← Chapters

ကျရှုံးမှု

Vol. 6 Ch. 83

ကျရှုံးမှု

Vol. 6 Ch. 83

“အို.. အိုခေ.. ခဏလေးးး”

အင်စလေသည် ကျန်အစောင့်အရှောက် ၂ ကောင်အား ဂရုမစိုက်နိုင်တော့ချေ။

ချက်ချင်းဆိုသလို စက္ကူအိတ်အား ဖမ်းဆွဲကာ ရေပန်းကဲ့သို့ အမြီးဖြာကျနေသည့် ကြောင်အား ဖမ်းရန် ကြံရွယ်လိုက်သည်။ သို့သော် ကြောင်မှာ ထိုစက္ကူအိတ်ပေါ်၌ မရှိတော့ချေ။

စက္ကူအိတ်အတွင်းရှိ ကြောင်စာခြောက် အနည်းငယ်မှာ ရှိနေဆဲဖြစ်သော်ငြား ကြောင်မရှိတော့ချေ။

မ.. မရှိတော့ဘူးလား.. ထွက်သွားပြီလား.. ဖာ့.. ငါက သူ့ကို ပြန်ပေးဆွဲမယ်ဆိုတာ သိသွားတာများလား..

ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည့် ကြောင်အားကြည့်ကာ အင်စလေ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ အစောင့်အရှောက် တစ်ကောင်ကိုပင် မဖမ်းနိုင်ခဲ့သည့်အတွက် သူမ၏ နှလုံးသားတစ်ခုလုံး လေးလံနေတော့သည်။ သို့သော် ထို ရူးနှမ်းနေသည့် ကြောင်များအား ရှာဖွေရန် အချိန်မရှိတော့ချေ။

ထို့ကြောင့် လက်လျော့ရပေတော့မည်။

အင်စလေ ခေါင်းယမ်းကာဖြင့် ကျောပိုးအိတ်အား ကောက်ယူလိုက်သည်။

ယခင်က ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်မှာ ရုတ်တရက် အတော်လေး အလေးချိန်စီးလာသည်။ သို့သော် အင်စလေ ဂရုမစိုက်နိုင်ချေ။ ကျောပိုးအိတ်မှာ ရေစိုကာ အလေးချိန်တက်သွားခြင်း ဖြစ်ရမည်။

ကလေးသည် ကျောပိုးအိတ်အား လွယ်ကာ စက္ကူအိတ်အား ဘယ်ဘက်လက်ဖြင့် ဆွဲကိုင်ရင်း အချိန်မမီမည်ကို စိုးရိမ်စွာဖြင့် မြက်ခင်းပြင်ကျယ်မှ ပြေးထွက်သွားသည်။

အင်စလေ အလွန်မြန်ဆန်စွာ ပြေးသွားသောကြောင့် ချက်ချင်းဆိုသလို မြက်ခင်းပြင်၏ ထွက်ပေါက်သို့ ရောက်ရှိသွားသည်။ သူမ ထွက်သွားပြီးသည်နှင့် အသက်ပြင်းပြင်း ရှူထုတ်ကာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်တော့သည်။ ကောင်မလေးသည် ခါးကိုင်းရင်း ဒူးပေါ်သို့ လက်တင်ကာ အသည်းအသန် အသက်ရှူနေမိသည်။

နောက်ဆုံးတော့ ထွက်လာနိုင်ပြီ.. ဒါပေမဲ့ အစောင့်အရှောက် တစ်ကောင်မှ မသိမ်းသွင်းနိုင်ခဲ့ဘူး..

အင်စလေ ခေါင်းမော့လိုက်ချိန်တွင် မျက်လုံးထဲ၌ မြူခိုးများ သိုင်းနေသယောင်ပင်။ တစ်စက္ကန့် ကြာပြီးနောက် ရွှေရောင်တံခါးသည် ကျယ်လောင်သော အသံဖြင့် ပိတ်သွားလေသည်။

ယခုအခါ အင်စလေသည် လ အနည်းငယ် ကြာပြီးနောက်မှသာ နောက်တစ်ကြိမ် ပြန်သွားနိုင်တော့မည် ဖြစ်သည်။

ကလေးသည် အစောင့်အရှောက် တစ်ကောင်ကိုပင် မရရှိနိုင်ခဲ့သဖြင့် ယင်းတို့၏ အစောင့်အရှောက် မရှိဘဲနှင့် ကာစီနိုသို့ သွားနိုင်တော့မည် မဟုတ်ဟူသော အချက်ကြောင့် ဝမ်းနည်းပူဆွေးနေလေသည်။

ထိုသို့ဆိုလျှင် သူမ၏ အကြံအစည် ပျက်သုန်းသွားပြီ ဖြစ်သောကြောင့် နောက်တစ်မျိုး ကြံစည်ရတော့မည် ဖြစ်သည်။

အင်စလေ ကြောင်အနေစဉ်မှာပင် အဖိုးယိုဖန်သည်လည်း ကလေးအား စိုးရိမ်ပူပန်စွာဖြင့် ငုံ့ကြည့်လိုက်သည်။

“အင်.. သမီး ဘယ်လိုလဲ.. အဆင်ပြေရဲ့လား..”

အဖိုးယိုဖန်သည် သူ၏ ပေါင်လောက်ပင် မမြင့်သည့် ကလေးအား ကောက်ယူပွေ့ချီလိုက်ပြီး အလိုအလျောက်ပင် ကလေး၏ ကျောပိုးအိတ်နှင့် စက္ကူအိတ်ကိုပါ သယ်လိုက်သည်။

“ဟွင်းး”

အင်စလေသည် အဖိုးယိုဖန်အား မျက်ရည်များဝဲကာ ကြည့်လိုက်သည်။ အဖိုးအိုအား စိတ်မပျော်ရွှင်အောင် လုပ်မိမည် စိုးသောကြောင့် မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

သူမ မသိသည်မှာ အဖိုးယိုဖန်သည် အင်စလေအား အစောင့်အရှောက် တစ်ကောင်ကို သိမ်းသွင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားချေ။ အင်စလေ အန္တရာယ်ကင်းကင်းနှင့် အကောင်းပကတိ ပြန်ရောက်လာခြင်းကပင် အဖိုးယိုဖန်အတွက် သတင်းကောင်း ဖြစ်လေသည်။

“ဘယ်လိုလဲ.. သမီး အစောင့်အရှောက်နဲ့ တွေ့ခဲ့ရလား.. မတွေ့ခဲ့ရင်တောင် ဖိုးဖိုးက သမီး ဘေးကင်းကင်းနဲ့ ပြန်လာရုံနဲ့တ် ဝမ်းသာနေပါပြီ..”

အဖိုးယိုဖန်သည် အင်စလေ၏ ခန္ဓာကိုယ်လေးအား လှုပ်ယမ်းရင်း အယ်လီယာနာအား တစ်ချက်ကြည့်လိုက်သည်။ စက္ကူအိတ်အား အယ်လီယာနာထံသို့ ကမ်းပေးလိုက်ပြီးနောက် အနည်းငယ် လေးလံသည့် ကျောပိုးအိတ်အား ယူထားလိုက်သည်။

“အီး.. ချောတီး ဖိုးဖိုး.. အင်.. အင် အစောင့်အရှောက်ကို မရခဲ့ဘူး..”

အင်စလေ ရှက်ရွံ့စွာဖြင့် ခေါင်းလေးအား ငုံ့ထားလိုက်သည်။

မှိန်ဖျော့နေသည့် မျက်လုံးလေးများမှာ အလွန်အမင်း စိတ်ဖိစီးနေပုံ ရသည်။

သူမသည် အစောင့်အရှောက် တစ်ကောင်အား ပြန်ယူလာခဲ့မည်ဟု ပြောခဲ့သော်ငြား လက်ဗလာဖြင့် ပြန်လာခဲ့ခြင်းကြောင့် မရှက်ဘဲ မနေနိုင်ချေ။

ငါက အရမ်းပဲ မောက်မာတဲ့သူပဲ.. ငါက ဉာဏ်ကြီးရှင်မဟုတ်ဘူး.. အဓိကဇာတ်ကောင် မဟုတ်ဘူး.. ငါက.. ဒီအတိုင်း ကလေးတစ်ယောက် ဖြစ်လာတဲ့ ကံဆိုးတဲ့ လူတစ်ယောက်ပဲ..

အင်စလေ၏ စိတ်အားထက်သန်မှုတို့ လျော့ကျသွားသည်။ သူမအနေနှင့် အလွန်အမင်း စိတ်ဓာတ်ကျမနေသင့်မှန်း သိသည့်တိုင်အောင် ဤသည်မှာ သူမ၏ ပထမဆုံးသော ကျရှုံးမှု ဖြစ်သည်။ ထို့အပြင် ဤကျရှုံးမှုသည် သူမ၏ အခြားအစီအစဉ်များအား ဖျက်ဆီးပစ်လိုက်သောကြောင့် အစီအစဉ်များ ပြန်လည်ချမှတ်ရတော့မည်။

‘ကြည့်ရတာ မိသားစုရဲ့ အကြွေးတွေကို ပြန်မဆပ်နိုင်လောက်သေးဘူး.. ဒီအတိုင်းဆို မိသားစုထဲက အကျင့်ပျက် ခြစားနေတဲ့သူတွေကိုပဲ အရင်ဆုံး ရှင်းထုတ်ရတော့မှာပဲ..’

အင်စလေ ခေါင်းငုံ့ကာ အဖိုးယိုဖန်၏ လည်ပင်းအား ဖက်ထားစဉ်တွင် အဖိုးအို၏ ရယ်သံ ထွက်‌ပေါ်လာသည်။ အဖိုးယိုဖန်သည် လွတ်နေသည့် လက်တစ်ဖက်ဖြင့် ကလေး၏ ဆံပင်အား ဖွလိုက်သည်။

“စိတ်မပူပါနဲ့.. အစောင့်အရှောက်တွေကို သိမ်းသွင်းနိုင်တဲ့သူ မရှိသေးဘူးလေ.. သူတို့ရဲ့ သွေးမျိုးဆက်ကို နိုးထအောင် လုပ်ဖို့ဆို ပြောမနေနဲ့တော့ပေါ့.. သမီးက အထိအခိုက် မရှိဘဲ ထွက်လာနိုင်တာကတင် အတော်လေး ကံကောင်းနေပါပြီ..”

အဖိုးယိုဖန်သည် အင်စလေ၏ ခရမ်းရောင် ဆံပင်များတွင် ကပ်ညိနေသော မြက်ပင်များအား ဖယ်ရှားရင်း ကလေး၏ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။

ကလေးသည် အစွမ်းကုန် ကြိုးစားပြီးနောက် ပင်ပန်းကာ ကြိုးစားမှု ကျရှုံးခြင်းကြောင့် စိတ်ပျက်အားငယ်နေလိမ့်မည်ဟု အဖိုးယိုဖန် တွေးမိသည်။ သူမအား နှစ်သိမ့်မှုပေးရန် လိုအပ်ပေသည်။

ထိုကြောင့် အဖိုးယိုဖန်သည် အင်စလေအား ဆက်လက်နှစ်သိမ့်ရင်း ကလေး၏ နှလုံးသားအား ချော့မြှူလေသည်။ တစ်ဖက်တွင် အယ်လီယာနာသည်လည်း သူမ၏ တောင့်တင်းနေသော အပြုအမူများနှင့် အင်စလေအား စိတ်တက်ကြွလာရန် ကြိုးစားနေသည်။

သုံးဦးသား အင်စလေ၏ အိပ်ခန်းအတွင်းသို့ ရောက်ချိန်တွင် သူတို့သည် ကလေးအား ပုခတ်ပေါ်တွင် တင်ပြီးနောက် အိတ်များအား ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ လူကြီးများသည် အခန်းထဲမှ ထွက်မသွားဘဲ အင်စလေအား နေ့လယ်စာချိန် ရောက်သည်အထိ အဖော်ပြုပေးရန် ဆုံးဖြတ်လိုက်ကြသည်။

“အင်.. အရမ်းကြီး ဝမ်းနည်းစရာ မလိုဘူးနော်.. ဟုတ်ပြီလား.. ဒါပေမဲ့ ဖိုးဖိုးက အဲဒီမှာ သမီး ဘာတွေ ကြုံခဲ့ရလဲဆိုတာ သိချင်သေးတယ်.. ဖိုးဖိုးတို့ကို ပြောပြမလဲ..”

အဖိုးယိုဖန်သည် ပုခတ်ပေါ်တွင် လှိမ့်နေသော အင်စလေအားကြည့်ကာ ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်သည်။ ကလေးသည် သူတို့၏ နှစ်သိမ့်ချော့မြှူခြင်း ခံရပြီးနောက်မှာပင် သုန်သုန်မှုန်မှုန်လေး ရှိနေဆဲပင်။

“အတွေ့အကြုံရား..”

အင်စလေသည် အဖိုးယိုဖန်အား လှည့်ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ကလေးသည် သူမ၏ ကျရှုံးမှုအား အခြားသူများထံ ပြောမပြလိုချေ။ သို့သော် ပြန်စဉ်းစားကြည့်သည့်တိုင်အောင် မည်သည့်နေရာ၌ ရှုံးနိမ့်သွားရကြောင်း မသိနိုင်ဘဲ ရှိလေသည်။

ထို့ကြောင့် ကလေးသည် ပုခတ်ထဲမှ ဆင်းကာ အဖိုးယိုဖန်၏ ပေါင်ပေါ်၌ ထိုင်ပြီး သူမ၏ အတွေ့အကြုံအား ပြန်ပြောလေသည်။

အယ်လီယာနာသည် အဖိုးယိုဖန်နှင့် မျက်နှာချင်းဆိုင်၌ ထိုင်ကာ အင်စလေ၏ အတွေ့အကြုံအား စိတ်ဝင်စားမှု အပြည့်ဖြင့် နားထောင်လေသည်။ အဖိုးအိုသည်လည်း ထိုနည်းလည်းကောင်းပင်။

ခဏလေးအတွင်းမှာပင် လူကြီး ၂ ဦးသည် ဂြိုဟ်သားဘာသာစကားနှင့် တူသော အင်စလေ၏ မပီမသ အသံထွက်များဖြင့် ပြောပြသည့် အင်စလေ၏ အတွေ့အကြုံအား နားထောင်လိုက်ရတော့သည်။

ကံကောင်းစွာဖြင့် လူကြီး ၂ ဦးမှာ အင်စလေ၏ ကိုးရိုးကားယားနိုင်သော ဘာသာစကားအား နားထောင်ရခြင်းကို နားရည်ဝနေပြီ ဖြစ်သည်။ ထို့ကြောင့် အခြားသူများနှင့် မတူဘဲ ကလေး၏ စကားအား စကားပြန်မလိုဘဲ နားလည်နိုင်ကြသည်။

ကလေးသည် အသံမနာခင် မိနစ် ၃၀ ကြာအောင် သူမ၏ အတွေ့အကြုံအား ပြောပြခြင်း ဖြစ်သည်။ ထို့နောက် သူမ ရေဆာနေပြီ ဖြစ်သောကြောင့် နေ့လယ်စာစားရန် ပြောလိုက်သည်။

“ကောင်းပါပြီ.. နေ့လယ်စာ စားကြစို့.. ဒါပေမဲ့ ပထမဆုံး သမီးရဲ့ ကျောပိုးအိတ်ကို ပြန်ဖြည်လိုက်ဦး.. ဟုတ်ပြီလား..”

အဖိုးယိုဖန်သည် အင်စလေအား ကြမ်းပြင်ပေါ်သို့ချကာ ကလေးအား သူမ၏ ကျောပိုးအိတ်ကို ရှင်းစေသည်။

အင်စလေသည် နာခံစွာဖြင့် အဖိုးအို၏ အမိန့်အတိုင်း လိုက်ပါဆောင်ရွက်သည်။ သို့သော် သူမ ဇစ်ဖွင့်လိုက်ချိန်မှာပင် ရုတ်တရက်...

အတွင်း၌ အမြီးဖွားဖွား တစ်ခုအား မြင်တွေ့လိုက်ရသည်။

All Chapters