← Chapters

ကောင်းကင်ဘုံဓားသခင်က မိစ္ဆာများကို သုတ်သင်ခြင်း

Vol. 7 Ch. 97

ကောင်းကင်ဘုံဓားသခင်က မိစ္ဆာများကို သုတ်သင်ခြင်း

Vol. 7 Ch. 97

~ “အုန်း”

ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲမှုကြီး၏ မြည်ဟည်းသံသည် မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ မျက်လုံးအစုံစုံတို့မှာ တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်လျက် ဤနေရာသို့ လှမ်းကြည့်လာကြသည်။

လွန်ခဲ့သော ခဏလေးကပင် သွေးနီရောင် အလင်းတန်းကြီးတစ်ခု ဝမ်မျိုးနွယ်၏ အထက်သို့ ကျဆင်းလာသည်ကို အချို့က မြင်တွေ့လိုက်ရ၏။

သူတို့ ဘာမှ ကောင်းစွာ နားမလည်နိုင်ခင်မှာပင်၊ ဤ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးက မျက်စိတစ်မှိတ်အတွင်း ကျရောက်လာခဲ့သည်။

အော်ဟစ်သံများမှာ တစ်နေရာပြီးတစ်နေရာ မရပ်မနား ထွက်ပေါ်လာလိုက်၊ ရုတ်တရက် တိတ်ကျသွားလိုက် ဖြစ်နေ၏။ အကြောင်းမှာ ဓားချီစွမ်းအင်များက ထိုသူတို့ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်သောကြောင့်တည်း။

'ချီစွမ်းအင်နယ်ပယ်' သခင်တစ်ဦး ဖြစ်သော ဝမ်ချင်းဟယ်ပင်လျှင် ခြွင်းချက်မရှိခဲ့ပေ။ သူ့ထံတွင် ခုခံတွန်းလှန်နိုင်စွမ်း တစ်စိုးတစ်စိမျှ မရှိခဲ့ပါ။

တစ်ခဏအတွင်း...

ထို ခမ်းနားထည်ဝါလှသော စံအိမ်တော်ကြီးမှာ ပြိုကျပျက်စီးသွား ၏။ အပျက်အစီးများကြားတွင် သွေးများ ချောင်းစီးလျက်၊ လူပေါင်း သောင်းချီကာ အသက်

ပျောက်ဆုံးသွားခဲ့ရ၏။

“ဟီးဟီးဟီး…”

မိစ္ဆာအိုကြီး လင်က အားရပါးရ အရူးလို ရယ်လိုက်သည်။

'ကောင်းကင်ဘုံလူသားနယ်ပယ်' သခင် မရှိသည့်နောက်၊ ဝမ်မျိုးနွယ်ဆိုသည်မှာ သူ၏ မျက်စိထဲတွင် ပုရွက်ဆိတ်များကဲ့သို့ပင် အရေးမပါတော့ချေ။

သွေးနီရောင် ဓားချီစွမ်းအင်များက မည်သည့်အရာကမျှ တားဆီးနိုင်ခြင်းမရှိဘဲ တိုက်ခတ် ရှင်းလင်းသွားရာ၊ ထပ်ဆင့်ကျရောက်နေသော ဓားဒဏ်ရာများမှာ ကောင်းကင်ယံမှ ငှက်တစ်ကောင်၏ အမြင်ဖြင့် ကြည့်လျှင် အထူးတလည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အသက်ရှုမှု အနည်းငယ်မျှ ကြာမြင့်သော အချိန်လေးအတွင်း၊ နှစ်ပေါင်း ရာနှင့်ချီ၍ ထွန်းတောက်ခဲ့သော ဝမ်မျိုးနွယ်သည် မျိုးတုံးခါနီးဖြစ်သွားခဲ့လေပြီ။

အလွန် ကံကောင်းသော လူအနည်းငယ်သာလျှင် အပျက်အစီးများကြားတွင် တုန်တုန်ယင်ယင်ဖြင့် ကျန်ရစ်ခဲ့၏။

မိစ္ဆာအိုကြီး လင်က အေးစက်စွာ နောက်လှည့်ကြည့်လိုက်ပြီး၊ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွားပြန်သည်။

သာမန်အခြေအနေမျိုး၌သာဆိုလျှင်၊ သူတို့အားလုံးကို အမြစ်ပြတ်သည်အထိ အချိန်ယူ သုတ်သင်ပစ်နိုင်ပေသည်။ သို့သော် နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်က သူ့နောက်သို့ အနီးကပ် လိုက်လံနေသည့်အတွက်၊ သူ အချိန် ဖြုန်းမနေနိုင်တော့ပေ။

ယခုလေးတင် သူ ပြသလိုက်သည့် ပေါက်ကွဲမှုမှာ သူ့ကိုယ်သူ အသက်ရှုချိန် သုံးလေးချက်စာမျှ ရရှိရန် အချိန်ဝယ်လိုက်ခြင်းမျှသာ ဖြစ်သည်။

"နတ်ဘုရားငှက်မွှေး... မင်း တကယ် အရည်အချင်းရှိရင် ငါ့နောက်ကို ဆက်လိုက်ခဲ့လေကွာ... မင်းသာ ငါ့ကို ဒေါသထွက်အောင် ထပ်လုပ်ရဲရင်... မင်း ကြည့်လို့ကောင်းအောင် နောက်ထပ် မြို့ သုံးလေးမြို့လောက်ကို ငါ ဝင်သတ်ပစ်ခဲ့မယ်..ဟီးဟီး

ဟားဟားဟား.."

မိစ္ဆာအိုကြီး လင်က ရူးသွပ်စွာ ဟစ်အော်ရယ်မောလိုက်၏။

သူ၏ မာန်ဖီနေသော သွေးနီရောင် ဓားအလင်းတန်း အနည်းငယ်သည် မြို့တော်အတွင်းသို့ ကျရောက်သွားပြန်ရာ၊ လူအများအပြား ထပ်မံ သေဆုံး ဒဏ်ရာရရှိသွားစေပြီး၊ ကြည့်ရှုနေသူများကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေခဲ့သည်။

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်သည် ဝမ်စံအိမ်တော်၏ အပျက်အစီးများအထက်သို့ ရောက်ရှိလာသောအခါ၊ သူ၏ မျက်နှာမှာ သွေးရောင် ဖျော့နေခဲ့သည်။

သူ မိစ္ဆာအိုကြီး လင်၏ နောက်သို့ လိုက်လံနေခဲ့သည်မှာ နာရီဝက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ဤအချိန်တစ်လျှောက်လုံး၊ မိစ္ဆာအိုကြီး လင်သည် သူ့ကို ရှောင်တိမ်းရန် မမျှော်လင့်ဘဲ အရှိန်မြှင့်လိုက် လုပ်လေ့ရှိရာ၊ ထိုနည်းဗျူဟာကို သူ အခုအခါ အကျွမ်းတဝင် ဖြစ်နေခဲ့ပြီ။

'ခဏလေးက... အဲ့ဒီကောင် အရှိန်မြှင့်လိုက်တုန်းက... ငါက ထုံးစံအတိုင်းပဲ နောက်က လိုက်သွားတာ။ သူက လမ်းကြောင်း သွယ်ပြီး ဝမ်မျိုးနွယ်ကို ဝင်ရှင်းပစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။'

ထိုအခါမှ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်သည် မိစ္ဆာအိုကြီး လင်၏ ရည်ရွယ်ချက် အမှန်ကို သဘောပေါက်သွားတော့သည်။

ဝမ်းနည်းစရာ ကောင်းလှသည်..

နောက်ကျသွားခဲ့ပြီ။

မျိုးတုံးလုနီးပါး ဖြစ်သွားခဲ့သော ဝမ်မျိုးနွယ်ကို မြင်တွေ့လိုက်ရသောအခါ၊ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က သူ၏ ဒေါသကို မြိုသိပ်လိုက်၏။

'ဒီကောင်... ဘိုးဘေးဝမ်ကို လက်တုံ့ပြန်တာပဲ။'

ဒါကို သူ သိသည်။ သို့သော်၊ ဤလုပ်ရပ်သည် သူ့ကိုရော မဟာယန်နန်းတော်ကိုပါ အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။

'ဘိုးဘေးဝမ်က နန်းတော်အတွက် အလုပ်လုပ်ပေးခဲ့တာ။

သူ့အတွက် သင့်တင့်တဲ့ တုံ့ပြန်မှု တစ်ခုမှ မပေးနိုင်ရင်၊ နောင်တစ်ချိန်မှာ ဘယ်သူက နန်းတော်အတွက် သစ္စာရှိရှိ အမှုထမ်းရဲတော့မှာလဲ။'

'ထားလိုက်တော့... နောက်မှ ဝမ်ချွမ်း (ဘိုးဘေးဝမ်) ကို လျော်ကြေး ပိုပေးလိုက်ရုံပေါ့။'

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ် တိတ်တဆိတ် တွေးလိုက်သည်။

အောက်ဘက်တွင်..

ဝမ်မျိုးနွယ်၏ အဖွဲ့ဝင်များက နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်ထံသို့ အော်ဟစ်တောင်းပန်ကြသည်:

"အရှင်... အရှင်... ကျေးဇူးပြုပြီး... ကျွန်တော်တို့ ဝမ်မျိုးနွယ်အတွက် လက်စားပြန်ချေပေးပါ..."

အချို့မှာ ထူးကဲစွာ ကံကောင်းခဲ့ပြီး၊ လူသူမမြင်နိုင်သော ထောင့်ချောင်များတွင် ပုန်းအောင်းနေခဲ့သဖြင့် သွေးနီရောင် ဓားချီစွမ်းအင်များ၏ အန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ကြ၏။ အချို့မှာမူ စံအိမ်တော်၏ အပြင်ဘက်တွင် ရှိနေခဲ့ပြီး၊ ဤ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသဖြင့်၊ ယခုအခါ လုံးဝ ကြောင်ငေးသွားကာ၊ ဤကပ်ဘေးကြီးကြောင့် ထူပူနေကြသည်။ သူတို့၏ ရန်သူ မည်သူဖြစ်သည်ကိုပင် သူတို့ မသိကြချေ။

နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က တစ်စုံတစ်ရာ မပြောကြားဘဲ၊ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

သူသည် အဝေးသို့ ထွက်ခွာသွားသော သွေးရောင်အလင်းတန်းကို စူးစိုက်ကြည့်လိုက်၏။ တဆက်တည်း၌ ခန္ဓာကိုယ်မှ ပြာလဲ့လဲ့ အလင်းရောင်များ ထွန်းလင်းလာကာ၊ ရှေ့သို့ နောက်တစ်ကြိမ် လိုက်လံ ဖမ်းဆီးသွားလေတော့သည်။

'နောက်ဆက်တွဲ ကိစ္စတွေကို ဖြေရှင်းဖို့ အချိန်မရှိဘူး။ မကြာခင် တခြား 'ကောင်းကင်ဘုံလူသား' တွေ ရောက်လာပြီး ရှင်းသွားလိမ့်မယ်။'

...

ခဏအကြာတွင်..

စိမ်းပြာနွား ဓားသခင်သည် မြို့တော်သို့ ပထမဆုံး ရောက်ရှိလာခဲ့ပြီး၊ ပရမ်းပတာ ဖြစ်နေသော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက သူ့ကို အနှောင့်အယှက် ဖြစ်ပွားရာ နေရာသို့ လျင်မြန်စွာ လမ်းညွှန်သွား၏။

ဝမ်စံအိမ်တော်..

သို့သော် ယခုအခါ၊ ၎င်းသည် အဖျက်အဆီးများ ပြည့်နှက်နေသော မြေယာကွင်းပြင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ။

မြို့တော်ဝန်နှင့် သိုင်းပညာရှင် အများအပြားမှာ အပျက်အစီးများကို တုန်လှုပ်စွာ စိုက်ကြည့်ရင်း၊ နောက်ဆက်တွဲ ကိစ္စများကို စီမံခန့်ခွဲနေကြသည်။ ထိုအခိုက်တွင်၊ သူတို့သည် အဝေးမှ ချဉ်းကပ်လာသော နောက်ထပ် အင်အားကြီးမားသည့် လှုပ်ရှားမှုတစ်ခုကို အာရုံခံလိုက်မိရာ၊ သူတို့၏ နှလုံးသားများ ဗြောင်းဆန်သွားပြီး၊ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။

တစ်စုံတစ်ယောက်က စိမ်းပြာနွား ဓားသခင်၏ သွင်ပြင်ကို မှတ်မိသွားပြီး၊ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒီမှာ ဘာဖြစ်သွားတာလဲ။"

ဝမ်မျိုးနွယ်၏ မျိုးဆက်သစ်တစ်ဦးက မျက်ရည်များဖြင့် ထိုအဖြစ်အပျက်များကို ပြန်လည် ပြောပြလေသည်။

စိမ်းပြာနွား ဓားသခင်၏ မျက်နှာအမူအရာသည် ကနဦး ဒေါသထွက်ခြင်းမှ တဖြည်းဖြည်း ထူးဆန်းသော အသွင်သို့ ပြောင်းလဲသွားသည်။

'ဟ... မိစ္ဆာအိုကြီး လင်က ထွက်ပြေးရင်း ဝမ်မျိုးနွယ်ကို ဝင်သုတ်သင်သွားတယ် ဟုတ်လား။'

သူ၏ စိတ်ထဲတွင် 'ဒါ... ဝဋ်လည်တယ်လို့ ခေါ်ရမလား' ဟူသော ထူးခြားသည့် အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

သို့သော် သူ ထိုစကားကို ထုတ်ဖော် မပြောခဲ့ပေ။

"စီနီယာ စိမ်းပြာနွား... ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် လက်စားပြန်ချေပေးပါ..."

စိမ်းပြာနွား ဓားသခင်က တိတ်ဆိတ်စွာ နေလျက်၊ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်၊ လေထဲသို့ နောက်တစ်ကြိမ် ပျံတက်သွားကာ၊ နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်၏ ကျန်ရှိနေသော အရှိန်အဝါနောက်သို့ ထပ်ချပ်မကွာ လိုက်သွားလေသည်။

'ဝမ်မျိုးနွယ် ကပ်ဆိုက်တာ ငါနဲ့ ဘာဆိုင်လို့လဲ။ ဒီလို အခြေအနေရောက်နေတုန်း ထပ်မကန်မိတာပဲ... ကိုယ့်ကိုယ်ကိုယ် တော်တော် သဘောထားကြီးတယ် ပြောရမယ်။'

လူအုပ်ကြီးမှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း ကြေကွဲစွာ ကျန်ရစ်ခဲ့ကြသည်။

...

နောက်ထပ် ခဏ ကြာမြင့်သွားပြန်သည်။

ပြင်းထန်သော လှုပ်ရှားမှုကြီးတစ်ခု ကောင်းကင်ယံမှ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ရာ၊ လူတိုင်းကို တုန်လှုပ်သွားစေ၏။ သူတို့၏ နှလုံးသားများမှာ စိုးရိမ်ပူပန်မှုဖြင့် ခုန်ပေါက်နေကြသည်။ ဤထူးဆန်းသော အဖြစ်အပျက်ကို သူတို့ နားမလည်နိုင်ကြတော့ပေ။

'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူများမှာ လမ်းဘေးက ဂေါ်ဖီထုတ်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် အဘယ်ကြောင့် ပေါများနေရသနည်း။

ဤ နောက်ဆုံး ရောက်ရှိလာသော လှိုင်းလုံးမှာ အထူးသဖြင့် လူအင်အား များပြားလှသည်။

သို့သော် တစ်စုံတစ်ယောက်က သူတို့ထဲမှ အကျွမ်းတဝင် မျက်နှာအချို့ကို မှတ်မိသွားပြီး၊ အထူးသဖြင့် ဝမ်မျိုးနွယ်၏ မျိုးဆက်သစ်တစ်ဦးမှာ ဝမ်းသာမျက်ရည်များဖြင့် အော်ဟစ်လိုက်သည်:

"ဘိုးဘေး... ဘိုးဘေး... နောက်ဆုံးတော့ ပြန်လာပြီ..."

အသက်ရှင် ကျန်ရစ်သော ဝမ်မျိုးနွယ် အဖွဲ့ဝင်များမှာ သူတို့၏ အားကိုးရာကို ရှာဖွေတွေ့ရှိသွားကြပြီး၊ သူတို့၏ ငိုကြွေးသံများမှာ ရင်ကွဲနာကျဖွယ် ကောင်းလှ၏။

"အားလုံး... အားလုံး ကုန်ပါပြီ..."

"နှစ်ပေါင်း ရာနဲ့ချီတဲ့ အခြေခံအုတ်မြစ်ကြီး... အားလုံး ကုန်ပြီ..."

"ဘိုးဘေး... ခင်ဗျား... ခင်ဗျား ဂိုဏ်းချုပ်နဲ့ တခြားသူတွေအတွက် လက်စားပြန်ချေပေးရမယ်... သူတို့ သေတာ... သေတာ အရမ်း ဆိုးလွန်းပါတယ်..."

ဘိုးဘေးဝမ်သည် 'အကျွမ်းတဝင် ရှိလှသော အပျက်အစီးပုံကြီး' ၏ ရှေ့တွင် ရပ်တန့်နေပြီး၊ သူ၏ ပတ်ဝန်းကျင်မှ ငိုညည်းသံများကို နားထောင်ရင်း၊ သူ၏ စိတ်ဝိညာဉ်မှာ ယိမ်းယိုင်သွားကာ၊ အိပ်မက်ဆိုးတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။

'ငါ... ငါ အပြင်တစ်ခေါက် ထွက်သွားမိရုံလေး... အိမ်... အိမ်က ပျောက်သွားပြီ ဟုတ်လား။'

သူ၏ မျက်လုံးများမှာ သွေးနီရောင်များ လွှမ်းခြုံနေပြီး၊ အနီးအနားမှ မျိုးနွယ်ဝင်တစ်ဦးကို စူးစိုက်ကြည့်ကာ၊ အက်ကွဲခြောက်ကပ်သော အသံဖြင့် မေးလိုက်သည်:

"ဘာ... ဘာတွေ ဖြစ်သွားတာလဲ... အပြည့်အစုံ ပြော။"

မျိုးနွယ်ဝင်၏ မျက်ရည်စက်လက်ဖြင့် ပြန်လည် ပြောပြသည်များကို နားထောင်ပြီးနောက်၊ ဘိုးဘေးဝမ်သည် အော်ဟစ်သံကြီးတစ်ခု ပြုလိုက်ပြီး၊ ယိမ်းယိုင်သွားကာ၊ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

သူ၏ နဂိုတည်းက ယိုယွင်းနေသော အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားတော့သည်။

ထိုအခါမှ အချို့က ဘိုးဘေးဝမ်၏ မူမမှန်သော အခြေအနေကို သတိထားမိသွားကြသည်... ။

ဘိုးဘေး... လက်တစ်ဖက် မရှိတော့ပါလား...

သူတို့အားလုံး အံ့အားသင့်သွားကြသည်။

"ဘိုးဘေး... ခင်ဗျားရဲ့ လက်... လက်က..."

ဘိုးဘေးဝမ်သည် သူတို့၏ စကားများကို မကြားနိုင်တော့ဘဲ၊ ကောင်းကင်သို့ မော့ကြည့်ကာ ဟစ်အော်လိုက်သည်။

"မိစ္ဆာအိုကြီး လင်......... မင်းနဲ့ငါ... သေမှ တွေ့တော့မယ်......”

All Chapters