← Chapters

အခန်း (၈၅၁)

Vol. 61 Ch. 851

အခန်း (၈၅၁)

Vol. 61 Ch. 851

" ခဏလေးစောင့်.. "

လောထျန်း ပြောကာ ပိုင်ရှောက်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။

" ဘာလုပ်မလို့လဲ သခင်ကြီး "

ပိုင်ရှောက်မှာ လောထျန်း၏အကြည့်ကို မြင်သည်နှင့် တစ်စုံတစ်ခု လွဲချော်နေပြီဖြစ်ကြောင်း သိလိုက်သည်။

" ငါ မင်းရဲ့ အမွေးနည်းနည်း နှုတ်ချင်လို့ "

လောထျန်းက ပြောပြောဆိုဆိုပင် တဖက်လူ သဘောတူသည် ၊ မတူသည်ကို ဂရုမစိုက်ဘဲ ငှက်မွေးလက်တစ်ဆုပ်စာ နှုတ်လိုက်၏။

အား...

ပိုင်ရှောက်ထံမှ နာကျင်နေသည့် အော်သံကြီး ထွက်

လာသည်။

သူ လောထျန်းအတွက် အခိုင်းအစေတစ်ယောက်လို လုပ်ပေးခဲ့ပါလျက်... နောက်ဆုံးတွင် အမွေးနှုတ်ခံရသေးသတဲ့လား..

ယခုလို ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့ပါက ယနေ့တစ်နေ့လုံး အသိုက်ထဲမှ ခြေတစ်လှမ်းပင် ခွာမိမည် မဟုတ်ပါချေ။

ထိုစဥ် တဖက်မှ လောထျန်းက ပိုင်ရှောက်၏ အမွေးများအား ဟိုလိမ်ဒီကောက်ဖြင့် တစ်စုံတစ်ခုကို ယက်လုပ်နေပါ၏။

သို့သော် သူ ထိုသို့လုပ်နေရင်း တစ်ဝက်ခန့်မှာပင် ငှက်မွေးများ မလုံလောက်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် သူ ပိုင်ရှောက်ဘက် ထပ်လှည့်ကြည့်လိုက်၏။

" အင်.... "

ပိုင်ရှောက် ဆွံ့အသွားရပြန်တော့သည်။

သို့သော်... လောထျန်း၏ စူးစူးရဲရဲ အကြည့်အောက်တွင် သူ မည်သို့မှ မတတ်နိုင်ဘဲ ငှက်မွေးလက်တစ်ဆုပ်စာကို ယူ၍ လောထျန်းအား ပေးလိုက်ရပါ၏။

လောထျန်းက ၎င်းကိုကြည့်ပြီး ခေါင်းညိတ်ကာ လုပ်စရာရှိသည်ကို ဆက်လုပ်နေလိုက်သည်။

သို့သော်... တခဏအကြာတွင် သူ ခေါင်းပြန်မော့လာကာ ပိုင်ရှောက်ဘက် ထပ်ကြည့်လာပြန်၏။

" ဟာ..... "

ပိုင်ရှောက် ငိုချတော့မလို ဖြစ်သွားပြီး ငှက်မွေးလက်တစ်ဆုပ်စာ နှုတ်ယူ၍ လောထျန်းအား ပေးလိုက်ရပြန်သည်။

လောထျန်းမှာ ၎င်းကိုကြည့်ပြီး အံ့အားသင့်သွားပုံဖြင့် ပြန်မေးလာ၏။

" မင်း ဘာလုပ်နေတာလဲ "

ပိုင်ရှောက် မေးခွန်းပြန်ထုတ်လိုက်သည်။

" သခင်ကြီးလိုချင်တာ မဟုတ်ဘူးလား "

လောထျန်းက ခေါင်းယမ်းရင်း ပြန်ပြောသည်။

" မလိုတော့ဘူးလေ ။ ခုနက နှစ်ကြိမ်နဲ့တောင် လုံလောက်သွားပြီ "

ပိုင်ရှောက် မျက်လုံးပြူးသွား၏။

" ဒါဆို.. ကျုပ်ဘက်ကို ဘာလို့ ကြည့်လာတာလဲ "

လောထျန်းက အေးဆေးပင် ပြန်ပြောသည်။

" ငါ ဇက်ညောင်းလို့ ဒီတိုင်း ခေါင်းမော့လာတာလေကွာ ။ အဲ့ချိန်မှာ မင်းက အမွေးတွေ စနှုတ်နေတာ "

" ဒါ..... "

ပိုင်ရှောက် ရူးသွားတော့မလိုပင် ခံစားလိုက်ရပါသည်။

၎င်းကိုမြင်သော ယွမ်ယင်က စိုးရိမ်တကြီး ပြောလာပါ၏။

" သခင်ကြီး ၊ ကျွန်မ တောင်းပန်ပါတယ်ရှင်.. ဒါတွေအားလုံး ကျွန်မအပြစ်ပါ ။ ကျွန်မကြောင့် ရှင့်အမွေး

တွေ ကုန်သွားရပြီ "

" ဒီလိုလုပ်ပါလား.... "

ယွမ်ယင်က ပြောပြောဆိုဆိုပင် သူမ၏ဆံပင် လက်တစ်ဆုပ်စာကို ဆွဲနှုတ်လိုက်သည်။

ဝီ..

မကြာခင်မှာပင် ထိုဆံပင်များက နတ်ဘုရားငှက်အမွေးများအဖြစ် ပြောင်းသွားကာ အားပြင်းသောအစွမ်းတစ်ခု ထုတ်လွှတ်လာ၏။

" ဒီငှက်မွေးတွေက သခင်ကြီးအတွက်ပါ.. "

သူမ အပြုံးဖြင့် ဆိုလိုက်သည်။

ပိုင်ရှောက်မှာ မျက်လုံးအပြူးသားဖြင့် ယွမ်ယင်အား စိုက်ကြည့်နေကာ အခြေအနေကို မယုံနိုင် ဖြစ်နေရှာပါ၏။

ယွမ်ယင်၏ သွေးအစွမ်းမှာ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ သွေးအစွမ်းဟု သတ်မှတ်၍ရပါသည်။

သို့ဖြစ်သဖြင့် သူမ၏ အမွေးအတောင်လေး တစ်ခုသည်ပင် ခန့်မှန်း၍မရလောက်အောင် အဖိုးထိုက်တန်ပါ၏။

ထို့အပြင် .. ပိုင်ရှောက်မှာလည်း ငှက်တစ်ကောင် ဖြစ်သဖြင့် ယွမ်ယင်၏ အမွေးကိုသာ သန့်စင်လိုက်နိုင်ပါက သူ့ခန္ဓာကိုယ်အစွမ်း များစွာ တိုးသွားနိုင်ပါသေးသည်။

တစ်နည်းဆိုရသော် သူ့ကိုယ်ပေါ်တွင် ရှိနေသော အမွေးများအားလုံး ပေါင်းလိုက်လျှင်ပင် ယွမ်ယင်၏ အမွေးတစ်ချောင်းနှင့် လဲလှယ်၍ မရနိုင်ပါ ။

သို့သော်.. ယခုတွင်မူ ယွမ်ယင်က အမွေးလက်တစ်ဆုပ်စာကို ဒီတိုင်းကြီး ပေးလာသတဲ့လား...

ထိုတခဏ၌ သူ လောထျန်းဘက်လှည့်ကာ ခွင့်ပြုချက်တောင်းသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သို့သော် လောထျန်းက သူ့အား လှည့်၍ပင်မကြည့်ဘဲ ပြောလာပါ၏။

" ပေးလာရင် ယူလိုက်လေကွာ "

ထိုစကားကြောင့် ပိုင်ရှောက်တစ်ယောက် အလွန်ဝမ်းသာပျော်ရွှင်သွားတော့သည်။

သူ့အမွေးများကို နှုတ်လိုက်ခြင်းက အလကား မဖြစ်တော့ပါချေ။

ထို့နောက် သူ ငှက်မွေးများအား တရိုတသေယူကာ သိမ်းလိုက်ပါ၏။

ထိုစဥ် တဖက်မှ လောထျန်းမှာမူ ငှက်မွေးများဖြင့် မျက်နှာဖုံးတစ်ခု လုပ်နေသည်။

" ဟင်.. အဲ့ဒါလေးနဲ့ လုံလောက်ပါ့မလား "

ယွမ်ယင် ၎င်းကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

လောထျန်း ခေါင်းယမ်းပြသည်။

" ဘယ်ရမလဲ.. ဒီဟာက အစီအမံရဲ့ အခြေခံအုတ်မြစ်ပဲလေ ။ ကျုပ်တကယ် လုပ်ချင်တဲ့ဟာက အခုမှစမှာ "

သူ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းဖြင့် မျက်နှာဖုံးပေါ် ထွင်းစာများ ရေးလိုက်သည်။

သူ့စိတ်ဝိဥာဥ်အစွမ်း ထွက်လာသည်နှင့် ပိုင်ရှောက်တစ်ယောက် တခဏမျှ မှင်သက်မိသွား၏။

အစောပိုင်းတွင် လောထျန်းတစ်ယောက် အစီအမံကို ပြင်ဆင်နေခဲ့စဥ်၌ သူ့အစွမ်း မည်မျှရှိသည်ကို ပိုင်ရှောက် တွေ့ခဲ့ပြီးသားပင် ။

သို့သော်.. ယခု လောထျန်းကိုယ်တိုင် အစီအမံအား ပြုလုပ်နေချိန်မှ သူ့အစွမ်းအစစ်က မည်သို့ရှိသည်ကို သိလိုက်ရခြင်း ဖြစ်ပါသည်။

အစောပိုင်းက လောထျန်းပြင်ဆင်ခဲ့သည့် ထွင်းစာမှာ နေရာအကျယ်ကြီးကို လွှမ်းခြုံထားသော အစီအမံကြီး ဖြစ်သဖြင့် ထွင်းစာများကိုရေးသားရန် နေရာကျယ်ကျယ်ဝန်းဝန်း ရှိပါ၏။

သို့သော်.. ယခု လောထျန်းလက်ထဲမှ မျက်နှာဖုံးကမူ လက်တစ်ဖဝါးစာ အရွယ်လေးသာ ရှိပါသည်။

သို့တိုင် ယခု သူရေးနေသော ထွင်းစာများက ယခင်ထက်ပင် ပိုရှုပ်ထွေးနေပါသေး၏။

ထိုသို့လုပ်နိုင်ရန်ဆိုလျှင်... မည်သို့သော ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းကို ပိုင်ဆိုင်ရပါမည်နည်း.. ။

" တကယ် အံ့သြစရာကြီးပဲ.. ဒီ သခင်ကြီးလောထျန်းက မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်ဆိုတာ သေချာတယ် "

ပိုင်ရှောက် တွေးမိလိုက်သည်။

ထိုစဥ်တွင်..

လောထျန်းက နောက်ဆုံးထွင်းစာအား ရေးပြီးသွားကာ စိတ်အေးသွားပုံဖြင့် သက်ပြင်းချသည်။

" အဆင်ပြေသွားပြီလား သခင်ကြီး "

ယွမ်ယင် စိတ်လှုပ်ရှားစွာ မေးလိုက်၏။

လောထျန်းက ခေါင်းညိတ်ပြသည်။

" ရသွားပြီ.. စမ်းကြည့်လိုက်ပါဦး "

လောထျန်း ပြောကာ မျက်နှာဖုံးကို ပေးလိုက်သည်။

ယွမ်ယင်က ၎င်းကို ယူကာ စူးစမ်းစိတ်ဖြင့် ကြည့်လိုက်ပြီးနောက်မှ.. မျက်နှာပေါ်တပ်၍ စကားပြောကြည့်လိုက်၏။

ရလဒ်အနေဖြင့် ဘာအပူလှိုင်းလုံးမှ ထွက်မလာခဲ့ပါ ။

" ဝိုး.. အစီအမံက အလုပ်ဖြစ်တာပဲ ။ ကျွန်မ စကားကောင်းကောင်း ပြောလို့ရပြီ "

ယွမ်ယင် အလွန်ဝမ်းသာသွားရှာသည်။

ပိုင်ရှောက်သည်လည်း အံ့အားသင့်နေရှာ၏။

" သခင်ကြီး.. အဲ့ဒါက... "

သူ နားမလည်နိုင်လည်း ဖြစ်နေသဖြင့် မေးခွန်းအချို့မေးရန် ပြင်လိုက်သည်။

လောထျန်းက ပြုံး၍ ပြန်ပြော၏။

" အဲ့ မျက်နှာဖုံးက ထောင်ချောက်တစ်ခုလို လုပ်ထား

တာကွ ။ အဲ့မှာ သေချာလုပ်ထားတဲ့ အစီအမံ အခြေခံအုတ်မြစ် ပါတဲ့အတွက် အဖျက်ဆီး မခံရမချင်း သုံးလို့ရတယ် "

" ပြီးတော့ ဒီအစီအမံက အလုပ်နှစ်မျိုး လုပ်ပေးတယ် ... ပထမတစ်ခုက.. စွမ်းအင်တွေကို စုပ်ယူတာ "

" အခု ယွမ်ယင်က သူ့အစွမ်းကို မထိန်းချုပ်နိုင်သေးတော့ သူ ပါးစပ်ဟလိုက်တိုင်းမှာ စွမ်းအင်တွေထွက်လာတယ်လေ ။ ဒီ မျက်နှာဖုံးက အဲ့စွမ်းအင်တွေကို စုပ်ယူပြီးတော့ ထိန်းပေးထားမှာ "

" ပြီးတော့... အဲ့အစီအမံကို နည်းနည်းလေးပြောင်းလိုက်ရင်... "

လောထျန်းက ပြောနေရင်းပင် မျက်နှာဖုံးအား အသာပုတ်လိုက်သည်။

ဝီ ...

မျက်နှာဖုံးပေါ်၌ အလင်းတန်းတစ်ခု ရုတ်ချည်းပေါ်လာ၏။

" ကဲ... ဘယ်သူမှ မရှိတဲ့ဘက်ကို စကားတစ်လုံး ပြောကြည့်လိုက် "

လောထျန်း ပြောလိုက်သည်။

ယွမ်ယင်မှာ လောထျန်းဆိုလိုသည်ကို နားမလည်သော်လည်း ခေါင်းအသာညိတ်၍ လူသူမရှိသည့်ဘက် စကားပြောလိုက်၏။

ဝုန်း ...

ဧရာမ မီးလုံးကြီးတစ်ခု ရုတ်ချည်း တိုးထွက်လာသည်။

ထို မီးလုံးကြီး၏ အပူချိန်နှင့် အစွမ်းမှာ ယွမ်ယင်၏ ယခင်အပူလှိုင်းလုံးများထက် အဆများစွာ ပိုပါ၏။

" ဟင်... ဒါက... "

ယွမ်ယင်တစ်ယောက် တုန်လှုပ်သွားတော့သည်။

လောထျန်းက အပြုံးဖြင့် ပြော၏။

" ဟုတ်တယ်.. စောနက စုဆောင်းထားတဲ့ အစွမ်း

တွေကို ပြန်ထုတ်ပြီးတော့ တိုက်ခိုက်ရေး မသေမျိုးလက်နက် တစ်ခုအဖြစ် ပြန်သုံးလို့ရတယ်ကွ "

" ဝိုး... "

ယွမ်ယင်က လောထျန်းအား ဝမ်းသာပျော်ရွှင်နေသည့် အကြည့်ဖြင့် လှမ်းကြည့်သည်။

ဝုန်း...

လောထျန်းဆီသို့ မီးလုံးကြီးတစ်ခု တိုးဝင်သွား၏။

သို့သော် ၎င်းမီးလုံးကြီးက လောထျန်း၏ ရေခဲအစွမ်းကြောင့် တမဟုတ်ချင်း ပျောက်ကွယ်သွားပါသည်။

ယွမ်ယင် တုန်လှုပ်သွားကာ ချက်ချင်းဘေးလှည့်၍ တောင်းပန်စကား ဆိုရှာသည်။

" တောင်းပန်ပါတယ်ရှင်.. ကျွန်မက.. "

လောထျန်းက အပြုံးဖြင့်သာ ပြန်ပြော၏။

" ရပါတယ်... ဒီအစီအမံကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မင်းကို သင်ပေးမယ် "

ယွမ်ယင် ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်သည်။

ထို့နောက်.. အစီအမံအား မည်သို့မည်ပုံ ထိန်းချုပ်ရမည်ကို လောထျန်းက သေချာသင်ပေးလိုက်ပါ၏။

ထိုနှစ်ယောက်ကို နံဘေးမှကြည့်နေသော ပိုင်ရှောက်မှာ ဆွံ့အမှင်သက်လျက်....

" ဒီဘီလူးကြီးနှစ်ကောင်ကတော့..... "

သူ့စိတ်ထဲမှ တိတ်တဆိတ် ကြိတ်၍ ရေရွတ်လိုက်သည်။

ထိုစဥ် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသဝင်ပေါက်၌ ....

သခင်ကြီးလုံ ဦးဆောင်သော ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ အကြီးအကဲ ဆယ်ယောက်ကျော်က မြေပြင်တွင် တလေးတစား ဒူးထောက်နေကြ၏။

ထိုလူများမှာ အဖွဲ့အသီးသီးမှ ဂုဏ်သရေရှိ ဧည့်သည်များ ဖြစ်ကြသော်လည်း လက်ရှိတွင်မူ သူတို့အားလုံး အမိန့်နာခံစွာဖြင့် ဒူးထောက်နေကြပါသည်။

ထိုသို့ ဒူးထောက်နေရသည့် အကြောင်းရင်းမှာလည်း သူတို့ရှေ့မှ ခပ်ပိန်ပိန် လူတစ်ယောက်ကြောင့်ပင် ။

" ဘာလဲ... ငါ့လိုအဖိုးကြီးရဲ့ ခန္ဓာကိုယ်က ပင်ပန်းလွယ်တယ်ကွ. .. ဒါ့ကြောင့်မို့ ငါ့ကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့လာမနှိုးနဲ့လို့ မှာထားတာလေ ။ အခု ဘာလို့ ငါ့ကို လာနှိုးရတာလဲ "

ထိုလူက စိတ်မရှည်စွာ ပြောသည်။

သခင်ကြီးလုံ တုန်လှုပ်သွားပြီး ချက်ချင်းရှင်းပြ၏။

" ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ ထျန်းယွမ်သခင်ကြီးရယ် ။ ကျုပ်တို့မှာ ရွေးချယ်စရာ တကယ်မရှိတော့လို့ပါ ။ အခု ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာ တစ်ခုခု ဖြစ်နေပြီးတော့.. ဒါကို မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်ကပဲ ဖြေရှင်းပေးနိုင်မှာ ။ ဒါ့ကြောင့်မို့လဲ ကျုပ်တို့ သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ်ကို အလောတကြီး နှိုးလိုက်ရတာပါ "

ယခု သူတို့ရှေ့မှ ထျန်းယွမ်သခင်ကြီး ဆိုသူမှာ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကို တည်ထောင်ခဲ့သော မူလအဆင့် မသေမျိုးအစီအမံပညာရှင် ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်ပါသည်။

" ဟင်... "

သခင်ကြီးလုံ၏ စကားကို ကြားပြီးနောက် ထျန်းယွမ်သခင်ကြီး၏ ကိုယ်ပွားပုံရိပ် လန့်သွားဟန်တူကာ လျှို့ဝှက်ဒေသ ဝင်ပေါက်ရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။ သူ့မျက်နှာထားလည်း ရုတ်ချည်းပြောင်းသွား၏။

All Chapters