အခန်း (၈၄၈)
Vol. 61 Ch. 848
"အား.... "
ဖန်ကွေ့ထံမှ စူးရှသော အော်သံကြီး ထွက်လာသည်။
ယဲ့ဖူရှောက်မှာ တစ်စုံတစ်ခုကို စောင့်နေသည့်အလား ဘေးမှရပ်ကြည့်နေ၏။
ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော ယွဲ့လီမှာမူ ကြောက်လွန်း၍ မအော်မိအောင် ပါးစပ်ကိုပင် လက်ဖြင့် ပိတ်ထားရသည်။
ထိုစဥ်.. ဖန်ကွေ့၏ အော်သံများ ရုတ်တရက်ရပ်သွားကာ... သူ့ တစ်ကိုယ်လုံး တွန့်လိမ်လာ၏။
တဖက်မှ ယွဲ့လီမှာလည်း ဖန်ကွေ့၏ ခန္ဓာကိုယ် တဖြည်းဖြည်းပြောင်းလဲလာသည်ကို ကြည့်ရင်း မျက်လုံးပိုပြူးသွားသည်။
ထို့နောက်တွင်မူ... ဖန်ကွေ့၏ခန္ဓာကိုယ်က အခြားသူတစ်ယောက်အဖြစ် လုံးဝ ပြောင်းသွားပါတော့သည်။
" ဒါ... "
ယွဲ့လီမှာ ၎င်းကိုကြည့်ရင်း အနည်းငယ်ခေါင်းရှုပ်နေပါ၏။
ယခုလို အဖြစ်မျိုးကို သူမ လုံးဝ မမြင်ဖူးခဲ့ပါချေ။
ထိုစဥ်.. ကွေ့ဖန်က အခြားသူတစ်ယောက်အဖြစ် ပြောင်းသွားသည်ကို မြင်သည်နှင့် ယဲ့ဖူရှောက် ဒူးတစ်ဖက်ထောက်လိုက်သည်။
" အရိုအသေ ပြုပါတယ် သခင်ကြီး "
သူ့အသံမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသယောင်.. ။
ကွေ့ဖန်၏ ခန္ဓာကိုယ်ကို သိမ်းထားသူက .. သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ပြီးမှ.. ယဲ့ဖူရှောက်ဘက် လှမ်းကြည့်ကာ ပြော၏။
" မင်းက တကယ်ကို တော်တာပဲကွ ။ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲကိုတောင် အဲ့လောက်မြန်မြန်ကြီး ဝင်လာနိုင်ခဲ့တယ် "
ယဲ့ဖူရှောက် ဦးညွှတ်၍ ဆိုသည်။
" အဲ့ဒါ သခင်ကြီး ကံကောင်းလွန်းလို့ပါဗျာ ။ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက ပိတ်ထားတာ ကြာလှပြီဗျ ... ဒီတစ်ခေါက်က မမျှော်လင့်ဘဲ ပြိုင်ပွဲအတွက် ပြန်ဖွင့်လိုက်လို့ ကျုပ် ဝင်ခဲ့တာပါ "
တဖက်လူ ခေါင်းညိတ်လိုက်သည်။
" သိပ်ကောင်းတယ် ။ ဟိုပစ္စည်းကို ရပြီးသွားရင် မင်းကို မူလအဆင့် မသေမျိုးအစီအမံပညာရှင်တစ်ယောက် ဖြစ်လာအောင် ငါ ကူညီပေးမယ် "
ယဲ့ဖူရှောက်၏ မျက်နှာကြီး ချက်ချင်းဝင်းသွားသည်။
" ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီးခင်ဗျာ "
ထိုသို့ပြောနေရင်း သူ ရုတ်တရက် စကားရပ်လိုက်ပြီးမှ ဆက်ပြော၏။
" သခင်ကြီး.. နောက်တစ်ခု ရှိသေးတယ်ဗျ ။ သခင်ကြီးရှာနေတဲ့ လောထျန်းကလဲ အခု ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲ ရောက်နေတယ် "
တဖက်မှ သခင်ကြီးဆိုသူမှာ နောက်လှည့်ထွက်ခွာရန် ပြင်နေရာမှ.. ထိုစကားကို ကြားသည်နှင့် တုန့်ခနဲ ရပ်သွားသည်။
" လောထျန်း.. ဟုတ်လား "
သူ့လေသံထဲတွင်လည်း ဒေါသငွေ့များ ပါနေပါ၏။
" ဟုတ်တယ်ဗျ ။ သခင်ကြီး.. သူ့ကို အခုသတ်ချင်လား "
ယဲ့ဖူရှောက် မေးလိုက်သည်။
သခင်ကြီးဆိုသူက ခေတ္တမျှ စဥ်းစားနေပြီးမှ အံကြိတ်ကာ ပြန်ပြော၏။
" အဲ့ဒါကို ခဏထားလိုက်ဦး ။ လောလောဆယ် အရေးကြီးဆုံးက အချုပ်အနှောင်ကို ချိုးဖျက်ပြီးတော့ ဟိုပစ္စည်းကို ယူဖို့ပဲ ။ ဒီခန္ဓာကိုယ်က အားနည်းလွန်းတော့ အချိန်အကြာကြီး ခံမှာမဟုတ်ဘူး "
" ဟုတ်ကဲ့ပါ သခင်ကြီး "
ယဲ့ဖူရှောက် တရိုတသေ ပြန်ပြောလိုက်သည်။
ထိုစဥ်မှာပင် သခင်ကြီးက အသက်ပြင်းပြင်း ရှိုက်
လိုက်၏။
ဝုန်း...
သူ့ကိုယ်မှ မသေမျိုးစွမ်းအင်များ ရုတ်တရက် ပေါက်ထွက်လာသည်။
" ဘယ်လိုဖြစ်ပြီး.... "
၎င်းကိုမြင်သော ယွဲ့လီတစ်ယောက် တုန်လှုပ်သွား၏။
ထိုလူက ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ၏ အချုပ်အနှောင်ကိုပင် လျစ်လျူရှုနိုင်သတဲ့လား ..
ထို့အပြင်.. ထိုလူကြီးဆီမှ မသေမျိုးစွမ်းအင်မှာလည်း သူမ တွေ့ခဲ့ဖူးသည့် မသေမျိုးဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူ အားလုံးထက် ပိုအစွမ်းထက်ပါသေးသည်။
" ဟင်.... "
ထိုစဥ်မှာပင် သခင်ကြီးဆိုသူက ယွဲ့လီ ရှိသည့်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လာ၏။
ယွဲ့လီတစ်ယောက် ကျောက်တုံးတစ်ခုနောက်တွင် ချက်ချင်းပုန်းလိုက်ရသည်။
ထိုစဥ်တွင် သူမ၏ ရင်တစ်ခုလုံးလည်း ကြောက်စိတ်ဖြင့် ပြည့်နေပါ၏။ ကွေ့ဖန် ကြုံခဲ့ရသည့် အဖြစ်ပျက်ကိုလည်း သူမမျက်လုံးထဲ ပြန်မြင်ယောင်လာသည်။
သူမ သေရပါတော့မည်လား...
" သခင်ကြီး.. ဘာဖြစ်လို့လဲဗျ "
ယဲ့ဖူရှောက်က လေသံတိုးတိုးဖြင့် မေး၏။
သခင်ကြီးဆိုသူက ယွဲ့လီရှိရာဘက် ကြည့်နေရာမှ ခေါင်းကို ဖြည်းဖြည်းချင်းပြန်လှည့်လာကာ ဖြေသည်။
" ဘာမှ မဟုတ်ပါဘူးကွာ... ဒီတိုင်း ကြွက်တစ်ကောင်ပါ။ ငါ့နောက်လိုက်ခဲ့.. "
သူ ပြောပြောဆိုဆိုပင် လက်ဆန့်၍ ယဲ့ဖူရှောက်အား ဖမ်းဆုပ်လိုက်၏။
ဝုန်း...
ထို့နောက် သူ လေထဲသို့ ပျံတက်လိုက်သည်။
" ငါ့ပိုင်နက်ကို ကျူးကျော်ရဲတာ ဘယ်ကောင်လဲကွ "
ထိုစဥ်မှာပင် .... မသေမျိုးသခင်ကြီးအဆင့် နတ်ဆိုးသားရဲကြီး တစ်ကောင်က လူနှစ်ယောက်၏ အရောင်အဝါကို အာရုံခံမိကာ လေထဲမှပျံသန်းလာသည်။
သခင်ကြီးဆိုသူက ထိုသားရဲအား လှည့်ပင်မကြည့်ဘဲ လက်ညိုးညွှန်လိုက်၏။
ဝုန်း...
မသေမျိုးသခင်ကြီးအဆင့် ရောက်ထားသော သားရဲကြီးမှာ သွေးမှုန်များအဖြစ် ရုတ်ချည်းပြောင်းသွားတော့သည်။
ထို့နောက်တွင် သခင်ကြီးက ယဲ့ဖူရှောက်ကို ခေါ်ကာ လေထဲပျံသန်းပျောက်ကွယ်သွားသည်။
" ဒါ.... "
ထိုမြင်ကွင်း အစအဆုံးကို မြင်ခဲ့ရသော ယွဲ့လီတစ်ယောက် ဒူးများပင် ပျော့ခွေသွားပါ၏။
မည်သို့သော ဘီလူးကြီးပါလဲ ...
မသေမျိုးသခင်ကြီးအဆင့် ရောက်ထားသူကို လက်ချောင်းလေး တစ်ချောင်းဖြင့် သတ်ခဲ့သတဲ့လား...
၎င်းမှာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ယောက်၏ အစွမ်းပေလား... ။
ထိုသို့သော လူတစ်ယောက်က ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲသို့ အဘယ့်ကြောင့် ခိုးဝင်လာရပါသနည်း ။
" ကြည့်ရတာ လျှို့ဝှက်ဒေသထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်တော့မယ်နဲ့ တူတယ် "
ယွဲ့လီ စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။
ထိုစဥ်... လောထျန်းမှာ...
" ဒါ.. နောက်ဆုံးကျန်တဲ့ ဒုတိယတန်းစား ရတနာလား "
လောထျန်းက အထုပ်ပေါင်းများစွာကို သယ်ထားသော ပိုင်ရှောက်ဘက် လှည့်ကြည့်၍ မေးသည်။
ပိုင်ရှောက် တုန်တုန်ယင်ယင် ခေါင်းညိတ်ပြရှာ၏။
အစောပိုင်းတွင် သူ လောထျန်းအား ရှားပါးရတနာများ ရှိရာဆီသို့ ခေါ်သွားခဲ့ပါသည်။
ရလဒ်အနေဖြင့် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှ သားရဲကြီးများ များစွာပင် ဒုက္ခရောက်ခဲ့ကြပြီး...
အသိုက်ထဲတွင် ရှိမနေကြသည့် သားရဲနှစ်ကောင်မှလွဲ၍ ကျန်သားရဲများအားလုံး လောထျန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။
ထိုသားရဲများ စောင့်ကြပ်နေခဲ့ကြသည့် သဘာဝရတနာများ အားလုံးမှာလည်း လောထျန်းလက်ထဲသို့သာ ရောက်သွားခဲ့ပါ၏။
ယခုဆိုလျှင်.. ဒုတိယတန်းစား ရှားပါးရတနာ ဆယ့်သုံးခုလုံးက လောထျန်းအပိုင် ဖြစ်နေခဲ့လေပြီ ။
" ဟုတ်ကဲ့... ထပ်မရှိတော့ပါဘူး သခင်ကြီး "
ပိုင်ရှောက် အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွား၏။
" အဲ့လောက်မြန်မြန်ကြီး ကုန်သွားတာလား ။ ပြိုင်ပွဲက ဆယ်ရက်တောင်ကြာမှာကို.. အခု တစ်နေ့တောင် မကုန်သေးဘူး ။ ငါ ဒီထဲမှာ နောက်ကိုးရက်တောင် ထပ်နေရဦးမှာ .. "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ပိုင်ရှောက်မှာ သူ့စကားကြောင့် ကူကယ်ရာမဲ့ ခံစားလိုက်ရ၏။
ထိုလူကြီးက နောက်ကိုးရက်တောင် ထပ်နေဦးမှာတဲ့လား...
သို့ဆိုလျှင် သူကရော ထိုလူကြီးနှင့် နောက် ကိုးရက် ၊ ကိုးညတိတိ ထပ်နေရဦးမည်ဆိုသည့် သဘောလား.
ခုချိန် ကိုယ့်ကိုကိုယ် သတ်သေလိုက်ခြင်းကသာ ပိုကောင်းပါမည်လား.. ။
ထိုစဥ်တွင် လောထျန်းက ရုတ်တရက်ပြောလာသည်။
" စကားမစပ်.. ဒီမှာ ပထမတန်းစား ရတနာ လေးခုရှိတယ်လို့ မင်း ပြောခဲ့သေးတယ်မဟုတ်လား "
ပိုင်ရှောက် ခေါင်းညိတ်ပြလိုက်၏။
" ဟုတ်ပါတယ် "
" အဲ့ရတနာတွေက ဘာတွေလဲ "
လောထျန်း မေးလိုက်သည်။
ပိုင်ရှောက်မှာ ကူကယ်ရာမဲ့ ဖြစ်နေသော်လည်း မည်သို့မှ မတတ်နိုင်ဘဲ ပြန်ဖြေရှာပါသည်။
" ပထမတစ်ခုကတော့ အင်မတန်အစွမ်းထက်တဲ့ ယင်အစွမ်းဖြစ်တဲ့... သွေးနီ နေနတ်ဘုရား အရောင်အဝါပါ ။ ဒါပေမယ့်.. အဲ့ဟာက ပြိုကွဲပြီးတော့ ဒီလျှို့ဝှက်ဒေသထဲက နေရာစုံမှာ ပြန့်ကျဲနေ
တာမို့ ပြန်စုစည်းဖို့ မဖြစ်နိုင်သလောက်နီးပါးပဲ "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
လျှို့ဝှက်ဒေသတခွင် ပြန့်ကျဲနေသော အရောင်အဝါကို ရှာရန်မှာ အမှန်တကယ်လည်း မလွယ်နိုင်ပါချေ။
ပိုင်ရှောက် စကားဆက်သည်။
" နောက်တစ်ခုက သူတော်စင်ကိုးပါး ယွမ်ရွှေ ဗျ ။ ဒါပေမယ့် အဲ့ရွှေကို အချုပ်အနှောင် ပစ္စည်းတစ်ခုအဖြစ် ထွင်းထုထားပြီးတော့ အစွမ်းထက်တဲ့ အချုပ်အနှောင်တွေနဲ့လဲ ကာရံထားတယ် ။ အဲ့တော့ အနားကပ်ဖို့ မဖြစ်နိုင်သလောက်နီးပါးပဲ "
သူ့စကားကြောင့် လောထျန်း လန့်သွားဟန်တူပြီးမှ ခေါင်းညိတ်ပြ၏။
" အဲ့ဒါကိုရဖို့ လွယ်မှာမဟုတ်ဘူး "
၎င်းမှာ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသမှလူများ လုပ်ထားကြသော အချုပ်အနှောင်တစ်ခု ဖြစ်နိုင်ကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းမိပြီးသားပင်.. ။
" တတိယတစ်ခုကတော့ .. ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် . "
ပိုင်ရှောက်က ပြောပြောဆိုဆိုပင် ထိုပစ္စည်းအကြောင်း ဆက်ရှင်းပြရန် ပြင်လိုက်သည်။
သို့သော်.. ထိုအမည်ကို ကြားသည်နှင့် လောထျန်းတစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွား၏။
ထို့နောက် သူ ပိုင်ရှောက်ဘက် ချက်ချင်းလှည့်ကြည့်၍ မေးသည်။
" မင်း ခုနက ဘာပြောလိုက်တာလဲ ၊ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် လို့ ပြောလိုက်တာလား "
သူ့ အသံမှာလည်း စိတ်လှုပ်ရှားမှုကြောင့် စူးလှပါ၏။
၎င်းမှာ သူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် နောက်ဆုံးလိုအပ်သည့် ပစ္စည်းပင် ။
သူ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲသို့ လာခဲ့ရသည့် အဓိကရည်ရွယ်ချက်မှာလည်း ထိုအရာကြောင့် ဖြစ်ပါသည်။
အစပိုင်းတွင်မူ ပြိုင်ပွဲတွင် ပထမရနိုင်မှသာ ထိုအရာကို ရမည်ဟု သူ ထင်ထားခဲ့ပါ၏။
ယခုလို လျှို့ဝှက်ဒေသထဲတွင် ရှိနေမည်ဟု မထင်မိပါချေ ။
သူ့အား နတ်ဘုရားက ကူညီပေးလိုက်သလိုပါပင်...
တဖက်မှ ပိုင်ရှောက်မှာလည်း လောထျန်း၏ တုန့်ပြန်ပုံကြောင့် တုန်လှုပ်သွားကြောင်း သိသာလှသည်။
သို့သော် လောထျန်းက မေးလာသည့်အတွက် သူ ခေါင်းညိတ်ပြလိုက်ပါ၏။
" ဟုတ်ပါတယ် ၊ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် ပါ "
" ငါ့ကို အဲ့ဆီခေါ်သွားပေး "
လောထျန်းတစ်ယောက် မေးခွန်းများ ဆက်မေးမနေ
တော့ဘဲ ပြောသည်။
ပိုင်ရှောက်မှာ တစ်ကိုယ်လုံးတုန်ကာ အလွန်တွန့်ဆုတ်နေဟန် ရှိသော်လည်း ခေါင်းညိတ်၍ ပြောရှာ၏။
" ဟုတ်ကဲ့ပါ သခင်ကြီး ..."
သူ ပြောပြီး လောထျန်းကိုသယ်ကာ လေထဲပျံတက်သွားသည်။
ဤသို့ဖြင့် သူတို့ပျံသန်းလာပြီး တခဏအကြာတွင်မူ.. ဘေးပတ်ဝန်းကျင် အပူချိန်က တစထက်တစ ပိုတိုးလာခဲ့သည်။
" သခင်ကြီး ၊ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က ရှေ့နားလေးမှာပါ ။ ဒါပေမယ့်... အဲ့ကိုမသွားဖို့ ကျုပ် အကြံပြုချင်ပါတယ် "
ပိုင်ရှောက်က ပျံသန်းနေရင်း ဆိုသည်။
" ဘာဖြစ်လို့လဲ "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
ပိုင်ရှောက်က အနည်းငယ်တွန့်ဆုတ်စွာ ပြန်ဖြေ
ရှာသည်။
" အဲ့မှာက အန္တရာယ်များလွန်းတယ်ဗျ "