကောင်းကြသည်။ ကျယ်ဝန်းသော ပိုင်နက်နယ်မြေများ ရှိကြပြီး အဆုံးတွင် သူတို့ကိုယ်ပိုင် နယ်ရုပ်များ၏ သစ္စာဖောက်ခံကြရပြီး ထို့ထက်ဆိုးသည်မှာ သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ အခြားသူတစ်ဦး၏ နယ်ရုပ်များ ဖြစ်နေတတ်ကြလေသည်။

ဖင်းလီသည် အင်စလေအား ထိုသို့ မမြင်တွေ့လိုပါ။ ကလေးမှာ ငယ်ရွယ်သေးသည်။ သူမသည် ဉာဏ်ကြီးရှင်တစ်ဦးလည်း ဖြစ်သည်။ သို့သော် သူမအတွက် တိုးတက်ရန် လိုအပ်နေဆဲပင်။

ထို့ကြောင့် ဖင်းလီသည် အင်စလေအား ဂရုတစိုက်ဖြင့် အကြံပြုလိုက်သည်။

“ကျေးဇူးပြုပြီး မြင့်မြတ် အစောင့်အရှောက်တွေကို သေဖော်ရှင်ဖက်လို သဘောထားပြီး ဆက်ဆံနော်.. လက်နက်တစ်ခုလို သဘောမထားနဲ့.. သူတို့ကို လက်နက်တစ်ခုလို သဘောထားမယ်လို့ စဉ်းစားထားတယ်ဆိုရင် အခုကတည်းက လက်လျော့လိုက်ဖို့ အကြံပေးချင်တယ်.. မင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး..”

ဖင်းလီ၏ စူးရှသော စကားများသည် အင်စလေ၏ အသိစိတ်အား ထိုးစိုက်သွားသည်။ ကောင်မလေးသည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ နှုတ်ခမ်းအား သွားဖြင့်ကိုက်ပြီး လက်သေးသေးလေးများဖြင့် အင်္ကျီအား ဆုတ်ခြေနေမိသည်။

မည်သည့်စကားမှ ပြောမထွက်တော့ချေ။ ဖင်း၏ စကားလုံးများမှ တည့်တိုးဆန်လွန်းပြီး သူမ၏ အကျည်းတန်လှသော နှလုံးသားအား ဆွဲခွာလိုက်သလိုပင်။

“အင်.. အင်..”

အင်စလေမှာ အရူးမဟုတ်ပေ။ ဖင်းသည် သူမ၏ အတွေးများအား သိနေခြင်း ဖြစ်သည်ကို နားလည် သဘောပေါက်သွားသည်။

သူမသည် ဖင်းလီ တွေးထင်နေသကဲ့သို့ ရက်စက်လိုခြင်း မဟုတ်ပါ။ သို့သော် မြင့်မြတ် အစောင့်အရှောက်အား သူမ၏ ဘဝကို လွယ်ကူအောင် ပြုလုပ်ပေးမည့် သတ္တဝါတစ်ကောင်လို တွေးမိခဲ့ခြင်း ဖြစ်သည်။

ထိုသတ္တဝါထံ၌ စိတ်ခံစားချက်များ ရှိလိမ့်မည်ဟု မတွေးမိခဲ့ချေ။ ကိစ္စရပ်များအား အလျင်စလို ဆောင်ရွက်ပြီး ကာစီနိုမှ ငွေကြေးများစွာ ရရှိလိုခြင်းသာ ဖြစ်သည်။

အင်စလေ ရုတ်တရက် အယ်လီယာနာအား ရွေးချယ်စဉ် သူမ၏ ရည်ရွယ်ချက်များအား အမှတ်ရမိလိုက်သည်။ မူလက အယ်လီယာနာအား သူမ အလိုရှိသလို အသုံးချရန် ရည်ရွယ်ချက်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးနှင့် ပတ်သက်၍ မှားယွင်းနေသည်ဟု သူမ မထင်မိခဲ့ပါ။ ဤကမ္ဘာတွင် သူမတစ်ယောက်တည်း ဖြစ်သောကြောင့် အခြားသူတစ်ဦး၏ ရုပ်သေး ဖြစ်မလာရန်သာ တွေးမိခဲ့သည်။

သူမ ရှင်သန်လိုခြင်းသာ ဖြစ်သည်။

သို့သော် ဤရက်များအတွက် လွတ်လပ်မှုများစွာ ရရှိခဲ့သည်။ မိသားစုအား အုပ်ချုပ်နိုင်သည့် စွမ်းအားအချို့လည်း ရှိနေပြီဖြစ်သည်။

ထို့ကြောင့် အယ်လီယာနာနှင့် မြင့်မြတ် အစောင့်အရှောက်အား လက်နက်ကိရိယာများအဖြစ် စဉ်းစားမနေသင့်တော့ချေ။

အင်စလေ၏ နှလုံးသား ကိုက်ခဲလာပြီး မျက်လုံးများ ပူလာသည်။ မျက်လုံးထောင့်မှ မျက်ရည်များ တသွင်သွင် စီးကျလာသည်။

ဟုတ်သည်။ သူမသည် အတော်လေး ကြင်နာစိတ် ကင်းမဲ့သူဖြစ်ကြောင်း သူမကိုယ်တိုင် သိရှိထားသည်။ သို့သော် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ခန့်မှစကာ အယ်လီယာနာအား သူမ၏ မိသားစုအဖြစ် မှတ်ယူထားပြီးဖြစ်သည်။ ယင်းသည် သူမ၏ နှလုံးသားအား သက်သာရာ ရစေသည်။

သို့တိုင်အောင် နောက်တစ်ဖန် မြင့်မြတ် အစောင့်အရှောက်နှင့် ဆုံတွေ့ချိန်၌ ယင်းအား သူမ၏ လက်နက်တစ်ခုအဖြစ် မြင်တွေ့ခဲ့မိပြန်သည်။ ထို့အတွက် အကြောင်းပြချက် ပေးရန် မလိုပေ။ သူမသည် မြင့်မြတ် အစောင့်အရှောက်အား သူမ၏ သေဖော်ရှင်ဖက်အဖြစ် မစဉ်းစားမိခဲ့ပေ။ ယင်းအား သိမ်းသွင်းပြီး သူ၏ စွမ်းအင်အား အသုံးချကာ ကာစီနိုသို့ သွားလိုစိတ်သာ ရှိခဲ့သည်။

ယင်းမှာ အမှန်တရား ဖြစ်သည်။

“အူးဝါးးးးး ချောတီး.. အင်.. အင်..”

အင်စလေ ဝမ်းနည်းဆို့နင်စွာ ငိုရှိုက်နေမိသည်။

သူမ၏ အတွေးအခေါ်မှာ အတော်လေး ပုံမှန်မဟုတ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။ သူမသည် မန်ဟွများစွာ ဖတ်ရှုပြီးနောက် ကျွမ်းကျင်သူတစ်ဦးဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ပြီး တစ်ကိုယ်ကောင်းဆန်သူ တစ်ဦး ဖြစ်လာခဲ့သည်။

လက်တွေ့ဘဝ၌ သူမသည် ချူနီဗြောရောဂါသည် သာမန်တက္ကသိုလ်ကျောင်းသူ တစ်ဦးမျှသာ ဖြစ်လေသည်။

သူမသည် သာမန်လူသား တစ်ဦးသာ ဖြစ်လေသည်။

All Chapters