← Chapters

ထူးဆန်းသော ခေါင်းဆောင် ( ၃ )

Vol. 6 Ch. 92

ထူးဆန်းသော ခေါင်းဆောင် ( ၃ )

Vol. 6 Ch. 92

“ စိတ်ဝင်စားစရာပဲ။ မင်းက ငါ့မိတ်ဆက်စကားကိုကြားပြီးတော့ ဒီလိုမျိုး မေးခွန်းမေးတဲ့ ပထမဆုံးလူသစ်ပဲကွ။ အဲဒီကိစ္စကို ငါ မင်းနဲ့ နည်းနည်းလောက် ပြောရမယ်။ လူဆိုးတစ်ယောက်ကို မင်း သတ်လိုက်ရင် ကျန်တဲ့ပစ္စည်းတွေက မင်းအတွက်ပဲ။ အားလုံး အတူတူပေါင်းပြီး တိုက်ခိုက်ရင်တော့ အတူတူခွဲယူရတာပေါ့ ”

“ ပြီးတော့ မြို့ထဲမှာ မင်း ရှောင်ရမဲ့ လူနည်းနည်း ရှိတယ်။ အဲဒီလူတွေကို မင်း အပြစ်လုပ်လို့ မရဘူး ”

ခေါင်းဆောင်က ပြောနေရင်း လမ်းတစ်နေရာကို ညွှန်ပြလိုက်သည်။ ထိုနေရာ၌ ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လူအုပ်ကြားထဲမှ ဆောင့်ကြွားကြွားဖြင့် လျှောက်လာပြီး ဆိုင်ထဲ ဝင်သွားသည်။ ဆိုင်ရှင်က သူ့ကို လေးလေးစားစား ထွက်၍ နှုတ်ဆက်လိုက်သည်။

ဘေးပတ်လည်ရှိ လူအားလုံးက ထိုလူငယ်ဝတ်ဆင်ထားသော တာအိုဝတ်ရုံကို မြင်သောအခါ လေးလေးစားစားဖြစ်သွားကြပြီး ခေါင်းများငုံ့သွားကြသည်။ ကင်းလှည့်ဂိုဏ်းသားအနည်းအကျဉ်းသည်ပင် ထိုနည်းတူ ပြုမူလိုက်ကြသည်။

လူငယ်က လူ့လောကထဲ ရောက်လာသော နတ်ဘုရားသားတော်တစ်ပါးအလားပင်။ တစ်ယောက်မှ သူ့ကို မော်မကြည့်ဝံ့ကြချေ။

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

“ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးမှာနေရင် နက်မှောင်နေတဲ့တာအိုဝတ်ရုံဝတ်ထားတဲ့လူတွေနဲ့ ဝင်းလက်တဲ့တာအိုဝတ်ရုံဝတ်ထားတဲ့ လူတွေကို သွားရန်မစဖို့ မှတ်ထားရမယ်။ အနက်ရောင်တာအိုဝတ်ထားတဲ့လူတွေက တောင်ပေါ်က အခြေတည်အဆင့်ကျင့်ကြံသူတွေဆိုတော့ မင်း အပြစ်လုပ်လို့မရဘူး။ ဝင်းလက်နေတဲ့တာအိုဝတ်ရုံဝတ်ထားတဲ့ ကျင့်ကြံသူတွေကတော့ တောင်ပေါ်မှာ နေထိုင်ခွင့်ရတဲ့ တပည့်ရင်းတွေပဲ။ သူတို့ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်ကို မရောက်သေးပေမဲ့ သူတို့က ကံကောင်းတယ် ”

“ ငါတို့လိုလူ အယောက်တစ်ရာ အသတ်ခံရတာ ကိစ္စမရှိပေမဲ့ အဲဒီလိုဖိုးကံကောင်းတစ်ယောက်လောက် သေသွားရင် မိုးမီးလောင်တာပဲ ”

ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အဝေးရှိ ချီရွှဲ့ထုံဂိုဏ်း၏ တောင်ထိပ်ခုနစ်လုံးကို ကြည့်လိုက်သည်။

“ မနာလိုဖြစ်လို့ရတယ်။ ဒါပေမဲ့ ကောင်းကောင်းနေ၊ ကောင်းကောင်းကျင့်ကြံ။ အခြေတည်အဆင့်ကို မင်း ရောက်ရင် အဲဒီတပည့်ရင်းတွေက မင်းကိုမြင်တာနဲ့ ခေါင်းငုံ့သွားရမယ် ”

ခေါင်းဆောင်က ပန်းသီးကို တဂျွမ်းဂျွမ်းဝါးစားလိုက်ရင်း ပြောသည်။

“ ပြီးတော့ ငါ မင်းကို နောက်ထပ် သတိပေးစရာ ရှိသေးတယ်။ ဂိုဏ်းက အပြင်ပန်းမှာတော့ မီးခိုးရောင်တာအိုဝတ်ရုံဝတ်ဂိုဏ်းသားအချင်းချင်း သတ်ခွင့်မပြုထားဘူး။ ဒါပေမဲ့ အဲဒါက အပြင်ပန်းမှာ ပြောတာနော်။ ဒီတော့ အလောင်းဖျောက်တတ်ဖို့ မင်း သိထားရမယ်။ အကောင်းဆုံးကတော့ တစ်ဖက်လူရဲ့ စွမ်းဆောင်မှုရမှတ်တွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကို ယူပြီးတော့ သူ့ကို သုညရောက်သွားအောင်လုပ်ပြီး မန္တန်အစီအရင်ကြီးရဲ့ အလိုလို ဖယ်ထုတ်ခြင်းခံရအောင် လုပ်တာပဲ ”

ခေါင်းဆောင်က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး တခြားဘက်ခြမ်းရှိ လမ်းမဘက်ကို မေးငေါ့ပြလိုက်သည်။

“ အဲဒီလိုလူမျိုးပေါ့ ”

ရွှီချင်းက ခေါင်းဆောင်၏အကြည့်ကို လိုက်ကြည့်လိုက်ရာ ထိုနေရာတွင် လဲကျနေသော မီးခိုးရောင်ဝတ်ရုံဝတ်လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအချိန်၌ ထိုလူငယ်၏မျက်လုံးများထဲတွင် နောင်တများ၊ နာကြည်းစိတ်များဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း သူ၏ပါးစပ်က အမှုန့်ချေခံထားရပြီး သူ၏ခြေလက်များ ကျိုးနေသည်။ သူ စကားတစ်ခွန်းပြောရန်ပင် မဆိုထားဘိ လှုပ်ပင်မလှုပ်နိုင်ချေ။ သူ၏ဗိုက်ပေါ်ရှိ ဂိုဏ်းတံဆိပ်ပြားက သုညကို ပြန်ရောက်သွားပြီဖြစ်သည်။

မကြာခင် လူငယ်လေးအတွက် ပေးထားသော အချိန်ကန့်သန်ချက်က ပြည့်သွားသည်ကို ရွှီချင်း မျက်မြင်ကြုံတွေ့လိုက်ရသည်။ ကောင်းကင်ယံမှ အလင်းနက်တစ်စင်း ကျဆင်းလာပြီး သူ၏ခန္ဓာကိုယ် တဆတ်ဆတ် တွန့်ကွေးသွားကာ သူ၏ခန္ဓာနှင့် ဝိညာဉ် ဖျက်ဆီးခံလိုက်ရပြီး ပြာမှုန်များအဖြစ် ပြောင်းလဲသွားသည်။

သူ၏သက်စောင့်အားသည်လည်း အဝေးသို့ လွင့်ပါးသွားဟန်တူပြီး တစ်ခါမှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ဘေးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများက ၎င်းကို အသားကျနေဟန်တူသည်။ သူတို့က ကြည့်ပင်မကြည့်ဘဲ မထူးခြားသောအမူအရာများဖြင့် သူတို့လမ်းသူတို့ ခပ်သွက်သွက် ဆက်သွားနေကြသည်။

“ အဲဒီလူက လူသတ်မှုတွေ အများကြီး ကျူးလွန်ပြီး ဂိုဏ်းသားတွေဆီကနေ ဓားပြတိုက်နေကြ။ အခုကျ လူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတာ ဒါ ပုံမှန်ပဲ ”

ခေါင်းဆောင်သည် ပြုံး၍ ဆက်ပြောမည်ပြုစဉ် မျက်မှောင်ကြုတ်သွားပြီး မနီးမဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

ဘေးတွင် ရှိနေသော ရွှီချင်းသည်လည်း သူ့နည်းတူ ခေါင်းလှည့်၍ မနီးမဝေးရှိ လမ်းကြားလေးကို ကြည့်လိုက်သည်။ ထိုနေရာတွင် ဓာတ်နှောအငွေ့အသက်များ ရှိနေသည်။

သူတို့ရောက်နေသောနေရာသည် မြို့ထဲရှိ လူစည်ကားသောနေရာတစ်နေရာဟု ယူဆနိုင်ပါသော်ငြား ထိုလမ်းကြားလေးက လွန်စွာ မည်းမှောင်ကာ တခြားနေရာများနှင့် သိသိသာသာ ကွဲထွက်နေသည်။ လမ်းမပေါ်ရှိ လူအများစုက ထိုလမ်းကြားလေးကို ရှောင်ကွင်းသွားကြသည်။

“ နေ့ခင်းကြောင်တောင်ကြီးကို ဘယ်လိုကောင်လဲကွ ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ခပ်တိုးတိုး ဆိုလိုက်သည်။

“ ဂိုဏ်းတူညီလေး၊ ခဏလောက်စောင့်ပေးဦး ”

ထို့နောက် သူက စားလက်စ ပန်းသီးကို ယူကာ လမ်းကြားလေးထဲ လျှောက်သွားသည်။ ရွှီချင်း၏မျက်လုံးများမှေးသွားပြီး လမ်းကြားလေးထဲ ဝင်သွားသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အသက်ရှူချိန် ဆယ်ကြိမ်စာအတွင်း လမ်းကြားလေးထဲမှ အမှတ်ခြောက်အသင်းခေါင်းဆောင်က ပန်းသီးကို စားနေရင်း ထွက်လာသည်။

လေထဲတွင် သွေးညှီနံ့များ လွင့်ပျံသွားသည်။

လမ်းကြားလေးကို ရွှီချင်း ကြည့်လိုက်သည်။

“ ကံဆိုးသွားတဲ့ ညီလေးတစ်ယောက်ပဲ။ သန္ဓေပြောင်းသားရဲအင်္ဂါတွေ ခန္ဓာကိုယ်မှာ အစားထိုးရင်း သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်သွားတယ်။ မင်းလည်း နောက်ကျရင် အဲဒီလမ်းကို မလျှောက်ဖို့ အကြံပေးချင်တယ်။ အဲဒါက ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ဆန်ဆန် တိုးတက်စေပေမဲ့ နောက်ကျ ဒုက္ခတွေခံရမှာ ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ရိုးရှင်းသောအမူအရာဖြင့် ပြုံး၍ ပြောလိုက်ပြီး ဆက်လျှောက်နေသည်။

ရွှီချင်း ငြိမ်သက်သွားသည်။ ယမန့်နေညက သူ သတ်ခဲ့သည့်လူမှာလည်း သန္ဓေပြောင်းသားရဲအင်္ဂါများ အစားထိုးထားခဲ့သည်။ ယခုမှသာ ထိုအကြောင်းကို ရွှီချင်း နားလည်လာရသည်။

သူက ခေါင်းညိတ်ပြလိုက်ပြီး ပန်းသီးကို အားရပါးရစားနေသော ခေါင်းဆောင်အား ကြည့်လိုက်သည်။ ထို့နောက် သူသည်လည်း ဝယ်လာခဲ့သော ပန်းသီးတစ်လုံးကို ထုတ်၍ ကိုက်စားလိုက်သည်။ ပန်းသီးက လွန်စွာ ချိုမြိန်လှပေသည်။

ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ပန်းသီးစားရင်း မြို့ထဲ ပတ်သွားနေသည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့၏။ ခေါင်းဆောင်က ပန်းသီးကို မြန်မြန် စားနေပြီး ရွှီချင်းက တဖြည်းဖြည်း စားနေသည်။

ခေါင်းဆောင်က ရွှီချင်း၏လက်ထဲရှိ ပန်းသီးကို လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်။

ရွှီချင်းသည်လည်း ခေါင်းဆောင်ကို ကြည့်ကာ ပန်းသီးကို ကိုက်စားလိုက်သည်။

ခေါင်းဆောင်က နှာခေါင်းကို ပွတ်လိုက်ပြီး သူ၏အိတ်ထဲမှ စားရန် လိမ္မော်သီးတစ်လုံး ထုတ်လိုက်သည်။

“ အခုတလော လုပ်ရတဲ့ တာဝန်တွေကို ငါ ပြောပြမယ်။ ငါတို့ရဲ့ အဓိကတာဝန်က ညဉ့်ငှက်ရဲ့ လက်ပါးစေတွေကို ရှာဖွေရတာပဲ ”

“ ညဉ့်ငှက် … ”

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

“ ညဉ့်ငှက်ဆိုတာ နန်းဟွမ်ဒေသကြီးမှာ ထူးဆန်းပြီး အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခုပဲ။ သူတို့က ကလေးတွေကို ရောင်းစားပြီး ကျင့်ကြံသူတွေကို ရတနာအကျဉ်းသားတွေဖြစ်အောင် လုပ်တယ်။ အပြင်ဘက်မှာ ဒီလို ညစ်ပတ်စုတ်ပြတ်တဲ့ကိစ္စတွေလုပ်တာ ဘာမှမဖြစ်ပေမဲ့ ချီရွှဲ့ထုံဂိုဏ်းကို အဲဒီလိုမျိုး လုပ်လာတယ်။ ဒီတော့ မြို့သူမြို့သားတွေ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် တောင်ပေါ်က အကြီးအကဲတွေက ဝင်ငွေလျော့လာတာမြင်ပြီး စားမဝင်အိပ်မပျော်ဖြစ်တော့မယ် ”

“ မနေ့ညက မင်းလည်း မြင်တာပဲ။ သူတို့ခေါင်းဆောင်တစ်ယောက်ကို ဌာနမှူးက သတ်လိုက်တာ။ လက်ကျန်ညဉ့်ငှက်အဖွဲ့ဝင်တွေကိုတော့ ငါတို့ လူဆိုးထိန်းဌာနက အတူပူးပေါင်းပြီး အမြစ်ပြတ်အောင် ဖြေရှင်းရမယ် ”

ထိုစကားကို ကြားသောအခါ ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်အလင်း ဝင်းလက်သွားသည်။ သူ သတ်ခဲ့သည့် မြင်းလှည်းတန်းမှ အဘိုးအိုကို ချက်ချင်း ပြန်တွေးမိလိုက်၏။ သူ့မျက်လုံးများ တဖြည်းဖြည်း မှေးလာကာ ခေါင်းညိတ်ပြလိုက်သည်။

အမှတ်ခြောက်အသင်းခေါင်းဆောင်သည် လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်သည်။ ရွှီချင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး တစ်စုံတခုကို သူ မြင်သွားသည်။ သို့သော်လည်း ထိုအကြောင်းကို သူ မမေးဘဲ ရွှီချင်းကို မြို့ပတ်ခေါ်သွားကာ ကင်းလှည့်အသင်းကို မိတ်ဆက်ပေးလိုက်သည်။

လမ်းတစ်လျှောက်တွင် တောင်းရမ်းနေသော ကလေးတစ်ယောက်ကို ရွှီချင်း မြင်ခဲ့ရပြီး အသင်းခေါင်းဆောင်၏အပြုအမူအတိုင်း ဝိညာဉ်ကြေးပြားတစ်ပြား ပစ်ပေးလိုက်သည်။

“ အဲ … ဒီကလေးကလည်း မင်းရဲ့ သတင်းပေးသမားလား ”

ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်၍ ရွှီချင်းကို စနောက်သည့်အပြုံးဖြင့် ကြည့်လိုက်သည်။

ရွှီချင်း ကြောင်သွားပြီး နားလည်သွားသည်။ သူ တစ်ခွန်းမှ မပြောသော်လည်း အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

မကြာခင် နေဝင်ရီတရောအချိန်ကို ရောက်လာပြီး ဆိပ်ကမ်းကို သူတို့ ရောက်လာကြသည်။

သူတို့ အထဲ လျှောက်လာစဉ် ခပ်လှမ်းလှမ်းရှိ ကုန်စ္စည်းများ တင်ချနေသည့် နေရာမှ ရိုးသားသော အသံတစ်သံ ထွက်လာသည်။

“ ခင်ဗျား နောက်တစ်ခွန်း ထပ်ပြောရင် ခင်ဗျားပါးစပ်ကို စုတ်ပြတ်သတ်သွားအောင် ကျုပ် လုပ်ပစ်မယ် ”

ရွှီချင်းက ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ ကုန်ပစ္စည်းပုံဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားတစ်ယောက်ကို ချက်ချင်း မြင်လိုက်ရသည်။ ထိုလူသည် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ရိုးသားပွင့်လင်းဟန်ရှိသည်။

အထက်ပါစကားများကို ပြောခဲ့သည့်လူမှာလည်း ထိုလူသာ ဖြစ်သည်။

သူ၏ရှေ့၌ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ရှိသည်။ ယခုအချိန်၌ အဘိုးအို၏မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။ သူနှင့် သက်လတ်ပိုင်းလူတို့ အစောပိုင်းက စကားအချေအတင် ဖြစ်နေခဲ့သည်မှာ ထင်ရှားသည်။

“ ဘယ်သူ့ပါးစပ်ကို စုတ်ပြတ်သတ်သွားအောင် လုပ်ချင်နေတာတုံးကွ ကျန်းစန်း ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က သူ၏လက်ထဲရှိ လိမ္မော်သီးကို လက်စသတ်လိုက်ပြီး သစ်တော်သီးတစ်လုံးကို ထုတ်၍ တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် သူ လျှောက်လာ၏။

အမှတ်ခြောက်အသင်းခေါင်းဆောင်ကို မြင်သောအခါ အဘိုးအိုသည် မျက်စိမျက်နှာပျက်သွားပြီး ဒရောသောပါး ထွက်ခွာသွားသည်။ ထိုနေရာတွင် ထိုင်နေသော သက်လတ်ပိုင်းဂိုဏ်းသားက ခေါင်းဆောင်ကို ပြုံးဖြဲဖြဲဖြင့် လှည့်ကြည့်လာသည်။ သူက နှုတ်ဆက်လိုက်ပြီးနောက် ရွှီချင်းကိုလည်း ပြုံးဖြဲဖြဲဖြင့် ကြည့်လိုက်သည်။

“ ဒါက ရွှီချင်း၊ လူဆိုးထိန်းဌာနရဲ့ အဖွဲ့ဝင်သစ်ပဲ ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူက သက်လတ်ပိုင်းဂိုဏ်းသားကို ညွှန်ပြကာ ရွှီချင်းကို ပြောလိုက်သည်။

“ သူကတော့ ကျန်းစန်း၊ အရင်တုန်းက ငါတို့အဖွဲ့ဝင်တစ်ယောက်ပဲ။ နောက်ကျ သေမှာကြောက်ပြီး သယ်ယူပို့ဆောင်ရေးဌာနကို ပြောင်းသွားတာပဲ။ သူ့ရဲ့ ရိုးသားတဲ့ပုံစံကြည့်ပြီး အထင်လွဲမနေနဲ့ဦး။ သူ့လက်ထဲမှာ သေသွားတဲ့ လူဆိုးအရေအတွက်က ဒီနေရာတစ်ခုလုံးတောင် ပြည့်သွားနိုင်တယ် ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ခမ်းနားထည်ဝါသော ကုန်ပစ္စည်းများဆီ လက်ဟန်ပြလိုက်ရင်း ပြောလိုက်သည်။

ရွှီချင်း ချက်ချင်း သတိထားသွားသည်။ သူ့ကို ပို၍ သတိထားသွားစေသည့်အချက်မှာ တစ်ဖက်လူထံမှ ပြင်းထန်သော အငွေ့အသက်များ အာရုံမခံမိခြင်းပင်။ အမှတ်ခြောက်အသင်းခေါင်းဆောင်၏စကားသာ မှန်ကန်နေခဲ့ပါက ထိုရိုးသားပွင့်လင်းဟန်ရှိသော ကျန်းစန်းနှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုခု ရှိနေမည်မှာ ဧကန်ပင်။

“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ။ သူခိုးနည်းနည်းပါးပါးလောက်ပဲ အစ်ကို သတ်ခဲ့တာကွ။ ဟူး … အခုထိ အဲဒီသူခိုးတွေအတွက် အစ်ကို စိတ်မကောင်းဖြစ်နေတုန်းပဲ ”

ကျန်းစန်းက ကူကယ်ရာမဲ့စွာ သူ၏လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး ရယ်ကျဲကျဲဖြင့် ဆိုလိုက်သည်။

ရွှီချင်း ငြိမ်သက်နေသည်။ တခြားလူ၏မျက်နှာပေါ်တွင် သနားနေသည့် အရိပ်အယောင် အနည်းငယ်မျှ သူ မတွေ့ပေ။

“ ဂိုဏ်းတူညီလေး ရွှီချင်း၊ ခေါင်းဆောင် လျှောက်ပြောတာတွေကို နားမထောင်နဲ့ကွ။ နောက်ကျ အစ်ကို့ကို ကောင်းကောင်းဂရုစိုက်ပေးပါဦး ”

ကျန်းစန်းက စကားပြောနေရင်း ခန္ဓာကိုယ်ပေါ် လှန်လှောရှာဖွေကာ ရွှီချင်းကို သားရဲအရိုးတစ်ပိုင်း ပေးလိုက်သည်။

“ တွေ့ဆုံတဲ့အနေနဲ့ အမှတ်တရ လက်ဆောင် ”

ဘာသာပြန်သူမှတ်စု၊ ခေါင်းဆောင်လဲ့၏ ရန်သူဟောင်းက ဉာဉ့်ငှက်အဖွဲ့မှ ဖြစ်သည်။ ထိုအကြောင်းကို အခန်း ( ၆၁ ) တွင် ဖော်ပြထားခဲ့ပြီး ဖြစ်သည်။

All Chapters