မျိုးနွယ်တစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရခြင်း
Vol. 7 Ch. 95
~ထိုအချုပ်အတန့်မှာ ဘိုးဘေးဝမ်၏ နှလုံးသားထဲတွင် ရှင်းပြမရနိုင်သော ယုတ်မာသည့် ပျော်ရွှင်မှုတစ်ခု ထူးဆန်းစွာ လှိုက်တက်လာခဲ့သည်။
'ဒီဓားချက်... ဒီဓားချက်ကသာ တာအိုဆရာလုံရှန်းရဲ့ ခေါင်းကို ဖြတ်သွားနိုင်ရင်... အကောင်းဆုံးပဲ... ဒါက ဖြစ်နိုင်ခြေ တော်တော်များတယ်။ ဘာလို့လဲဆိုတော့ ဒီဓားချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ကိုယ်တိုင် ခံကြည့်ရမှ သိနိုင်မှာမို့လို့ပဲ။'
'ငါ... ငါတောင် ဒီလောက်ကြီးတဲ့ စတေးမှုကို ပေးဆပ်ခဲ့ရတာ။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ဝင်တာ မကြာသေးတဲ့ တာအိုဆရာလုံရှန်း ဆိုတဲ့ ကောင်စုတ်လေးက ဘယ်ခံနိုင်မှာလဲ။ အရင်တစ်ခါ တိုက်ခိုက်တုန်းကတည်းက ငါသိတယ်။ အဲ့ဒီကောင်က အရည်အချင်းတော့ ရှိပုံရပေမဲ့၊ သူ့အစွမ်းက ငါနဲ့ယှဉ်ရင် နည်းနည်း နိမ့်နေတုန်းပဲ။'
'ငါ မျှော်လင့်တယ်။ တာအိုဆရာလုံရှန်း... မင်း... ငါ့ထက်တောင် ပိုဆိုးဆိုးရွားရွား ခံလိုက်ရပါစေ။'
မိစ္ဆာအိုကြီး လင်၏ သွေးရောင်တိုက်ပွဲဓားကြီးမှာ ရုတ်တရက်လွန်းစွာ ပေါ်ထွက်လာခဲ့ရာ အခြားမည်သူမျှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သို့မဟုတ်... တုံ့ပြန်နိုင်သူ နှစ်ဦးသာ ရှိခဲ့သည်။
သို့သော်လည်း၊ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်မှာ မိစ္ဆာအိုကြီး လင်ကို သတ်ဖြတ်ရန် တစ်ခုတည်းကိုသာ အာရုံစိုက်ထားပြီး၊ ထိုတိုက်ပွဲဓားကြီးကို လုံးလုံး ဥပေက္ခာပြုလျက်၊ မိစ္ဆာအိုကြီး လင် ပုံပြောင်းသွားသည့် သွေးရောင်အလင်းတန်းနောက်သို့သာ တိုက်ရိုက် လိုက်လံ သတ်ဖြတ်လေတော့သည်။
'အဲ့ဒီကောင်က 'သွေးမီးတောက်နည်းစနစ်' ကို သုံးနေတာ။ အကြာကြီး ခံမှာမဟုတ်ဘူး။ အနီးကပ် လိုက်မှဖြစ်မယ်။'
တုံ့ပြန်နိုင်ခဲ့သည့် နောက်တစ်ဦးမှာ စိမ်းပြာနွား ဓားသခင် ဖြစ်၏။ သို့သော် ထိုသွေးရောင်ဓားအလင်းတန်းသည် ဘိုးဘေးဝမ်ကို ဦးတည်နေသည်ကို မြင်လိုက်ရသောအခါ၊ စိမ်းပြာနွား ဓားသခင်သည် သဘာဝအတိုင်းပင် ၎င်းကို လျစ်လျူရှုလိုက်သည်။
'အဲ့ဒီကောင့်ဘာသာ ခံပေါ့။'
သို့ရာတွင် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ထိုသွေးဓားကြီးသည် ဘိုးဘေးဝမ်၏ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ပြီးနောက်တွင်ပင်၊ ၎င်း၏ အရှိန်အဝါမှာ မယိမ်းမယိုင်ဘဲ တာအိုဆရာလုံရှန်းထံသို့ ဆက်လက်၍ ပိုင်းခုတ်သွားခဲ့သည်...။
စိမ်းပြာနွား ဓားသခင် ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်လိုက်သော်လည်း၊ အနည်းငယ် အလျင်စလို ဖြစ်သွားခဲ့ရ၏။ ဓားချီ အလင်းတန်းများ အလျင်အမြန် ထိုးထွက်သွားရာ၊ အမြန်နှုန်းကိုသာ သေချာစေနိုင်ပြီး စွမ်းအားမှာမူ များစွာ အားနည်းနေခဲ့သည်။
ထိုသွေးရောင် သိုင်းဓားကြီးက ဓားချီအလင်းတန်းများကို ချေမှုန်းပစ်လိုက်ပြီး၊ တာအိုဆရာလုံရှန်းထံသို့ ဆက်လက် ပိုင်းခုတ်သွားလေသည်။
တာအိုဆရာလုံရှန်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားသည်။
သို့သော် သူသည် မိမိကိုယ်ကို အတင်း တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။
'ငါ တိုက်ပွဲဝင်နေခဲ့တာ မှန်ပေမဲ့၊ ငါက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ အဓိကထားခဲ့တာ။ ပတ်ဝန်းကျင်ကို အမြဲတမ်း အာရုံစိုက်နေခဲ့တယ်။ အစွမ်းကုန် ရူးရူးမိုက်မိုက် ဝင်လုံးနေတဲ့ ဘိုးဘေးဝမ်ထက်တော့ အများကြီး သာတယ်။ ဒါကြောင့်ပဲ အရှိန်နဲ့ တိုးဝင်လာတဲ့ သွေးရောင်တိုက်ပွဲဓားကြီးကို အချိန်မီ သတိထားမိလိုက်တာ။'
'မိစ္ဆာအိုကြီး လင်ရဲ့ ဓားချက်က အရင်ဆုံး ဘိုးဘေးဝမ်ရဲ့ လက်တစ်ဖက်ကို ဖြတ်လိုက်ရတယ်။ ပြီးတော့ စိမ်းပြာနွား ဓားသခင်ရဲ့ ဓားချီတချို့က ဝင်ဟန့်သွားသေးတယ်။ သူ့ရဲ့ စွမ်းအားက အထွတ်အထိပ်တုန်းကထက် တစ်ဝက်တောင် မကျန်တော့ဘူး။'
'ငါ... ငါ ဒါကို တားနိုင်တယ်။'
တာအိုဆရာလုံရှန်း၏ မျက်လုံးများမှာ အပြင်းအထန် စူးစိုက်နေခဲ့ပြီး၊ နင်ချီ သင်ပေးခဲ့သော 'ကောင်းကင်ဘုံလူသား တစ်သားတည်းကျခြင်း' လျှို့ဝှက်နည်းစနစ်ကို တိတ်တဆိတ် အသက်သွင်းလိုက်လေသည်။
ချက်ချင်းဆိုသလိုပင်..
သူ၏ ခန္ဓာကိုယ်အတွင်းမှ မှော်ဆန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ပိုမို ကြီးမားသော အတိုင်းအတာအထိ ထိန်းချုပ်နိုင်စွမ်း ရရှိသွားစေရာ၊ သူ၏ ယုံကြည်မှုကို ပို၍ပင် မြင့်တက်လာစေခဲ့သည်။
တာအိုဆရာလုံရှန်းသည် သူ၏ ဓားကို လွှဲယမ်းလိုက်ရာ၊ လေနှင့် မိုးခြိမ်းသံများကို နှိုးဆွလိုက်ပြီး၊ သွေးရောင်တိုက်ပွဲဓားကြီး ရှိရာသို့ ရှေ့တိုး ထိုးခုတ်လိုက်တော့သည်။
“ဂျုန်း..”
တုန်ခါမှုကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး၊ ကြီးမားလှသော သွေးရောင်အလင်း ပန်းပွင့်ကြီးများ ညဘက်ကောင်းကင်တွင် ဖြာထွက်သွားသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။ သွေးရောင်တိုက်ပွဲဓားကြီးသည် အားအင်ကုန်ခန်းစွာဖြင့် မြေသို့ -ကျသွားပြီး၊ တာအိုဆရာလုံရှန်းမှာလည်း ထိုတိုက်ခတ်မှုကို မခံနိုင်ဘဲ လွင့်စင်သွား တော့သည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါလျက် နီရဲသော သွေးတစ်ပွက်ကို အန်ထုတ်မိသည်အထိ ဒဏ်ရာရရှိသွားခဲ့သည်။
သို့သော် သူ၏ နှလုံးသားထဲတွင် သက်သာရာရသွားသော ခံစားချက်ကို ရရှိလိုက်သည်။
'ဒီလောက်နဲ့ ပြီးသွားတာ... တော်တော် ကောင်းတဲ့ ရလဒ်ပဲ။ ဟို ဘိုးဘေးဝမ်... 'လက်တစ်ဖက်တည်းသော ဘိုးဘေး' ဖြစ်သွားတာ မဟုတ်လား။ ငါက ဒဏ်ရာ နည်းနည်းပါးပါးပဲ ရပြီး ခြောက်လလောက် နားလိုက်ရုံနဲ့ ပြန်ကောင်းမှာ။ ဘိုးဘေးဝမ်ထက် အများကြီး... အများကြီး ကံကောင်းတာပေါ့။'
သူသည် အဝေးရှိ စိမ်းပြာနွား ဓားသခင်ထံသို့ ကျေးဇူးတင်သော အကြည့်တစ်ချက် လှမ်းပစ်လိုက်၏။
'သူသာ ဝင်မတားပေးခဲ့ရင်... ငါ့ဒဏ်ရာတွေက ဒီထက် ပိုဆိုးသွားမှာ။'
'ဒါပေမဲ့... အဓိက အရေးအကြီးဆုံးကတော့ နင်ချီ သင်ပေးလိုက်တဲ့ 'ကောင်းကင်ဘုံလူသား တစ်သားတည်းကျခြင်း' လျှို့ဝှက်နည်းစနစ်ပဲ။ အဲ့ဒါသာ မရှိခဲ့ရင်... ငါ အခုအချိန်ဆို သေနေလောက်ပြီ။ ဒါမှမဟုတ် အကြီးအကျယ် ဒုက္ခိတ ဖြစ်သွားလောက်ပြီ။'
ဘိုးဘေးဝမ်မှာ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
'ဘာလို့... ဘာလို့ အဲ့ဒီကောင်စုတ်က မသေရတာလဲ...'
သူသည် အလွန်အမင်း နာကြည်းခံပြင်းသွားပြီး၊ သူ၏ ဒေါသများကို သူ၏ ရှေ့မှ မိစ္ဆာဂိုဏ်း 'ကောင်းကင်ဘုံလူသား' အပေါ်သို့ ပုံချရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သူ လက်တစ်ဖက် ပြတ်သွားခဲ့သော်လည်း၊ ထိုမိစ္ဆာဂိုဏ်း 'ကောင်းကင်ဘုံလူသား' မှာလည်း အလားတူပင် စုတ်ပြတ်သတ်နေခဲ့ရာ၊ နှစ်ယောက် တစ်ယောက် ဝိုင်းတိုက်ခိုက်ခြင်းသည် တသမတ်တည်း အသာစီး ရနေဆဲ ဖြစ်သည်။
စိမ်းပြာနွား ဓားသခင် သက်ပြင်းတစ်ချက် ချလိုက်မိပြီး၊ ယခုလောက် သေကွင်းသေကွက် အခြေအနေကို တာအိုဆရာလုံရှန်း ဖြေရှင်းနိုင်ခဲ့သည့်အပေါ် အနည်းငယ် အံ့အားသင့်သွားမိသည်။
ထိုအခိုက်အတန့်တွင်...
စစ်မြေပြင်၏ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မိစ္ဆာအိုကြီး လင်သည် 'သွေးမီးတောက်နည်းစနစ်' ဖြင့် ထွက်ပြေးနေပြီး၊ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က အပြင်းအထန် လိုက်လံနေ၏။
မိစ္ဆာဂိုဏ်းဌာနခွဲမှာမူ အမြစ်ပြတ် ချေမှုန်းခံရခြင်းနှင့် ရင်ဆိုင်နေရသည်။
စိမ်းပြာနွား ဓားသခင်သည် မည်သို့ ရွေးချယ်ရမည်ကို ချီတုံချတုံ ဖြစ်နေစဉ်၊ အဝေးမှ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်၏ အသံကို ကြားလိုက်ရသည်:
"အစ်ကို နွား... သူတို့ကို နောက်ဆက်တွဲ ကိစ္စတွေ ရှင်းဖို့ အမြန် ကူညီလိုက်...။ ပြီးတာနဲ့ ဒီစစ်သူကြီးချုပ်ကို လာကူပါ..."
သူ့စကား မဆုံးမီမှာပင် မိစ္ဆာအိုကြီး လင်၏ နောက်သို့ အဝေးသို့ လိုက်လံ ပျောက်ကွယ်သွားလေသည်။
စိမ်းပြာနွား ဓားသခင်သည် ချက်ချင်းပင် ချီတုံချတုံ ဖြစ်မနေတော့ပေ။
သူက စစ်မြေပြင်တစ်ခုလုံးကို ဖျတ်ခနဲ ဝေ့ဝဲကြည့်လိုက်သည်။
'ကိုးယောက်... လေးယောက်...။ တစ်ဖက်မှာ 'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ဝင် ကျွမ်းကျင်သူ တစ်ယောက်တောင် မရှိဘူး။ ဒီပွဲရဲ့ အဖြေက မေးခွန်းထုတ်စရာတောင် မလိုတော့ဘူး။'
ခဏအကြာတွင်..
မိစ္ဆာဂိုဏ်း၏ 'ကောင်းကင်ဘုံလူသား' လေးဦးစလုံး နှိမ်နင်းခံလိုက်ရသည်။
အချို့က တားမြစ်နည်းစနစ်များကို အသုံးပြုခဲ့ကြသော်လည်း၊ အင်အားကွာဟချက်မှာ အလွန် ကြီးမားလှသဖြင့် သူတို့အားလုံး ဖိနှိပ်ခြင်း ခံခဲ့ရသည်။
တစ်ချိန်တည်းမှာပင်၊ မဟာယန်နန်းတော်မှ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူများလည်း ဒဏ်ရာ အသီးသီး ရရှိခဲ့ကြသည်။
ဘိုးဘေးဝမ်မှာ ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်လေ၏။ လက်တစ်ဖက် ဆုံးရှုံးခဲ့ရကာ၊ သူ၏ အသက်စွမ်းအားမှာ ယုတ်လျော့လာပြီး မျက်နှာမှာလည်း ဖြူဖျော့နေခဲ့သည်။
အခြားသူများထဲတွင်၊ နန်းတော်၏ 'ကောင်းကင်ဘုံလူသား' လေးဦးမှာ အဓိက တိုက်ခိုက်သူများ ဖြစ်သည့်အလျောက် ဒဏ်ရာ ပိုမို ပြင်းထန်ခဲ့၏။ သူတို့ထဲမှ တစ်ဦးမှာ ရင်ဘတ်တွင် သွေးများ စီးကျနေကာ ဓားချီစွမ်းအင်များ အတွင်း၌ ထကြွနေဆဲ ဖြစ်သည်။
လွတ်လပ်ခြင်းဘုရင်နှင့် အခြားသူများမှာမူ အစွမ်းကုန် မထုတ်ခဲ့ကြဘဲ၊ မိမိကိုယ်ကို ကာကွယ်ရန်သာ အာရုံစိုက်ခဲ့ကြသဖြင့် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြသည်။
အကယ်၍သာ တာအိုဆရာလုံရှန်းသည် မိစ္ဆာအိုကြီး လင်၏ ဓားချက်ဖြင့် အငိုက် တိုက်ခိုက်ခြင်း မခံခဲ့ရပါက၊ သူ၏ ဒဏ်ရာများမှာလည်း အလားတူ ပေါ့ပါး နေပါလိမ့်မည်။ သို့သော်လည်း၊ ယခုအခါတွင်မူ သူသည် ပြန်လည် သက်သာလာရန် ခြောက်လခန့် အချိန်ယူရဖွယ် ရှိနေသည်။
ဤကိစ္စနှင့် ပတ်သက်၍..
နန်းတော်မှ အဖွဲ့ဝင်များမှာ ကောင်းစွာ နားလည်ကြသော်လည်း၊ များများစားစား မပြောခဲ့ကြပေ။ သူတို့သည် ဤသို့ အကူအညီ ရရှိခြင်းအတွက်ပင် ကျေးဇူးတင်နေခဲ့ပြီး၊ ယခုလို ကိစ္စများကို တရားသူကြီးလုပ် အဆုံးအဖြတ်ပေးရန် ခက်ခဲလှသည် မဟုတ်ပါလော။
နန်းတော်၏ 'ကောင်းကင်ဘုံလူသား' ကျွမ်းကျင်သူများထဲမှ တစ်ဦးက ခပ်ဟဟ ရယ်မောရင်း ပြောလိုက်သည်။
"ခင်ဗျားတို့ တစ်ဦးချင်းစီရဲ့ အနစ်နာခံမှုတွေကို နန်းတော်က မြင်ပါတယ်။ စစ်သူကြီးချုပ် ပြန်ရောက်တာနဲ့ ခင်ဗျားတို့ကို ဆုလာဘ်တွေ ချီးမြှင့်မှာ သေချာပါတယ်..."
"ဒါပေမဲ့၊ ဒီမိစ္ဆာ ရှင်းလင်းပွဲက မပြီးသေးဘူး။ စစ်သူကြီးချုပ်က မိစ္ဆာအိုကြီး လင်ကို လိုက်နေတုန်းပဲ။ ဘာ မတော်တဆမှုမှ မဖြစ်အောင်လို့၊ ခင်ဗျားတို့ စစ်သူကြီးချုပ်ကို သွားကူညီပေးကြပါ။ ကျွန်တော် ဒီမှာပဲ နေပြီး ရှင်းလင်းရေးတွေကို ကြီးကြပ်လိုက်ပါ့မယ်။"
ထိုအခါ အုပ်စုမှာ အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။ မိစ္ဆာအိုကြီး တစ်ကောင် လွတ်မြောက်သွားခြင်းကို ခွင့်ပြုလိုက်ခြင်းသည် သူတို့အတွက် နှစ်လိုဖွယ် ရလဒ်တစ်ခု မဟုတ်ပေ။
စကားပြောသူသည် မျပ်နှာ ဖြူဖျော့နေသော ဘိုးဘေးဝမ်ကို လှမ်းကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"ဘိုးဘေးဝမ်... ခင်ဗျား ဒဏ်ရာ တော်တော် ပြင်းထန်သွားတယ်။ ဒီမှာပဲ ကျွန်တော်နဲ့အတူ နေခဲ့သင့်တယ် ထင်တယ်။"
သို့သော် ဘိုးဘေးဝမ်က သူ၏ ခေါင်းကို ခါယမ်းကာ ငြင်းဆန်လိုက်သည်။
"ကျွန်တော်... လိုက်ခဲ့မယ်။"
'မိစ္ဆာအိုကြီး လင်... အဲ့ဒီကောင် ထွက်မသွားခင် ငါ့ကို ကြည့်သွားတဲ့ အကြည့်...။ ငါ့ ကျောရိုးထဲကို စိမ့်တက်သွားတာပဲ။ မကောင်းတဲ့ နိမိတ်ကြီးတစ်ခုလို ခံစားနေရတယ်။ အဲ့ဒီကောင် သေသွားတာကို ငါ့မျက်စိနဲ့ တပ်အပ် မမြင်ရသရွေ့... ငါ ညဘက် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။'
ဤသည်ကို မြင်သော်၊ စကားပြောသူက ဆက်လက်၍ အတင်းအကျပ် မတိုက်တွန်းတော့ပေ။
ချက်ချင်းဆိုသလိုပင်..
'ကောင်းကင်ဘုံလူသားနယ်ပယ်' ပုဂ္ဂိုလ် အများအပြား ကောင်းကင်သို့ ဝဲပျံတက်သွားကြပြီး၊ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က တမင်တကာ ချန်ထားခဲ့သော လမ်းကြောင်းအမှတ်အသားများနောက်သို့ လိုက်လံသွားကြလေတော့သည်။