← Chapters

အခန်း (၈၄၃)

Vol. 61 Ch. 843

အခန်း (၈၄၃)

Vol. 61 Ch. 843

" နောက်ထပ် လူသားတစ်ယောက်လား "

" အဲ့ကောင်ရဲ့ အသားက အရင်နှစ်ယောက်ထက် ပိုစားကောင်မယ့်ပုံပဲကွ "

" အဲ့ဒါ ငါ့အပိုင် "

သားရဲများက ပြောပြောဆိုဆိုပင် လောထျန်းဆီသို့ တစ်ပြိုင်နက်တည်း ပြေးသွားလိုက်ကြသည်။

ထိုစဥ် တဖက်မှ လောထျန်းမှာကား စိတ်ဓာတ်ကျနေရှာပါ၏။

သူသည် မသေမျိုးအစီအမံပုံကြမ်း အခု ကိုးသောင်းကို လမ်းတလျှောက် ခက်ခက်ခဲခဲ သယ်လာခဲ့ရပါသည်။

ထို အစီအမံပုံကြမ်းများမှာ မလေးသော်လည်း..

အခုကိုးသောင်းကို စုပြုံချည်ထားရသည့်အတွက် ပြို

ကျလွယ်ပါသည်။

ယခုလည်း သူ ဘယ်လောက်မှပင် မသွားရသေးသည့်တိုင် ထိုအထုပ်ကြီးက ဆယ်ကြိမ်ထက်မနည်း ပြုတ်ကျခဲ့ပြီး သူ ၎င်းတို့ကို အကုန်ပြန်ကာ စုချည်ခဲ့ရပါ၏။

သူ ထိုအစီအမံပုံကြမ်းများထဲမှ တချို့ကို လွင့်ပစ်ချင်စိတ် ပေါက်ခဲ့ရသည် အထိပါပင် ။

သို့သော်.. ထိုသို့လည်း လုပ်၍မဖြစ်ပါ ။

အကယ်၍ အခြားတစ်ယောက်ကသာ ၎င်းကိုတွေ့ပြီး ကောက်သွားခဲ့ပါက ပြဿနာဖြစ်သွားနိုင်သည် မဟုတ်ပါလား..

သို့ဖြစ်ရာ.. သူ့အနေဖြင့် ထိုအစီအမံပုံကြမ်း အထုပ်လိုက်ကြီးကို သယ်ရုံသာ ရှိပါတော့၏။

သူ့စိတ်ထဲတွင် ၎င်းတို့ကို အသုံးချစရာ အခွင့်ရေးရလိုက်လျှင် မည်မျှကောင်းမည်နည်းဟု တွေးနေမိပါသည်။

သို့ဆိုလျှင် အစီအမံများလည်း အလကား မဖြစ်တော့သလို သူလည်း သက်သာသွားပေမည်။

သို့သော်.. သူ လာခဲ့သည့် လမ်းတလျှောက်၌ ယုန်လေးတစ်ကောင်နှင့်ပင် မကြုံခဲ့ရသေးပါ ။

လောထျန်းတစ်ယောက် ထိုသို့ စိတ်ဆင်းရဲနေချိန်မှာပင် ...

ဧရာမ သားရဲသုံးကောင်က အော်ဟစ်ရင်း သူ့ထံသို့ ပြေးဝင်လာကြသည်ကို မြင်လိုက်ရပါသည်။

လောထျန်းမှာ ၎င်းကိုကြည့်ရင်း အနည်းငယ် မှင်သက်မိသွားပြီးနောက်.. အလွန်ပျော်သွားတော့၏။

" ကောင်းလိုက်တာကွာ "

သူ ပျော်ရွှင်စွာ ဆိုလိုက်သည်။

တဖက်မှ သားရဲသုံးကောင်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်း လောထျန်းဆီသို့ အားကုန်သုံး ပြေးဝင်လာ၏။

" ဟား ဟား.. ဒီလူသားကောင်လေးက တကယ်ကြီး ကံဆိုးတာပဲ ။ ငါတို့သုံးယောက်နဲ့မှ တစ်ပြိုင်တည်းကြီး လာတွေ့ရတယ်လို့ကွာ "

" ဟေ့.. ဒီကောင့်ကို ဘယ်သူသတ်နိုင်မလဲ ပြိုင်ကြရအောင်လေ "

" ဟမ့်.. မင်းတို့နှစ်ယောက်က ငါနဲ့ ပြိုင်ချင်သေးတယ်ပေါ့ "

သားရဲများက ပျံသန်းလာရင်းလည်း စကားများလာကြပါသေးသည်။

သူတို့အားလုံး လောထျန်းရှေ့သို့ ရောက်ခါနီးမှာပင်..

ဟိုင်လောင်က တစ်စုံတစ်ခု လွဲနေသည်ကို အာရုံခံမိသွားသည်။

" ဟေ့... ဒီကောင်လေးက ဘာဖြစ်လို့ ကြောက်တဲ့ပုံ နည်းနည်းလေးမှ မရှိနေတာလဲ "

သူ မေးခွန်းထုတ်လိုက်သည်။

" ဟင်... "

ကျန်သားရဲ နှစ်ယောက်မှာလည်း ထိုစကားကိုကြားမှ အံ့အားသင့်သွားကြပြီး လောထျန်း၏ မျက်နှာထားကို သတိထားမိသွားကြသည်။

" သူ့မျက်နှာထားက... ဘာလို့ မကြောက်နေရတာလဲ ။ သူ့ပုံက နည်းနည်းတောင် စိတ်လှုပ်ရှားနေသလိုပဲ "

" စိတ်လှုပ်ရှားတယ်... ငါတို့ကို တွေ့တာ ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲကွ ။ ဒီ လျှို့ဝှက်ဒေသထဲမှာ လူသားတွေရဲ့ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရပြီးတော့.. တိုက်ခိုက်ဖို့အတွက် အစီအမံတွေနဲ့ အစီအမံပုံကြမ်းတွေကိုပဲ သုံးနိုင်တယ်ဆိုတာ မမေ့နဲ့လေ "

တတိယသားရဲက လှောင်ပြုံးဖြင့် ဆိုသည်။

ထိုစဥ် ပိုင်ရှောက် ရုတ်တရက် မျက်မှောင်ကြုံ့သွားပြီး ပြော၏။

" အဲ့ကောင်လေး ကျောပေါ်မှာ သယ်လာတဲ့ဟာတွေက.... မသေမျိုးအစီအမံပုံကြမ်းတွေနဲ့ တူတယ် "

ဝှစ်..

ထိုစကားကို ကြားသည်နှင့် သားရဲသုံးယောက်လုံး တုန့်ခနဲ ရပ်သွားကြသည်။

" အားလုံး... အားလုံးက မသေမျိုးအစီအမံပုံကြမ်းတွေလား ။ မများလွန်းဘူးလားကွာ... "

ပိုင်ရှောက်တစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

" ဟမ့်.. အစီအမံပုံကြမ်းတွေ အဲ့လောက်များနေမှတော့ အဆင့်နိမ့်တာပဲ ဖြစ်မှာပေါ့ ။ ဘာမှ စိတ်ပူနေစရာ မလိုဘူး ။ မင်းတို့တွေ ကြောက်နေကြရင် ငါကိုယ်တိုင် သူ့အစွမ်းကို စမ်းသပ်လိုက်မယ်ကွာ "

ထိုစဥ် တတိယမြောက် နတ်ဆိုးသားရဲက အေးစက်စက် ပြောလာသည်။

ထို့နောက်တွင်..

ဝုန်း..

သူ လောထျန်းဆီ ပြေးဝင်သွား၏။

" ကောင်လေး.. သေလိုက်တော့ကွာ "

သူ ပျံသန်းနေရင်းလည်း ဒေါသတကြီး အော်လိုက်သည်။

တဖက်မှ လောထျန်းမှာ သူ့ထံ အလျင်အမြန် ပြေးဝင်လာသည့် သားရဲကြီးကိုကြည့်ရင်း ကျောတွင်သယ်ထားသော အစီအမံပုံကြမ်းများတီ လက်လှမ်းလိုက်သည်။

" ဘာပဲဖြစ်ဖြစ်ကွာ ... မသေမျိုးအစီအမံပုံကြမ်း ဆယ်ခုကို အရင်ပစ်လိုက်မယ် ။ မဟုတ်သေးဘူး.. သားရဲတွေက တွေ့ရခဲတာဆိုတော့ အနည်းဆုံး အခုသုံးဆယ်လောက် ပစ်လိုက်မယ်ကွာ "

သူ ထိုသို့တွေးကာ အစီအမံပုံကြမ်း လက်တစ်ဆုပ်စာကို ယူလိုက်သည်။

သူ့လက်ထဲမှ အစီအမံပုံကြမ်း အရေအတွက်မှာ အခုသုံးဆယ်ထက် မနည်းနိုင်ပါချေ။

" ရော့ကွာ.. အကုန်သုံးပစ်မယ် "

လောထျန်း မျက်မှောင်ကြုံ့၍ ပြောကာ အစီအမံ

ပုံကြမ်းများအား ပစ်လိုက်သည်။

သို့သော်.. တဖက်မှ သားရဲကြီးမှာ လောထျန်းက ထိုသို့ အစီအမံပုံကြမ်းများစွာကို ပစ်လိုက်သည့်အတွက် ရင်ထဲရှိနေခဲ့သော ကြောက်စိတ်များ လုံးဝ ပျောက်သွားပါ၏။

" ဟား ဟား... လူသားတွေက တကယ်တုံးတာပဲကွာ ၊ အစတည်းကနေ ကိုယ့်အားနည်းချက်ကို ထုတ်ပြရတယ်လို့ ။ မင်းတို့တွေနဲ့ နှစ်တွေအများကြီး တိုက်ခိုက်ဖူးထားတော့ မင်းတို့ရဲ့ အကျင့်တွေအကြောင်းကို ငါ ကောင်းကောင်းသိထားပြီးသား "

" တကယ်လို့ အဲ့ဒါသာ အစွမ်းထက်တဲ့ မသေမျိုးအစီအမံပုံကြမ်းဆိုရင် မင်းတို့က ရတနာတစ်ခုလို သဘောထားပြီးတော့ပဲ ကိုင်တွယ်မှာ ။ လွယ်လွယ်နဲ့သုံးမှာ မဟုတ်ဘူး ။ အခု မင်းက အစီအမံပုံကြမ်းတွေ အများကြီးကို ပစ်လိုက်တာဆိုတော့ အားလုံး အမှိုက်တွေပဲ ဖြစ်မှာ ။ ငါ့ကို သေချာကြည့်ထား... အားလုံးကို သိုင်းကွက်တစ်ကွက်တည်းနဲ့ ဖျက်ဆီးပြမယ် "

နတ်ဆိုးသားရဲကြီး ထိုသို့ပြောကာ အနည်းငယ်လေးပင် ရှောင်တိမ်းခြင်းမပြုဘဲ လောထျန်း၏ အစီအမံပုံကြမ်းများရှေ့သို့ တည့်တည့်ကြီး တိုးဝင်သွားသည်။

သို့သော်.. ထို့နောက်တွင်ကား..

ဝီ ...

ပထမ အစီအမံပုံကြမ်း အသက်ဝင်လာ၏။

နတ်ဆိုးသားရဲကြီးမှာ.. သူ့ရှေ့တွင် အလင်းတန်းတစ်ခု လက်သွားသည်ကို ခံစားလိုက်ရကာ... လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ အကြာက သေဆုံးသွားခဲ့သည့် သူ့အဘွားအား ပြန်မြင်လိုက်ရပါသည်။

ဝုန်း...

မြည်သံကျယ် တစ်သံနှင့်အတူ သားရဲကြီး လုံးဝ ဖျက်ဆီးခံလိုက်ရတော့၏။

" ဟမ်... "

မလှမ်းမကမ်းတွင် ရှိနေကြသော နတ်ဆိုးနှစ်ယောက်ဖြစ်သည့် ပိုင်ရှောက်နှင့် ဟိုင်လောင်တို့မှာ အလင်းတန်းတစ်ခု လက်သွားသည်ကို မြင်လိုက်ရပြီးနောက်... ကြောက်မက်ဖွယ် အစီအမံတစ်ခု ပေါ်လာသည်ကို မြင်ခဲ့ရပါ၏။

ထို့နောက်တွင်ကား... ပြေးဝင်သွားသည့် သားရဲကြီး ပြာမှုန့်အဖြစ် ပြောင်းသွားခဲ့သည်။

ထိုမျှနှင့် မပြီးသေးဘဲ.... ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြီးက လေထုကိုဖြိုခွဲကာ စည်းမျဥ်းများကိုလည်း ပျက်စီးသွားစေခဲ့၏။ ထို့နောက် မြေပြင်မှတဆင့် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အောက်သို့ ပြန်ကျလာသည်။

သူတို့ရှေ့မှ မြေပြင်မှာလည်း တခဏလေးအတွင်း ပြိုကျပျက်စီးသွားကာ...

ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးကြောင့် သူတို့နှစ်ယောက်သား နောက်သို့ လွင့်ထွက်သွားကြသည်။

" ဘယ်လိုဖြစ်ပြီးတော့... အဲ့ဒါ ဘယ်လို မသေမျိုးအစီအမံပုံကြမ်းလဲ... "

နတ်ဆိုးနှစ်ယောက်လုံး တုန်လှုပ်သွားကြတော့သည်။

သူတို့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲသို့ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်ပြီး မရေမတွက်နိုင်သော မသေမျိုးအစီအမံပုံကြမ်းများနှင့် ကြုံတွေ့ခဲ့ဖူးပါ၏။

သို့သော် ထိုသို့သော အစွမ်းမျိုးနှင့် မသေမျိုးအစီအမံပုံကြမ်းကိုမူ ယခုမှ ပထမဆုံး တွေ့ဖူးခြင်းပင် ။

ကြောက်စရာ ကောင်းလှပါတကား...

" ပိုင်ရှောက် ၊ အဲ့ကောင်လေးက အစွမ်းအထက်ဆုံး မသေမျိုးအစီအမံပုံကြမ်းကို တန်းပြီး ထုတ်သုံးလိုက်တာနဲ့ တူတယ်ကွ ။ သူ့ဆီမှာ အဲ့လို အစီအမံပုံကြမ်းမျိုး အများကြီး ထပ်မရှိနိုင်လောက်တော့ဘူး ။ အဲ့တစ်ခုပဲ ရှိတာနဲ့တူတယ် "

ထိုစဥ် ဟိုင်လောင်က မြန်မြန်အသိဝင်လာကာ ပိုင်ရှောက်အား အော်ပြော၏။

ပိုင်ရှောက်မှာလည်း ထိုစဥ်မှ အသိပြန်ဝင်ကာ အံကြိတ်၍ ပြောသည်။

" မင်းပြောတာ မှန်တယ် ။ ငါတို့တွေ အဲ့ကောင်အရူးလုပ်တာကို ခံရတော့မလို့ ။ အခု ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲကိစ္စတွေ ပြီးသွားရင် ငါတို့ကို လှည့်စားဖို့ ကြိုးစားခဲ့တဲ့ကောင်လေးကို အတူတူတိုက်ခိုက်ပြီး သတ်လိုက်ကြရအောင် "

နတ်ဆိုးသားရဲကြီးနှစ်ယောက် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

သို့သော်... ထိုစဥ်မှာပင်..

ဝီ...

ဒုတိယမြောက် အစီအမံပုံကြမ်းက အသက်ဝင်လာ၏။

ဝုန်း ..

ယခင်ပုံအတိုင်း တူညီသောဖိအား ၊ တူညီသော ပေါက်ကွဲမှုနှင့်အတူ ကောင်းကင်နှင့်မြေကြီးလည်း ယခင်အတိုင်း ပြိုကွဲသွားပြန်သည်။

" ဒါ.... "

နတ်ဆိုးနှစ်ယောက်မှာလည်း အဝေးသို့ လွင့်ထွက်သွားပြန်၏။ သူတို့၏ မျက်နှာတွင်လည်း တုန်လှုပ်နေဟန် အထင်းသား...

" အဲ့လိုအစွမ်းမျိုးနဲ့ မသေမျိုးအစီအမံပုံကြမ်း နှစ်ခုတောင် ရှိနေတာလား "

ဟိုင်လောင် လန့်သွားတော့သည်။

သို့သော်.. သူ့စကားဆုံးချိန်မှာပင် ...

ဘုန်း.... ဘုန်း .. ဘုန်း.... ဘုန်း ....

အဆုံးမဲ့သော ပေါက်ကွဲသံများ ထွက်လာပြီး... ထိုပေါက်ကွဲသံများနှင့်အတူ အစီအမံပုံကြမ်းများ အသက်ဝင်လာကြသည်။

ထိုတခဏ၌ နတ်ဆိုးသားရဲ နှစ်ယောက်လုံး ရင်ထဲမှလှိုက်၍ ကြောက်ရွံ့တုန်လှုပ်သွားကာ... တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

" သူ့ရဲ့ မသေမျိုးအစီအမံပုံကြမ်းတွေ အားလုံးက အဲ့လိုအစွမ်းမျိုး ရှိနေတာလား "

" အဲ့လောက်မကသေးဘူးကွ... သူက အဲ့အစီအမံပုံကြမ်းတွေကို သူ့ကျောနောက်ကနေ ယူလိုက်တာကို ငါ မြင်လိုက်တယ် "

သူတို့နှစ်ယောက် ထိုသို့ပြောပြီး ခပ်လှမ်းလှမ်းမှ လောထျန်းအား ထပ်ကြည့်လိုက်ကြသည်။ သူတို့၏ ခေါင်းထဲတွင်လည်း အတွေးတစ်ခု ရုတ်ချည်း ဝင်လာပါ၏။

" မဟုတ်မှလွဲရော.. သူ့ကျောနောက်က အစီအမံပုံကြမ်းတွေ အားလုံးက အဲ့လိုအစွမ်းမျိုး ရှိတာလား "

" ဟုတ်ပါ့မလားကွာ.. "

ထိုတခဏ၌ နတ်ဆိုးသားရဲ နှစ်ယောက်လုံး ကူကယ်ရာမဲ့ ခံစားလိုက်ရပါသည်။

ထိုစဥ်မှာပင်.. ပေါက်ကွဲသံများလည်း နောက်ဆုံး ပြန်ပျောက်ကွယ်သွားခဲ့သည်။

တဖက်မှ လောထျန်းက ပျောက်ကွယ်သွားခဲ့သည့် သားရဲကြီးကိုကြည့်ကာ ခေါင်းညိတ်လိုက်၏။

" အင်း... တော်တော်လေး အစွမ်းထက်တာပဲ "

သူ ပြောပြီးနောက် .. ခပ်လှမ်းလှမ်းမှ ပိုင်ရှောက်နှင့် ဟိုင်လောင်တို့အား လှမ်းကြည့်လိုက်သည်။

" နှစ်ကောင် ကျန်နေသေးတယ် "

လောထျန်း ပြောပြောဆိုဆိုပင် ဘယ်လက်ရော ညာလက်ဖြင့်ပါ မသေမျိုးအစီအမံပုံကြမ်းများကို ဆုပ်ယူလိုက်သည်။

တဖက်မှ ပိုင်ရှောက် နှင့် ဟိုင်လောင် : ....

ထို့နောက်.. သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်

ကာ သံပြိုင်နီးပါး ပြောလိုက်ကြသည်။

" ပြေးကြစို့ "

All Chapters