အခန်း (၈၄၉)
Vol. 61 Ch. 849
" အန္တရာယ်များတယ်.. ဟုတ်လား "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
ပိုင်ရှောက် ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ... အဲ့မှာ အင်မတန် ကြောက်စရာကောင်းတဲ့ သားရဲကြီးတစ်ကောင် ရှိတယ် ။ အဲ့ကောင်ကြီးက တကယ်ကို အစွမ်းထက်တာ.. ။ ကျုပ်တို့လို သားရဲကြီးတွေတောင် အဲ့နား မကပ်ရဲကြဘူး "
လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။
" သားရဲ.. ဟုတ်လား ၊ ဘယ်လိုသားရဲမျိုးလဲ "
ပိုင်ရှောက် ပြန်ဖြေ၏။
" ကျုပ်.. တစ်ခါမှ မတွေ့ဖူးပါဘူး "
" ဟင်... "
လောထျန်း မျက်မှောင်ပိုကြုံ့သွားသည်။
တစ်ခါမှ မတွေ့ဖူးဘူးတဲ့လား..
ပိုင်ရှောက်က ချက်ချင်းရှင်းပြရှာ၏။
" ဒီလိုပါဗျာ... အဲ့နားကို ကပ်သွားတဲ့ နတ်ဆိုးသားရဲတိုင်းက သေရင်သေ ၊ မသေလဲ ဒဏ်ရာအပြင်းထန် ရသွားခဲ့ကြတာချည်းပဲ ။ ဒါကြောင့်မို့.. အဲ့ကောင်ကြီး ရှိနေမှန်းသိပေမယ့် ကျုပ်တို့ သူ့ကို တစ်ခါမှ မတွေ့ဖူးတာပါ "
သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရပြန်သည်။
အနားကပ်ရုံဖြင့် သေရင်သေ ၊ မသေရင် ဒဏ်ရာအပြင်းထန် ရတယ်တဲ့လား..
အဲ့လောက်တောင် ကြမ်းတာလား..
ထိုစဥ်မှာပင်..
ဝုန်း ...
ရှေ့မှ အပူလှိုင်းလုံးကြီးတစ်ခုက လောထျန်းဆီ တိုးဝင်လာသည်။
" သခင်ကြီး... သွားပြီဗျ ၊ အဲ့ကောင်ကြီး ထွက်လာပြီ... "
ပိုင်ရှောက်မှာ ထိုအပူလှိုင်းလုံးကြီးကို မြင်သည်နှင့် အကြောက်လွန်ပြီး တစ်ကိုယ်လုံးရှိ အမွေးများပင် ထောင်သွား၏။
အကယ်၍သာ ထိုအပူလှိုင်းလုံးကြီး သူ့ထံ ရောက်လာပါက သူ မသေလျှင်ပင် ဒဏ်ရာဆိုးရွားစွာ ရသွားပေမည်။
လောထျန်းမှာကား ၎င်းကိုကြည့်ကာ အနည်းငယ် အံ့သြသွားပြီးနောက် ရုတ်တရက် အကြံတစ်ခုရသွား၏။
ဝီ....
သူ့ကိုယ်မှ အအေးဓာတ်တစ်ခု ရုတ်ချည်းထုတ်လွှတ်လာသည်။
၎င်းမှာ ရွှမ်ပင်နတ်ဘုရားခန္ဓာကိုယ်၏ အရောင်အဝါ ပင်...
သူ ခွစီးထားသော ပိုင်ရှောက်၏ ခန္ဓာကိုယ် ချက်ချင်းအေးခဲသွား၏။
သို့သော်.. မကြာခင်မှာပင် အပူလှိုင်းလုံးကြီး ရောက်လာသဖြင့် သူ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံထားသော ရေခဲများ ပြန်အရည်ပျော်သွားပါသည်။
" ဒါ.... "
တခဏလေးအတွင်း သေမင်းနှင့် နှစ်ကြိမ်ရင်ဆိုင်လိုက်ရသော ပိုင်ရှောက်တစ်ယောက် လုံးဝ ဆွံ့အနေပါတော့သည်။
" စိတ်မရှိပါနဲ့ကွာ... ငါ အစွမ်းကို ကောင်းကောင်းမထိန်းချုပ်မိလိုက်ဘူး ။ နောက်ခါ သေချာထိန်းချုပ်ပြီးတော့ မင်းကို မထိခိုက်အောင် ဂရုစိုက်ပါ့မယ် "
လောထျန်း ပြောလာသည်။
အံ့အားသင့်နေသော ပိုင်ရှောက်မှာ သူ့ဘေးပတ်လည်မှ အပူချိန်က အမှန်တကယ်လည်း နေကောင်းထိုင်သာအခြေအနေသို့ ရောက်လာသည်ကို ခံစားမိ
လိုက်ပါ၏။
" သခင်ကြီးက... တကယ်ကို... "
သူ အလွန်လည်း အံ့သြမိနေပါသည်။
လောထျန်း၏ မှော်ရေခဲနတ်ဘုရားခန္ဓာကိုယ်က ထိုသို့လည်း အသုံးချ၍ ရသတဲ့လား..
" ကဲ.. အခု စကားမများဘဲ ရှေ့ကို ဆက်သွားရအောင် "
လောထျန်း ပြော၏။
ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က သူ့ရှေ့ လက်တစ်ကမ်းတွင် ရှိနေပြီ မဟုတ်ပါလား...
ဤသို့ဖြင့် သူတို့ ရှေ့ဆက်ပျံသွားပြီး တခဏအကြာမှာပင်..
ဝုန်း ...
များစွာသော အပူလှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု ဆက်တိုက် တိုးဝင်လာကြပြန်သည်။
" သခင်ကြီး... "
ပိုင်ရှောက်ထံမှ ကြောက်လန့်တကြားအော်သံ ထွက်လာသည်။
လောထျန်း ခေါင်းညိတ်ကာ ရေခဲအစွမ်းကို ထပ်ထုတ်လိုက်ပြန်၏။
သို့သော် ဤတစ်ကြိမ်တွင် သူ သတိထားပြီး ပမာဏအတိအကျ ထုတ်လွှတ်လိုက်သဖြင့် ပိုင်ရှောက်ကို ဘာမှ မထိခိုက်ခဲ့ပါ ။
" ဒါ... သခင်ကြီးက တကယ် အစွမ်းထက်တာပဲ "
ပိုင်ရှောက် ထိုစကားအား ရင်ထဲမှ နှစ်နှစ်ကာကာ ပြောလိုက်သည်။
အကယ်၍သာ လောထျန်း ရှိမနေခဲ့ပါက သူ အပူလှိုင်းလုံးများကြောင့် သေနေလောက်လေပြီ ။
" အဲ့ဒါ ဘယ်လိုသားရဲကြီးလဲ ။ ဘာလို့ အဲ့လိုအစွမ်းမျိုး ရှိနေရတာလဲ "
ထိုစဥ် လောထျန်းသည်ပင် အပူလှိုင်းလုံးများကို ကြ
ည့်ရင်း သိချင်စိတ်ဖြစ်သွားပါ၏။
တခဏကြာ ပျံသန်းပြီးနောက်တွင်ကား.. သူ့မြင်ကွင်းထဲ၌ မိုးထိုးနေသည့် သစ်ပင်အိုကြီးတစ်ပင် ပေါ်လာပါတော့သည်။
ထို သစ်ပင်အိုကြီး၏ အကိုင်းများနှင့် အရွက်များမှာ နီရဲတောက်အောင် ပူနေသော သံများနှင့် တူနေပြီး ၎င်းတို့ပေါ်တွင် မီးတောက်များလည်း မျောလွင့်နေသေး၏။
" ဟင်... အပူလှိုင်းလုံးတွေက အဲ့ကနေ လာခဲ့တာလား "
၎င်းကိုမြင်သော လောထျန်း အနည်းငယ် အံ့သြသွားပါသည်။
ထိုစဥ်မှာပင် ပိုင်ရှောက်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်လာသည်ကို သူ ခံစားလိုက်ရ၏။
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်သည်။
ပိုင်ရှောက်က အသံတုန်တုန်ဖြင့် ပြန်ဖြေရှာ၏။
" သခင်ကြီး... အဲ့သစ်ကိုင်းကို ကြည့်လိုက်ပါဦးဗျာ... "
လောထျန်း သူ ပြသည့်နေရာသို့ မော့ကြည့်လိုက်ရာ...
သစ်ကိုင်းပေါ်တွင် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက သစ်ပင်အို၏ ပင်စည်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ လောထျန်းတို့နှစ်ယောက်အား စိုက်ကြည့်နေပါ၏။
လက်ရှိတွင် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက မများလှပါချေ။
အမျိုးသမီး အော်ပြောလာသည်။
" ဒီကို မလာခဲ့နဲ့... အန္တရာယ်များလွန်းတယ် "
သူမ ပါးစပ်ဟကာ စကားပြောလိုက်သည်နှင့်....
ဝုန်း... ဝုန်း.. ဝုန်း....
အပူလှိုင်းလုံးများ လောထျန်းဆီ တိုးဝင်လာ၏။
" ဟင်... ဒါက... "
၎င်းကိုမြင်သည့် လောထျန်းရော ၊ ပိုင်ရှောက်ပါ အံ့အားသင့်သွားကြသည်။
အပူလှိုင်းလုံးကြီးများက ထိုအမျိုးသမီးထံမှ ထွက်လာတာလား...
ထိုစဥ် အမျိုးသမီးမှာလည်း စကားပြောပြီးပြီးချင်း သူမ အမှားလုပ်မိသွားကြောင်း ရိပ်မိသွားပုံဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်သည်။
သို့သော် ကံကောင်းစွာပင် လောထျန်းက မှော်ရေခဲနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းထားခဲ့သဖြင့် အပူလှိုင်းလုံးများက သူ့အား ဘာဒုက္ခမှ မပေးနိုင်ခဲ့ပါချေ။
" ဟင် ... "
တဖက်မှ မိန်းမပျိုမှာ ထိုမြင်ကွင်းကိုကြည့်ပြီး မှင်သက်နေရှာ၏။
" ရှင်တို့.. အဆင်ပြေရဲ့လား.. "
သူမ တအံ့တသြ မေးလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း..
အပူလှိုင်းလုံးကြီးများ ထပ်ထွက်လာပြန်၏။
၎င်းကို မြင်ရပြီးနောက်တွင်မူ လောထျန်းနှင့် ပိုင်ရှောက်တို့ နှစ်ယောက်လုံး အခြေအနေအား သေချာနားလည်သွားပါသည်။
အပူလှိုင်းလုံးများက ထိုအမျိုးသမီး၏ လက်ချက်ပါပင် ..
" နေပါဦး... မင်းက ကျုပ်တို့ကို ဘာဖြစ်လို့တိုက်ခိုက်နေတာလဲ "
လောထျန်း မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
တဖက်မှ အမျိုးသမီးက မြန်မြန်လက်ကာပြ၍
ပြန်ပြော၏။
" မဟုတ်ပါဘူး... ရှင်တို့ကို တိုက်ခိုက်မလို့ မဟုတ်ဘူး.... "
ဝုန်း.... ဝုန်း .... ဝုန်း ....
သူမ စကားဆုံးချိန်မှာပင် ကြောက်မက်ဖွယ် အပူလှိုင်းလုံးကြီးများ လောထျန်းဆီ တိုးဝင်လာပြန်သည်။
လောထျန်းနှင့် ပိုင်ရှောက်တို့ တခဏမျှ ဆွံ့အသွားကြ၏။
၎င်းကိုမြင်သော အမျိုးသမီးက အခြားတဖက်သို့ ချက်ချင်းခေါင်းလှည့်၍ ဆိုရှာသည်။
" တောင်းပန်ပါတယ်ရှင်.. ကျွန်မ မေ့သွားတာ ။ ကျွန်မ ဒီတိုင်းပုံမှန်လို ပြောလို့မရဘူး "
ဤတစ်ကြိမ်တွင်မူ အပူလှိုင်းလုံးကြီးများက အခြားဘက်သို့သာ ထွက်သွားပါ၏။
လောထျန်းမှာ ၎င်းကိုကြည့်ရင်း ဆွံ့အလျက်...
ထို့နောက် သူ အမျိုးသမီးကို ကြည့်ကာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ ၊ တကယ်လဲ နားလည်မှုလွဲသွားတာပဲ ။ ကျုပ်က ဒီကို ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် နည်းနည်းလောက် တောင်းဖို့ လာခဲ့တာပါ ။ မိန်းကလေး အနေနဲ့ ကျုပ်ကို ပေးနိုင်မလားဗျာ "
လောထျန်းသည် ပုံမှန်တွင်လည်း သတ်ဖြတ်ရန်သာ ခေါင်းထဲသိသည့် သွေးဆာသူတစ်ယောက် မဟုတ်သဖြင့် တိုက်ခိုက်ရန် ရှောင်လွှဲ၍ရလျှင် အတတ်နိုင်ဆုံး ရှောင်ပါ၏။
သို့သော်..
" မပေးနိုင်ဘူး "
အမျိုးသမီးက တန်းငြင်းသည်။
" ဟင်... "
လောထျန်း မျက်မှောင်ကြုံ့သွားတော့၏။
သို့ဆိုလျှင် သူ အားသုံးပြီး ယူရပါမည်လား...
ထိုစဥ် တဖက်မှ အမျိုးသမီးက မျက်မှောင်ကြုံ့သွားသော လောထျန်းကို ကြည့်ရင်း ကူကယ်ရာမဲ့ပုံဖြင့် ပြောလာသည်။
" ရှင် နားလည်မှုလွဲနေပြီ ။ ကျွန်မ ရှင့်ကို မပေးချင်လို့မဟုတ်ဘူး... လောလောဆယ်မှာ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က သေချာအရွယ်မရောက်သေးဘူးရှင့် ။ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်အဆင့်တောင် မရောက်သေးဘူး ။ အဲ့တော့. .. ရှင်ယူသွားလဲ အသုံးဝင်မှာ မဟုတ်ဘူး "
ဤတစ်ကြိမ်တွင်မူ သူမ မေ့ပြီး လောထျန်းအား မျက်နှာချင်းဆိုင် ပြောလိုက်သဖြင့်...
များစွာသော အပူလှိုင်းလုံးကြီးများ လောထျန်းမျက်နှာသို့ တိုးဝင်သွားကြသည်။
၎င်းကိုမြင်သော ပိုင်ရှောက်မှာ ဆွံ့အလျက်...
သို့သော် လောထျန်းကမူ ထိုအပူလှိုင်းလုံးကြီးများကို သတိပင် ထားမိပုံမရဘဲ တအံ့တသြ ပြန်မေး၏။
" အရွယ်မရောက်သေးဘူး.. ဟုတ်လား ၊ ဒါဆို ဘယ်
အချိန်မှ အရွယ်ရောက်မှာလဲ "
အမျိုးသမီးက တခဏကြာ စဥ်းစားပြီးမှ ပြန်ပြောရှာသည်။
" အနည်းဆုံး... နောက်ထပ် နှစ်တစ်ထောင်လောက်တော့ အချိန်ကြာဦးမယ်ထင်တယ် "
" ဘယ်လို... "
လောထျန်း၏ မျက်နှာကြီး ရှုံ့မဲ့သွားတော့၏။
နောက်ထပ် နှစ်တစ်ထောင်တဲ့လား...
သူ ဤမျှနှစ်အကြာကြီးကို ဘယ်လို စောင့်နိုင်ပါမည်လဲ...
" အဲ့ထက် ပိုမြန်လို့ မရဘူးလား "
လောထျန်း မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
မိန်းမပျိုမှာ လောထျန်းက သူမ၏ အပူလှိုင်းလုံးအား ကြောက်ရွံ့ပုံ မရသည်ကို တွေ့ပြီး စိတ်သက်သာရာ ရသွားပုံဖြင့် ပြော၏။
" တကယ်တော့ ဖြစ်နိုင်တယ် ။ ဒါပေမယ့်... ဒီမှာ ပြဿနာလေးတွေ နည်းနည်းရှိနေတာကြောင့် ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က အရွယ်ရောက်တာ နှေးသွားတာ "
" ဘာပြဿနာ ရှိလို့လဲ "
လောထျန်း ထပ်မေးလိုက်သည်။
အမျိုးသမီး သက်ပြင်းချလိုက်၏။
ဝုန်း...
သူမ ထိုသို့ သက်ပြင်းချရာမှ ထွက်လာသော အပူလှိုင်းမှာ စကားပြောစဥ် ထွက်လာသည့် လှိုင်းလုံးများထက် ဆယ်ဆလောက်ပင် ပိုအားပြင်းပါသည်။
သို့သော် ကံကောင်းစွာပင် လောထျန်း၏ မှော်ရေခဲနတ်ဘုရားခန္ဓာကိုယ်က လုံလောက်အောင် အစွမ်းထက်ထားပါ၏။
တဖက်မှ အမျိုးသမီးမှာ အပူလှိုင်းကိုမြင်မှ လန့်သွားကာ အခြားဘက်သို့ လှည့်၍ ပြောရှာသည်။
" ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က မီးတောက်တွေကို စုပ်ယူပြီးမှ ကြီးထွားတာ ။ အရင်ကတော့ သူ့ရဲ့ ကြီးထွားနှုန်းကို လုံလောက်အောင် အထောက်အကူပေးတဲ့ အစီအမံ ရှိထားတယ်ရှင့် ။ ဒါပေမယ့်.. လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဒီ လျှို့ဝှက်ဒေသ အောက်ခြေမှာရှိတဲ့ အချုပ်အနှောင် ပြေလျော့လာပြီးတော့ အစီအမံကို ထိခိုက်သွားခဲ့တယ် ။ အဲ့တော့ အစီအမံကနေ ထုတ်ပေးတဲ့ မီးအစွမ်းကလဲ အများကြီး လျော့သွားခဲ့တာပေါ့ရှင် ။ အဲ့လိုနဲ့ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်ရဲ့ ကြီးထွားနှုန်းလဲ အများကြီး နှေးသွားခဲ့တယ် "
ပိုင်ရှောက်မှာ အဝေးသို့ လွင့်ထွက်သွားသော အပူလှိုင်းလုံးများအား အူကြောင်ကြောင် ကြည့်လျက်...
ထိုစကားကို ကြားသောအခါ လောထျန်းက အပြုံးဖြင့် ဆို၏။
" အဲ့ဒါက လွယ်ပါတယ် ။ ကျုပ် အဲ့အစီအမံကို ပြင်ပေးမယ် "
" ဟင်.. တကယ်ကြီးလား "
သူ့စကားကြောင့် မိန်းမပျို အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
လောထျန်းဆီသို့လည်း အပူလှိုင်းလုံးများ တိုးဝင်လာ၏။