တပည့်တစ်ယောက် လက်ခံခြင်း
Vol. 3 Ch. 42
သူသည် ဤကျောင်းအုပ်ကြီး၏စွမ်းအားကို မသိရှိသော်လည်း အဖြူရောင်ကျောက်တုံးမြို့အတွင်း၌ အခွင့်အာဏာကို ဆုပ်ကိုင်ထားနိုင်သူတစ်ယောက်သည် ရိုးရှင်းမှုမရှိနိုင်သည်မှာ သိသာထင်ရှားသည်။ဤကဲ့သို့ပုဂ္ဂိုလ်တစ်ယောက်သည် တပည့်တစ်ယောက်ကိုခေါ်ယူနိုင်ရန် ဤမျှထိ ရှည်ရှည်ဝေးဝေးပြုလုပ်လိုသည်ကို ကြည့်ခြင်းအားဖြင့် ထိုပါရမီရှင်၏ သာလွန်ထူးကဲမှုကို ညွှန်ပြနေသည်။သို့ရာတွင် တပည့်တစ်ယောက်ခေါ်ယူခြင်းသည် ကိစ္စတစ်ခုဖြစ်ပြီး တခြားကိစ္စသည် မည်သည့်အရာ ဖြစ်သနည်း။
ကျောင်းအုပ်ကြီးလုမင်ရုန်သည် မကြာမီမှာပင် အဖြေပေးလိုက်သဖြင့် ကျန်းရွှမ်နှင့်တခြားလူများသည် အချိန်အတော်ကြာ စဉ်းစားမနေခဲ့ရချေ။
"ပထမကိစ္စက... "
လုမင်ရုန်၏အသံသည် သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်အနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
"အဖြူရောင်ကျောက်တုံးကျောင်းတော်က အိပ်ဆောင်စီမံခန့်ခွဲမှု စားဖိုဆောင်စီမံခန့်ခွဲမှုနဲ့ စာကြည့်တိုက်စီမံခန့်ခွဲမှုစတဲ့ ကိစ္စအမျိုးမျိုးကိုကိုင်တွယ်ဖြေရှင်းဖို့အတွက် အရန်ဆရာတချို့ကိုခေါ်ယူဖို့ စီစဉ်ထားတယ်...တကယ်လို့ သူတို့က သင်ကြားရေးမှာ အရည်အချင်းပြည့်မီတယ်ဆိုရင် နောက်ပိုင်းမှာ အချိန်ပြည့်ဆရာတွေအဖြစ် ရာထူးတိုးနိုင်လိမ့်မယ်"
"အရန်ဆရာတွေလား..."
"ကျောင်းတော်မှာ အရင်က ဒီလိုမျိုး ရှိခဲ့ဖူးလို့လား"
"ငါတော့ မထင်ဘူး"
လူအုပ်ကြီးထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ထိုလူများသာမက ဝူယွင်ကျိုး ယန်ချင်းရှုနှင့်တခြားဆရာများပင်လျှင် ကြက်သေသေနေပေ၏။
အရန်ဆရာများ...ကျောင်းအုပ်ကြီးသည် ဤကိစ္စကို ယခင်က တစ်ကြိမ်တစ်ခါမျှထုတ်ဖော်ပြောဆိုခြင်းမရှိချေ။မည်သည့်ကြောင့် ယခုအချိန်တွင် ထုတ်ပြန်ကြော်ညာခဲ့သနည်း။
"ဒီမြေခွေးအိုကြီးက တကယ့်ကို လိမ္မာပါးနပ်တာပဲ"
တခြားလူများနှင့်မတူညီဘဲ ယုလုံချင်း၏မျက်ခွံများ တုန်ရီသွားကာ သူ့၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
တခြားလူများသည် ဤရုတ်တရက်ဆုံးဖြတ်ချက်၏နောက်ကွယ်မှ အကြောင်းအရင်းကို မြင်တွေ့နိုင်မည် မဟုတ်သော်လည်း သူ ရှင်းရှင်းလင်းလင်းမြင်တွေ့မိသည်။
ကျန်းရွှမ်သည် စာရင်းသွင်းထားခြင်းမရှိရုံသာမက သူ၏အသက်အရွယ်သည် သာမာန်ကျောင်းသားတစ်ယောက်ထက် ကျော်လွန်နေလေပြီ။အကယ်၍ ကျောင်းအုပ်ကြီးသည် အတင်းအကြပ်ခေါ်ယူပါက အရူးတစ်ယောက်ပင်လျှင် ကျန်းရွှမ်သည် ထိပ်သီးပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိရှိသွားပေမည်။
ကျန်းရွှမ်သည် ကျောင်းသားတစ်ယောက်မဟုတ်သဖြင့် သူ၏တပည့်အဖြစ်လည်း ခေါ်ယူ၍မရချေ။အကယ်၍ ကျောင်းအုပ်ကြီးသည် ကျန်းရွှမ်ကို ကျောင်းတော်၌ ထားရှိလိုပါက တစ်ခုတည်းသောနည်းလမ်းမှာ သူ့အား ဆရာဖြစ်စေခြင်းပင်။
အရန်ဆရာများသည် အတန်းများကိုသင်ကြားရန် မလိုသည့်အပြင် ကျောင်းသားများအား မှားယွင်းစွာ လမ်းပြပေးမိမည်ကိုလည်း စိုးရိမ်ရန်မလိုအပ်ချေ။သူ့အား ဤကဲ့သို့ လွယ်ကူသောတာဝန်တစ်ခုပေးခြင်းသည် ဧည့်အကြီးအကဲတစ်ယောက်ကို ငှားရမ်းခြင်းနှင့်တူညီသည်။ ထို့ထက်ပို၍အရေးကြီးသည်မှာ ဤသည်က လု မင်ရုန်သည် ကျန်းရွှမ်နှင့်ဆက်သွယ်ရန် တရားဝင်အကြောင်းပြချက်တစ်ခု ရရှိသွားပြီး သူ့အား သိမ်းသွင်းနိုင်ခြင်းပင်။
'ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ'
'တကယ်တော့ လူတယောက်က ပိုပြီးအိုမင်းလာလေလေ ပိုပြီးလိမ္မာပါးနပ်လာလေလေပဲ...မဟုတ်ဘူး...ငါက ကျန်းရွှမ်ကို ငါ့ရဲ့နံဘေးကိုခေါ်ပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ထောင်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာရမယ်"
ယုလုံချင်းသည် အလေးအနက်ထား၍ စဉ်းစားတွေးတောလိုက်၏။
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်အကြားရှိ ဥာဏ်ရည်တိုက်ပွဲကို သတိမပြုမိဘဲ ကျောင်းအုပ်ကြီး၏စကားများကို ကြားချိန်၌ ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
ဤရာထူးနေရာသည် သူ့အား အလွန်ဆွဲဆောင်နိုင်ပေ၏။
သူသည် ဆရာတစ်ယောက်ဖြစ်ရန် အလွန်အရည်အချင်းရှိသူပင်။သူ၏စကားလုံးများဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုဝေးစေကာ ကျောင်းသားများကို ချက်ချင်းဥာဏ်အလင်းပေးနိုင်သည့် အရည်အချင်းရှိကာ သူ့အတွက် မွေးရာပါပါရမီအလားပင်။ယခုအချိန်၌ သူသည် မိုမိသားစုမှထွက်ခွာခဲ့ကာ သူ၏ဝင်ငွေအရင်းအမြစ်ကို ဆုံးရှုံးသွားပြီဖြစ်သောကြောင့် အလုပ်တစ်ခုကို အရေးပေါ်ရှာရန် လိုအပ်သည်။ ဆရာတစ်ယောက်ဖြစ်လာရန်သည် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပင်။
အရေးအကြီးဆုံးအချက်မှာ ဤရာထူးသည် သူ့အား အဖြူရောင်ကျောက်တုံးကျောင်းတော်၌ ဆက်လက်၍ရှိနေခွင့် ပြုနိုင်ခြင်းပင်။သူ့အား အကန့်အသတ်မရှိသော ကောင်းကင်ကံကြမ္မာစွမ်းအင်များနှင့် ကြီးမားကျယ်ပြန်သောစာကြည့်တိုက်ကို ထောက်ပံ့ပေးနိုင်လေရာ သူ၏ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သည်။
အမှန်အားဖြင့် အတိအကျပြောဆိုရလျှင် သူ့အတွက် ဤအလုပ်ကိုရရှိနိုင်ရန်မှာ အလွန်ခက်ခဲပေမည်။မည်သို့ပင်ဆိုစေကာမူ သူသည် မည်သည့်ထူးခြားချက်မျှမရှိသော သာမန်လူတစ်ယောက်ပင်။မည်သည်ကြောင့် သူ့အား ရွေးချယ်မည်နည်း။
"အရန်ဆရာလျှောက်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ"
လူအုပ်ကြီးအကြားမှတစ်ယောက်က မေးမြန်းကာ ကျန်းရွှမ်၏သိချင်စိတ်ကို မျှဝေခံစားသည့်အလားပင်။
"ဒါက ရိုးရှင်းပါတယ်...ကျွမ်းကျင်မှုတစ်ခုရှိရုံပဲ"
လုမင်ရုန်သည် တုံ့ပြန်အဖြေပေးကာ သူ၏မျက်လုံးအကြည့်သည် ကျန်းရွှမ်ထံသို့ ကျရောက်မသွားမီအချိန်ထိ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"ဥပမာအနေနဲ့ပြောရရင် ဒီမိတ်ဆွေငယ်လေးကျန်းရွှမ်က သားရဲတွေကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ အရည်အချင်းရှိတယ်လို့ ငါ ကြားထားတယ်.... မိန်းကလေးမိုရဲ့စုရှင်းက မင်းရဲ့ရှေ့မှာ ကြောင်လေးတကောင်လို နာခံရိုကျိုးနေတယ်ဆိုတာ အမှန်ပဲလား"
ကျန်းရွှမ်သည် တိုက်ရိုက်မေးမြန်းခံရမှုကြောင့် အံ့အားသင့်သွားသော်လည်းကောင်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့...ဒါက အမှန်ပါပဲ"
လုမင်ရုန်က အပြုံးနှင့် ပြောဆိုသည်။
"မင်းက အရန်ဆရာတစ်ယောက်အနေနဲ့ ငါတို့အဖြူရောင်ကျောက်တုံးကျောင်းတော်ထဲကိုဝင်ဖို့ ဆန္ဒရှိလား"
"ငါ လား..."
ကျန်းရွှမ်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်၏။
"ငါ ဆန္ဒရှိပါတယ်...."
"အရမ်းကောင်းတယ်...နောက်ပိုင်းကျမှ ငါတို့ အသေးစိတ်အချက်တွေကို ထပ်ပြီးဆွေးနွေးကြရအောင်"
လုမင်ရုန်က ခေါင်းညိတ်ပြပြီးနောက် သူ စိတ်သက်သာရာရသွားသည်မှာ သိသာထင်ရှားသည်။ထို့နောက် သူသည် လူအုပ်ကြီးဘက်သို့ ပြန်လှည့်ကြည့်လေသည်။
"မနေ့က အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ငါ ကြားတာကြောင့် ငါက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့တယ်....အခုကြည့်ကြည့်တော့မှ ငါ့အတွက် စိတ်ပျက်စရာ မဖြစ်ခဲ့ဘူး....ငါ ရှာနေတဲ့ပါရမီရှင်က မိုမိသားစုရဲ့မိုယန်ရွှယ်နဲ့ မြို့အရှင်မိသားစုရဲ့ယုရှောင်ယွီပဲ...ငါက မင်းတို့နှစ်ယောက်လုံးကို ငါ့ရဲ့တပည့်တွေအဖြစ် ခေါ်ယူချင်တယ်...မင်းတို့ ဆန္ဒရှိလား"
သူတို့နှစ်ယောက်လား
နှစ်ယောက်ရဲ့ပါရမီအရည်အချင်းကမြို့အရှင်ထက်တောင်သာလွန်နေတယ်။ကျောင်းအုပ်ကြီးကသူတို့ကိုရွေးတယ်ဆိုတာသဘာဝကျတဲ့ကိစ္စပဲ
လူအများချက်ချင်းနားလည်သဘောပေါက်သွားသည်။
ကျန်းရွှမ်သည်မျက်မှောင်ကြုံလိုက်ကာ တစ်စုံတစ်ခု လွဲချော်နေသည်ကိုအာရုံခံမိသော်လည်းသူအတည်ပြုနိုင်ခြင်းမရှိချေ။အကယ်၍ သူတို့သည် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ကို အမှန်တကယ်ရှာဖွေသည်ဆိုပါက ယမန်နေ့ကတည်းက သူသည် သူမတို့အား အနီးကပ် စူးစမ်းလေ့လာခဲ့သည်။သူမတို့ ရင်းမြစ်ရေအိုင်တောင်ကို ဖြတ်ကျော်စဉ်အချိန်ကလည်း မည်သည့်ထူးခြားမှုမျိုးကိုမျှ သူ သတိမပြုမိချေ။ မည်သည်ကြောင့် ယခုအချိန်တွင် သူမတို့နှစ်ယောက် ဖြစ်နေသနည်း။
"ငါ ဆန္ဒရှိပါတယ်..."
"ငါလည်း ဆန္ဒရှိပါတယ်..."
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် ယမန်နေ့ညက သူမတို့၏အင်အားစိုက်ထုတ်မှုများ အချည်းနှီးဖြစ်မသွားသည်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။ကျောင်းအုပ်ကြီးကိုယ်တိုင် တပည့်အဖြစ် လက်ခံခြင်းမှာ သူမတို့အတွက် အမြင့်မားဆုံးချီးမွမ်းမှုနှင့်အသိအမှတ်ပြုမှုကို ရရှိခြင်းပင်။
အရာအားလုံးအစီအစဉ်တကျဖြစ်သွားကာ ယမန်နေ့ကိစ္စ၏ သက်ရောက်မှုကို လျော့ပါးသွားစေပြီးနောက် လုမင်ရုန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။သူသည် သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ကျန်းရွှမ်အား သီးသန့်စကားပြောရန် အခွင့်ကောင်းကို ရှာတော့မည့်အချိန်မှာပင် အရေးတကြီးပြောဆိုလိုက်သောအသံတစ်သံ ကြားဖြတ်နှောက်ယှက်သည်။
"ကျောင်းအုပ်ကြီးလု ဘာလို့ ငါ့ကို မရွေးချယ်တာလဲ....ငါ့ရဲ့ပါရမီကလည်း မနိမ့်ကျပါဘူး"
လူများအားလုံးလှည့်ကြည့်လိုက်ကြရာ လျှူမိသားစု၏အကြီးဆုံးသမီး လျှူမင်ယွဲ့ကို မြင်တွေ့မိသည်။သူမသည် နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် မတ်တတ်ရပ်နေပေ၏။
သူမသည် မိုယန်ရွှယ် ယုရှောင်ယွီတို့နှင့်အတူ နာမည်ကျော်ကြားကာ အဖြူရောင်ကျောက်တုံးမြို့၏ အလှပဂေးသုံးယောက်အနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။သို့ရာတွင် ဤအကဲဖြတ်စစ်ဆေးမှု အတောအတွင်းတွင် ထိုမိန်းကလေးနှစ်ယောက်သည် သူမထက်အနည်းငယ်သာလွန်သွားခဲ့ရာ ဤသည်မှာ အလွန်အရှက်ရဖွယ်ကောင်းသောကိစ္စပင်။
ယခုအချိန်၌ တခြားမိန်းကလေးနှစ်ယောက်ကိုကျောင်းအုပ်ကြီးမှ တပည့်အဖြစ်လက်ခံလိုက်ပြီး သူမသည် မည်သည့်အရာကိုမျှ မရရှိခဲ့လေရာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
"မိန်းကလေးလျှူ....ကျောင်းတော်မှာ ထူးချွန်တဲ့ဆရာတွေ အများကြီးရှိတယ်...မင်းရဲ့ထူးချွန်တဲ့ပါရမီနဲ့ဆိုရင် မင်း လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တယ်...ငါ့မှာ တော်တော်လေးသက်တောင့်သက်သာနေတတ်တဲ့ အကျင့်စရိုက်ရှိတယ်...ဒါကြောင့် ငါ့ရဲ့တပည့်ဖြစ်လာတာက မင်းအတွက် အကျိုးအများကြီး ရှိမှာမဟုတ်ဘူး"
လုမင်ရုန်က တုံ့ပြန်အဖြေပေးသည်။
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ကို လက်ခံခြင်းသည် အာရုံလွှဲရန်သက်သက်ပင်။သူ့ထံ၌ သင်ကြားပေးရန် အချိန်များစွာမရှိသည့်အပြင် ဤဆရာတပည့်ဆက်ဆံရေးမှာလည်း ဟန်ဆောင်ပန်ဆောင်သာဖြစ်သည်။ထိုမိန်းကလေးနှစ်ယောက်သည် သူမတို့၏အချိန်အများစုကို ကိုယ်ပိုင်လေ့လာသင်ယူခြင်းဖြင့် ကုန်ဆုံးရပေမည်။
မမျှော်လင့်ဘဲ ဤကဲ့သို့အခြေအနေအောက်တွင် လျှူမင်ယွဲ့သည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ထွက်လာခဲ့သည်။
"မိုယန်ရွှယ်နဲ့ယုရှောင်ယွီတို့က ကျောင်းအုပ်ကြီးရဲ့တပည့်တွေ ဖြစ်လာပြီးတော့ ငါက ဘာလို့မဖြစ်တာလဲ...ငါ ဒီကိစ္စကို လက်မခံနိုင်ဘူး"
လျှူမင်ယွဲ့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"ဘာလို့လဲ ဟုတ်လား....အကြောင်းကတော့ ငါတို့ပါရမီတွေက ပိုကောင်းလို့လေ"
လျှူမင်ယွဲ့၏စိတ်ပျက်လက်ပျက်ဖြစ်နေမှုကိုမြင်တွေ့ချိန်တွင် ယုရှောင်ယွီ၏မျက်လုံးများ တောက်ပသွားသည်။
"နင့်ရဲ့ပါရမီက သာမာန်ပဲရှိတယ်...ကျောင်းအုပ်ကြီးလုက နင့်ကို တပည့်အဖြစ်ခေါ်ယူဖို့ မမျှော်လင့်နဲ့....ဒါ့ပြင် နင့်ရဲ့ဆိုးရွားတဲ့ စိတ်နေသဘောထားနဲ့ ကျောင်းတော်မှာရှိတဲ့ဘယ်ဆရာမှ နင့်ကိုလက်ခံရဲမှာ မဟုတ်ဘူး...တကယ်လို့ ဆရာတွေအားလုံး လက်မခံဘူးဆိုရင် နင်က အရန်ဆရာတစ်ယောက်ဆီမှာ ကြိုးစားကြည့်သင့်တယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် မလှမ်းမကမ်းအကွာရှိ ကျန်းရွှမ်ကိုကြည့်ပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
"ကျန်းရွှမ်....နင် သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပါလား"
ကျန်းရွှမ်က ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"တောင်းပန်ပါတယ်....ငါ လက်မခံနိုင်ဘူး"
ယုရှောင်ယွီသည် သူမအား လူသူအများရှေ့၌ အရှက်ခွဲဝံ့သဖြင့် လျှူမင်ယွဲ့သည် ဒေါသထွက်သွားကာ ပေါက်ကွဲတော့လုမတတ်ပင်။
"နင်ကသာ အရန်ဆရာတစ်ယောက်ရဲ့လက်အောက်မှာ တပည့်ခံစမ်း...နင်တို့တမိသားစုလုံး..."
သူမ၏စကား အဆုံးမသတ်သေးမီမှာပင် ကျန်းရွှမ်၏စကားလုံးများကို သူမ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"နင်...ဘာပြောလိုက်တာလဲ"
သူမသည် လုံးလုံးလျားလျား ထိတ်လန့်သွားပေ၏။
လျှူမိသားစု၏အကြီးဆုံးသမီးဖြစ်ကာ အဖြူရောင်ကျောက်တုံးမြို့၏ တတိယအရည်အချင်းအရှိဆုံးလူသည် မြင်းထိန်းတစ်ယောက်၏ငြင်းဆန်ခြင်းကို ခံလိုက်ရသည်။
ဤသည်မှာ အစစ်အမှန် ဟုတ်ပါသလော...