တိုးတက်မှု
Vol. 6 Ch. 89
“အင်.. အင်.. ချောတီး.. ချောတီး..”
အင်စလေ ပါးစပ်ဖွင့်လိုက်ပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ တသွင်သွင် စီးကျနေတော့သည်။
သူမသည် မြင့်မြတ် အစောင့်အရှောက်အား အမှန်တကယ်ကို အထင်သေးမိခဲ့ပြီး သူမ၏ စွမ်းရည်ကိုသုံးကာ သိမ်းသွင်းနိုင်မည်ဟု ယူဆခဲ့သည်။ သူမ၏ နှလုံးသား မဖြူစင်သည့် အကြောင်းကို ထည့်ပြောရန်ပင် မလိုအပ်ချေ။ သူမသည် အမှန်တကယ်ကို အကျင့်ပျက်ဆိုးယုတ်သူ ဖြစ်လေ၏။
သူမသည် အဓိကဇာတ်ကောင်တစ်ဦး ဖြစ်ရန် မထိုက်တန်ဟု အင်စလေ ခံစားမိသည်။ ဤကမ္ဘာအသစ်မှာ ဝတ္ထုကမ္ဘာ မဟုတ်သဖြင့် အဓိကဇာတ်ကောင်ရှိရန် မလိုအပ်သည့်တိုင်အောင် သူမသည် ဤကမ္ဘာ၏ အနာဂတ် ဇာတ်ဆောင်စု ခေါ်ဝေါ်သမုတ်ရန် မထိုက်တန်ဟု ခံစားမိသည်။
ဘယ်လို ဇာတ်ဆောင်မျိုးက ဗီလိန်တစ်ယောက်လို နှလုံးသား မဲနက်နေလို့လဲ..
အင်စလေ နှုတ်ခမ်းအားကိုက်ကာ အင်္ကျီလက်ဖြင့် မျက်ရည်သုတ်လိုက်သည်။ ဖင်းလီသည် သမူအား နှစ်သိမ့်ရင်း ကျောပုတ်ပေးနေလိုက်သည်။
“အဆင်ပြေပါတယ်.. ပြေပါတယ်.. အင်က အန္တရာယ် ဖြစ်စေလိုစိတ် မရှိဘူးဆိုတာ ငါသိတယ်နော်.. ဒီအတိုင်း.. မြင့်မြတ် အစောင့်အရှောက်ကို မင်းရဲ့ သေဖော်ရှင်ဖက်အဖြစ် လက်ခံဖို့ကြိုးစားကြည့်..”
ဖင်းလီသည် အင်စလေ ငိုကြွေးသည်ကို မြင်သည့်အခါ နှလုံးသားတစ်ခုလုံး ကိုက်ခဲလာသော်ငြား သူလုပ်နိုင်သည့်အရာ မရှိချေ။
မည်သို့ပင်ဖြစ်စေ သူ၏ အကြံပေးချက်မှာ မှားယွင်းနေခြင်း မဟုတ်ပါ။ အင်စလေသည် ရှေ့ဆက်သွားရန် ထိုအချက်အား လက်ခံယုံကြည်ရန် လိုအပ်သည်။
အင်စလေသည် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သောကြောင့် သူမသည် သူပြောသမျှ စကားလုံးများအား သေချာပေါက် နားလည်လိမ့်မည်ဟု ယုံကြည်သည်။
“အွင်း..”
အင်စလေ အငိုရပ်ကာ မျက်နှာအား လက်ဖြင့်သုတ်လိုက်သည်။ သူမသည် သေးငယ်သည့် ခြေလက်လေးများအား ငုံ့ကြည့်ပြီးနောက် တဖြည်းဖြည်းချင်း ဘေးသို့လှည့်ပြီး ဖင်းလီအား မျက်နှာချင်းဆိုင်ရန် ငြင်းပယ်လေသည်။
သောက်ကျိုးနည်း အခုလေးတင် ငိုလိုက်တာတဲ့.. အပြစ်ရှိစိတ်ဝင်ပြီး ငိုမိတာပေမဲ့ ဖင်းရှေ့မှာ ငိုတာ ရှက်စရာကောင်းတယ်လို့..
ဖင်းလီသည် သူ၏ အပြုအမူမှာ ကလေးအား စိတ်အနှောက်အယှက် ဖြစ်စေသည်ကို မသိဘဲ အင်စလေ၏ မျက်နှာအား လက်ကိုင်ပဝါဖြင့် သန့်ရှင်းပေးနေသဖြင့် အင်စလေသည် သူမ၏ မျက်နှာအား လက်ဖြင့်အုပ်ကာ ဖွက်ထားနေသည်။
“ဖွင်း.. ရပီ.. အင် အိုခေပီ..”
အင်စလေ လက်ကိုင်ပဝါအား ဆွဲယူပြီး ဖင်းလီထံ ပစ်ပေးလိုက်သည်။
ငါ့ဝိညာဉ်က အသက် ၂၀ ရှိပြီနော် ဟုတ်ပြီလား.. ဘယ်လိုလုပ်ပြီး အသက် ၈ နှစ်ပဲ ရှိသေးတဲ့ ကောင်လေးရှေ့မှာ ငိုမိသွားတာတုန်း..
“အိုခေ.. အိုခေ.. ရပ်လိုက်ပြီနော်..”
ဖင်းလီ အင်စလေ၏ ဆန္ဒအတိုင်း မျက်ရည်သုတ်ပေးနေသည့် လက်အား အချိန်မီ နောက်ဆုတ်လိုက်သည်။ ညစ်ပေနေပြီဖြစ်သော လက်ကိုင်ပဝါအား အိတ်ထဲပြန်ထည့်ပြီး အင်စလေ တည်တည်ငြိမ်ငြိမ် ဖြစ်မည့်အချိန်ထိ စောင့်နေလိုက်သည်။
နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။
‘အင်း.. ကောင်းတယ်.. ဒီလိုဆိုရင် အင့်ရဲ့ အကျင့်စရိုက်လည်း ပိုပြီးကောင်းလာလိမ့်မယ်.. ငါ ကြုံခဲ့ရသလိုမျိုး တွေ့ကြုံခံစားဖို့ မလိုအပ်ဘူး..’
ဖင်းလီသည် အင်စလေ၏ ပခုံးအား အသာဖက်ပြီး ခေါင်းအား လက်ဖြင့်ပုတ်ရင်း တိတ်တဆိတ် အားပေးနှစ်သိမ့်မှုပြုသည်။
မာနကြီးသော ကလေးသည် ဖင်းလီ၏ အားပေးနှစ်သိမ့်မှုအား ပျော်ရွှင်စွာ ခံယူနေသော်ငြား သတိမပြုမိဟန် ဆောင်နေလေသည်။
ကလေးနှစ်ဦးသည် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်လျက်နှင့် သစ်ပင်မြင့်မှနေ၍ အနောက်ဥယျာဉ်အား ကြည့်နေမိကြသည်။ ထို့နောက် အင်စလေသည် တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်လေသည်။
“အမ်.. အင် ဖွင်း စကား နားထောင်မယ်”
အင်စလေ ဖင်းလီ၏ အင်္ကျီလက်အား ဆောင့်ဆွဲပြီးနောက် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည်။
ဒါက အတော်လေး ရှက်ဖို့ကောင်းတယ်.. ဟုတ်ပြီလား.. ၈ နှစ်အရွယ် ကောင်လေးဆီက ဆူပူခံရတာမျိုးလေ.. ဘာပဲဖြစ်ဖြစ် သင်္ခန်းစာ ရတာပေါ့..
အင်စလေသည် သူမအနီးရှိ လူများအား နယ်ရုပ်တစ်ခုသဖွယ် သဘောမထားတော့ဘဲ ယခင်ထက် ပိုကောင်းစွာ ဆက်ဆံမည်ဟု ကျိန်ဆိုလိုက်သည်။ မြင့်မြတ် အစောင့်အရှောက်များအားလည်း သူမဘဝ၏ သေဖော်ရှင်ဖက်များ အဖြစ် ဆက်ဆံသွားမည်ဟု သစ္စာပြုသည်။
“ကောင်းတယ်.. ကောင်းတယ်.. ဖန်ရစ်ရဲ့ ဒဏ်ရာကို ကုစားပေးပြီး သံယောဇဉ်ကြိုး ဖွဲ့နိုင်မယ်လို့ မျှော်လင့်တယ်နော်..”
ဖင်းလီ သွားပေါ်အောင် ပြုံးလိုက်သည်။
“အာ.. ဟုတ်သားပဲ.. သံယောဇဉ်ကြိုး ဖွဲ့ဖို့အပြင် မင်းရဲ့ စွမ်းရည်ကိုလည်း သန်မာအားကောင်းအောင် လုပ်ဖို့ လိုအပ်သေးတယ်..”
ကောင်လေသည် အင်စလေအား လေ့ကျင့်မှုပြုရန် မမေ့ဖို့ သတိပေးလိုက်သည်။
“စွမ်းရည်ကို မကြာခဏ ထိထိရောက်ရောက် အသုံးပြုပေးမယ်ဆိုရင် ပိုပြီးတော့ သန်မာအားကောင်းလာလိမ့်မယ်.. မင်းရဲ့ စွမ်းအင်ပင်ရင်းလည်း ကြီးထွားလာမယ်..”
“အွင်း..”
အင်စလေ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူမ၏ ဖန်ဂေါ်လီအရွယ်အစားရှိ စွမ်းအင်ပင်ရင်းအား ငုံးဥအရွယ်ထိ ကြီးထွားလာစေရန် လေ့ကျင့်ထားပြီး ဖြစ်သည်။
ညှို့ဓာတ်စွမ်းရည်၏ နောက်ထပ်အသုံးဝင်ပုံအား သိရှိထားပြီးဖြစ်သည်။ ယင်းမှာ အခြားသူများအား သူမ သဘောရှိ အမိန့်ပေးကာ သူမအား ကျေနပ်စေသလို အလိုလိုက်ခိုင်းနိုင်ခြင်း ဖြစ်သည်။
သူမ၏ လက်ရှိစွမ်းရည်အဆင့်နှင့် လူတစ်ဦးကိုသာ လွှမ်းမိုးနိုင်ပြီး အခြားသူများသည် သူမအပေါ် ကြင်နာမှုသာ ပြသကြပေမည်။
စူးရှသော အကြားစွမ်းရည်သည်လည်း တိရစ္ဆာန်များ၊ အင်းစက်များ အပါအဝင် အသံ ၁၀၀ ကျော်အား ခြေရာခံနိုင်ပြီး ခွဲခြားသတ်မှတ်နိုင်ပြီ ဖြစ်သည်။ သူမ တစ်ကြိမ်ကြားဖူးသည့် အသံအား ခြေရာခံရန်၊ သို့မဟုတ် အသံကြားရုံနှင့်ပင် မည်သူဖြစ်ကြောင်း သိနိုင်ရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။
လူနှင့် တိရစ္ဆာန်များအား စိတ်ဖတ်ရန်မှာမူ အလွန်ဝေးကွာနေဆဲ ဖြစ်သည်။ သို့သော် သူမ၏ ကံကောင်းခြင်းစွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် အရေးပေါ် အခြေအနေမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
သူမ၏ ကံကောင်းခြင်းစွမ်းရည်သည်လည်း တဖြည်းဖြည်းချင်း သန်မာအားကောင်းလာသောကြောင့် အခြေခံအားဖြင့် အသေးအဖွဲ ထိခိုက်မှုများ သို့မဟုတ် အခြားသူများ၏ *တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်သည်။
(*ခန္ဓာကိုယ်သက်သက်နဲ့ မတော်တဆ ထိမိတာ၊ နာကျင်အောင် ရိုက်နှက်တာမျိုးကို ဆိုလိုတာပါ)
ယင်းသည် ကံကောင်းခြင်းစွမ်းရည်၏ ‘သာလွန်ထူးကဲသော စွမ်းအင်’ တစ်မျိုး ဖြစ်သည်။
အင်စလေသည် ဖင်းလီအား သူမ၏ တိုးတက်မှုဖြစ်စဉ်ကို ပြောပြပြီးနောက် ဆရာငယ်လေးသည် လေးနက်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ အင်စလေ၏ တရားမဝင် ဆရာတစ်ဦးအနေနှင့် ဖင်းလီသည် အတော်လေး ထိတ်လန့်မိသည့်တိုင်အောင် ထူးချွန်သော တပည့်ဖြစ်သူ၏ အောင်မြင်မှုအတွက် ဂုဏ်ယူဝံ့ကြွားမိသည်။
အင်စလေ၏ တိုးတက်မှုမှာ အမှန်တကယ် မြန်ဆန်သည်ဟု ဆိုရမည်။ အသက် ၁၀ နှစ် ရောက်ချိန်တွင် သူမသည် မာဖီးယားလောက၏ ထိပ်တန်းအဆင့် မာဖီးယားကြီးများနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်ပေမည်။
ယင်းမှာ ကြောက်မက်ဖွယ်ရာပင်။
မာဖီးယားလောကသည် များမကြာမီမှာပင် ကလေးတစ်ဦး၏ လွှမ်းမိုးခြယ်လှယ်ခြင်း ခံရလိမ့်မည်။
ဖင်းလီသည် ထိုအကြောင်းအား စိတ်ကူးကြည့်ရုံသာ ဖြစ်သော်ငြား များမကြာမီတွင် သူ၏ စိတ်ကူးမှာ လက်တွေ့ဖြစ်လာ လိမ့်မည်ဟု မသိခဲ့ချေ။
“အိုခေ.. တိုးတက်မှု အရမ်းကောင်းတယ်.. အခုက မြင့်မြတ် အစောင့်အရှောက်နဲ့ သံယောဇဉ်ကြိုး ခိုင်မာအောင် လုပ်ဖို့လိုတယ်..”
ဖင်းလီ စိတ်လှုပ်ရှားစွာဖြင့် ပေါင်အား လက်ဖြင့်ပုတ်လိုက်သည်။
“အာ.. ဟုတ်သားပဲ.. အစောင့်အရှောက်ရဲ့ သဘောကျမှုကို စောစောလေးရအောင် နာမည်ပေးဖို့ လိုမယ်နော်..”
‘နာမည်’ ဟူသည့် စကားလုံးကြောင့် အင်စလေး၏နားများ တွန့်သွားမိသည်။ သူမ၏ မျက်လုံးများမှာ ခိုင်မာလေးနက်စွာ ရှိနေသည်။
နာမည်လား.. ဟမ့်.. အဖိုးယိုဖန်ဆီကလည်း အဲဒီအကြောင်း ကြားထားဖူးတယ်..
“ဖွင်း.. အကြံပေး”
အင်စလေ ခေါင်းလေးစောင်းပြီး ဖင်းလီအား သူမကို ကူညီပေးရန် မေးလိုက်သည်။
ဖင်းလီသည် အရာရာစွမ်းဆောင်နိုင်ပြီး လွှမ်းမိုးခြုပ်ကိုင်နိုင်သူ တစ်ဦးနှင့်တူသည်။ ကလေးတစ်ဦးနှင့် မလိုက်ဖက်အောင် အသိဉာဏ်ကြွယ်ဝပြီး ဗဟုသုတများစွာ ရှိသည်။ စာကြည့်တိုက်နတ်သမီး တစ်ဦး ဖြစ်သင့်သည်။
“အင်း.. ဖန်ရစ်နဲ့ လိုက်ဖက်မဲ့ နာမည်က.. စီ (C) နဲ့ စတဲ့ နာမည်တစ်ခုခု ပေးသင့်တယ်လို့ ထင်တယ်.. သူ့က ကုတ် - စီ မဟုတ်လား..”
ဖင်းလီ တံတွေးမျိုချလိုက်သည်။
“အဲဒါကြောင့် စီ နဲ့စတဲ့ နာမည်တစ်ခုခုဆို ကောင်းမယ်လို့ ထင်တယ်..”
“ခေ..”
အင်စလေ၏ စိတ်ထဲ၌ စီ နှင့်စသော ယောကျ်ားလေးနာမည်များ ပေါ်ထွက်လာသည်။
ချားလ်.. ကားလို့စ့်.. ချာလီ.. ကပ်ပလင်.. ခိုခို.. သိပ်မကောင်းသေးဘူး..
ချားလ် ဆိုတဲ့နာမည်က အမိုက်ဆုံးပဲ.. ဒါပေမဲ့ စိတ်တိုင်းမကျသေးဘူး..
ဘယ်နာမည်ဆို အသင့်တော်ဆုံး ဖြစ်လောက်မလဲ..