အခန်း (၈၄၆)
Vol. 61 Ch. 846
ပိုင်ရှောက်မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်သွားရှာ၏။
ထိုအောက်ဘက်မှ ရေခဲသားရဲကြီးမှာ သူ့နည်းတူပင် အစွမ်းထက်ပါသည်။
သို့သော်... ထိုကောင်ကြီးက ဆိုးဆိုးရွားရွား သေသွားခဲ့ရလေပြီ ။
ပိုင်ရှောက် သတိမလွတ်ရဲဘဲ လောထျန်းအား ရေခဲပြင်ဆီသို့ ဂရုတစိုက် သယ်သွားလိုက်၏။
" သခင်ကြီး... အဲ့ဒါ ဒီနေရာရဲ့ သဘာဝရတနာဖြစ်တဲ့ ၊ အဆုံးမဲ့ရေခဲနှစ် ပါ "
ပိုင်ရှောက်က ရှေ့မှ ကျောက်စက်ပန်းဆွဲတစ်ခုလို ဖြစ်နေသော ရေခဲချွန်တစ်ခုကို ညွှန်ပြကာ ပြောသည်။
" အဲ့ဒါကို ဘာအတွက်သုံးတာလဲ "
လောထျန်း မေးလိုက်၏။
ပိုင်ရှောက်: " အဲ့ဟာကို နေရာအများကြီးမှာ သုံးလို့ရတယ်ဗျ ။ လူသားတွေအတွက်ကတော့ လက်နက်တွေသန့်စင်တဲ့နေရာမှာ ၊ ဆေးလုပ်တဲ့နေရာမှာ... နောက်ဆုံး အစီအမံလုပ်တဲ့နေရာမှာပါ သုံးလို့ရတယ် ။ ဒါပေမယ့်.. အရေးကြီးဆုံးကတော့.. ထူးခြားတဲ့ခန္ဓာကိုယ်တွေ ကျင့်ကြံတဲ့နေရာမှာ သုံးလို့ရတာပဲ "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားသည်။
" ထူးခြားတဲ့ ခန္ဓာကိုယ်.... ဘယ်လို ခန္ဓာကိုယ်မျိုးလဲ "
ကျင့်ကြံသူတစ်ယောက်အတွက် ထူးခြားသော ခန္ဓာကိုယ်က မည်သို့သောအဓိပ္ပါယ် ဆိုသည်ကို သူ ကောင်းကောင်းသိပါသည်။
ထူးခြားသော အစွမ်းထက်ခန္ဓာကိုယ်မျိုးသာ ရှိထားပါက ကျင့်ကြံခြင်းအဆင့်မတူသည့် ရန်သူများကိုပင် အလွယ်တကူ သတ်နိုင်ပါ၏။
ပိုင်ရှောက်မှာ တုန့်ဆိုင်းမနေရဲဘဲ ချက်ချင်းပြန်ဖြေသည်။
" မှော်ရေခဲခန္ဓာကိုယ်ဗျ... အဲ့ခန္ဓာကိုယ်က ရေခဲနှင့်ပတ်သက်တဲ့ သိုင်းပညာတွေကို ထုတ်သုံးတဲ့နေရာမှာ သာမာန်လူတွေထက် အနည်းဆုံး နှစ်ဆလောက် ပိုအစွမ်းထက်တယ်။ ဒီနေရာကို ကာကွယ်ခဲ့တဲ့ နတ်ဆိုးကြီးဆိုရင် အဲ့ခန္ဓာကိုယ်ကို လုံးဝပြီးပြည့်စုံအောင် ကျင့်ကြံထားတာ ။ ဒါ့ကြောင့်မို့လဲ.. သူ.. အဲ့လိုအားကောင်းတဲ့အစွမ်းမျိုးကို ပိုင်ဆိုင်ထား .... "
သူ ပြောနေရင်း တစ်စုံတစ်ခု မှားယွင်းနေသလို ရုတ်တရက် ခံစားလိုက်ရပါသည်။
ထိုသားရဲကြီးက အစွမ်းထက်သည်မှာ မှန်သည့်တိုင် လောထျန်းလက်ချက်ဖြင့် စက္ကန့်ပိုင်းလေးအတွင်း သေသွားခဲ့ရသည် မဟုတ်ပါလား ။
လောထျန်း ခေါင်းအသာညိတ်လိုက်၏။
" ကောင်းပြီ... ဒါဆိုရင် ငါ စမ်းကြည့်လိုက်ဦးမယ် "
ထူးခြားသော ခန္ဓာကိုယ်များထဲတွင်မှ အရှုပ်အထွေးခန္ဓာကိုယ်က အလွန်ထူးခြားလှသည်ဟု ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောခဲ့သည်ကို သူ မှတ်မိနေဆဲပင် ။
၎င်းက အခြားသူများ၏ ထူးခြားခန္ဓာကိုယ် အစွမ်းများကို ဝါးမြိုသန့်စင်ကာ မိမိအစွမ်းပိုတိုးအောင် လုပ်နိုင်ပါ၏။
သူ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့စဥ်တွင်လည်း နောက်ဆုံး၌ အရှုပ်အထွေးခန္ဓာကိုယ်က ၎င်းကို သန့်စင်သွားခဲ့ပြီး သူ၏ အရှုပ်အထွေးခန္ဓာကိုယ် အဆင့်မှာလည်း ပိုတိုးလာခဲ့သည်။
သို့ဆိုလျှင် ဤ မှော်ရေခဲခန္ဓာကိုယ်ကိုပါ ဝါးမြို၍ ရနိုင်လောက်ပါသည်။
လောထျန်း ထိုသို့တွေးကာ ရေခဲချွန်ဆီသို့ လျှောက်သွားလိုက်သည်။
" သခင်ကြီး.. အဲ့ အဆုံးမဲ့ရေခဲနှစ် ကို ချိုးဖို့က
မလွယ်လောက်ဘူးဗျ... "
ပိုင်ရှောက်က လောထျန်းအား သတိပေးရန် ပြင်လိုက်သည်။
သို့သော်.. ထိုစဥ်မှာပင် လောထျန်းက ရှေ့သို့ လက်သီးဖြင့်ထိုးလိုက်ပါ၏။
ဝုန်း ....
ဧရာမ ရေခဲချွန်ကြီး အပိုင်းပိုင်း ဖြစ်သွားတော့သည်။
" ဒါ... "
ပိုင်ရှောက်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက်မိသွား၏။
" အဆုံးမဲ့ရေခဲနှစ်က တကယ်ကြီး အပိုင်းပိုင်းဖြစ်သွားတာလား ။ ဟိုကောင်ကြီးဆို အပိုင်းသေးသေးလေးတစ်ခု ချိုးဖို့တောင် ဆယ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတာ ။ အခုက.. လက်သီးချက်တစ်ချက်တည်းနဲ့ ကွဲသွားခဲ့တယ်.. "
ပိုင်ရှောက် ထိုသို့ တွေးနေစဥ်မှာပင် လောထျန်းက လှည့်ကြည့်ကာ မေးလာသည်။
" ဒီဟာကို ဘယ်လိုသုံးရတာလဲ ။ ဒီတိုင်း စားလိုက်ရမှာလား "
ထိုစဥ်မှ ပိုင်ရှောက် အသိပြန်ဝင်လာကာ အသံတုန်တုန်ဖြင့် ပြောလိုက်၏။
" မဟုတ်.. မဟုတ်ဘူးဗျ ။ အဲ့ဒါကို ကိုယ့်ရဲ့ မာရီဒျာန်ပေါ် တင်ထားလိုက်တာနဲ့ အထဲကို အလိုလို စီးဝင်သွားမှာ "
လောထျန်း ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်အရွယ် ရေခဲနှစ်အပိုင်းတစ်ခုကို ယူ၍ သူ့ သွေးကြောပေါ်သို့ တင်လိုက်သည်။
၎င်းကိုမြင်သော ပိုင်ရှောက် ထပ်ပြောလာ၏။
" သခင်ကြီး.. အဲ့ ရေခဲနှစ်က သခင်ကြီးရဲ့ ခန္ဓာကိုယ်ထဲကို သွေးကြောအတိုင်း စီးဝင်သွားပြီးတော့မှ ခန္ဓာကိုယ်အစွမ်း ပိုတိုးအောင် လုပ်ပေးမှာ။ ဒါပေမယ့် စီးဆင်းတဲ့နှုန်းကတော့ နှေးတယ် ... အဲ့တော့... ဆန်စေ့အရွယ်လောက် အပိုင်းလေးတွေကို စပြီးသန့်စင်တာ ပိုကောင်း .... "
သူ လောထျန်းအား သတိပေးရန် ကြိုးစားလိုက်သည်။
သို့သော် ...
ဝီ. .
လောထျန်း လက်ပေါ်မှ အဆုံးမဲ့ရေခဲနှစ်က ချက်ချင်းဆိုသလို အငွေ့ပျံ ပျောက်ကွယ်သွားပါ၏။
ထိုနှုန်းမှာ နီရဲတောက်အောင် ပူနေသော သံပြားတစ်ခုပေါ်မှ သာမာန်ရေခဲတုံးတစ်တုံး အရည်ပျော်သည်ထက်ပင် ပိုမြန်ပါသေးသည်။
" ဘယ်လိုဖြစ်ပြီးတော့... "
ပိုင်ရှောက် တုန်လှုပ်သွားရပြန်၏။
" ဟင်.. ဘာဖြစ်လို့လဲ ။ တစ်ခုခုမှားနေတာ ရှိလို့လား "
လောထျန်း မေးလာသည်။
ပိုင်ရှောက် တံတွေးကို ခက်ခက်ခဲခဲမြိုချကာ အသံ
တုန်တုန်ဖြင့် ပြောလိုက်၏။
" သခင်ကြီး .. သခင်ကြီးမှာ ရေခဲအစွမ်းကို အထူးပြုထားတဲ့ ထူးခြားခန္ဓာကိုယ် ရှိတာလား "
လောထျန်း ခေါင်းယမ်းပြပါသည်။
" မရှိပါဘူး ၊ ဘာလို့မေးတာလဲ "
ပိုင်ရှောက် မျက်လုံးပြူးသွားတော့သည်။
ရေခဲအထူးပြု ထူးခြားခန္ဓာကိုယ် မရှိပါဘဲ အဘယ့်ကြောင့် ယခုလောက် မြန်နေရပါသနည်း ။
ထိုစဥ် တဖက်မှ လောထျန်းက အဆုံးမဲ့ရေခဲနှစ် အပိုင်းတစ်ခုကို ထပ်ယူကာ လက်ကောက်ဝတ်ပေါ်ရှိ သွေးခုန်နှုန်းနေရာသို့ တင်လိုက်ပြန်ပါသည်။
ထို အဆုံးမဲ့ရေခဲနှစ် အပိုင်းကလည်း တမဟုတ်ချင်း ပျောက်ကွယ်သွားပြန်၏။
" ဟင်... ဘာဖြစ်လို့ ဘာမှမခံစားမိတာလဲ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" သခင်ကြီး... နည်းနည်းလေး မသက်မသာဖြစ်သလိုရော မခံစားရဘူးလား ။ ဥပမာ.. အအေးဓာတ်က အရိုးထဲစိမ့်ဝင်လာသလိုမျိုးတို့.. နာကျင်တာတို့... "
ပိုင်ရှောက် မေးလိုက်သည်။
လောထျန်း အံ့အားသင့်သွားကာ ခေါင်းယမ်းပြ၏။
" မခံစားရဘူး "
ပိုင်ရှောက်တစ်ယောက် ပါးစပ်အဟောင်းသား ....
အစောပိုင်းက ဤရေခဲပြင်ကို စောင့်ကြပ်နေခဲ့သည့် သားရဲမှာ ရေခဲအထူးပြု ထူးခြားခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် နတ်ဘုရားသားရဲကြီးတစ်ကောင် ဖြစ်ပါသည်။
သို့သော်.. သူသည်ပင် အဆုံးမဲ့ရေခဲနှစ်ကို သန့်စင်ပါက ဆိုးရွားလှသော နာကျင်မှုမျိုးကို ခံစားရပါ၏။
ယခု လောထျန်းကမူ ဘာကိုမှ မခံစားရဘူးတဲ့လား...
ဒေါသထွက်စရာ ဘယ်လောက်ကောင်းလိုက်ပါ
သလဲ....
ထိုစဥ် တဖက်မီ လောထျန်းမှာကား ရေခဲနှစ်အပိုင်းများကို ဆက်သန့်စင်နေပါ၏။
ဧရာမရေခဲချွန်ကြီး၏ 80% ကျော် ၊ 90% ခန့်ကို သန့်စင်ပြီးသွားချိန်မှ...
ဝီ...
လောထျန်းကိုယ်မှ မှိန်ဖျော့ဖျော့ ရေခဲအရောင်အဝါတစ်ခု ထွက်လာတော့သည်။
" နောက်ဆုံးတော့ အောင်မြင်သွားပြီ "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
ပိုင်ရှောက်တစ်ယောက်မှာမူ ဆွံ့အလျက်...
ထို ရေခဲချွန်ကြီးမှာ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသအတွင်း နှစ်ပေါင်းများစွာကြာ စုစည်းထားခဲ့သော ပစ္စည်းဖြစ်ပါသည်။ ယခု လောထျန်းက ထို
အရာ အားလုံးနီးပါးကို သန့်စင်ပြီးသွားချိန်မှ အကျိုးဆက်ကို ခံစားခဲ့ရသတဲ့...
" ဟင်... တစ်ခုခု လွဲနေသလိုပဲ... "
ထိုစဥ် ပုံမှန်မဟုတ်သော အရာတစ်ခုကို ပိုင်ရှောက် သတိထားမိသွားသည်။
" သခင်ကြီးက.. အေးလိုက်တာ "
သူ လောထျန်းနားကပ်ရန် ကြိုးစားကြည့်လိုက်ချိန်တွင် ...
သူ့ခန္ဓာကိုယ် ရုတ်တရက် အေးခဲလာတော့သည်။
" ဟင်... ဒီအအေးဓာတ်က... "
ပိုင်ရှောက် မှင်သက်သွားရပြန်၏။
လောထျန်းအနီးသို့ ကပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်ချည်း အေးခဲသွားရသတဲ့လား. ယ.
" အိုး.. စိတ်မရှိပါနဲ့ ၊ ကျုပ် ရေခဲအစွမ်းကို ထုတ်လွှတ်မိသွားတယ်နဲ့တူတယ် "
လောထျန်း ၎င်းကိုမြင်သွားကာ ရေခဲအစွမ်းများ
အား ချက်ချင်းပြန်ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင်..
ရေခဲအစွမ်းများအားလုံး လောထျန်းကိုယ်ထဲ ပြန်ဝင်သွားကာ အားလုံး ပုံမှန်ပြန်ဖြစ်သွား၏။
ထိုစဥ် တဖက်မှ ပိုင်ရှောက်၏ ခန္ဓာကိုယ်မှာမူ .. တစ်ဝက်လောက်က ရေခဲရုပ်ထုအဖြစ် ပြောင်းနေခဲ့လေပြီ ။
" မင်း အဆင်ပြေရဲ့လား "
လောထျန်း ပိုင်ရှောက်ကိုကြည့်ကာ မေးလိုက်သည်။
ပိုင်ရှောက် အံကြိတ်၍ သူ့ကိုယ်ထဲမှ မသေမျိုးစွမ်းအင်များအား အဆုံးစွန်ပမာဏအထိ ထုတ်လွှတ်လိုက်သည်။
ဝုန်း...
သူ အင်အားများစွာစိုက်ထုတ်၍ ကြိုးစားလိုက်မှ သူ့ကိုယ်ပေါ်ရှိ ရေခဲလွှာက ပြိုကွဲသွားပါ၏။
သို့သော် ထိုအချိန်တွင် ပိုင်ရှောက်၏ မျက်နှာတပြင်လုံး ဖြူရော်နေကာ တစ်ကိုယ်လုံးလည်း တုန်ယင်နေတော့သည်။
သူမ ရေခဲအစွမ်းကြောင့် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားခဲ့သည်မှာ အသိသာပါပင်...
" တကယ်ဆိုရင် မဟာရေခဲခန္ဓာကိုယ်က ကျုပ်ကို အေးခဲသွားအောင် မလုပ်နိုင်ဘူးဗျ ။ ဟို ဒဏ္ဍာရီကျော်.... မှော်ဝင်ရေခဲနတ်ဘုရား ခန္ဓာကိုယ်မှသာ လုပ်နိုင်မှာ ။ အဲ့ခန္ဓာကိုယ်ကလဲ ဒေသကြီးကိုးခုမှာရှိတဲ့ ရေခဲအထူးပြု ထူးခြားခန္ဓာကိုယ်တွေထဲမှာ နံပါတ်တစ်ပဲ "
ပိုင်ရှောက် လောထျန်းကိုကြည့်ကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။
" ဒါပေမယ့် .. အဆုံးမဲ့ရေခဲနှစ်ကို အဲ့လို မှော်ဝင်ရေခဲနတ်ဘုရားခန္ဓာကိုယ် အထိ ကျင့်ကြံနိုင်တယ်လို့ တစ်ခါမှ မကြားဖူးသေးဘူး "
ကမ္ဘာကြီးအပေါ် မြင်သော သူ့အမြင်က ပြိုကွဲသွား
တော့မလို ပိုင်ရှောက်တစ်ယောက် ခံစားလိုက်ရသည်။
ထိုစဥ် လောထျန်းမှာ သူ့ခန္ဓာကိုယ်ကို ပြန်စစ်ဆေးကြည့်နေ၏။
" ဟင်... ကြည့်ရတာ ငါ့ရဲ့ လုပ်နိုင်စွမ်းအကန့်အသတ်ကို ရောက်သွားတဲ့ပုံပဲ ။ ဒါပေမယ့် လောလောဆယ်က ငါ့ရဲ့ စိတ်စွမ်းအင်ကို သုံးလို့မရသေးတော့ ငါ့ရဲ့ ထူးခြားခန္ဓာကိုယ်နဲ့လဲ ပေါင်းစပ်လို့ မရသေးဘူး ။ အပြင်ထွက်တဲ့အထိပဲ စောင့်ရုံပေါ့ကွာ... ဘယ်လိုပဲဖြစ်ဖြစ် ဒီ အဆုံးမဲ့ရေခဲနှစ်ကိုတော့ ပြန်ယူသွားရမယ် "
လက်ရှိတွင် သူသည် ပြိုင်ပွဲဝင်နေဆဲဖြစ်ပြီး.. ထို အဆုံးမဲ့ရေခဲနှစ်က အံ့မခန်း သဘာဝရတနာဟု ပိုင်ရှောက် ပြောသွားခဲ့သည် မဟုတ်ပါလား ။
၎င်းကို အမှတ်အများကြီးနှင့် လဲလှယ်၍ ရနိုင်ပါသည်။
သို့သော်.. သူ လှည့်ကြည့်လိုက်ချိန်တွင်မူ... မြေပြင်
ပေါ်၌ ရေခဲချွန် အပိုင်းအစလေး အနည်းငယ်သာ ကျန်တော့သည်ကို မြင်လိုက်ရပါ၏။
" ဟင် ... ဒါကိုလဲ အဆုံးမဲ့ရေခဲနှစ်လို့ ပြောလို့ရလောက်သေးတယ်မလား ။ ဘယ်တတ်နိုင်မလဲလေ.. ဒါကိုပဲ ယူသွားရုံပေါ့ "
လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းကာ ဘေးနားရှိ အပျက်အစီးများထဲမှ အဝတ်စုတ်တစ်ခုကို ကောက်ယူလိုက်သည်။ ထို့နောက် ရေခဲချွန်အပိုင်းများကို ထုပ်ပိုးပြီး သူ့ပုခုံးတွင် လွယ်လိုက်၏။
" ကဲ... နောက်တစ်နေရာ သွားရအောင် "
လောထျန်း ပြောလိုက်သည်။
ပိုင်ရှောက်မှာလည်း အချိန်မဆွဲရဲဘဲ လောထျန်းအား ကျောပေါ်တင်ကာ ပျံသန်းသွား၏။
ထိုစဥ်.. ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ တစ်နေရာရှိ ဂူတစ်ခုအတွင်း၌...
ဝုန်း ...
အသံကျယ် တစ်သံနှင့်အတူ သားရဲကြီးတစ်ကောင် မြေပြင်ပေါ် ကျလာ၏။ ၎င်းသားရဲမှာ အကြိမ်အနည်းငယ် ပြန်ရုန်းထရန် ကြိုးစားလိုက်သေးသော်လည်း နောက်ဆုံးတွင် ဒယိမ်းဒယိုင်ဖြင့် ပြန်လဲကျပြီး သေဆုံးသွားတော့သည်။
ထိုသားရဲ၏ မျက်နှာချင်းဆိုင် တဖက်တွင်ကား ယွဲ့လီတစ်ယောက် ကျောက်နံရံတစ်ခုကို မှီပြီး အမောဖောက်နေဟန်ဖြင့် အသက်ကို အသည်းအသန် ရှူနေရှာ၏။
" ဒီကောင်ကြီး... သေသွားပြီလား... "
သူမ အသံတုန်တုန်ဖြင့် ရေရွတ်လိုက်သည်။