← Chapters

ငါက ဘယ်သူ့ကိုမှ တပည့်အဖြစ် လက်မခံနိုင်ဘူး

Vol. 3 Ch. 43

ငါက ဘယ်သူ့ကိုမှ တပည့်အဖြစ် လက်မခံနိုင်ဘူး

Vol. 3 Ch. 43

"ငါ'ပြောခဲ့တာက....ငါက မင်းကို တပည့်အဖြစ် လက်မခံနိုင်ဘူး"

ကျန်းရွှမ်က ခိုင်မာပြတ်သားစွာဖြင့် ထပ်မံပြောဆိုသည်။

သူသည် မည်ကဲ့သို့ လူစားမျိုး ဖြစ်သနည်း...။

ပါမောက္ခကုန်းမြေတွင် ရိုသေလေးစားခံရသောဆရာတစ်ယောက်ဖြစ်ကာ မရေမတွက်နိုင်သောသက်ရှိများသည် သူ၏တပည့်ဖြစ်ရန် ဆန္ဒရှိကြသည်။သူသည် ယခုလက်ရှိအချိန်၌ ရင်းမြစ်ကမ္ဘာတွင် သာမန်သာဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမဆို တပည့်အဖြစ်လက်ခံမည်ဟု သူ မဆိုလိုချေ။

"နင် သတ္တိရှိရင် အဲ့ဒီစကားကို ထပ်ပြောလိုက်စမ်း"

လျှူမင်ယွဲ့၏တည်ငြိမ်မှုများ ပျောက်ကွယ်သွားကာ ကျန်းရွှမ်၏အခိုင်အမာငြင်းဆန်မှုကြောင့် သူမ ဒေါသထွက်ပြီး ရင်ဘတ်အောင့်သွားခဲ့သည်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲတော့လုမတတ် ခံစားနေရပေ၏။

အဖြူရောင်ကျောက်တုံးမြို့၏ ဒုတိယသန်မာအားကောင်းဆုံးဖြစ်ကာ နက်နဲသိမ်မွေ့သောကျင့်ကြံဆင့်ရှိသည့် ကျောင်းအုပ်ကြီးသည် သူမအား တပည့်အဖြစ် ခေါ်ယူခြင်းမပြုသည်ကို သူမ လက်ခံနိုင်သည်။သို့ရာတွင် ကျန်းရွှမ်သည် မည်သူ ဖြစ်သနည်း။သူသည် ကျင့်ကြံဆင့်အခြေခံမရှိသော အစေခံတစ်ယောက်ဖြစ်ကာ အစောပိုင်းကမှ အဖြူရောင်​ကျောက်တုံးကျောင်းတော်တွင် အရန်ဆရာတစ်ယောက် ဖြစ်လာခဲ့သူပင်။သူသည် မည်ကဲ့သို့သတ္တိမျိုးနှင့် သူမအား ငြင်းဆန်ဝံ့သနည်း။သူ့ထံတွင် မည်သည့်အခွင့်အာဏာ ရှိနေသနည်း။

အကယ်၍ သူမသည် သူ၏တပည့်ဖြစ်လိုပါက သူသည် ကျေးဇူးတင်စွာနှင့်ဂုဏ်ယူဝံ့ကြွားစွာလက်ခံသင့်သည် မဟုတ်လော...

သူမ၏ဒေါသကြီးနေမှုကိုကြည့်ပြီး ကျန်းရွှမ်က မျက်လုံးလှန်ကာ ပျင်းရိငြီးငွေ့စွာဖြင့် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"ငါက အဲ့ဒီစကားကို ထပ်ပြောရဲတယ်...ငါ မင်းကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး...အိပ်မက်မက်နေတာကို ရပ်လိုက်စမ်း"

လျှူမင်ယွဲ့သည် အံ့တင်းတင်းကြိတ်ထားသဖြင့် သူမ၏သွားများ ကြေမွှပျက်စီးလုမတတ်ပင်။

"အိမ်မက်မက်နေတာလို့ ပြောလိုက်တာလား..."

အစေခံတယောက်သည် မည်သည်ကြောင့် ဤကဲ့သို့စကားမျိုးကို ပြောထွက်သနည်း။

သူမသည် အဖြူရောင်ကျောက်တုံးမြို့၏ နာမည်ကျော်ကြားသော အလှလေးတစ်ယောက်ဖြစ်ကာ သမိုင်းမှတ်တမ်းအသစ်ကို စိုက်ထူနိုင်သော ပါရမီရှင်တယောက်ဖြစ်သည့်အပြင် လျှူမိသားစုခေါင်းဆောင်၏တရားဝင်သမီးလည်းဖြစ်သည်။ထိုအဆင့်အတန်းများအနက်မှ မည်သည့်တစ်ခုမဆို နောက်လိုက်အမြောက်အများကို ဆွဲဆောင်နိုင်သည်။မည်သည်ကြောင့် သူသည် သူမအား တပည့်အဖြစ်လက်ခံရန် ငြင်းဆန်ခဲ့သနည်း...ဤသည်မှာ သုံးကြိမ်ထက် လျော့ပါးခြင်းမရှိချေ။

လျှူမင်ယွဲ့သည် ဒေါသူပုန်ထနေခြင်းကြောင့် သူမ၏မျက်နှာ ညိုမည်းနေသည်။

"ကောင်းပြီလေ...ဒီနေ့ ငါက တခြားဘယ်သူ့ကိုမှ ထပ်ပြီးမတောင်းဆိုတော့ဘူး....ငါက နင့်ရဲ့တပည့်ဖြစ်ဖို့ ငါ တောင်းဆိုတယ်...နင်သဘောတူတူမတူတူ ဒီကိစ္စကို လက်ခံရမယ်"

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဆက်ပြီးအိပ်မက်မက်နေလိုက်တော့..."

ဒေါသကြောင့်တုန်တုန်ရီဖြစ်နေသော လျှူမင်ယွဲ့သည် သူမ၏အမြင်အာရုံ မှောင်မည်းသွားသည်ကို ခံစားမိလေ၏။

လျှူမိသားစု၏မင်းသမီးလေးဖြစ်သော သူမအနေဖြင့် အစဉ်အမြဲ ဖူးဖူးမှုတ်အလိုလိုက်ခံထားရသည်။သူမ၏ဆန္ဒများအားလုံး ပြည့်မည်ဟု အာမမခံနိုင်သည့်တိုင် အများစုကို ရရှိခဲ့ပေ၏။ယနေ့တွင် ယုရှောင်ယွီ၏အရှက်ခွဲခြင်းကို ခံရကာ မြင်းထိန်းတစ်ယောက်၏တပည့် ဖြစ်လိုခြင်းကပင် သူမအတွက် ဒေါသထွက်စရာဖြစ်နေလေပြီ။ယခုအချိန်၌ သူမသည် ငြင်းဆန်ခံရရုံသာမက သူသည် သူမအား 'အိပ်မက်မက်နေသည်'ဟုပင် ပြောဆိုခဲ့သလော။

ပြင်းထန်သောဒေါသများသည် သူမ၏စိတ်အတွင်းသို့ တိုးဝင်လာသဖြင့် သူမ၏ခန္ဓာကိုယ် ပေါက်ကွဲတော့လုမတတ် ခံစားနေရသည်။

"ဒီကောင်က အရမ်းကြောက်ဖို့ကောင်းတာပဲ"

"မိန်းကလေးလျှူကို ခုလိုအရှက်ခွဲတာမျိုး သူ ဘယ်လိုသတ္တိနဲ့ လုပ်ရဲတာလဲ"

"ငါတော့ ဒီလိုမျိုး မလုပ်ရဲဘူး..."

ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံးသည် လေးစားကြည်ညိုသောအကြည့်များဖြင့် ထိုလူငယ်လေးကို ကြည့်လိုက်ကြ၏။မိန်းကလေးယု၏ တပည့်အဖြစ်လက်ခံရန် အကြံပြုချက်သည် လျှူမင်ယွဲ့ကို ကျီစယ်ရုံသက်သက်ပင်။အကယ်၍ သူသည် လျစ်လျူရှုလိုက်ပါက ဤကိစ္စ အဆုံးသတ်သွားပေမည်။ထိုအစား သူသည် သုံးကြိမ်တိုင်တိုင်ငြင်းဆန်ခဲ့ကာ သူမအား အိပ်မက်မက်နေသည်ဟုပင် ပြောဆိုခဲ့သည်။

ဤကောင်လေး ဒုက္ခရောက်တော့မည်မှာ သိသာထင်ရှားသည်။

"ငါ နင့်ကို သတ်မယ်"

လူအများ၏ပြောဆိုဆွေးနွေးနေမှုများသည် ကုလားအုတ်၏နောက်ကျောရှိ နောက်ဆုံးကြိုးတစ်မျှင်ကို ဖြတ်လိုက်သည့်အလားပင်။လျှူမင်ယွဲ့သည် ဒေါသတကြီးအော်ဟစ်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ကျန်းရွှမ်ထံသို့ လျှောက်လှမ်းလာသည်။

သူမ အလွန်ဒေါသူပုန်ထနေသည်ကိုကြည့်ပြီး ကျန်းရွှမ်သည် စိတ်မကြည်မသာဖြင့် မျက်မှောက်ကြုတ်လိုက်၏။

"တကယ်လို့ မင်း ငါ့ကိုသတ်ရင်တောင် ငါက မင်းကို တပည့်အဖြစ် လက်မခံဘူး"

'သူသည် မည်ကဲ့သို့ လူစားမျိုးဖြစ်သနည်း...'

'ဆရာတပည့်ဆက်ဆံရေးမှာ ရိုသေလေးစားမှုကိုပြသဖို့နဲ့ ထုံးတမ်းစဉ်လာတွေကို လိုက်နာရတာတွေ ပါဝင်တယ်...သူက သူ့ကိုငြင်းဆန်လိုက်ရုံနဲ့ ငါ့ကို သတ်ချင်နေတယ်...ဘယ်လောက်တောင် ရိုင်းပြလိုက်လဲ...'

အကယ်၍ ဤကိစ္စမျိုးသည် ပါမောက္ခကုန်းမြေ၌သာ ဖြစ်ပွားပါက သူ့မအား နှင်ထုတ်ခြင်းခံရကာ ထပ်မံ၍ ပြန်လက်ခံတော့မည်မဟုတ်ချေ။

"အား..."

လျှူမင်ယွဲ့သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ရှေ့သို့တိုးကာ မောက်မာထောင်လွှားသောကောင်အား သင်ခန်းစာပေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ယုရှောင်ယွီက သူမ၏ရှေ့မှ ပိတ်ဆို့ဟန်တားလေသည်။

ယုရှောင်ယွီကို ကြည့်ရသည်မှာလည်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

သူမသည် ကျန်းရွှမ်အား လျှုမင်ယွဲ့ကို တပည့်အဖြစ်လက်ခံရန် ပြောဆိုခဲ့ခြင်းမှာ ကျီစယ်ရုံသက်သက်ပင်။ဤကဲ့သို့ ရုန်းရင်းဆန်ခတ်မှုမျိုး ဖြစ်ပွားလာမည်ဟု သူ မျှော်လင့်မထားမိချေ။

ဒေါသထွက်နေသော လျှူမင်ယွဲ့ကို ထိန်းချုပ်ရင်း ယုရှောင်ယွီက အလျင်အမြန်ပြောဆိုသည်။

"မင်ယွဲ့....ငါ ခုဏက နောက်ပြောင်လိုက်တာပါ...ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး...တကယ်လို့ ကျန်းရွှမ်က နင့်ကို လက်မခံဘူးဆိုရင် လက်ထောက်ကျောင်းအုပ်ဝူ မဟာအကြီးအကဲယန်နဲ့ အကြီးအကဲဝူတို့ဆီမှာ နင် ကြိုးစားကြည့်လို့ရတယ်...ဒီလိုလုပ်ဖို့ မလိုပါဘူး..."

"ငါ့ရှေ့ကနေ ထွက်သွားစမ်း"

လျှူမင်ယွဲ့သည် ရှေ့သို့ဆက်တိုးကာ သူမ၏လက်ကို မြှောက်လိုက်သည်။

"နင်က ငါ့ကို ရိုက်ချင်တာလား"

ယုရှောင်ယွီက အလျင်အမြန်လှုပ်ရှားကာ လျှူမင်ယွဲ့၏အားလှိုင်းကို ချေဖျက်လိုက်၏။

သူမသည် အစောပိုင်းကမှ ရင်းမြစ်ရေအိုင်ကို အသက်သွင်းနိုင်ခြင်းဖြစ်သော်လည်း မြို့အရှင်၏သမီးဖြစ်သဖြင့် ကျင့်ကြံနည်းစနစ်အမြောက်အများကို လေ့ကျင့်ထားခဲ့သည်။ သာမန်ယောက်ျားသားများပင်လျှင် သူမအား လိုက်မှီမည်မဟုတ်သောကြောင့် ပါရမီရှင်တယောက်အဖြစ် သူမ နာမည်ရလာခဲ့ခြင်းဖြစ်သည်။

"တော်သင့်ပြီ..."

သူမတို့နှစ်ယောက် တိုက်ခိုက်တော့မည်ကိုကြည့်ပြီး မိုယန်ရွှယ်က ခြေတစ်လှမ်းရှေ့တက်ကာ သူမတို့နှစ်ယောက်ကြားသို့ ဝင်လိုက်သည်။

"မင်ယွဲ့...ရှောင်ယွီက တကယ်ကို ခုလိုဖြစ်ချင်တာ မဟုတ်ဘူး...သူ့ရဲ့ကိုယ်စား ငါ တောင်းပန်ပါတယ်...ဆရာတယောက်ရွေးဖို့ကတော့ နင်နဲ့သင့်တော်တဲ့လူကို ရွေးချယ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်...ကျောင်းတော်ထဲမှာ ထူးချွန်တဲ့ဆရာတွေ အများကြီးရှိနေတယ်...နင့်ရဲ့ပါရမီအရည်အချင်းနဲ့ဆိုရင် ဘယ်ဆရာမဆို နင့်ကို ဝမ်းမြောက်ဝမ်းသာလက်ခံမှာပါ"

လျှူမင်ယွဲ့၏မျက်ခုံး မြင့်တက်သွားသည်။

"နင်တို့က အုပ်စုဖွဲ့ပြီး ငါ့ကိုအနိုင်ကျင့်ဖို့ ပြင်ဆင်ထားတာလား"

မိုယန်ရွှယ်က သူမ၏ခေါင်းကိုခါယမ်းပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါတို့အားလုံးက အတန်းဖော်တွေလေ...ဘာလို့ ငါတို့က နင့်ကို အနိုင်ကျင့်ရမှာလဲ...ငါတို့က နင့်ကို သင်တော်တဲ့ဆရာတစ်ယောက် ရှာတွေ့ဖို့ ကူညီပေးရုံပဲ...နင်က လက်ဝါးနည်းစနစ်တွေကို သဘောကျတယ်လို့ ငါ ကြားထားတယ်...ဒါ့ပြင် နင်က လျှူမိသားစုရဲ့ 'လိပ်ပြာတောင်ပံခတ်လက်ဝါးနည်းစနစ်'ကို တစ်နှစ်မပြည့်ခင်မှာပဲ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်ခဲ့တယ်....ဒီလိုဆိုမှတော့ နင်က လက်ထောက်ကျောင်းအုပ်ဝူရဲ့လက်အောက်မှာ တပည့်ခံသင့်တယ်....သူ့ရဲ့ 'လှိုင်းစီးဆင်းခြင်းလက်ဝါးနည်းစနစ်'က အဖြူရောင်ကျောက်တုံးမြို့မှာ အရမ်းနာမည်ကျော်ကြားတယ်"

"ဒါက...."

လျှူမင်ယွဲ့သည် ချီတုံချတုံဖြစ်သွားပေ၏။

ဝူယွင်ကျိုး၏ခွန်အားသည် ကျောင်းအုပ်ကြီးလုမင်ရုန်လောက် မြင့်မားခြင်းမရှိသော်လည်း ကွာဟချက်သည် သိသာထင်ရှားခြင်းမရှိချေ။သူ၏လက်အောက်၌ တပည့်ခံခြင်းသည် သူမအတွက် အမှန်တကယ်ကို ပို၍သင့်လျော်သည်။

လုမင်ရုန်၏လက်အောက်၌ သူမ တပည့်ခံလိုသောအကြောင်းအရေးမှာ သူမရှေ့ရှိ မိန်းကလေးနှစ်ယောက် အောင်မြင်မှုရရှိသွားသောကြောင့်ပင်။မည်သည်ကြောင့် သူမသည် ဤကဲ့သို့အခွင့်အရေးမျိုး မရနိုင်သနည်း။

ဤသည်မှာ စိတ်ပျက်ဖွယ်ရာပင်။

"ဘာမှတွေဝေမနေနဲ့...."

လျူမင်ယွဲ့၏တွေဝေနေမှုကိုကြည့်ပြီး မိုယန်ရွှယ်သည် မလှမ်းမကမ်းအကွာရှိ ဝူယွင်ကျိုးထံသို့ကြည့်ကာ ချိုသာသောအပြုံးနှင့် ပြောဆိုလိုက်၏။

"လက်ထောက်ကျောင်းအုပ်ဝူ...မိန်းကလေးလျှူက စွမ်းအင်တန်းနှစ်ဆယ့်လေးတန်းကို စုပ်ယူနိုင်ပြီးတော့ ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်ကို ပိုင်ဆိုင်ထားတယ်...သူက နင့်ရဲ့လက်အောက်မှာ တပည့်ခံလို့ရမလား"

"ဒါက...."

ဝူယွင်ကျိုးသည် ကျောင်းအုပ်ကြီးလုမင်ရုန်ကို စောင်းငဲ့ကြည့်ပြီးနောက် ကျန်းရွှမ်ကို ကြည့်ကာ တွေဝေသွားသည်။

ထိုမိန်းကလေးက ကျန်းရွှမ်သည် မြင်းထိန်းတစ်ယောက်ဖြစ်သဖြင့် သူမ၏ဆရာဖြစ်ရန် ထိုက်တန်ခြင်းမရှိဟု တွေးထင်နေခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်သည် ကျရှုံးသွားခြင်းမရှိသရွေ့ အကန့်အသတ်မဲ့သော အနာဂတ်အလားအလာရှိသည့် သာလွန်ထူးကဲသော ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို သူ သိရှိထားသည်။

ဤကဲ့သို့ လူတစ်ယောက် ငြင်းဆန်လိုက်သော မိန်းကလေးကို တပည့်အဖြစ် လက်ခံခြင်းသည် သူ အပြစ်ပြုရာကျသွားပေမည်။

ကျင့်ကြံခြင်းလောကတွင် တိုက်ခိုက်ခြင်းသက်သက်မဟုတ်ဘဲ ဆက်ဆံရေးကောင်းရန်လည်း လိုအပ်သည်။

"လက်ထောက်ကျောင်းအုပ်ဝူ..."

မိုယန်ရွှယ်က ထပ်မံ၍မေးမြန်းကာ သူ၏တုံ့ဆိုင်းနေမှုကြောင့် သူမလည်း ဇဝေဇဝါဖြစ်နေသည်။

"အင်း..."

ရုတ်ချည်းဆိုသလိုပင် ဝူယွင်ကျိုးသည် ဤကိစ္စကို နားလည်သဘောပေါက်သွားသဖြင့် သူ၏လက်ကို ထပ်ခါတလဲလဲခါယမ်းလိုက်၏။

"တောင်းပန်ပါတယ်...တကယ်လို့ ဆရာကျန်းရွှမ်က မင်းကို လက်မခံဘူးဆိုရင် ငါလည်း လက်မခံနိုင်ဘူး"

ပထမဆုံးဆုံတွေ့ချိန်၌ အမြင်ကောင်းရရှိအောင်လုပ်ဆောင်ခြင်းသည် အကောင်းဆုံးပင်။

ထိုစကားကိုပြောဆိုပြီးနောက် သူသည် အဝေးတစ်နေရာတွင်ရှိသော ကျန်းရွှမ်ကိုကြည့်ပြီး နွေးထွေးစွာပြုံးလိုက်သည်။

"...."

မိုယန်ရွှယ် ကြက်သေသေသွားသည်။

'တကယ်လို့ ကျန်းရွှမ် လက်မခံဘူးဆိုရင် သူလည်း လက်မခံနိုင်ဘူးလို့ ပြောတာက ဘာသဘောလဲ...'

'လျှူမင်ယွဲ့က ပါရမီရှင်တစ်ယောက်လေ...'

'သူတို့တွေက မြင်းထိန်းတစ်ယောက်ရဲ့အမြင်ကို ထည့်သွင်းစဉ်းစားဖို့ လိုလို့လား'

"လက်ထောက်ကျောင်းအုပ်ဝူ..."

လျှူမင်ယွဲ့သည် အရှက်ရမှုကို ပို၍ခံစားမိလေ၏။

အဖြူရောင်ကျောက်တုံးမြို့၏ တတိယအဆင့်ပါရမီရှင်တစ်ယောက်သည် ငါးကြိမ်ဆက်တိုက်ငြင်းဆန်ခံရခြင်းမှာ...

"မင်ယွဲ့....ဘာမှမစိုးရိမ်နဲ့...လက်ထောက်ကျောင်းအုပ်ဝူမှာ အကြောင်းအရင်းတချို့ ရှိနေလိမ့်မယ်....အကြီးအကဲယန်ဆိုရင်ရော ဘယ်လိုလဲ....သူက အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ မဟာအကြီးအကဲဖြစ်ပြီးတော့ ကြီးမားတဲ့စွမ်းအားနဲ့ ကျောက်စိမ်းအရိုးနယ်ပယ်ကိုရောက်နေပြီ...သူ့ရဲ့တပည့်ဖြစ်တာကလည်း ကောင်းတဲ့ကိစ္စပဲ"

မိုယန်ရွှယ်က လျှူမင်ယွဲ့ကို ဆက်လက်၍နှစ်သိမ့်ပေးသည်။သို့ရာတွင် သူမ၏စကားအဆုံးမသတ်သေးမီမှာပင် မလှမ်းမကမ်းအကွာ၌ရှိနေသော ယန်ချင်ရှုသည် သူ၏လက်ကို ထပ်ခါတလဲလဲခါယမ်းလိုက်သည်အား သူမတို့ မြင်တွေ့လိုက်ရသည်။

"ငါက ဆရာကျန်းရွှမ်ရဲ့အမြင်ကို လေးစားတယ်...ငါကလည်း သူ့ကို တပည့်အဖြစ် လက်မခံနိုင်ဘူး"

'မင်းတို့ နောက်နေတာလား...ငါလည်း သူ့ကို အပြစ်မပြုချင်ဘူး'

All Chapters