မူလ ဓားခန္ဓာ
Vol. 7 Ch. 91
~ည..လမင်းက ထိန်ထိန်သာ၍ ကြယ်တာရာတွေက ခပ်ပါးပါး။ လေအေးတွေ တသုန်သုန်တိုက်နေပြီး နှင်းစက်အကြီးကြီးတွေက တဖြည်းဖြည်း ဖြာကျလာ၏။
အစစ်အမှန်သိုင်းတောင် ပတ်ပတ်လည်မှာတော့ တပည့်တွေက တစ်ညလုံး ကင်းလှည့်နေကြသည်။ ဘယ်သူမှ တောင်အောက်ကို ခိုးကြောင်ခိုးဝှက် မဆင်းသွားစေဖို့ပင်..
အစစ်အမှန်သိုင်းဂိုဏ်း သမိုင်းတစ်လျှောက်မှာ ဒီလောက်များပြားသည့် ဧည့်သည်အင်အားစုကို ညအိပ်လက်ခံထားတာမျိုး တစ်ခါမှ မရှိခဲ့ပါ။ အထူးသဖြင့် အခုရောက်နေသူတွေထဲမှာ 'ချီစွမ်းအင်နယ်ပယ်' ကျွမ်းကျင်သူတွေ အများအပြား ပါဝင်နေလေ၏...။ 'မူလ အမြုတေနယ်ပယ်' ကျွမ်းကျင်သူကြီးတွေအားလုံး ထွက်သွားကြပြီ ဆိုပေမဲ့၊ 'မြူဖြူနယ်ပယ်' နဲ့ 'ကျောက်စိမ်းအရည်နယ်ပယ်' သမားတွေကတော့ အနည်းနှင့် အများ ကျန်နေသေးသည်။
ဒီအခြေအနေက လော့ဝမ်ထျန်း တို့ကို အတော်လေး သတိကြီးကြီး ထားနေရစေ၏။ ညဘက်ကြီး တစ်ယောက်ယောက်က အစစ်အမှန်သိုင်းဂိုဏ်းထဲမှာ ပြဿနာရှာမှာကို သူတို့ အရမ်းစိုးရိမ်နေကြသည်။
ကံကောင်းတာက...
အခုအချိန်အထိတော့ ဒီလူတွေက ပူးပေါင်းဆောင်ရွက်မှု အပြည့်ရှိကြသည်။ မိမိတို့၏ ဧည့်ဂေဟာတွေထဲမှာပဲ အေးအေးဆေးဆေး နေကြပြီး ဘယ်သူမှ ထင်တိုင်းကြဲ လျှောက်မသွားကြပေ။
နင်ချီကတော့ သိုင်းကျမ်းတိုက်ထဲမှာ တည်တည်ငြိမ်ငြိမ် ထိုင်နေသည်။ သူက စကြဝဠာနဲ့ တစ်သားတည်း ကျနေပြီး 'ကောင်းကင်ဘုံလူသား တစ်သားတည်းကျခြင်း' လျှို့ဝှက်နည်းစနစ်ကို တိတ်တဆိတ် အသက်သွင်းနေ၏။ နင်ချီ၏ ဧရာမ ချီစွမ်းအင်တွေ ပံ့ပိုးမှနှင့်အတူ၊ သူ၏ အာရုံခံနိုင်စွမ်းက အဆုံးစွန်ထိ ချဲ့ထွင်ထားပြီးသား။ ဒီလောက်များပြားသော တပည့်တွေ ကင်းလှည့်နေတာတောင်မှ၊ တစ်စုံတစ်ခု လှုပ်ရှားမှု ဖြစ်တာနှင့် နင်ချီ ချက်ချင်း သိနိုင်ပြီး အဲ့ဒီနေရာကို ချက်ချင်း လှုပ်ရှားသွားနိုင်စွမ်း ရှိသည်။
သူ ဒီနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တွေကို ပြန်စဉ်းစားနေမိသည်။
ဘိုးဘေးဝမ်...
လူတိုင်းကို စိတ်ဆိုးအောင် လုပ်ရဲတဲ့အထိ သတ္တိမွေးပြီး 'သိုင်းသူတော်စင်အမိန့်ပြား' ကို ထုတ်ပြရဲတာ... ဒါက သူရူးသွားလို့တော့ လုံးဝ မဖြစ်နိုင်ဘူး။
"ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတယ်။ မဟာယန်ဧကရာဇ်နန်းတော်က သူ့ကို မက်လောက်စရာ အကျိုးအမြတ်တစ်ခုခု ကမ်းလှမ်းခဲ့တာပဲ ဖြစ်ရမယ်။"
"တစ်ခုက... ဘိုးဘေးဝမ်ကို သက်တမ်းနည်းနည်း ပိုရှည်ရှည် နေနိုင်စေမယ့် သက်တမ်းတိုး ရတနာတစ်ခုခု ပေးတာ... ဒါမှမဟုတ် ဝမ်မျိုးနွယ်ကို နောက်ထပ် 'ကောင်းကင်ဘုံလူသား' တစ်ယောက် ထပ်မွေးထုတ်ခွင့် ပေးမယ်လို့ ကတိပေးတာ...။"
နင်ချီက ဒုတိယအချက်ကို ပိုပြီး ယုံကြည်မိသည်။
အရင်တစ်ခေါက်တုန်းက သူ့ဆရာက ဝမ်မိသားစု၏ ဂိတ်တံခါးကို သွားတိုက်ခိုက်တုန်းကတောင် ဘိုးဘေးဝမ်က သည်းခံနိုင်ခဲ့သေးသည်။ အခုကျမှ ဒီလောက်များလှသောလူတွေရဲ့ အမျက်ဒေါသကို ခံယူရဲသည်က... ဝမ်မျိုးနွယ်က အနာဂတ်အတွက် လမ်းကြောင်း တစ်ခု ရှာတွေ့သွားပြီဟူသော သဘောပင်။
တကယ်လို့ ဝမ်မျိုးနွယ်က အနာဂတ်မှာ 'ကောင်းကင်ဘုံလူသား' အသစ်တစ်ယောက် ထပ်မွေးထုတ်နိုင်ခဲ့လျှင်၊ သူတို့ မိသားစုကြီးက နောက်ထပ် ရာစုနှစ်ပေါင်းများစွာ ဆက်ပြီး ကြီးပွားနိုင်ဦးမည်။ ထို့အပြင်၊ နန်းတော်၏ ကျောထောက်နောက်ခံကို ရထားသည့်အတွက်၊ သူတို့က ယန်ပြည်နယ်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းသွားနိုင်သည်။ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းက သာမန်သိုင်းဂိုဏ်းတွေနှင့်လုံးဝ ကွဲပြားသွားမှာ ဖြစ်သည့်အတွက်၊ ယခု ဒီဂိုဏ်းက သိုင်းပညာရှင်ကြီးတွေကို စိတ်ဆိုးအောင် လုပ်မိတာက သူတို့အတွက် ကိစ္စကြီးကြီးမားမား မဟုတ်တော့ပေ။
နင်ချီ နားမလည်နိုင်သော တစ်ခုတည်းသောအချက်က ဝမ်မျိုးနွယ်က မဟာယန်ဧကရာဇ်နန်းတော်နှင့် ဘယ်လိုလုပ် သွားပြီး ပတ်သက်ဆက်နွယ်မိသွားတာလဲ ဆိုသည်ပင်။
တကယ်လို့ ဒီဆက်ဆံရေးက အစောကြီးကတည်းက ရှိနေခဲ့မယ်ဆိုလျှင်၊ သူတို့ အစောတည်းက အသုံးချမည်လေ။ ဘာအတွက်ကြောင့် အခုအချိန်ထိ စောင့်နေခဲ့ရတာလဲ..
ဘယ်လိုမှ တွေးလို့မရသည့် အဆုံးမှာတော့ နင်ချီ ဒီအကြောင်းကို ဆက်မတွေးတော့ပေ။
ဘိုးဘေးဝမ် ဆိုဟော နာမည်ကိုတော့ စိတ်ထဲမှာ အသေအချာ တေးမှတ်ထားလိုက်သည်။
"ကျုပ်ဆရာသာ တစ်ခုခု ဖြစ်သွားခဲ့ရင်... အနာဂတ်မှာ ခင်ဗျားကို ကျုပ် လုံးဝ အလွတ်
မပေးဘူး။"
နင်ချီ သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး သူ့ခေါင်းထဲက ရှုပ်ထွေးနေသော အတွေးပေါင်းစုံကို ရှင်းထုတ်လိုက်သည်။
အခုအချိန်မှာ သည်အကြောင်းတွေ အများကြီး တွေးနေလျှင်လည်း အပိုပဲ။ သူလုပ်နိုင်တာက စောင့်ဆိုင်းနေဖို့ပဲ ရှိပါသည်။
သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက အစစ်အမှန်သိုင်းဂိုဏ်းမှာ ဘာပြဿနာမှ မဖြစ်အောင် သေချာ ဂရုစိုက်ဖို့..။
ပြီးတော့... ကြိုးကြိုးစားစား ကျင့်ကြံဖို့ပင်။
နင်ချီက နေ့လယ်တုန်းကမှ သူ့ဘာသာသူ ဖန်တီးခဲ့သော 'ကောင်းကင်နှင့် မြေကြီး ကြိတ်စက်ဝန်း ချီစွမ်းအင် သန့်စင်ခြင်း' နည်းစနစ်ကို စတင် ဖော်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင်...
သိပ်မထူထပ်လှသော ကောင်းကင်နှင့် မြေကြီး စွမ်းအင်တွေက နင်ချီ့ ခန္ဓာကိုယ်ပတ်လည်မှာ တဖြည်းဖြည်း စုစည်းလာပြီး၊ သူ့ကို လွှမ်းခြုံထားသော လည်ပတ်နေသည့် ကြိတ်စက်ဝန်းကြီးတစ်ခုအဖြစ် ပုံပေါ်လာသည်။ တဟူးဟူး မြည်ဟည်းသံ သဲ့သဲ့ကို ကြားနေရ၏။
နောက်တစ်ဆင့်မှာ..နင်ချီ့ ခန္ဓာကိုယ်ထဲက ဧရာမ ချီစွမ်းအင်တွေက စတင် လည်ပတ်လာသည်။ တစ်ချိန်တည်းမှာပဲ၊ မြူဖြူစွမ်းအင်တွေက ကြိတ်စက်ဝန်းထဲကို အရှိန်ဖြင့် တိုးဝင်သွားပြီး၊ နင်ချီ တစ်ယောက်တည်းသာ ကြားနိုင်သော တဟုန်ဟုန် မြည်သံကြီးကို ပိုလို့တောင် ပြင်းထန်လာစေသည်။
"ဝူး..ဝူး.."
ကြိတ်စက်ဝန်းကြီး လည်ပတ်သွားတာနှင့်အမျှ၊ အရှိန်ဖြင့် တိုးဝင်လာသည့် မြူဖြူ ချီစွမ်းအင်တွေက အရင်ကထက် အနည်းငယ် ပိုပြီး သန့်စင်သွားကြသည်။
နင်ချီ၏ နှလုံးသားက တဖြည်းဖြည်း တည်ငြိမ်သွားသည်။
'ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း ချီစွမ်းအင် သန့်စင်ခြင်း' နည်းစနစ်၏ အကျိုးသက်ရောက်မှုက သူ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေပုံ ရသည်။ ဒီအချက်က သူ့ကို ယခုမှပဲ စိတ်သက်သာရာ အနည်းငယ် ရသွားစေတော့သည်။
...
နောက်တစ်နေ့သ၌..
ဧည့်သည်တွေ နိုးလာကြသောအခါ၊ သူတို့အားလုံး လက်ရှိအခြေအနေကို တဖြည်းဖြည်း လက်ခံလာကြ၏။
အခြေအနေတွေက လုံးဝ ပြောင်းပြန်လှန်၍ မရတော့ပေ။
ယခု သူတို့ လုပ်နိုင်တာက အရာအားလုံး အဆင်ပြေပြေနှင့် ပြီးဆုံးသွားဖို့ မျှော်လင့်နေရုံပင်..ဒါတွေအားလုံးက မိစ္ဆာကို ရှင်းလင်းရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်ဆိုတာကို သူတို့ သဘောပေါက်လာကြသည်။
ဘိုးဘေးဝမ်သာ ပေါ်မလာခဲ့လျှင်တောင်မှ၊ နန်းတော်ဘက်က အခြား ကျွမ်းကျင်သူတစ်ယောက်ယောက်က 'သိုင်းသူတော်စင်အမိန့်ပြား' နဲ့အတူ ရောက်လာဦးမည်ပင်..
သို့သော်၊ ထိုအချက်က ဘိုးဘေးဝမ် ဒါမှမဟုတ် ဝမ်မျိုးနွယ်အပေါ် ဘယ်သူ့ကိုမှ သနားစာနာစိတ် ဖြစ်သွားစေတာမျိုးတော့ မရှိခဲ့ပါ။
ကိုယ်က ရှေ့ဆုံးကနေ ဦးဆောင်ပြီး လုပ်ခဲ့သည့်အတွက်၊ ရှေ့ဆုံးကနေ ခံရဖို့လည်း အသိစိတ် ရှိထားရမည်ပင်။
အထူးသဖြင့် သူတို့၏ 'မူလ အမြုတေနယ်ပယ်' ကျွမ်းကျင်သူတွေ အခေါ်ခံလိုက်ရသော အင်အားစုတွေမှာ ဒေါသ လုံးဝ မပြယ်ကြသေးပေ။
တစ်ညလုံး စဉ်းစားလိုက်သည့်အခါ၊ သူတို့၏ ဒေါသက ပိုလို့တောင် ကြီးထွားလာခဲ့သည်။
ဒီလိုနှင့်. ယခု မြင်ကွင်းမျိုး ပေါ်ပေါက်လာခြင်းပါ။
"ဝမ်ချင်းရှန်... မင်းရဲ့ သံလက်သီးက ပြိုင်ဘက်ကင်းတယ်လို့ ငါ ကြားထားတာ ကြာပြီ။ ဒီနေ့၊ ငါ... 'လအရိပ် ဓားဂိုဏ်း ဝမ်ပုအာက မင်းနဲ့ လက်ရည်နည်းနည်းလောက် ယှဉ်ကြည့်ချင်တယ်ကွာ။"
'လအရိပ် ဓားဂိုဏ်း' က ဓားသမား တစ်ယောက်က အေးစက်စက်နှင့် စိန်ခေါ်လိုက်သည်။
မူလကတည်းက အစစ်အမှန်သိုင်းတောင်ပေါ်မှာ ဒီရက်ပိုင်း နေကြတာက သိုင်းပညာ ဖလှယ်ကြဖို့ပဲ မဟုတ်ပါလား။ သည်တော့ တစ်ယောက်ယောက်ကို စိန်ခေါ်တာက တော်တော်လေး ကျိုးကြောင်းဆီလျော်သည်လေ..
လူအုပ်ကြီး၏ စူးစိုက်ကြည့်နေသော အကြည့်တွေအောက်မှာ...
ဝမ်မျိုးနွယ်၏ 'ချီစွမ်းအင်နယ်ပယ်' ကျွမ်းကျင်သူတစ်ယောက် မျက်နှာပျက်သွားသည်။
ငြင်းသင့်၊ မငြင်းသင့် မသိတော့ဘဲ၊ နောက်ဆုံးမှာတော့ သူ အံကြိတ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်ရသည်။
သို့နှင့် ပြင်းထန်သည့် ယှဉ်ပြိုင်မှုတစ်ခု ပြီးသွားသောအခါ..ဝမ်မျိုးနွယ် ကျွမ်းကျင်သူက သိုင်းကွက်အနည်းငယ် ရှုံးနိမ့်သွားသည်။
'လအရိပ် ဓားဂိုဏ်း' က လူက လှောင်ပြောင်တာမျိုး မလုပ်ပေ။ နှာခေါင်းတစ်ချက် 'ရှုံ့' လိုက်ရုံသာ။
ဒီစကားလုံးမပါသော အမူအရာက ဝမ်ချင်းရှန်ကို ပိုလို့တောင် နေမထိထိုင်မသာ ဖြစ်သွားစေသည်။
သို့ရာတွင် သူ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ၊ နောက်တစ်ယောက်က တိုးတိုးလေး ထပ်ပြောလာသည်။
"ငါလည်း ဝမ်မျိုးနွယ်က တပည့်တစ်ယောက်ကို စိန်ခေါ်ချင်သေးတယ်။"
ဝမ်မျိုးနွယ် တပည့်တွေ မော့ကြည့်လိုက်တော့၊ သူတို့ ပတ်ပတ်လည်မှာ လက်ပိုက်ပြီး ရပ်ကြည့်နေသော လူတွေကို တွေ့လိုက်ရပြီး သူတို့ မျက်နှာတွေ ဖြူဖျော့သွားကြသည်။
ဝမ်မျိုးနွယ်က လူအများ၏ ဒေါသကို ဆွပေးလိုက်မိပြီ။ ဘယ်သူမှ ရက်ရက်စက်စက် လုပ်မရဲပေမဲ့၊ အနည်းဆုံးတော့ သူတို့၏ ဒေါသတွေကို မတူညီသော နည်းလမ်းတွေနှင့် ထုတ်ဖော်ခွင့်တော့ ရှိနေကြသည်။
လော့ဝမ်ထျန်းက အဝေးကနေ ကြည့်နေပေမဲ့ ဝင်မတားခဲ့ပါ။ သူတို့တွေ တကယ် ပြင်းပြင်းထန်ထန် သတ်ပုတ်ကြတော့မယ့် အခြေအနေရောက်မှသာ သူက ဝင်ထိန်းလိုက်သည်။
သူတို့က ဝမ်မျိုးနွယ် တပည့်တွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြတာတော့ မဟုတ်ပေ။ သူတို့အချင်းချင်းလည်း ယှဉ်ပြိုင်တိုက်ခိုက်နေကြတာတွေ ရှိသည်။... သို့သော် ဝမ်မျိုးနွယ် တပည့်တွေကို စိန်ခေါ်သော အကြိမ်အရေအတွက်ကတော့ နည်းနည်းလေး ပိုများနေသည်ပင်။
သိုင်းပညာ ဖလှယ်သည် ဆိုမှတော့၊ လက်ခြေမပါဘဲ မည်သို့ လုပ်မည်လဲ။
ထိုသို့ ဆိုပါက ဒါက 'ပြပွဲ' သက်သက်ပဲ ဖြစ်သွားမည်ပင်။
…