အခန်း (၈၅၀)
Vol. 61 Ch. 850
" တောင်းပန်ပါတယ်ရှင် "
အမျိုးသမီး ချက်ချင်း ဘေးလှည့်ကာ အားနာစကား ဆိုရှာသည်။
လောထျန်းမှာ ဆွံ့အလျက်..
" လောလောဆယ် အဲ့ဒါကို ထားလိုက်ပါ ။ အခု ကျုပ်ကို အစီအမံရှိတဲ့ဆီ ခေါ်သွားပေး "
လောထျန်း ပြောလိုက်၏။
" ကျွန်မနဲ့ လိုက်ခဲ့ပါရှင် "
အမျိုးသမီး ပြောပြီး သစ်ပင်အို၏ အမြစ်များရှိရာ အောက်ဘက်သို့ ပျံဆင်းသွားသည်။
" အဲ့မှာပါ "
ထို့နောက် သူမ သစ်ပင်မြစ်များကို ညွှန်ပြရင်း ဆိုသည်။
လောထျန်း တအံ့တသြ ပြန်မေးလိုက်၏။
" အဲ့ဒါ မူလအဆင့် မသေမျိုးအစီအမံလား "
လက်ရှိတွင် အစီအမံမှာ ပျက်စီးနေသည့်တိုင် မူလအဆင့် မသေမျိုးအစီအမံဖြစ်ကြောင်း သိသာနေပါသေးသည်။
အမျိုးသမီးက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ် ၊ အဲ့ဒါ မူလအဆင့် မသေမျိုးအစီအမံပဲ ။ ရှင် ပြင်ပေးလို့ရမလား.. "
သူမ ပြောကာ လောထျန်းအား မျှော်လင့်တကြီး ကြည့်လိုက်သည်။
လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" နဂိုအတိုင်းကြီး ပြန်ဖြစ်အောင်တော့ လုပ်ဖို့ခက်မယ် "
သူ့စကားကြောင့် အမျိုးသမီး မျက်နှာလေးညိုးသွားရှာသည်။
" ဒါဆိုရင်... "
လောထျန်းက စကားဆက်၏ ။
" ပြင်ပြီးသွားရင်တော့.. အရင်ထက် အများကြီး ပိုအစွမ်းထက်သွားမှာ "
" ဟင်.... "
အမျိုးသမီး အူကြောင်ကြောင်မျက်နှာလေး ဖြစ်သွားတော့သည်။
အစီအမံက လုံးဝသုံးစားမရသည့် အခြေအနေသို့ ရောက်နေပြီဟု သူမ ထင်နေချိန်တွင်..
လောထျန်းက ထိုစကားမျိုး ပြောလာသတဲ့လား...
" ဒါဆိုရင်.. ကျေးဇူးပြုပြီးတော့ အစီအမံကို ပြင်ပေးပါရှင်... အဲ... တောင်းပန်ပါတယ် "
အမျိုးသမီး စိတ်လှုပ်ရှားသွားကာ လောထျန်းအား ပြောလိုက်ပြီးမှ အပူလှိုင်းလုံးများ ထွက်လာပြန်သဖြင့် အလန့်တကြား ဘေးလှည့်လိုက်ရပြန်၏။
လောထျန်း ဆွံ့အသွားရပြန်သော်လည်း လက်ကာပြ၍သာ ပြောလိုက်ပါသည်။
" ကျုပ် ပြင်ပေးပါ့မယ် ။ ဒါပေမယ့်.. ပြင်ပြီးသွားရင်တော့ ကျုပ် ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်ကို နည်းနည်းယူမယ်နော် "
အမျိုးသမီးက တုန့်ဆိုင်းမနေဘဲ ချက်ချင်းပြန်ပြော၏။
" ရပါတယ်ရှင်.. ပြဿနာမရှိပါဘူး "
အမျိုးသမီးက သဘောတူသည်ကို မြင်မှ လောထျန်း ပိုင်ရှောက်အား လက်ဖြင့်ပုတ်၍ ပြောလိုက်သည်။
" အောက်ကို သွားကြစို့ "
" ဟင်.. "
ပိုင်ရှောက်မှာ ထိုစကားကိုကြားပြီး လဲကျမလိုပင် ဖြစ်သွားပါ၏။
အောက်ကို ဆင်းမယ်တဲ့လား..
အောက်ဘက်တွင် မူလအဆင့် မသေမျိုးအစီအမံကြီး ရှိပါသည်။
သို့သော်.. လောထျန်း၏ ဖိအားကြောင့် သူ မည်သို့မှ မတတ်နိုင်ဘဲ ခိုင်းသည့်အတိုင်းသာ လုပ်လိုက်ရပါ၏။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ လောထျန်းကိုသယ်၍ အစီအမံ၏ အစွန်ပိုင်းနားလေးသို့ ရောက်သွားသည်။
" ဒီမှာ ပျက်စီးနေတဲ့ထွင်းစာတွေ ၃၇၀၀ နဲ့ ပျောက်နေတဲ့အပိုင်းတွေ ၁၂ ခုတောင် ရှိတယ် ။ ဒါတွေကိုသာ သေချာပြင်လိုက်ရင် အဆင်ပြေမှာပါ "
လောထျန်း ပြောကာ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ အစီအမံအား စတင်ပြင်ဆင်လိုက်သည်။
သူ ထိုသို့ ပြင်နေချိန်မှာပင်..
လျှို့ဝှက်ဒေသ အခြားတစ်ဖက်ရှိ ၊ ယဲ့ဖူရှောက်နှင့် ဖန်ကွေ့၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းထားသော ချီကျိုးရှန့် တို့မှာလည်း အစီအမံကြီး တစ်ခုရှေ့ ရပ်နေကြသည်။
" ဒါ.. မူလအဆင့် မသေမျိုးအစီအမံလား ... "
ရှေ့မှ အစီအမံကိုကြည့်ရင်း ယဲ့ဖူရှောက် တုန်လှုပ်သွား၏။
လက်ရှိ ကမ္ဘာကြီးတွင် မူလအဆင့် မသေမျိုးအစီအမံပညာရှင်များ မရှိသလောက်ပင် ဖြစ်နေပြီး.. မူလအဆင့် မသေမျိုးအစီအမံကို ပြုလုပ်နိုင်သူမှာလည်း အနည်းငယ်လေးသာ ရှိပါသည်။
ယဲ့ဖူရှောက်သည်လည်း မသေမျိုးအစီအမံပညာရှင် တစ်ဦးဖြစ်ရာ သူ့ရှေ့မှ အစီအမံကို တွေ့သည်နှင့် လိုချင်တပ်မက်စိတ် ဖြစ်သွားခဲ့သည်။
သို့သော်.. သခင်ကြီးက အေးစက်စက် ပြောလာပါ၏။
" အမှိုက်ပါကွာ... "
သူ ပြောပြောဆိုဆိုပင် အစီအမံပေါ် လက်တစ်ဖက် တင်လိုက်သည်။
ထို့နောက်တွင် ထူးဆန်းသော အစွမ်းတစ်ခု စီးဆင်းလာပြီး မူလအဆင့် မသေမျိုးအစီအမံအား အလွန်လျင်မြန်သောနှုန်းဖြင့် တိုက်စားလာ၏။
ဝီ ...
တစ်ချိန်တည်းမှာပင် အစီအမံ၏ အဆုံးဘက်မှ ခပ်တိုးတိုး အသံတစ်သံလည်း ထွက်လာသည်။
" ဒါ... "
၎င်းကိုမြင်သော ယဲ့ဖူရှောက် မျက်လုံးပြူးသွား၏။
သို့သော် သခင်ကြီးဆိုသူကမူ မျက်လုံးများ စူးရှနေပါသည်။
" ခဏစောင့်လိုက်... မင်းရဲ့ သခင်ကြီး လာနေပြီ "
သူ တီးတိုးရေရွတ်သည်။
အခြားတဖက် ၊ လောထျန်း ရှိသည့်နေရာ၌ ...
နောက်ဆုံးထွင်းစာကို ရေးလိုက်ပြီးနောက် လောထျန်း သူ့စိတ်ဝိဥာဥ်အစွမ်းအား ပြန်ရုတ်သိမ်းလိုက်သည်။
ဝုန်း...
တစ်ချိန်တည်းနီးပါးမှာပင် အစီအမံက အသက်ဝင်လာပြီး..
ကြောက်မက်ဖွယ် မီးတောက်ကြီးတစ်ခု ထွက်လာသည်။
ဝီ...
သစ်ပင်အိုကြီးဆီမှလည်း နတ်ဘုရားအလင်းတန်းများ ထွက်လာ၏။
" ဝိုး.. ကောင်းလိုက်တာ "
အမျိုးသမီးက ၎င်းကိုကြည့်ရင်း လက်ခုပ်လက်ဝါးတီး၍ ပြောသည်။
ထို့နောက် သူမ လောထျန်းနှင့် ပိုင်ရှောက်ဘက် လှည့်လာကာ မျက်ရည်ပြည့်နေသော မျက်လုံးများဖြင့် လောထျန်းအား ဦးညွှတ်လိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီး ။ သခင်ကြီးကြောင့်သာ မဟုတ်ရင်.. ကျွန်မ ဘာလုပ်မိမလဲတောင် မသိပါဘူးရှင် ။ ဒီအပင်လေးက ကျွန်မရဲ့မိဘတွေ ချန်
ထားပေးခဲ့တဲ့ အမွေအနှစ်ပါ ။ တကယ်လို့ ဒီအပင်လေးသာ ညိုးနွမ်းပြီး သေသွားခဲ့ရင် ကျွန်မမှာ သူတို့နဲ့ပတ်သက်တဲ့ အမှတ်တရ ဘာမှရှိတော့မှာမဟုတ်ဘူး "
စကားဆုံးချိန်တွင် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့၏။
လောထျန်းမှာ သူမ၏စကားကြောင့် အံ့အားသင့်နေပြီးမှ မေးလိုက်သည်။
" မင်းမိဘတွေ ချန်ခဲ့တာ.. ဟုတ်လား ၊ မင်းမိဘတွေက ဘယ်သူတွေလဲ ကျုပ် သိလို့ရမလား "
ပိုင်ရှောက်ကလည်း ထိုအဖြေကို စိတ်ဝင်စားနေဟန်ဖြင့် ခေါင်းညိတ်၏။
အမျိုးသမီးက ပြန်ဖြေရှာသည်။
" ကျွန်မရဲ့အဖေကတော့ ခြေသုံးချောင်းရွှေကျီးကန်းပါ ။ အမေကတော့ မီးတောက်ဖီးနစ်ငှက် ပါရှင်... "
လောထျန်းတစ်ယောက် ခဏတာမျှ အသံတိတ်နေပြီးမှ ခေါင်းညိတ်၍ ပြော၏။
" အဲ့လိုကိုး ..... "
ပိုင်ရှောက်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
ထို့နောက် လောထျန်း ဆက်မေး၏။
" ဒါဆို.. မင်းရဲ့ မိဘတွေကလဲ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကြောင့် ဒီမှာ ပိတ်လှောင်ခံထားရတာလား "
အမျိုးသမီး အံ့သြသွားကာ ပြန်ပြောသည်။
" ပိတ်လှောင်ခံရတာ မဟုတ်ပါဘူးရှင် ။ ကျွန်မရဲ့ မိဘတွေက ဟိုမိစ္ဆာကောင်ကြီးကို ဖိနှိပ်တဲ့နေရာမှာ ကူညီဖို့အတွက် လိုလိုလားလားနဲ့ ဒီကိုလာခဲ့ကြပြီးတော့ ဒီမှာပဲ အသက်ဆုံးသွားခဲ့ကြတာပါ ။ ဒါပေမယ့် အဲ့ချိန်ကတော့ ကျွန်မက ဥပဲရှိသေးတာမို့ သူတို့ကို ဘာမှမကူညီပေးနိုင်ခဲ့ဘူး "
သူမအသံမှာ ပြောနေရင်း ဝမ်းနည်းလာဟန်ဖြင့် ပိုပို၍ တိမ်ဝင်လာ၏။
အကယ်၍သာ မျက်နှာကို ဆက်တိုက်ရိုက်ခတ်နေ
သော အပူလှိုင်းလုံးများကြောင့်သာ မဟုတ်လျှင် လောထျန်း သူမကို သနားမိမည် မလွဲပါချေ။
သို့သော် သူမ၏ စကားထဲမှ သူ အချက်အလက်အချို့ သိလိုက်ရပါသည်။
" မိစ္ဆာကောင်.. ဟုတ်လား ၊ ဒီ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာ ဖိနှိပ်ခံထားရတဲ့ ကောင်ကြီးကို ပြောတာလား "
လောထျန်း မေးလိုက်သည်။
ယွဲ့လီပြောခဲ့သည့်အတိုင်း ဆိုလျှင်လည်း ဤလျှို့ဝှက်ဒေသ၌ ကြောက်စရာအရာကြီးတစ်ခုကို ဖိနှိပ်ချုပ်နှောင်ထားသည်ဟု ဆိုပါ၏။
အမျိုးသမီးက ခေါင်းညိတ်ပြ၍ ပြန်ပြောသည်။
" ဟုတ်တယ်ရှင့် ၊ အဲ့ကောင်ကြီးက အင်မတန်လဲ အစွမ်းထက်တယ် ။ ကျွန်မ ဥဘဝပဲ ရှိသေးတဲ့အချိန် မိဘတွေပြောတာ ကြားဖူးတာတော့... အဲ့ကောင်ကြီးကို ဖိနှိပ်နိုင်ဖို့ မူလအဆင့် မသေမျိုးအစီအမံပညာရှင် ကိုးယောက် ၊ မသေမျိုးဘုရင် ၁၂ ယောက် နဲ့ သူတို့နှစ်ယောက် ... အားလုံးက ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတာတဲ့ "
ထိုစကားကြောင့် လောထျန်းတစ်ယောက် နှစ်လုံးခုန် မြန်သွားသလိုပါပင်...
ထိုသို့သော အစွမ်းမျိုး ပိုင်ဆိုင်ထားသူမှာ အမှန်တကယ်လည်း ကြောက်စရာကောင်းပေမည်။
ဤမျှအင်အားသုံးပြီး ဖိနှိပ်ခဲ့ရသည့် ကောင်က ဘာပါနည်း ...
" အဲ့ကောင်က ဘယ်လိုကောင်မျိုးလဲ "
လောထျန်း မေးလိုက်သည်။
အမျိုးသမီးက ခေါင်းယမ်းကာ ပြန်ပြော၏။
" ကျွန်မလဲ မသိဘူး ။ အဲ့တုန်းက ကျွန်မ ဉာဏ်ရည်လဲ သိပ်မဖွံ့ဖြိုးသေးတော့ နည်းနည်းလေးပဲ မှတ်မိတာ "
ထိုစကားကို ကြားပြီးနောက်တွင်မူ လောထျန်း မေးခွန်းများ ဆက်မေးမနေတော့ပါ ။ ထိုကိစ္စက သူနှင့်လည်း ဘာမှ သိပ်မပတ်သက်ဘူး မဟုတ်ပါလား.. ။
လက်ရှိတွင် သူ ဂရုအစိုက်ဆုံးအရာမှာ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် ဖြစ်ပါသည်။
" မိန်းကလေး ... "
" ကျွန်မကို ယွမ်ယင်လို့ ခေါ်ပါရှင် "
အမျိုးသမီးက ပြန်ပြောသည်။
လောထျန်း ခေါင်းတစ်ချက်ညိတ်၍ ဆက်ပြော၏။
" ဒီနာမည်နဲ့ တကယ်လဲ လိုက်ဖက်ပါပေတယ် ။ အဲ... ဒီ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က ဘယ်အချိန် အရွယ်ရောက်မှာလဲ "
ယွမ်ယင်က သစ်ပင်အိုအား ခေါင်းမော့ကြည့်ရင်း ပြန်ဖြေသည်။
" သခင်ကြီးရဲ့ အစီအမံက တကယ်လဲ အံ့မခန်းပါပဲရှင်.. အရင်ထက်လဲ အစွမ်းထက်တယ် ။ လက်ရှိနှုန်းအတိုင်းနဲ့ဆိုရင်.. အလွန်ဆုံး နောက်သုံးရက်လောက် နေတာနဲ့ ကောင်းကောင်းကြီး အရွယ်ရောက်လာတော့မှာ ။ လေးရက်ထက်တောင် မကျော်နိုင်ဘူး
။ ဒါပေမယ့်.. ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က အရွယ်ရောက်ပြီးသွားရင် တစ်ရက်ပဲခံပြီးတော့ ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ ကြုံရတယ်ရှင့် ။ အဲ့ကျရင် ဒီလို အစီအမံမျိုးနဲ့ အစွမ်းဖြည့်ပေးရင်တောင် နောက်ဆယ်နှစ်ကျော်လောက်မှ ပြန်ပြီးအရွယ်ရောက်လာမှာ "
ထိုစကားကြောင့် လောထျန်း မျက်နှာဝင်းသွားသည်။
သုံးရက်ဆိုလျှင် သူ သေချာပေါက် စောင့်နိုင်ပါသည်။
ထိုသို့တွေးပြီးနောက် သူ တင်ပျင်ခွေထိုင်ချလိုက်၏။
" ယွင်ယင်.. ပြီးခဲ့တဲ့နှစ်တွေမှာ မင်း တစ်ယောက်တည်းပဲ နေခဲ့ရတာလား "
ယွမ်ယင်က ခေါင်းညိတ်ပြရှာသည်။
" ဟုတ်တယ်ရှင့်.. အရင်ကတော့ စူးစမ်းစိတ်နဲ့ ကျွန်မဆီ ရောက်လာကြတဲ့သူ တစ်ယောက်၊နှစ်ယောက် ရှိခဲ့သေးတယ် ။ ဒါပေမယ့်.. သူတို့ကလဲ
ကျွန်မ စကားပြောလိုက်တာနဲ့ သေသွားခဲ့ကြတယ် ။ အဲ့ဒါနဲ့ ကျွန်မလဲ ကြောက်သွားခဲ့ပြီးတော့ နောက်လူလာတာ မြင်တဲ့အခါ အဝေးကနေပဲ မလာကြဖို့ လှမ်းအော်ပြောခဲ့တယ် ။ ဒါပေမယ့် အဲ့လိုအော်လိုက်တာနဲ့ သေတဲ့သူသေ ၊ မသေရင်လဲ ဒဏ်ရာအပြင်းထန်ရသွားခဲ့ကြတာ ။ အဲ့နောက်ပိုင်းတော့ ကျွန်မဆီကို ဘယ်သူမှ မလာရဲကြတော့ဘူး "
ထိုသို့ပြောနေရင်း သူမ စကားခဏရပ်ပြီး လောထျန်းကို ကြည့်သည်။
" သခင်ကြီးကတော့ ခြွင်းချက်ပေါ့ရှင်... ။ ကျွန်မ ဘာတွေပြောပြော သခင်ကြီးက ဘာမှဖြစ်မသွားဘူး.. တကယ်ကို အံ့သြစရာပါပဲ "
လောထျန်း မျက်နှာကြီး ရှုံ့မဲ့သွားသည်။
" ကျုပ်ကို ချီးကျူးတယ်လို့ပဲ မှတ်ယူလိုက်ပါ့မယ် "
ထို့နောက် သူ ရုတ်တရက် အတွေးရသွားဟန်ဖြင့် ပြော၏။
" ယွမ်ယင်... မင်း စကားပြောတဲ့အခါ လူတွေသေကြတဲ့ ပြဿနာကို ဖြေရှင်းချင်လား "
ယွမ်ယင် အံ့သြသွားဟန်ပေါ်ကာ ပြန်မေးသည်။
" သခင်ကြီးက အဲ့ဒါကို ဖြေရှင်းနိုင်တာလား "
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" မင်းအတွက် အသုံးဝင်နိုင်တဲ့ အစီအမံတစ်ခုကို ကျုပ် စဥ်းစားမိတယ် ။ ကြိုးစားကြည့်ချင်လား.. "
ယွမ်ယင် တုန့်ဆိုင်းမနေဘဲ ပြောသည်။
" ကြိုးစားချင်ပါတယ် "