ချန်းဟောင်
Vol. 3 Ch. 45
ကျန်းရွှမ်သည် အမှန်တကယ်ကို စိတ်ပျက်နေလေပြီ။
ယမန်နေ့က သူသည် အရာအားလုံးကို သိုသိုသိပ်သိပ်လုပ်ဆောင်ခဲ့ကာ ဝံ့ကြွားမှုနှင့်ပေါ်လွင်ထင်ရှားမှုတို့ကို ရှောင်တိမ်းခဲ့ပြီး လူများအားလုံးကို ညင်သာစွာနှင့်ရိုးသားစွာ ဆက်ဆံခဲ့သည်။သို့ရာတွင် ယနေ့၌ မည်သို့ ဖြစ်လာရသနည်း။ မည်သည်ကြောင့် လူများအားလုံးသည် သူ၏လက်အောက်၌ တပည့်ခံလိုကြသနည်း။ ဖြစ်နိုင်သည်မှာ 'အနှိုင်းမဲ့ဆရာ'ဟူသော သူ၏သရုပ်မှန် ပေါ်လွင်သွားခဲ့သလော။
သူသည် ယုလုံချင်းနှင့်လုမင်ရုန်တို့ကို ဂရုတစိုက်စောင်းငဲ့ကြည့်လိုက်ရာ သူတို့၏မျက်လုံးများအတွင်း၌ ရိုသေလေးစားခြင်းမှအပ တခြားမည်သည့်အရာမျှ မရှိသည်ကို မြင်တွေ့ပြီးနောက် စိတ်သက်သာရာရသွားသည်။
"အဲ့ဒီကောင်က ရူးနေတာလား...မြို့အရှင်ကိုယ်တိုင် မိန်းကလေးယုကို သူ့ရဲ့တပည့်အဖြစ်ခေါ်ယူဖို့ တောင်းဆိုတာတောင် ငြင်းဆန်ခဲ့တယ်"
"ဘာတွေဖြစ်နေတာလဲ...မြို့အရှင်က သူ့ရဲ့သမီးကို ဘာလို့ အရန်ဆရာတစ်ယောက်ဆီ တပည့်အဖြစ် ပို့နေတာလဲ"
ကျန်းရွှမ်၏ငြင်းဆန်မှုကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ကျောင်းသားများအားလုံး၏မျက်လုံးများ ပြူးကျယ်နေကာ အထူးသဖြင့် အစောပိုင်းက သူ့ကို လှောင်ပြောင်သရော်ခဲ့သောလူများပင်။သူတို့သည် အရှက်ရမှုကြောင့် သူတို့၏မျက်နှာများ ပူနွေးမှုကို ခံစားနေရသည်။
သူတို့က ကျန်းရွှမ်သည် လျှူမင်ယွဲ့ကို လက်မခံသဖြင့် ရူးသွပ်နေသည်ဟု ပြောဆိုခဲ့လေ၏။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ မြို့အရှင်သည် သူ၏သမီးကို ကျန်းရွှမ်၏တပည့်ဖြစ်ရန် တွန်းပို့နေသည်။မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
"ဘာမှမစိုးရိမ်နဲ့...မြို့အရှင်ကို ငြင်းဆန်မှတော့ သူ ဒုက္ခရောက်မှာ သေချာတယ်"
ကျောင်းသားတစ်ယောက်က သုံးသပ်လိုက်သည်။
"အမှန်ပဲ.. မြို့အရှင်ရဲ့စကားတစ်လုံးက ဥပဒေသတစ်ခုပဲ...ဒါကိုငြင်းဆန်ရဲတာက သူ ဒုက္ခရောက်ဖို့ကို တောင်းဆိုနေတာပဲ"
တခြားလူများသည်လည်း ထောက်ခံလိုက်ကြ၏။
မြို့အရှင်သည် ဒေါသပုန်ထသွားမည်ဟု လူများအားလုံး တွေးတောနေစဉ်မှာပင် ထိုအစား သူသည် သတိကြီးစွာထား၍ စကားပြောဆိုကာ သူ၏မျက်နှာပေါ်၌ တောင်းပန်လိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ငါ တောင်းပန်ပါတယ်...ငါ အလျင်လိုသွားတယ်...တကယ်လို့ မင်းက သူ့ကို လက်မခံဘူးဆိုရင်တောင်...အနည်းဆုံးတော့ ရှောင်ယွီကို မင်းကို ကူညီခွင့်ပြုလိုက်ပါ...သူက သင့်တော်တယ်လို့ မင်း ခံစားရတဲ့အချိန်ကျရင် မင်းရဲ့တပည့်အဖြစ် သူ့ကို လက်ခံလို့ရတယ်"
ထိပ်သီးပါရမီရှင်များတွင် သူတို့၏ကိုယ်ပိုင်အကျင့်စရိုက်များ ရှိနေလေရာ အလွန်ကျဥ်းထဲကျပ်ထဲရောက်အောင် တွန်းမပို့သည်က အကောင်းဆုံးဖြစ်ပေမည်။
"...."
လူများအားလုံး ထပ်မံ၍ အံ့အားသင့်သွားသည်။
'မင်းက မြို့အရှင်လေ'
'မင်းက ဒေါသထွက်သင့်တယ် မဟုတ်လား...ဒါမှမဟုတ်ရင် အနည်းဆုံးတော့ ငြင်းခံရတာကြောင့် မင်း စိတ်တိုသင့်တယ်လေ'
'အံ့အားသင့်ဖို့အကောင်းဆုံးက သူ့ရဲ့သမီးကို အကူအညီအဖြစ် စေလွှတ်ပေးမယ်လို့ ကျန်းရွှမ်ကို တောင်းဆိုနေတာပဲ...ဒါက သူ့ကို အစေခံလုပ်ခိုင်းတာနဲ့ အတူတူပဲ မဟုတ်လား'
လူအများသည် သူတို့၏လည်ချောင်းများ ခြောက်ကပ်လာသဖြင့် စကားမပြောနိုင်ကြတော့ချေ။သူတို့သည် ယုရှောင်ယွီ၏တုံ့ပြန်မှုကိုမြင်တွေ့နိုင်ရန် သူမထံသို့ လှည့်ကြည့်လိုက်ကြ၏။
"အဖေ...ဒါက ဘာလုပ်တာလဲ"
ယုရှောင်ယွီက ဒေါသတကြီးအော်ဟစ်လိုက်သည်။
သူမသည် ကျောင်းအုပ်ကြီး၏တပည့်တစ်ယောက်ဖြစ်စေရန် ပြင်းပြင်းထန်ထန်ကြိုးစားပြီး ဇွဲလုံလဖြင့် လေ့ကျင့်ခဲ့သည်။ယခုအချိန်၌ သူမကို ကျောင်းအုပ်ကြီးမှ လက်ခံခဲ့သော်လည်း သူမ၏ဖခင်သည် မြင်းထိန်းတစ်ယောက်၏လက်အောက်၌ သူမအား တပည့်အဖြစ် ခံယူစေလိုသည်။ထို့ပြင် သူသည် သူမအား လက်ခံခြင်းပင်မရှိချေ။
"ပါးစပ်ပိတ်ထားစမ်း...ငါ ပြောသလို မင်း လုပ်ရမယ်"
ယုလုံချင်းကအော်ငေါက်ကာ စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ယုရှောင်ယွီ၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေလေပြီ။
သူမ၏သူငယ်ချင်းသည် မြင်းထိန်းဟောင်း၏တပည့်ဖြစ်ရန် ဖိအားပေးခံနေရသည်ကိုကြည့်ပြီး မိုယန်ရွှယ်သည် ရပ်ကြည့်မနေနိုင်တော့ချေ။သူမသည် ယုလုံချင်းကို ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"မြို့အရှင်....ရှောင်ယွီက အရမ်းပါရမီရှိတဲ့လူပဲ....သူ့ကို ကျန်းရွှမ်ရဲ့လက်အောက်မှာ တပည့်ခံယူခိုင်းတာက မသင့်တော်ဘူး မဟုတ်လား..."
"ငါ ဘာလုပ်နေတယ်ဆိုတာ ငါ သိတယ်"
ယုလုံချင်းက သူမ၏စကားကို ကြားဖြတ်ပြောဆိုသည်။
"မင်းနဲ့ရှောင်ယွီက သူငယ်ချင်းကောင်းတွေဆိုတာ ငါ သိတယ်...ဒါကြောင့် ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပြီး သူ့ကိုဖြောင့်ဖျပေးပါ...ငါက သူ့ရဲ့အဖေပါ...သူ ထိခိုက်နစ်နာအောင် ငါ မလုပ်ဘူး"
မြို့အရှင် အလေးအနက်ထားနေသည်ကို မြင်တွေ့ချိန်၌ မိုယန်ရွှယ်သည် မည်ကဲ့သို့ ဖြောင့်ဖျရမည်ကို မသိတော့ဘဲ သူမ၏သူငယ်ချင်းကို ပြန်ကြည့်လိုက်၏။
"အဖေ...."
ယုရှောင်ယွီသည် ဒေါသကြောင့် နှုတ်ခမ်းစူထားသော်လည်း သူမ၏ဖခင်ထံတွင် အကြောင်းအရင်းတစ်ခုရှိနေမည်ကို နားလည်သဘောပေါက်သည်။အချိန်တစ်ခဏကြာခန့်စဉ်းစားပြီးနောက် သူမသည် နောက်ဆုံး၌ ခေါင်းညိတ်လိုက်၏။
"အဖေ....ကောင်းပြီလေ...ဒါပေမဲ့ သူက သမီးကိုကောင်းကောင်းမသင်ပေးနိုင်ဘူးဆိုရင်...အဖေ သမီးကို လျော်ကြေးပေးရမယ်"
"ရတာပေါ့...."
သူ၏သမီး သဘောတူလိုက်သည်ကို မြင်တွေ့ချိန်၌ ယုလုံချင်းသည် ရယ်ပြုံးကာ သိချင်စိတ်ပြင်းပြစွာဖြင့် ကျန်းရွှမ်ကို တဖန်ပြန်ကြည့်လေသည်။
"ဆရာကျန်း..."
ယုလုံချင်း၏ရိုးသားမှုကိုကြည့်ပြီး ကျန်းရွှမ်သည် သူ ထပ်မံ၍ ငြင်းဆန်မရတော့သည်ကို သိရှိသွားသည်။အရေးအကြီးဆုံးကိစ္စမှာ ပတ်ဝန်းကျင်တွင် လူအမြောက်အမြားရှိနေသဖြင့် သူ၏သိုသိုသိပ်သိပ်နေလိုသော စိတ်ဆန္ဒနှင့် ဆန့်ကျင်နေသည်။သူသည် ချီတုံချတုံဖြင့် ခေါင်းညိတ်လိုက်၏။
"ငါ ရှင်းရှင်းပဲပြောထားမယ်....သူက အခုအချိန်မှာ ငါ့အတွက် အကူအညီတစ်ယောက် သက်သက်ပဲ....ငါ သူ့ကို ဘယ်လိုသင်ကြားပေးမယ်ဆိုတာကတော့ နောက်ပိုင်းကျမှ ဆုံးဖြတ်မယ်"
သူသည် ယခုအချိန်ထိ မည်သည့်နည်းစနစ်ကိုမျှ မသင်ယူရသေးသောကြောင့် အကယ်၍ သူ ဆန္ဒရှိလျှင်ပင် သူ၏တပည့်များအား သင်ကြားပေးနိုင်မည် မဟုတ်ချေ။သူ့ကိုယ်သူ ပေါ်လွင်ထင်ရှားစေခြင်းမှ ရှောင်ကြဉ်ရန်အတွက် ချွင်းချက်များကို စောစီးစွာချမှတ်ထားသည်က အကောင်းဆုံးဖြစ်ပေမည်။
"ရတာပေါ့...."
ယုလုံချင်းသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"အခု အရာအားလုံးဖြေရှင်းပြီးမှတော့...ဆရာကျန်း မင်းနေရမယ့်နေရာကို ငါ လိုက်ပြပြီးတော့ မင်းရဲ့တာဝန်တွေကို စီစဉ်ပေးမယ်"
ကျန်းရွှမ်သည် လူအများ၏အာရုံစိုက်ခြင်းခံနေရသည်ကိုကြည့်ပြီး လုမင်ရုန်သည် သူ၏ထိပ်သီးပါရမီရှင် ထုတ်ဖော်ခံလိုက်ရမည်ကို စိုးရိမ်နေမိသည်။သူသည် ကိုးယိုးကားရားအပြုံးနှင့် အလျင်အမြန်ပြောဆိုလိုက်၏။
"ဟုတ်ကဲ့"
ကျန်းရွှမ်သည် လူအုပ်အကြားမှထွက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် လျှူမင်ယွဲ့က သူ့အား လမ်းပိတ်ထားသည်။
"ခဏနေအုံး..."
"အခုက ဘာဖြစ်ပြန်ပြီလဲ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"နင်က ယုရှောင်ယွီကို လက်ခံပြီးတော့ ဘာလို့ ငါကျ မရတာလဲ"
လျှူမင်ယွဲ့က အံ့တင်းတင်းကြိတ်ပြီး မေးမြန်းသည်။
ဤကောင်သည် သူမအား မည်သည့်ဆရာမျှ လက်မခံအောင် ပြုလုပ်ထားသဖြင့် သူ့အတွက် ခက်ခဲစေသောကိစ္စများကို ပြုလုပ်ရန် သူမ ဆုံးဖြတ်ထားသည်။အကယ်၍ သူသည် သူမအား တပည့်အဖြစ် လက်ခံလိုခြင်းမရှိပါက သူမ အတင်းအကြပ်ဖိအားပေးရပေမည်။သူ လက်ခံလိုက်သည်နှင့် သူမသည် သူ ညွှန်ကြားသမျှအရာရာတိုင်းကို ဆန့်ကျင်ဘက်လုပ်ရန် ကြံရွယ်ထားသည်။ဤသည်မှတဆင့် သူသည် ကျောင်းတော်တစ်ခုလုံးအတွင်း၌ ဒုက္ခတွေ့ပြီး အရှက်ရဖွယ် ဖြစ်သွားပေမည်။
လျှူမင်ယွဲ့သည် ယီးတိယားတားဆက်ဆံ၍ရသောလူ မဟုတ်ကြောင်း သူ့အား သိခွင့်ပြုရပေမည်။
"မင်းကို လက်ခံရမှာလား"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"အမှန်ပဲ တကယ်လို့ နင်သဘောတူရင် ငါက သောက်လီကို နင့်ဆီ မရောင်းဘူး...နင့်ကို လက်ဆောင်အဖြစ် ပေးမယ်"
"ကောင်းပြီလေ...ဒီနေ့ မင်းတို့နှစ်ယောက်လုံး ကျောင်းတော်ရဲ့အစီအစဥ်တွေကို ဆက်လုပ်ကြတော့...မနက်ဖြန်ကျရင် ငါ့ကို လာရှာပါ"
ပတ်ဝန်းကျင်တွင် လူများ ပို၍ပို၍စုဝေးလာသည်ကိုကြည့်ပြီး ကျန်းရွှမ်သည် ငြင်းခုန်ခြင်းကို ဆက်မလုပ်လိုတော့သဖြင့် သဘောတူလိုက်သည်။ထို့ထက်ပို၍အရေးကြီးသည်မှာ သူ့ထံ၌ သောက်လီကိုဝယ်ယူရန် ငွေကြေးမရှိခြင်းပင်။
"ဟွန့်...."
လျှူမင်ယွဲ့က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။
'ငါကို တပည့်အဖြစ် လက်ခံလိုက်ပြီလား....ကောင်းပြီလေ...ငါက နင့်ရဲ့အိပ်မက်ဆိုးကြီး ဖြစ်လာစေရမယ်'
သူ၏တပည့်ဖြစ်ရန် ပို၍များသောလူများ တောင်းဆိုလာမည်ကို စိုးရိမ်သဖြင့် ကျန်းရွှမ်က ကျောင်းအုပ်ကြီးလု၏နောက်သို့ အလျင်အမြန်လိုက်ပြီး ထွက်ခွာခဲ့တော့သည်။ယုလုံချင်းသည် သူ ထပ်၍ဖိအားပေးပါက မသင့်တော်သည်ကိုသိရှိသဖြင့် နေရာမှထွက်ခွာသွားတော့သည်။
သူ၏သမီးသည် ကျန်းရွှမ်၏စောင့်ရှောက်မှုအောက်သို့ ရောက်သွားပြီဖြစ်သောကြောင့် အဆက်အသွယ်တစ်ခုကို ပြုလုပ်နိုင်ပြီးဖြစ်သည်။
"အဖေ..."
ယုရှောင်ယွီက နောက်မှနေ၍ အလျင်စလိုပြေးလိုက်လာသည်။
"မင်းက အခုချိန်မှာ အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ကျောင်းသားတစ်ယောက် ဖြစ်သွားပြီ...မင်းရဲ့သဘောအတိုင်း ကျောင်းတော်ကနေ ထွက်လာလို့မရဘူး...မြန်မြန်ပြန်သွားတော့..."
ယုလုံချင်းက သူမကို နှင်ထုတ်လေသည်။
ယုရှောင်ယွီသည် မျက်မှောင်ကြုတ်လိုက်၏။
"ဒါပေမဲ့ အဖေ...."
"အချိန်ကျလာရင် မင်း နားလည်သွားလိမ့်မယ်"
ယုလုံချင်းသည် ယခုအချိန်၌ သူ ရှင်းပြ၍မရသည်ကို သိရှိသဖြင့်ကျောင်းဝန်းအတွင်းမှ အလျင်အမြန်ထွက်ခွာသွားတော့သည်။
သူတို့အားလုံး ထွက်ခွာသွားသောအချိန်တွင် ကျောင်းသားများသည် အတူတကွစုဝေးကာ အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေသည်။
"အဲ့ဒီကျန်းရွှမ်...သူ့ရဲ့နာမည်က ကျန်းရွှမ်မဟုတ်လား....ဘာတွေ ဖြစ်နေတာလဲ"
"သူက မိုမိသားစုမှာ မြင်းထိန်းဖြစ်ခဲ့တယ်လို့ ငါ ကြားထားတယ်...ကျောင်းအုပ်ကြီးက သူ့ရဲ့အရည်အချင်းကို သတိပြုမိသွားတာကြောင့် အရန်ဆရာအဖြစ် ခန့်အပ်လိုက်တာပဲ"
"တကယ်လို့ သူက မျက်နှာသာပေးခံရတယ်ဆိုရင်တော့ အစေခံတစ်ယောက်ပဲလေ...မိန်းကလေးယုနဲ့မိန်းကလေးလျှူကို သူ့ရဲ့တပည့်အဖြစ် လက်ခံရတာတောင်မှ သူက မာနကြီးနေတယ်...သူ့ကိုယ်သူ ဆရာကြီးတစ်ယောက်လို့ ထင်နေတဲ့ပုံပဲ"
"သူ့ကို သင်ခန်းစာကောင်းကောင်းပေးဖို့ လိုအပ်နေပြီ... ငါတို့ နောက်ပိုင်းကျရင် သူ့ကို ကိုင်တွယ်ရလိမ့်မယ်...."
ကျန်းရွှမ်၏ထွက်ခွာသွားသောနောက်ကျောပြင်ကို စောင့်ကြည့်ပြီး ကျောင်းသားအများစုထံတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ နှစ်ယောက်လုံးသည် ကျောင်းတော်အတွင်း၌ နာမည်အကျော်ကြားဆုံးအလှပဂေးများပင်။ယခုအချိန်၌သူမတို့သည် အစေခံတစ်ယောက်၏တပည့်များ ဖြစ်သွားလေရာ လူများအားလုံးကို အလွန်စိတ်မကျေမနပ် ဖြစ်သွားစေသည်။
"တကယ်တော့ ငါတို့တွေ ဘာမှလုပ်ဖို့ မလိုဘူး...သူ မိန်းကလေးလျှူကို တပည့်အဖြစ်လက်ခံတုန်းက လက်ဆောင်အဖြစ် သောက်လီကို တောင်းဆိုခဲ့တယ် မဟုတ်လား"
လူအုပ်အကြောင်းတွင်ရှိနေသော လူငယ်တစ်ယောက်က ရယ်မောပြီးပြောဆိုသည်။
"ငါတို့က ဒီကိစ္စကို လျှူမိသားစုဆီ အကြောင်းကြားဖို့ပဲ လိုတယ်...လျှူမိသားစုခေါင်းဆောင်က သူ့ကို ကိုင်တွယ်ဖြေရှင်းမှာ သေချာတယ်"
အဓိကမိသားစုကြီးသုံးစုအနက်မှတစ်စု၏ အကြီးဆုံးသမီးသည် ကျောင်းအုပ်ကြီး၏ လက်အောက်၌ တပည့်မခံနိုင်သည်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။သို့ရာတွင် အရန်ဆရာတစ်ယောက်၏လက်အောက်၌ တပည့်ခံရမည်မှာ...ပြဿနာတစ်ခု သေချာပေါက်ဖြစ်ပွားလာပေမည်။
"သေချာတာပေါ့...သခင်လေးချန်းက တကယ့်ကို ဉာဏ်ကောင်းတဲ့လူပဲ"
လူများအားလုံး၏မျက်လုံးများ တောက်ပသွားသည်။
သခင်လေးချန်း၏နာမည်သည် ချန်းဟောင်ဖြစ်ကာ အဖြူရောင်ကျောက်တုံးမြို့တော်၏အဓိကမိသားစုကြီးသုံးစုမှတစ်စုဖြစ်သော ချန်းမိသားစု၏သခင်လေးပင်။သူသည် လျှူမင်ယွဲ့ကို တစ်ဖက်သတ်ချစ်မြတ်နိုးနေသူများအနက်မှ တစ်ယောက်လည်း ဖြစ်သည်။
သူ၏နတ်ဘုရားမလေးအား အရန်ဆရာတစ်ယောက်၏လက်အောက်၌ တပည့်ခံယူရန် ဖိအားပေးခံရကာ အရှက်ရသည်ကိုကြည့်ပြီး သူ အလွန်ဒေါသထွက်သွားသည်။မည်သို့ပင်ဆိုစေကာမူ သူသည် လျှူမင်ယွဲ့၏ဂုဏ်သိက္ခာကိုကာကွယ်ရန် ကျန်းရွှမ်အား သင်ခန်းစာတစ်ခုပေးရပေမည်။လျှူမင်ယွဲ့သည် သူ့အား အမြင်သစ်တစ်ခုဖြင့်မြင်အောင် သူ ပြုလုပ်ရပေမည်။
တခြားလူများ၏လှောင်ပြောင်သရော်နေခြင်းနှင့်မတူညီဘဲ မိုယန်ရွှယ်သည် မျက်မှောင်ကြုတ်ကာ ပြင်းပြင်းထန်ထန်စဉ်းစားတွေးတောနေသော်လည်း နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။
'ထားလိုက်တော့.. '
သူမက ဆုံးဖြတ်ချက်ချလိုက်သည်။
'ငါက ကျောင်းအုပ်ကြီးရဲ့နောက်ကို အနီးကပ်လိုက်ပြီးတော့ မှတ်တမ်းတွေ ပိုယူထားရမယ်...တကယ်လို့ လိုအပ်လာရင် ငါက ရှောင်ယွီကို ပြန်ရှင်းပြရမယ်....သူ့ရဲ့ကျင့်ကြံဆင့်ကို နောက်ကျသွားမှာကို ငါ ခွင့်မပြုနိုင်ဘူး'
Thank For Reading.