ရင်းနှီးမြှုပ်နှံမှု ဆရာကြီး
Vol. 7 Ch. 103
~နင်ချီသည် လော့ဝမ်ထျန်းနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့၏။ လိုက်မသွားဘဲ တပည့် အနည်းငယ်နှင့်အတူ တာအိုကျမ်းစာများကို စတင် စီစဉ်နေခဲ့ပြီး၊ သူ၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှု အရိပ်အယောင်များ ရှိနေခဲ့သည်။
အနီးအနားမှ တပည့်များက 'နဝမ ဆရာဦးလေး' ဟု ရိုသေစွာ နှုတ်ဆက်ကြပြီးနောက် သူတို့၏ အလုပ်များကို စတင် လုပ်ဆောင်ကြလေသည်။
နင်ချီက အစစ်အမှန်သိုင်းဂိုဏ်းတွင် မရှိသော တာအိုကျမ်းတစ်အုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး ၎င်းကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေခဲ့သည်။
ထိုကျမ်းစာတွင် အများအားဖြင့် တာအိုဂိုဏ်း သခင်များ ကောင်းကင်နှင့်မြေကြီးကို နားလည်ခြင်း၊ သေမျိုးလောကကို တွေ့ကြုံခံစားခြင်း၊ သို့မဟုတ် ထူးခြားဆန်းပြားသော သားရဲများကို လေ့လာခြင်းတို့မှ ရရှိခဲ့သော ထိုးထွင်းအမြင်များကို မှတ်တမ်းတင်ထားရာ၊ နင်ချီကို များစွာ လှုံ့ဆော်ပေးပြီး စိတ်ကူးစိတ်သန်း ပေါများစွာ ရရှိစေခဲ့သည်။
ဥပမာအားဖြင့် သူ ဖန်တီးခဲ့သော အသခ်ျေ ဖြစ်ရပ်ဆန်းကြယ် ချီစွမ်းအင်ထဲမှ ဖြစ်ရပ်ဆန်းကြယ် အများအပြားသည် အခြား သိုင်းပညာများမှ လာခြင်းမဟုတ်ဘဲ၊ အမျိုးမျိုးသော တာအိုကျမ်းစာများမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
နင်ချီသည် ထိုကျမ်းစာများထဲတွင် နစ်မြုပ်နေခဲ့သည်။ အတွင်းမှ အာဟာရများကို စုပ်ယူရင်း၊ သူ များစွာ ရရှိခဲ့သည်ဟု ခံစားလိုက်ရ၏။
ဆံပင်တွင် မြက်ရိုင်းများ စိုက်နေသော တာအိုဆရာအိုကြီးတစ်ဦး လျှောက်လာပြီး၊ ပြုံးရွှင်စွာ မေးလိုက်သည်:
"ဟေ့ကောင်လေး... မင်း ဒီ တာအိုကျမ်းစာကို နားလည်ရဲ့လား။"
နင်ချီ ဘေးသို့ လှည့်ကြည့်လိုက်သည်။
ထို တာအိုဆရာအိုကြီးသည်လည်း 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' ၏ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်ကို သူ တွေ့လိုက်ရ၏။ သို့သော် အခြား တပည့်များပေါ်တွင် ဖြူစင်နေသော အရောင်မှာ သူ့အပေါ်တွင်မူ ဝါကျင့်ကျင့် ဖြစ်နေ၏။ အရေးအကြောင်းများ ထနေကာ၊ ခေါင်းပေါ်မှ ဆံထိုးမှာလည်း စောင်းနေခဲ့သည်။
နင်ချီ သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ ခပ်ပေါ့ပေါ့ ဆိုသည်:
"နားလည်တာပေါ့။"
ထိုအခါ တာအိုဆရာအိုကြီးက သွားဖြဲကာ ရယ်လိုက်ပြီး သူ၏ ရှေ့သွားများကို ဖော်ပြလာသည်။
"ဒါဆို မင်းကို ငါ စမ်းကြည့်မယ်လေ။"
"တော်ပါပြီ။ ကျေးဇူးပဲ။"
နင်ချီ၏ မမျှော်လင့်ထားသော တုံ့ပြန်မှုက တာအိုဆရာအိုကြီးကို အသက်ရှူ မှားသွားစေသည်။
"အလိုလေး...... ကောင်လေး...။ ခုနက ဟို တာအိုပေါက်စလေးတွေ မင်းကို 'နဝမ ဆရာဦးလေး' လို့ ခေါ်နေတာ ကြားလိုက်တယ်။ မင်းက စစ်မှန်သူ လုံရှန်းရဲ့ တပည့်လေးပဲ ဖြစ်ရမယ်။ လူကြီးသူမကို ဒီလို ရိုသေမှု မရှိရသလားကွ။"
တာအိုဆရာအိုကြီးက မကျေမနပ် ဖြစ်သွားသည်။
နင်ချီ သူ့ကို လျစ်လျူရှုထားလိုက်သည်။
တာအိုဆရာအိုကြီးမှာ နားရွက်များနှင့် ပါးများကို ကုတ်ခြစ်နေမိ၏။ နောက်ဆုံးတော့ စကားပြောလို့ ကောင်းမည့် တစ်ယောက်ယောက်ကို ရှာတွေ့ခဲ့သော်လည်း၊ လျစ်လျူရှုခြင်း ခံလိုက်ရသည်။
နင်ချီ တာအိုကျမ်းစာထဲတွင် နစ်မြုပ်နေသည်ကို မြင်သောအခါ၊ သူ မျက်လုံးများကို လှိမ့်လိုက်သည်:
"ကောင်လေး... မင်း တာအိုကျမ်းစာတွေကို ကြိုက်လား။"
"ကြိုက်တယ်။"
"ဒါဆို မင်းကို တာအိုကျမ်းစာတွေ ပိုရှာဖို့ ငါ ခေါ်သွားရင် ဘယ်လိုလဲ။"
"ဘယ်ကိုလဲဗျ။"
နင်ချီ နောက်ဆုံးတွင် စိတ်ဝင်စားမှု အရိပ်အယောင်ဖြင့် ခေါင်းမော့လာသည်ကို မြင်သောအခါ၊ တာအိုဆရာအိုကြီးက သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး ဆိုသည်:
“တာအိုပြည်နယ်ကိုပေါ့ကွ”
"အမှန်အတိုင်း ပြောရရင်... ငါလည်း တာအိုကျမ်းစာတွေကို သိပ်ကြိုက်တယ်။ ဒါပေမဲ့ 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' ထဲက ဟာတွေက အထူးသဖြင့် ပျင်းစရာကောင်းတယ်ကွာ။ တခြား ဂိုဏ်းတွေရဲ့ ကျမ်းစာတွေကို ဖတ်ရမှာ။ ကောင်လေး... မင်းက 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' ကျမ်းစာတွေကို ဒီလောက်ကြိုက်နေတာ... 'အစစ်အမှန်သိုင်းဂိုဏ်း' က ဟာတွေကို ငြီးငွေ့နေပြီ ဖြစ်ရမယ်။ ဟားဟား... ဒီလိုဆိုတော့ ငါတို့က ဝိညာဉ်တူ ညီအစ်ကိုတွေပဲ။"
"ကမ္ဘာပေါ်က တာအိုဂိုဏ်းတွေရဲ့ ခြောက်ဆယ်ကနေ ခုနစ်ဆယ် ရာခိုင်နှုန်းလောက်က တာအိုပြည်နယ်မှာ ရှိတာကွ။ အထူးသဖြင့် ထိပ်တန်း တာအိုဂိုဏ်း ဆယ်ခုထဲက ခြောက်ခုက ဟိုမှာပဲ။ ထိပ်ဆုံး သုံးခုလုံး အပါအဝင်ပေါ့။"
"စဉ်းစားကြည့်စမ်းပါဦး...။ ငါတို့သာ ဒီ တာအိုဂိုဏ်းတွေ အကုန်လုံးကို ဝင်လုယက်နိုင်ခဲ့ရင်... မင်း ဘဝ ဆယ်သက်စာတောင် သိုင်းကျမ်းတွေ ဖတ်လို့ ကုန်မှာ မဟုတ်ဘူး။"
တာအိုဆရာအိုကြီးက သူ့ရင်ဘတ်ကို ကျယ်လောင်စွာ ပုတ်လိုက်ပြီး၊ သူ၏ မျက်လုံးများမှာ ကြီးကျယ်သော အောင်မြင်မှု တစ်ခုခု အကြောင်း ပြောနေသည့်အလား တောက်ပနေခဲ့သည်။
နင်ချီ စကား ဆွံ့အသွားသည်။
'ဒီ ပေါက်ကရ တာအိုဆရာအိုကြီးဆီက အကောင်းပြော ထွက်လာမှာ မဟုတ်မှန်း သိသားပဲ။ မျှော်လင့်ချက် တစ်စက်ကလေးတောင် ထားစရာ အကြောင်းမရှိဘူး။'
'ဟို တာအိုဂိုဏ်းတွေကို ဝင်လုမယ် ဟုတ်လား။ ဒီလို စကားမျိုးကို သူ ဘယ်လိုတောင် အသံထွက် ပြောရဲတာလဲ။'
နင်ချီသည် ဤ တာအိုဆရာအိုကြီး အစွမ်းထက်ကြောင်း အာရုံခံမိသည်။
သူသည် 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ခြေတစ်လှမ်း လှမ်းဝင်ရန် အလွန် နီးစပ်နေလောက်ပြီ ဖြစ်ပြီး၊ တာအိုဆရာလုံရှန်း မထိုးဖောက်မီကနှင့် ဆင်တူပေသည်။ သို့သော်... အဲ့ဒါ ဘာဖြစ်လဲ။ နယ်ပယ်ငါးရှိသော 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' တစ်ခုတည်းမှာပင် 'ကောင်းကင်ဘုံလူသား' သုံးဦး ရှိနေသည်။
'ထိပ်ဆုံး တာအိုဂိုဏ်း သုံးခု ဆိုရင် ပြောစရာတောင် လိုဦးမှာလား။'
နင်ချီ သူ့ကို မကြည်မလင် ကြည့်လိုက်သည်။
တာအိုဆရာအိုကြီးကလည်း ပြန်ကြည့်ဘာသည်။
"ကောင်လေး... မင်း ငါ့စွမ်းအာကို မယုံဘူးလား။ တာအိုဆရာ ပိုင်ရှန်း ဆိုတာ ငါပဲကွ။"
နင်ချီ နှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်:
"ခင်ဗျားနဲ့ စစ်မှန်သူ ပိုင်ဟဲ့က ဘာတော်လဲ။"
"သူက ငါ့ ဂျူနီယာညီလေးလေ။"
တာအိုဆရာ ပိုင်ရှန်းမှာ အလွန် ဂုဏ်ယူနေခဲ့သည်။
"ဂျူနီယာညီလေး။"
နင်ချီက အသံကို ဆွဲပြောလိုက်သည်။
တာအိုဆရာ ပိုင်ရှန်းသည် နင်ချီ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး၊ ချက်ချင်း စိတ်ပူသွားသည်။
"ကောင်လေး... ငါ့ကို လျှော့မတွက်နဲ့။ ငါ့ ဂျူနီယာညီလေးက 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ရောက်နေပြီ ဆိုပေမဲ့... သူ့မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် မရှိဘူးကွ။ သူ အဲ့ဒီ နယ်ပယ်မှာပဲ တစ်သက်လုံး ရပ်တန့်နေတော့မှာ။ ငါကတော့ မတူဘူး။ မင်းကို ပြောပြမယ်... ငါက ပြိုင်ဘက်ကင်း လျှို့ဝှက်နည်းစနစ် တစ်ခုကို ကျင့်နေတာ။ အချိန်ယူပြီး စုဆောင်းနေတာ။"
"'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ငါ ခြေလှမ်းဝင်ဖို့ သိပ်မကြာတော့ဘူး။ အဲ့ဒီအခါကျရင် ငါ ကောင်းကင်ကို ပျံတက်သွားမှာ။ 'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ပေါ် ရောက်ပြီး 'သိုင်းသူတော်စင်' နယ်ပယ်ကို တန်းတက်သွားမှာ။"
"အဲ့ဒီအချိန်ကျရင်... မင်းကို 'ယင်ယန်ဂိုဏ်း' ကို လုဖို့ ခေါ်သွားမယ်။ 'သန့်စင်ဂိုဏ်း' ကို လုဖို့ ခေါ်သွားမယ်။ 'ကောင်းကင်ဘုံ မိုးကြိုးဂိုဏ်း' ကို လုဖို့ ခေါ်သွားမယ်။ ထိပ်တန်း တာအိုဂိုဏ်း ဆယ်ခုလုံးကို ဖြတ်ပြီး လုယက်သွားမယ်။ မင်းကို အမြင့်ဆုံးဆွဲတင်ပေးမယ်။"
တာအိုဆရာ ပိုင်ရှန်း စကားပြောရင်း ပို၍ စိတ်အားထက်သန်လာကာ၊ နင်ချီ အချိန်မနှောင်းခင် သူ၏ အစွန်အဖျားကို ဖမ်းဆွဲထားသင့်ကြောင်း သွယ်ဝိုက် ပြောကြားနေလရသည်။
နင်ချီ သူ၏ စာအုပ်ကို ငုံ့ကြည့်လိုက်သည်။
"ဪ။"
'ခင်ဗျား 'သိုင်းသူတော်စင်' ဖြစ်တဲ့အချိန်ကျရင်... ကျွန်တော် ဘယ်နယ်ပယ် ရောက်နေမယ်ဆိုတာတောင် မသိနိုင်တော့ဘူး။ ခင်ဗျားက ကျွန်တော့်ကို အမြင့်ဆွဲတင်ပေးဦးမှာလား။'
တာအိုဆရာ ပိုင်ရှန်း ရူးသွားသည်။
ရှေ့တွင် တာအိုကျမ်းစာများ ရေတွက်နေသော 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' တပည့်များအားလုံးမှာ ခါးသက်သော အပြုံးများ ဆင်မြန်းထားကြ၏။
တာအိုဆရာ ပိုင်ရှန်း "'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ငါ ဝင်ဖို့ သိပ်မကြာတော့ဘူး" ဟု ပြောနေသည်ကို သူတို့ လွန်ခဲ့သော ဆယ်နှစ်ကတည်းက ကြားခဲ့ရသည်ပင်။ သို့သော် ဆယ်နှစ် ကြာသွားသည့်တိုင် သူသည် ထို တာအိုဆရာ ပိုင်ရှန်းသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ စစ်မှန်သူ ပိုင်ရှန်း မဖြစ်လာခဲ့ပေ။
'အခု သူက ကလေးလေး တစ်ယောက်ကိုတောင် လိမ်ညာဖို့ ကြိုးစားနေသေးတယ်။ အဓိက က အဲ့ဒီ ကလေးလေးက မယုံတာပဲ။'
သူတို့ ခေါင်းငုံ့ထားလိုက်ကြပြီး၊ 'အစစ်အမှန်သိုင်းဂိုဏ်း' အတွက်ပင် မျက်နှာပူမိကြသည်။
နင်ချီ သူ့ဘာသာသူ ပြုံးလိုက်ပြီး၊ တာအိုကျမ်းစာကို ပိတ်ကာ မေးလိုက်သည်:
"ခင်ဗျား ကျွန်တော့်ကို တာအိုပြည်နယ် အခြေအနေအကြောင်း ဘာလို့ မပြောပြတာလဲ။"
'ဒီ တာအိုဆရာအိုကြီး ပေါက်ကရတွေ လျှောက်ပြောနေတော့... ငါလည်း ဘယ်လိုမှ အာရုံစိုက်လို့ ရမှာမဟုတ်ဘူး။ လက်တွေ့ကျတာ တစ်ခုခု မေးလိုက်တာ ပိုကောင်းတယ်။ ဘာပဲဖြစ်ဖြစ်... အစစ်အမှန်သိုင်းဂိုဏ်းက ကမ္ဘာ့ တာအိုဂိုဏ်း နယ်ပယ်သတ်မှတ်ချက်ထဲ ဝင်တဲ့အခါ တာအိုပြည်နယ်နဲ့ မလွဲမသွေ ဆက်ဆံရမှာပဲ။'
တာအိုဆရာအိုကြီး ချက်ချင်း မျက်နှာ လင်းလက်သွားသည်။
"မင်း လူမှန်ကို လာမေးတာပဲ။"
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ငါ စပြီး ကင်းထောက်နေခဲ့တာကွ။ တာအိုပြည်နယ်မှာ ဟို တာအိုဂိုဏ်းတွေရဲ့ အခြေအနေကို ငါ့ထက် ပိုရင်းနှီးတဲ့သူ ဘယ်သူမှ မရှိဘူး။ တာအိုပြည်နယ်က အစွမ်းထက် ဂိုဏ်းချုပ်တွေ များပြားတာကြောင့် မဟာယန် ဆယ့်သုံးပြည်နယ်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတာကွ။ ထိပ်ဆုံးနယ်ပယ် 'ယင်ယန်ဂိုဏ်း' ကနေ စပြောကြတာပေါ့။ ဒီ 'ယင်ယန်ဂိုဏ်း' က 'ယင်နဲ့ယန်ရဲ့ မဟာလမ်းစဉ်' ကို ကျင့်ကြံပြီးတော့... အမျိုးသမီး တာအိုရှင်လေးတွေ အများဆုံးပဲကွ... ဟီးဟီး..."
တာအိုဆရာအိုကြီးမှာ စိတ်အားထက်သန်စွာ စကားပြောရင်း ပါးစပ်မှလတံတွေးများ လွင့်စဉ်နေခဲ့သည်။
နင်ချီ အခါအားလျော်စွာ မေးခွန်းများ မေးမြန်းရာ၊ အတော်လေး အကျိုးရှိသည်ဟု တွေ့ရှိရပြီး၊ တာအိုဆရာအိုကြီး၏ မရပ်မနား စကားပြောသံမှာ အတော်လေး နားထောင်လို့ ကောင်းလာသလိုပင် ဖြစ်သွားသည်။
သူသည်လည်း တာအိုပြည်နယ်မှ အမျိုးမျိုးသော တာအိုဂိုဏ်းများအကြောင်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။
"'ယင်ယန်ဂိုဏ်း' က 'ယင်နဲ့ယန်ရဲ့ မဟာလမ်းစဉ်' ကို ကျင့်တယ်။ 'သန့်စင်ဂိုဏ်း' က ဆေးဖော်စပ်ခြင်းမှာ ကျွမ်းကျင်တယ်။ 'ဝိညာဉ်ရတနာဂိုဏ်း' က ပစ္စည်း သွန်းလုပ်ခြင်းမှာ ကျွမ်းကျင်တယ်။ ပြီးတော့ 'ကောင်းကင်ဘုံ မိုးကြိုးဂိုဏ်း' က အဓိကအားဖြင့် မိုးကြိုးလမ်းစဉ်ကို ကျင့်ကြံတယ် ဟုတ်ပြီလား။"
'စိတ်ဝင်စားစရာပဲ။'
သို့သော်..
ထိုကာလအတွင်း၊ တာအိုဆရာအိုကြီးက အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေအနေကို ရဲဖန်ရံခါ စုံစမ်းမေးမြန်းလာပြီး၊ သူ၏ မျက်လုံးများက ပါးနပ်စွာ ဝေ့ဝဲကြည့်နေခဲ့ရာ၊ နင်ချီကို တွေးတောသွားစေသည်။
'ဒီလူ... ဒီတစ်ခေါက် အစစ်အမှန်သိုင်းဂိုဏ်းကို လာတာ...။ သူလည်း ကင်းထောက်ဖို့ လာတာပဲ မဟုတ်လား။'
...
နောက်ရက်များတွင်..
တာအိုဆရာ ပိုင်ရှန်းသည် နင်ချီထံသို့ အခါအားလျော်စွာ လာရောက် လည်ပတ်လေ့ရှိပြီး၊ သူသည် အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးတွင် နင်ချီကိုသာ အထင်ကြီး လေးစားကြောင်း ပြောကြားခဲ့သည်။
သူသည် နင်ချီကို သူနှင့်အတူ 'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' သို့ တိတ်တဆိတ် ပြန်လိုက်ရန်ပင် ချော့မော့ဖို့ ကြိုးစားခဲ့သေးသည်။ နင်ချီက သူ၏ ဆရာသာ ဤအကြောင်းကို မသိ၍ တော်သေးကြောင်း၊ မဟုတ်လျှင် ဒေါသထွက်လောက်ကြောင်း ညွှန်ပြခဲ့သည်။
နင်ချီသည် အသစ်ရရှိထားသော တာအိုကျမ်းစာများကို ဖတ်ရှုနေခဲ့၏။ ထပ်နေသော ကျမ်းများကို ဖယ်ထုတ်လိုက်လျှင်၊ အသစ်သောအ ကြောင်းအရာများပါသည့် ကျမ်းပေါင်း တစ်ထောင်ကျော် ရှိနေခဲ့သည်။
သူ များစွာ ရရှိခဲ့သည်ဟု ခံစားလိုက်ရ၏။
အထူးသဖြင့် ရှားပါးသော သားရေချပ်ကျမ်း အချို့မှာ သူ့ကို ကြီးမားသော စိတ်ကူးစိတ်သန်းများ ပေးခဲ့သည်။ 'အမြုတေတု နည်းစနစ်' ကို ဖန်တီးရန် လိုအပ်သော အချိန်သည် သိသိသာသာ လျော့ကျသွားမည်ဟု သူ ခံစားလိုက်ရပြီး၊ ရက်အနည်းငယ်အတွင်း သူ အောင်မြင်နိုင်ဖွယ် ရှိသည်။
ဤအချိန်အတောအတွင်း..
တာအိုဆရာ ပိုင်ရှန်းသည် မျောက်ဖြူကို မြင်သောအခါ၊ အရောင်တောက်လာပြီး မျောက်ဖြူ၏ ဉာဏ်ရည်ထက်မြက်မှုကို ချီးကျူးခဲ့သည်။
သူ၏ နယ်ပယ်အတန်းကို ပြသရန် ဤသို့သော ထူးခြားသည့် သားရဲ တာအိုကလေး တစ်ကောင် လိုအပ်သည်ဟု သူ တွေးလိုက်သည်။
"မျောက်ဖြူလေး... တာအိုအဘိုးကြီးက မကြာခင် 'ကောင်းကင်ဘုံလူသးနယ်ပယ်' ကို ခြေလှမ်းဝင်တော့မှာကွ။ အဲ့ဒီအခါကျရင် ကောင်းကင်ကို ပျံတက်သွားမှာ။ 'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ပေါ် ရောက်ပြီး 'သိုင်းသူတော်စင်' နယ်ပယ်ကို တန်းတက်သွားမှာ။"
"မင်းသာ အခု ငါ့နောက် လိုက်ခဲ့ရင်... အနာဂတ်မှာ အစစ်အမှန် အရှင်သခင်ရဲ့ လက်အောက်က ပထမဆုံး တာအိုကလေး ဖြစ်လာလိမ့်မယ်။"
သူ၏ စကားများမှာ ဆွဲဆောင်မှုများ ပြည့်နှက်နေပြီး၊ ကတိ တစ်ခုအဖြစ် တစ်နေရာရာမှ 'ဝိညာဉ်အသီး' တစ်လုံးကိုပင် ထုတ်ယူ ပြသခဲ့သည်။
တုံ့ပြန်မှုအဖြစ်..မျောက်ဖြူက သူ၏ သွားများကို ဖြဲပြပြီး၊ ကြမ်းတမ်းသော အသွင်အပြင်ကို ပြသခဲ့သည်။
သူသည် နင်ချီအပေါ် အလွန် လေးစား ရိုသေမှု ရှိသည်။ အကယ်၍သာ သူ ဤ တာအိုဆရာအိုကြီးကို မနိုင်ဟု မခံစားမိခဲ့လျှင်၊ သူသည် တိုက်ပွဲတစ်ခုအတွက် သူ၏ 'မျောက်ဘုရင် ပုံစံအစစ်' ကို ထုတ်ဖော် ပြသပြီးလောက်ပြီ ဖြစ်သည်။
နင်ချီက ကျယ်လောင်စွာ ဟားရယ်လိုက်ရာ၊ တာအိုဆရာ ပိုင်ရှန်း မျက်နှာ အနေရခက်သွားသည်။
သူသည် နင်ချီကို ခေါ်ဆောင်သွားရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်သည်။
'ဘာပဲဖြစ်ဖြစ်... ဒါက တကယ့် အတန်ဆုံးပဲ။ တစ်ခုဝယ် တစ်ခုလက်ဆောင်ရတာပဲ။'
ကံမကောင်းစွာဖြင့်..
'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' ထွက်ခွာသွားသည့် နေ့အထိ၊ တာအိုဆရာ ပိုင်ရှန်းခမျာ မအောင်မြင်ခဲ့ပေ။