ဖန်ရစ် သွေးမျိုးဆက်
Vol. 6 Ch. 85
(ဖန်ရစ်က နောစ့်ဒဏ္ဍာရီထဲက ဖန်ရစ်ဆူးဖ် ဆိုတဲ့ ဝံပုလွေကြီးပါ)
“ဖိုးဖိုး.. ဒီကြောင်က..”
အင်စလေသည် မည်သည့် အစောင့်အရှောက်အား ခေါ်လာမိသည်မှန်း မသိသောကြောင့် ကြောင်၏ အထောက်အထားအား မေးလိုခြင်း ဖြစ်သည်။ အဖိုးယိုဖန်နှင့် အကြီးအကဲ အချို့သည်သာ ထိုအကြောင်းအား သိထားခြင်းဖြစ်သည်။
ထို့ကြောင် ကလေးသည် မေးဖို့ရန် တုံ့ဆိုင်းမနေတော့ချေ။
“ဖိုးဖိုး.. ဒီကြောင်က ဘူလဲ..”
အဖိုးယိုဖန်၏ မျက်နှာ တောင့်တင်းသွားသည်။ လူအိုကြီးသည် အင်စလေအား အင်တင်တင်ဖြင့် ကြည့်လိုက်သည်။
မူလက အဖိုးယိုဖန်သည် အင်စလေအား အစောင့်အရှောက်အား မည်သို့ ခေါ်ယူလာပုံနှင့် သူမအနီးမှ လိုက်ပါရမည့်အစား ကျောပိုးအိတ်ထဲ ရောက်နေပုံကို မေးမြန်းလိုခြင်း ဖြစ်သည်။ သို့သော် အင်စလေ၏ စူးစိမ်းလိုစိတ် ပြည့်နှက်နေသည့် မျက်လုံးများအားကြည့်ကာ မေးခွန်းများ ဆက်မမေးတော့ချေ။
ခပ်သာသာ ခေါင်းညိတ်ပြီး ကလေး၏ မေးခွန်းအား ဖြေဆိုရန် ကြိုးစားရသည်။
“ဒီကြောင်.. အာ.. ဖိုးဖိုးပြောတာ ဒီ အစောင့်အရှောက်က အစောင့်အရှောက် ၃ ပါးထဲမှာ အားအနည်းဆုံးပဲ.. သူက အထီးလေ.. သူ့ကို ကုတ် - စီ (code - C) လို့ ခေါ်တယ်.. နာမည်မရှိဘူး.. သမီး ကြိုက်တဲ့နာမည် ပေးလို့ရတယ်..”
အဖိုးယိုဖန်သည် အင်စလေ၏ ခေါင်းအား လက်ဖြင့်ပွတ်ရင်း ချစ်ခင်ကြင်နာမှုတို့ ပြည့်ဝနေသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
“သမီးက အစောင့်အရှောက်ကို နာမည်တစ်ခု ပေးလိုက်မယ်ဆိုရင် သွေးမျိုးဆက် နိုးထဖို့ အခွင့်အရေး ပိုမြင့်လာလိမ့်မယ်..”
အဖိုးယိုဖန် ဆက်ပြောသည်။
“သမီးတို့ကြားက သံယောဇဉ်ကြိုးလည်း ပိုပြီး ခိုင်မာလာလိမ့်မယ်..”
“ဟွမ်.. အင် တိပီ.. အထီး..”
အင်စလေသည် ကြောင်၏နာမည်အား စတင်ကာ စဉ်းစားနေသည်။ သို့သော် မတိုင်မီတွင် သူမထံ၌ မေးခွန်းအချို့ ရှိနေဆဲဖြစ်သည်။
“ဖိုးဖိုး.. သူက ဘာတွေးမျိုးချက်လဲ (ဘာ သွေးမျိုးဆက် လဲ)”
ကလေးသည် အဖိုးအို၏ ခြေထောက်အား တွယ်ဖက်ရင်း စင်္ကြံတစ်လျှောက် လျှောက်လှမ်းနေသည်။ ကြောင်သည် ပတ်ဝန်းကျင်အား စူးစမ်းလေ့လာရင်း အင်စလေ နံဘေးမှ လိုက်ပါလာလေသည်။
အရမ်းကို စွန့်စားစူးစမ်းလိုတဲ့ကြောင်ပဲ..
“အမ်.. သွေးမျိူးဆက်လား.. အာ ဖိုးဖိုး မပြောပြရသေးဘူးပဲ.. ဒါပေမဲ့ အစောင့်အရှောက်တိုင်းက ရှေးဟောင်းသားရဲတွေရဲ့ သန့်စင်တဲ့မျိုးရိုးကို ပိုင်ဆိုင်ထားကြတယ်.. သူတို့ရဲ့ သွေးမျိုးဆက်ကို ချိပ်ပိတ်ထားတဲ့ အတွက်ကြောင့် ကြောင်ပုံစံနဲ့ ရှိနေကြတာပဲ..”
အဖိုးယိုဖန်သည် ထမင်းစားခန်းဆီသို့ သွားနေရင်း အစောင့်အရှောက်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းပြနေသည်။
“ဒီ အစောင့်အရှောက်တွေက သူတို့ရဲ့ သွေးမျိုးဆက်ကို ချိပ်ပိတ်ပြီး စလိုအန်မိသားစုရဲ့ အစောင့်အရှောက်တွေ ဖြစ်လာပုံကိုတော့.. ဖိုးဖိုးလည်း မသိဘူးကွယ်..”
အဖိုးယိုဖန် ပြောလက်စ စကားအား ရပ်တန့်လိုက်သည်။
“ဒါပေမဲ့ ဒီကောင်လေးရဲ့ သွေးမျိုးဆက်ကိုတော့ ဖိုးဖိုးသိတယ်..”
“ကုတ် - စီ က အစောင့်အရှောက်တွေထဲမှာ အားအနည်းဆုံးဖြစ်ပြီး ဖန်ရစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်လေ.. သူက သားရဲအသွင် ပြောင်းသွားလို့ရှိရန် ဧရာမဖန်ရစ်ကြီးတစ်ကောင် ဖြစ်လာမှာ..”
ထိုသတင်းသည် အင်စလေအား ထိတ်လန့်တုန်လှုပ်သွားစေသည်။ ကလေးသည် ပါးစပ်အဟောင်းသားဖြင့် အဖိုးယိုဖန်အား မော့ကြည့်လိုက်သည်။
“ဖွန်းလစ် လား.. (ဖန်ရစ်လား)”
အင်စလေ သူမနားကိုပင် မယုံနိုင်တော့ချေ။
ဒီကြောင်က ဘယ်လိုလုပ်ပြီး ဖန်ရစ် ဖြစ်နိုင်မှာလဲ.. ဖန်ရစ်ဆိုတာ ဝံပုလွေတွေထက်တောင် အဆပေါင်းများစွာ ပိုကြီးမားတဲ့ ဝံပုလွေကြီး တစ်ကောင်လေ.. သူက ဝံပုလွေဆိုမှတော့ ကြောင်အစား ခွေးနဲ့ ပိုတူသင့်တာ မဟုတ်ဘူးလား..
ဒါဆို ဘာကိစ္စနဲ့ ဒီသောက်ကြောင်က ဖန်ရစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရတာတုန်း.. ခဏလေး.. ဒါကြောင့်များ ဒီကောင်ရဲ့ မြောင်ဆိုပြီး အော်သံက ကြောင်နဲ့မတူဘဲ ဝံပုလွေတို့ ခွေးတို့ အူသံနဲ့ တူနေရတာလား..
ဒီလိုဆို အဓိပ္ပါယ် ရှိသွားပြီ..
အင်စလေ စိတ်အားထက်သန်မှု အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကောင်မလေးသည် စိတ်ဝင်စားမှု အပြည့်ဖြင့် သူမနံဘေးမှ ယှဉ်တွဲလိုက်ပါလာသော သတ္တဝါလေးအား ကြည့်လိုက်သည်။
ဖန်ရစ်ပေါ့လေ.. ဟမ့်.. ဝံပုလွေတို့ရဲ့ဖခင်.. *ရှေးဟောင်းနောစ့်ဒဏ္ဍာရီလာ လိုကီရဲ့ သားတော်.. ပြောကြတာကတော့ နတ်ဘုရားတွေက ဖန်ရစ်ကို အကျဉ်းချ ချုပ်နှောင်ထားဖူးတယ်တဲ့..
(*လိုကီက နော့စ့်ဒဏ္ဍာရီထဲကမှန်း လူတိုင်းသိမှာပါ။ နောစ့်ဒဏ္ဍာရီဆိုတာ အိုဒင်တို့ သောရ်တို့ လိုကီတို့ ပါဝင်တဲ့ ဒဏ္ဍာရီပါ။ Vikings တွေ ကိုးကွယ်တဲ့ နတ်ဘုရားတွေပေါ့။ ဒါပေမဲ့ ဒီထဲမှာ လိုကီကို ဂရိဒဏ္ဍာရီထဲကလို့ ရေးထားပါတယ်။ ဒါပေမဲ့လည်း ဂရိဒဏ္ဍာရီမှာ လိုကီကော ဖန်ရစ်ကော မရှိတာကြောင့် နောစ့်ဒဏ္ဍာရီလို့ ပြောင်းလိုက်တာကို လက်ခံပေးမယ်လို့ ထင်ပါတယ်နော်..)
ဒါကြောင့်ပဲ ဒီကောင်က အရာအားလုံးကို စူးစမ်းချင်နေပြီး ကတ်ထူပုံးလို နေရာသေးသေးလေးတွေကို သဘောကျတာလား..
သူက ဖန်ရစ် အစစ် မဟုတ်ဘဲ သွေးမျိုးဆက်ကိုပဲ ပိုင်ဆိုင်ထားတယ် ဆိုရင်တောင် ဖန်ရစ်ရဲ့ လွတ်လပ်လိုတဲ့ စိတ်ဆန္ဒ လွှမ်းမိုးထားနိုင်လောက်တယ်..
ပုံမှန်ဆိုရင်တော့ ဖန်ရစ်ရဲ့ စွမ်းအားက ကြီးမားတဲ့ ခွန်အားနဲ့ ခံနိုင်ရည်စွမ်းပဲ.. ဒီတော့ သူ့မှာ လေဒြပ်စင်စွမ်းရည် ရှိလောက်မလား..
သူက အစစ်အမှန် ဖန်ရစ် မဟုတ်ဘူးဆိုတော့ သူ့ရဲ့ ခွန်အားက နတ်ဘုရားတွေကို အနိုင်ယူရလောက်အောင်တော့ သန်မာမှာ မဟုတ်ပေမဲ့ မြို့ထဲက မွန်းစတားတွေကိုတော့ အသာလေး တိုက်ခိုက်နိုင်လောက်မယ်..
ဒီ ငပျင်းကောင်လေးက အမိုက်စားဖြစ်မှာ သေချာတယ်..
အဖိုးယိုဖန်ထံမှ သိလာသော အချက်များအရ ကြောင်သည် သားရဲသဏ္ဍာန်ဖြင့် ရှိနေချိန်တွင် သားရဲတစ်ကောင်၏ ခွန်အားအတိုင်း တိုက်ခိုက်နိုင်မည်ဖြစ်ပြီး လူသားသဏ္ဍာန်ဖြင့် ရှိနေပါက အထူးစွမ်းရည်များ အသုံးပြုနိုင်မည် ဖြစ်သည်။
၎င်း၏ သွေးမျိုးဆက်အား နိုးထစေနိုင်ပါက ကာစီနိုသို့ လွယ်လင့်တကူ သွားရောက်နိုင်မည် ဖြစ်သည့်အပြင် အခြားမာဖီးယားများနှင့် တိုက်ခိုက်သည်ကိုလည်း ခုံပေါ်တွင်ထိုင်ကာ ခံစားကြည့်ရှုနိုင်ဦးမည်ပင်။
ထိုသို့ တွေးမိသည့်အခါ အင်စလေ လောဘတက်လာတော့သည်။ ကလေးသည် ကြောင်အား မျက်လုံးစိမ်းများနှင့် ကြည့်လိုက်ပြီး သူမ၏ ရည်မှန်းချက်များမှာ မိုးထိအောင် မြင့်တက်လာသည်။ သို့သော် ထိုအချိန်မှာပင် အတွေးများ ရပ်တန့်သွားသည်။
ထိုအချိန်မှာပင် အစောင့်အရှောက်အား မည်သည့် အခြေအနေမှာမဆို လွဲမှားစွာ အသုံးမပြုသင့်မှန်း နားလည်သဘောပေါက်သွားမိသည်။ ၎င်းသည် အားအနည်းဆုံး အစောင့်အရှောက် ဖြစ်နေသည့်တိုင်အောင် ခွန်အား သက်သက်နှင့်ပင် မာဖီးယားလောက၏ မျှခြေအား တိမ်းစောင်းသွားစေနိုင်သည်။
စလိုအန်မိသားစု အင်အားနည်းနေချိန်တွင် ကြောင်အား သူ၏ နာမည်အတိုင်း ပညာရှိစွာ အသုံးပြုရမည်။
အစောင့်အရှောက်..။
ထို့အပြင်သည် အင်စလေသည် ချစ်စဖွယ်ကြောင်လေးအား တိုက်ခိုက်ရန် အသုံးမပြုချင်ပေ။ အရာအားလုံးကို စစ်တုရင်ခုံပေါ်ရှိ နယ်ရုပ်လေးသဖွယ် အသုံးပြုနေပါက ကမ္ဘာကြီးသည် သူမအတွက် အလွန်အမင်း ရက်စက်ကြမ်းကြုတ်လာလိမ့်မည် ဖြစ်သည်။
ထို့ကြောင် အင်စလေသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လုံခြုံဘေးကင်းရေး အတွက်သာ ကြောင်၏ သွေးမျိုးဆက်အား နိုးထစေမည်ဟု ဆုံးဖြတ်လိုက်သည်။
မြင့်မြတ် အစောင့်အရှောက်အား အသုံးချကာ ကမ္ဘာကြီးအား အုပ်စိုးရမည့်အချိန် မတန်သေးချေ။ အခြား မိသားစုများ ထံတွင်လည်း ဤကဲ့သို့သော မြင့်မြတ် အစောင့်အရှောက်မျိုး မရှိဟု မည်သူမှ မပြောနိုင်ချေ။
ကိစ္စရပ်များအား စဉ်းစားတွေးတောပြီးနောက် အင်စလေတို့သည် ထမင်းစားခန်းသို့ ရောက်ရှိလာကြသည်။ နေ့လယ်စာ စားပြီးနောက် ကြောင်၏ သွေးမျိုးဆက်အား နိုးထစေမည့် နည်းလမ်းအား စတင်ဆွေးနွေးကြသည်။
အဆုံးတွင် သွေးမျိုးဆက်အား နိုးထစေမည့် နည်းလမ်းမှာ လျှို့ဝှက်ဆန်းကြယ်သောကြောင့် အင်စလေ မိမိဘာသာ ရှာဖွေရန် လိုအပ်လေသည်။
စိတ်ဓာတ်ကျနေသော ကလေးသည် နေမွန်းတည့်ချိန်၌ ဖင်းလီ သူမအား စောင့်နေဦးမလားဟု တွေးကာ ဥယျာဉ်ထဲသို့ စိတ်မပါစွာ လျှောက်လှမ်းလာသည်။
ကလေးသည် သစ်ပင်ကြီး၏ အရိပ်အပြင်ဘက်၌ ရပ်ကာ မော့ကြည့်လိုက်သည်။ ကြောင်သည် သူမနှင့်အတူ လိုက်ပါလာခြင်း မရှိချေ။ ၎င်းသည် တစ်နေရာရာသို့ ပြေးကာ ဆော့ကစားနေခြင်း ဖြစ်မည်။
‘ငါ ဒီမှာဆိုတာ ဖင်း သိမှာလား.. ဒီမှာ ရှိနေသေးလား.. ဂါးး သူနဲ့ တွေ့ချင်တာကို ဘယ်လိုဆက်သွယ်ရမလဲ..’
အင်စလေ ဦးတည်ရာမဲ့ ရှေ့ဆက်လျှောက်နေမိသည်။ အင်စလေ၏ ခြေထောက်သည် သစ်ပင်၏ အရိပ်နှင့် ထိမိချိန်တွင်..
လေပြင်းတစ်ချက်သည် ကလေး၏ စကပ်အား ရုတ်တရက် လွင့်သွားစေသည်။
?!ဘာလား.. ဖာ့
အင်စလေသည် လေပြင်းကြောင့် လန်သွားသည့် စကပ်ကြောင့် သူမ၏ အတွင်းခံလေးများ ပေါ်သွားသဖြင့် လေပြင်းနောက်ကွယ်မှ ထွက်ပေါ်လာသည့် ပုံရိပ်အား ကြည့်လိုက်သည်။
ယင်းမှာ ဖင်းလီ ဖြစ်သည်။