← Chapters

ဘိုးဘေးဝမ်၏ ပြတ်တောက်သွားသော လက်တစ်ဖက်

Vol. 7 Ch. 93

ဘိုးဘေးဝမ်၏ ပြတ်တောက်သွားသော လက်တစ်ဖက်

Vol. 7 Ch. 93

~မရဏမီးလျှံတောင်ကြား..

ချင် ပြည်နယ်နှင့် ချူ ပြည်နယ် တို့၏ လမ်းဆုံတွင် တည်ရှိပြီး၊ ၎င်းသည် အန္တရာယ်ထူထပ်လှသော တောင်တန်းနယ်မြေတစ်ခု ဖြစ်သည်။ အတွင်းပိုင်းတွင် တိတ်ဆိတ်လျက်ရှိပြီး၊ မီးတောက်များသဖွယ် အနီရောင်အဆိပ်မြက်များဖြင့် ပြည့်နှက်နေကာ သာမန်လူသားများ ဝင်ရောက်ရန် ခက်ခဲလှသဖြင့် မရဏမီးလျှံတောင်ကြားဟု အမည်တွင်ခြင်း ဖြစ်သည်။

မိစ္ဆာဂိုဏ်း၏ ဌာနခွဲသည် ဤနေရာတွင် တည်ရှိလေ၏။

ပုံမှန်အားဖြင့် ဤနေရာသည် လူသူ

အရောက်အပေါက် နည်းပါးလှသော်လည်း၊ လွန်ခဲ့သော နှစ်ရက်ခန့်မှစ၍ စစ်တပ်က ဤနေရာကို စတင် ပိတ်ဆို့ထားလိုက်လေသည်။

မကြာသေးမီနှစ်များအတွင်း၊ မိစ္ဆာဂိုဏ်းက မငြိမ်မသက်ဖြစ်နေပြီး၊ အဆက်မပြတ် စမ်းသပ်ထိုးဖောက်နေခဲ့ရာ၊ မဟာယန်မင်းဆက်က သူတို့ကို ဟန့်တားရန် ပြတ်ပြတ်သားသား ရပ်တည်ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မိစ္ဆာဂိုဏ်းဌာနခွဲက ဤအခြေအနေကို သတိပြုမိသွားပြီး ထိုးဖောက်ထွက်ရန် ကြိုးပမ်းခဲ့သေး၏။

သို့သော် ထိုကြိုးပမ်းမှုများအားလုံးကို တားဆီးခံလိုက်ရပြီး အတင်းအကျပ် ပြန်လည်တွန်းလှန်ခံခဲ့ရသည်။

မိစ္ဆာဂိုဏ်းဌာနခွဲတွင် စွန့်လွှတ်၍ မရနိုင်သော အရာများ ရှိနေသည်၊ သို့ရာတွင် နန်းတော်၏ ဖိအားကလည်း လွှမ်းမိုးနိုင်လောက်သည့် အခြေအနေ မဟုတ်သေးဘဲ၊ နှစ်ဖက်စလုံး၏ အင်အားမှာ မတိမ်းမယိမ်း ဖြစ်နေကာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်နေလေသည်။

ဟုတ်ပါသည်။ ဒါက နှစ်ဖက်စလုံးက ဆန္ဒရှိနေသော အခြေအနေပင်။

မိစ္ဆာဂိုဏ်းက အဖိုးတန်ပစ္စည်းများကို စုဆောင်း၍ ရွှေ့ပြောင်းရန် ပြင်ဆင်နေပြီး၊ အခြားဌာနခွဲများသို့ သတင်းပို့နိုင်ရန် ထိုးဖောက်ဖို့ ကြိုးစားရင်း အချိန်ဆွဲရန် နည်းလမ်းပေါင်းစုံ သုံးနေ၏၊

နန်းတော်ဘက်ကမူ ဘိုးဘေးဝမ်၏ အင်အားဖြည့်တင်းမှုကို စောင့်ဆိုင်းနေခဲ့သည်။

တာအိုဆရာလုံရှန်းနှင့် အခြားသူများ ဤနေရာသို့ ရောက်ရှိလာသောအခါ၊ ဤမြင်ကွင်းကို တွေ့လိုက်ရလေသည်။

လူဒါဇင်ပေါင်းများစွာ ကောင်းကင်မှ ကျဆင်းလာခြင်းက နန်းတော်မှ ကျွမ်းကျင်သူ အများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွား၏။

တာအိုဆရာလုံရှန်းတို့ကလည်း သူတို့၏ မျက်နှာချင်းဆိုင်ရှိ လူအုပ်ကို အကဲခတ်နေကြသည်။

အားလုံး၏ စိတ်ဓာတ်များ တက်ကြွနေကြသည်။

နန်းတော်၏ ဘက်တွင်လည်း 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူ ငါးဦး ရှိနေ၏။

အထူးသဖြင့် သူတို့ကို ဦးဆောင်နေသည့် ထိုသူ..

ပြာလဲ့လဲ့ သံချပ်ကာကို ဝတ်ဆင်ထားပြီး၊ သွေးရောင် လှံတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ထိုအလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်များမှာ စူးရှအေးစက်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ သူ့ကို တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် အလောင်းတောင်များနှင့် သွေးပင်လယ်များကို မြင်ယောင်သွားစေသည်။ လူတိုင်းက သူ၏ ဂုဏ်ပုဒ်ကို ချက်ချင်း မှတ်မိလိုက်ကြသည်။

ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်းတွင် နယ်ပယ် နှစ်ဆယ့်ရှစ် ချိတ်သူ၊ 'နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်'။

သူသည် မဟာယန်မင်းဆက်၏ နာမည်ကျော် စစ်သူကြီးချုပ်များထဲမှ တစ်ဦးဖြစ်၏။ ထိုစစ်သူကြီးချုပ်တို့ တစ်ဦးစီတိုင်းသည် တပ်များကို နတ်ဘုရား တစ်ပါးနှယ် အမိန့်ပေးနိုင်ရုံသာမက၊ အံ့အားသင့်ဖွယ် ကျင့်ကြံခြင်း နယ်ပယ် ရှိကြသည့် သိုင်းပညာရှင်ကြီးများလည်း ဖြစ်ကြသည်။

'စိမ်းပြာနွား ဓားသခင်' ပင်လျှင် မထိန်းနိုင်ဘဲ မျက်နှာ ခက်ထနိသွားမိ၏။

အကြောင်းမှာ ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်းတွင် သုံးဆယ့်ခြောက်ယောက်သာ နယ်ပယ်သတ်မှတ်ထား၏။ နယ်ပယ်အနည်းငယ် တက်သွားရုံမျှဖြင့် စွမ်းအားကွာခြားချက် မျဉ်းတစ်ကြောင်းကို ကိုယ်စားပြုနေကာ၊ နယ်ပယ် ဆယ်ခုစီတိုင်းတွင် အရည်အသွေးပိုင်း ဆိုင်ရာ ကွာခြားမှုကြီးတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

"စစ်သူကြီးချုပ် 'နတ်ဘုရားငှက်မွှေး' ကို ဂါရဝပြုပါတယ်..." လူတိုင်းက လက်သီးများ ဆုပ်၍ အရိုအသေပြုလိုက်ကြသည်။

ထိုစဉ် ဘိုးဘေးဝမ်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း:

"စစ်သူကြီးချုပ်... ကျွန်တော် ကံကောင်းထောက်မစွာနဲ့ အမိန့်ကို မလစ်ဟင်းခဲ့ပါဘူး။ အင်အားဖြည့်တင်းမှုတွေကို ခေါ်လာခဲ့ပါပြီ။"

သူက 'မဟာယန် သိုင်းသူတော်စင်အမိန့်ပြား' ကို ရိုသေစွာ ဆက်သလိုက်သည်။

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ သူ၏ အကြည့်များက လူအုပ်ကို ဖြတ်သန်း ဝေ့ကြည့်သွားပြီး၊ 'စိမ်းပြာနွား ဓားသခင်' အပေါ်တွင် အထူးတလည် ရပ်တန့်သွားသည်။ သူ၏ ကျေနပ်မှုကို သိသာစွာ တွေ့မြင်နိုင်၏။

သူ့စိတ်ထဲတွင် အံ့အားသင့်သွားသည်။

သူက ဘိုးဘေးဝမ်ကို 'ကောင်းကင်ဘုံလူသား' နှစ်ယောက်လောက် ခေါ်လာနိုင်လိမ့်မည်ဟု အများဆုံး မျှော်လင့်ထားခဲ့ရာ၊ အခု မမျှော်လင့်ဘဲ လေးယောက်တောင် ပါလာခဲ့သည်။ ထိုထဲတွင် 'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ဝင် တစ်ယောက်ပင် ပါသေးသည်။

ဤသို့ဖြင့် သူ၏ ဘက်မှ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူ အရေအတွက်သည် ဆယ်ဦးအထိ တိုက်ရိုက် တိုးလာခဲ့ပြီး၊ မိစ္ဆာဂိုဏ်းဌာနခွဲထက် နှစ်ဆ များပြားသွားတော့သည်။

'မူလက ရှစ်ယောက်နဲ့ ငါးယောက်ပဲ မျှော်မှန်းထားတာ။ အခု ဆယ်ယောက်နဲ့ ငါးယောက် ဖြစ်သွားပြီ။'

'ဒီ ယာယီ ခေါ်လာတဲ့လူတွေက သိပ်ပြီး အသဲအမဲ တိုက်မပေးရင်တောင်မှ၊ အောင်ပွဲကတော့ လက်တွေ့မှာ သေချာသွားပြီ...'

'အင်အားနည်းနည်းလေးနဲ့ ဒီလောက်ကြီးတဲ့ အောင်မြင်မှုကို ရလိုက်တာက ငါ့အတွက် ကြီးမားတဲ့ ဂုဏ်သိက္ခာပဲ။ ဒီလိုမှမဟုတ်ဘဲ 'ကောင်းကင်ဘုံလူသား' ဆယ်ယောက်လုံးကို နန်းတော်ကနေ တိုက်ရိုက် ခေါ်လိုက်ရမယ်ဆိုရင်၊ ငါ့အတွက် လုပ်စရာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။'

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကာ ပြုံးလိုက်မိသည်။

"ကောင်းတယ်... ဘိုးဘေးဝမ်... ခင်ဗျားကို ကျေးဇူးတင်ရမှာပဲ။"

ဤစကားကြောင့် ဘိုးဘေးဝမ်၏ မျက်နှာသည် ပို၍ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။

ထို့နောက် စစ်သူကြီးချုပ်က ဆက်လက် ပြောကြားသည်။

"ဒါက အသစ် တက်လာတဲ့ 'ကောင်းကင်ဘုံလူသား' စစ်မှန်သူ လုံရှန်း ဖြစ်ရမယ်။ ခင်ဗျားရဲ့ နာမည်ကို ကြားသိနေတာ ကြာပါပြီ။"

တာအိုဆရာလုံရှန်းက လျင်မြန်စွာ ဂါရဝပြန်ပြုလိုက်သည်။

"ဘိုးဘေးဝမ်နဲ့အတူ လူတိုင်းကို ဒီနေရာကို ယာယီ ခေါ်ဆောင်လာဖို့က ကျွန်တော့်ရဲ့ စိတ်ကူးပါပဲ။ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ မိစ္ဆာဂိုဏ်းက သိပ်ကို မုန်းစရာ ကောင်းလွန်းလို့ပဲ။ သူတို့က နှစ်ပေါင်းများစွာ ဒုက္ခပေးနေတာ။ သူတို့ရဲ့ မာနကိုသာ ကျွန်တော်တို့ နှိမ်နင်းနိုင်ခဲ့ရင်၊ ချင်းပြည်နယ်နဲ့ ချူပြည်နယ်က အနာဂတ်မှာ ပိုပြီး ငြိမ်းချမ်းသွားလိမ့်မယ်။ ဒီတစ်ကြိမ်မှာ စစ်မှန်သူရဲ့ 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' ကို အသုံးချပြီး လူတိုင်းကို ဆင့်ခေါ်လိုက်ရတာ... ဘယ်သူမှ ဘိုးဘေးဝမ်ကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။"

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်၏ ဤစကားကြောင့် လူတိုင်း၏ နှလုံးသားများ တင်းကျပ်သွား၏။

'ဒါက ဝမ်မျိုးနွယ်ကို ကျောထောက်နောက်ခံ ပေးထားတယ်ဆိုတာ ရှင်းလင်းနေတာပဲ။ နောက်ပိုင်းကျမှ သူတို့ကို တစ်ယောက်ယောက်က ပြဿနာ သွားရှာချင်တယ်ဆိုရင်၊ ကိုယ့်ဘာသာကိုယ် သေချာ ပြန်စဉ်းစားသင့်ပြီ။'

"ကျွန်တော်တို့ မဝံ့ရဲပါဘူး။ မဟာယန်မင်းဆက်အတွက် အမှုထမ်းရမှာ ကျွန်တော်တို့ရဲ့ တာဝန်ပဲလေ။"

လူတိုင်းက သူတို့၏ လက်များကို ယမ်းခါရင်း ငြင်းဆိုကြသည်။

လူတိုင်း အနည်းဆုံးတော့ မျက်နှာပြင်ပေါ်မှာ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြတာကို မြင်တွေ့ရသဖြင့် နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်၏ စိတ်နေစိတ်ထားလည်း ပိုမို ကောင်းမွန်လာကာ၊ သူက ဆက်လက်ပြောကြားသည်။

"စိတ်ချထားပါ။ မဟာယန်အတွက် အမှုထမ်းတဲ့သူတွေကို နန်းတော်က ဘယ်တော့မှ နှမြောတွန့်တိုမှာ မဟုတ်ဘူး။ ဒီတာဝန် ပြီးမြောက်သွားတဲ့အခါ၊ ကျွန်တော် ဧကရာဇ်ဘုရင်ဆီကို အစီရင်ခံစာ တင်သွင်းပေးမယ်။ လူတိုင်းအတွက် ဆုလာဘ်တွေ ရှိလာမှာပါ။"

"ကဲ... အခု ဒီနေရာက မိစ္ဆာဂိုဏ်းဌာနခွဲရဲ့ အခြေအနေကို ကျွန်တော် ရှင်းပြမယ်။"

လူတိုင်း၏ မျက်နှာအမူအရာများ တည်ကြည်သွားကြသည်။

'ဆုလာဘ်တွေက ဒုတိယပဲ။ အခု ချက်ချင်း ဦးစားပေးရမှာက ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ပဲ။ ဒီသတင်းအချက်အလက်က လူတိုင်းရဲ့ အသက်နဲ့ ဆိုင်နေတာ။'

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က ခပ်ဟဟ ရယ်လိုက်သည်။

"ခင်ဗျားတို့ စိုးရိမ်နေစရာ မလိုပါဘူး။ ဒီမိစ္ဆာဂိုဏ်းဌာနခွဲမှာ 'ကောင်းကင်ဘုံလူသား' ငါးယောက်ပဲ ရှိတယ်။ သူတို့ထဲက တစ်ယောက်က 'ကောင်းကင်ဘုံ လက်ရွေးစင် နယ်ပယ်စာရင်း' မှာတော့ မပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ အစွမ်းက ဒီစစ်သူကြီးချုပ်နဲ့ အစ်ကို စိမ်းပြာနွားတို့နဲ့ တန်းတူလောက် ရှိရ်ယ်။ အစ်ကို စိမ်းပြာနွားနဲ့ ဒီစစ်သူကြီးချုပ်တို့ နှစ်ယောက် ပူးပေါင်းပြီး သူ့ကို နှိမ်နင်းလိုက်ရင်၊ ဘာအမှားအယွင်းမှ ဖြစ်လာမှာ မဟုတ်တော့ဘူး။"

ပထမဆုံး စကားတစ်ခွန်းကပင် 'ကောင်းကင်ဘုံလူသားနယ်ပယ်' ပုဂ္ဂိုလ် အများအပြား၏ နှလုံးသားများကို သက်သာရာ ရသွားစေသည်။

‘ ဒီလို အစီအစဉ်နဲ့ဆိုတော့... ဒါက နှစ်ယောက်တစ်ယောက် ဖြစ်သွားပြီ။ အများကြီး ပိုလုံခြုံသွားတာပေါ့။ ’

လူတိုင်း အစိုးရိမ်ဆုံးက 'ကောင်းကင်ဘုံလူသား' အချင်းချင်း တိုက်ခိုက်သည့်အခါ အင်အားချင်း သိပ်မကွာဘဲ အသေအလဲ တိုက်ရမည်ကိုပင်။ ထို့အပြင် ဘယ်နေရာကနေ ပေါ်လာမှန်း မသိသော တိတ်တခိုး တိုက်ခိုက်မှုတွေကိုလည်း အမြဲ သတိထားနေရဦးမည်။။

ထိုအခြေအနေမျိုးတွေမှာဆို... တစ်ခါတလေ ကံတရားက အရေးကြီးဆုံး ဖြစ်လာတတ်ပါသည်။

‘မူလအမြုတေ’ နယ်ပယ်ပုဂ္ဂိုလ်များလည်း သိသိသာသာ စိတ်အေးသွားကြသည်။

‘ ကောင်းကင်ဘုံလူသား' တွေ အချင်းချင်း ထိန်းချုပ်ထားနိုင်ပြီဆိုမှတော့၊ အနည်းဆုံးတော့ ဘယ်နေရာကမှန်းမသိတဲ့ 'ကောင်းကင်ဘုံလူသား' တွေရဲ့ တိုက်ခိုက်မှု လှိုင်းလုံးတွေနဲ့ တစ်ခါတည်း အစုလိုက်အပြုံလိုက် သေသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။..’

'စိမ်းပြာနွား ဓားသခင်' က မေးမြန်းလိုက်သည်။

"စစ်သူကြီးချုပ်ကို မေးခွင့်ပြုပါ... မိစ္ဆာဂိုဏ်းက လူတွေက ဖောက်ထွက်ဖို့ စဉ်းစားမကြည့်ကြဘူးလား။"

သူ နားမလည်နိုင် ဖြစ်နေသည်။

'နှစ်ရက်လုံးလုံး... အင်အားဖြည့်တင်းမှုတွေ ရောက်လာတာကို ဘာသတိထားမှုမှ မရှိဘဲ ဒီအတိုင်း ငြိမ်ငြိမ်လေး စောင့်နေကြတယ်လို့လား။'

ထိုစကားအား ကြားသော် နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်၏ မျက်လုံးများထဲတွင် သရော်ပြုံး အရိပ်အယောင်များ ပေါ်လာသည်။

"ဒီ 'မရဏမီးလျှံတောင်ကြား' က 'သွေးမိစ္ဆာပန်း’ ကို စိုက်ပျိုးဖို့ အသင့်တော်ဆုံး နေရာပဲ။ ဒီမိစ္ဆာဂိုဏ်းဌာနခွဲရဲ့ 'သွေးမိစ္ဆာပန်း' က ရင့်မှည့်ခါနီးနေပြီ။ အဲ့ဒီ မိစ္ဆာအိုကြီးတွေက ဒါကို မက်မောနေလို့ စွန့်လွှတ်နိုင်ကြဘူးလေ။ 'သွေးမိစ္ဆာပန်း' ရဲ့ အမြစ်ရော၊ အစွမ်းအာနိသင်ပါ မပျက်စီးအောင် အကုန်လုံးကို ရွှေ့ပြောင်းဖို့ဆိုတာ ရက်ပေါင်းများစွာ ပြင်ဆင်ချိန် လိုတာ ပေါ့။"

"ဒီအချိန်အတောအတွင်းမှာ၊ ဒီစစ်သူကြီးချုပ်ကသာ သူတို့ကို အတင်းအကျပ် အရမ်း မတိုက်ခိုက်သရွေ့၊ သူတို့ကလည်း အခြေအနေမလှလို့ အသေခံ ပြန်တိုက်တာမျိုး လုပ်လာမှာ မဟုတ်ဘူး။”

All Chapters