အဲ့ဒီပါရမီရှင်က ဘယ်သူလဲ
Vol. 3 Ch. 41
"အမ်...."
ယုလုံချင်းသည် ဇဝေဇဝါဖြစ်သွားလေ၏။
လုမင်ရုန်က ပြောဆိုသည်။
"ကံကြမ္မာချပ်ပြားတွေရဲ့ တန်ဖိုးနဲ့မူရင်းဇစ်မြစ်ကို မင်းလည်း သိသားပဲ...အဖြူရောင်ကျောက်တုံးကျောင်းတော်က ချမ်းသာကြွယ်ဝတယ်ဆိုပေမယ့် ဒီလိုကုန်ဆုံးမှုမျိုးကို တောင့်ခံနိုင်မှာ မဟုတ်ဘူး...တကယ်လို့ ဒီတိုင်းဆက်သွားရင်...ငါတို့တွေ ဒီကိစ္စကို ဖုံးကွယ်ဖို့ ကျရှုံးရုံတင်မကဘူး ကျောင်းတော်လည်း ဒေဝါလီခံရမှာကို ငါ စိုးရိမ်မိတယ်"
"ဒါက အမှန်ပဲ...."
ယုလုံချင်းက စိတ်လိုလက်ရ ခေါင်းညိတ်လိုက်သည်။
ကံကြမ္မာချပ်ပြားများသည် ကံကြမ္မာခန်းမမှနေ၍ ကျောင်းတော်သာလျှင်ဝယ်ယူရန် အရည်အချင်းပြည့်မီသော အရာများပင်။ထိုအရာများကို ကံကြမ္မာမြစ်မှ စုစည်းထားခြင်းဖြစ်ကာ အလွန်သန့်စင်ပြီး တန်ဖိုးကြီးသည်။ဤသည်မှာ စိတ်ဝိညာဥ်ရင်းမြစ်ဝါးပင်လောက် တန်ဖိုးကြီးခြင်းမရှိသော်လည်း များစွာနိမ့်ပါးခြင်းမရှိချေ။
ဤကဲ့သို့ အဖိုးတန်သောအရာများကို ကျန်းရွှမ်သည် တစ်ကြိမ်တည်းဖြင့် ကံကြမ္မာချပ်ပြားသုံးပြားကို အသုံးပြုခဲ့လေရာ.....
မည်သူတစ်ဦးတစ်ယောက်မဆို ဤကိစ္စကို သည်းခံနိုင်မည်မဟုတ်ပေ။
လုမင်ရုန်က ဆက်လက်၍ ပြောဆိုသည်။
"ကျောင်းတော်မှာ ကံကြမ္မာချပ်ပြား နည်းနည်းပဲကျန်တော့တယ်...တကယ်လို့ ငါတို့က သူ့ကို ထပ်ပြီးစုပ်ယူခွင့် ပြုမယ်ဆိုရင်...တခြားလူတွေက သူတို့တွေရဲ့ရင်းမြစ်ရေအိုင်တွေကို တည်ငြိမ်အောင် မလုပ်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်..."
ယခုလက်ရှိအချိန်၌ အမြန်ဆန်ဆုံးစုပ်ယူနိုင်သူများသည် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ဖြစ်ကာ သူမတို့တစ်ယောက်ချင်းစီသည် စွမ်းအင်တန်းရှစ်တန်းကို စုပ်ယူထားပေ၏။လူအများစုသည် စွမ်းအင်တန်းတစ်တန်းကိုပင် စုပ်ယူနိုင်ခြင်း မရှိသေးချေ။အကယ်၍ သူတို့သည် ဤကိစ္စကို ရပ်တန့်ခြင်းမပြုပါက ယနေ့၏အကဲဖြတ်စစ်ဆေးမှု ပျက်စီးလုနီးပါးဖြစ်သွားကာ ရလဒ်အရာ၌ မမျှော်လင့်သောကွာဟချက်များ ရှိလာပေမည်။
ယခုကိစ္စအတွက် ပိုကောင်းသောဖြေရှင်းနည်းများ မရှိတော့ချေ။ကျန်းရွှမ်ကို ဟန့်တားခြင်းသည် ဤကိစ္စကိုဖြေရှင်းနိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်။ယုလုံချင်းသည် ခေါင်းညိတ်ပြပြီးနောက် ညွှန်ကြားလိုက်၏။
"သူ တစ်ယောက်တည်းကိုကွက်ပြီး ဟန့်တားတာမျိုး မလုပ်နဲ့ . မဟုတ်ရင် တခြားလူတွေ အာရုံစိုက်မိသွားလိမ့်မယ်"
လူအမြောက်အများမှ စွမ်းအင်များကို စုပ်ယူနေစဉ်တွင် အကယ်၍ ကျန်းရွှမ်တစ်ယောက်တည်းသာ ဖယ်ထုတ်ခံရပါက ဥာဏ်အတုံးဆုံးလူပင်လျှင် ဤလူငယ်သည်ထံ၌ တစ်ခုခုထူးခြားနေကြောင်း သိရှိသွားပေမည်။ဤကဲ့သို့ကိစ္စမျိုး ဖြစ်လာပါက ထိပ်သီးပါရမီရှင်ဟူသော သူ၏အဆင့်အတန်းအား ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။
"ငါ နားလည်ပြီ"
လုမင်ရုန်က သူ၏လက်ကို ဝှေ့ယမ်းကာ နောက်ဆုံးကျန်သော ကံကြမ္မာချပ်ပြားကို အစားထိုးပြီးနောက် နဂါးကိုးကောင်တိုင်လုံးများ၏တည်နေရာကို တစ်စုံတစ်ယောက်အားစေလွှတ်၍ ပြန်လည်ပြုပြင်စေသည်။
ဤကိစ္စများကို ဆောင်ရွက်ပြီးနောက် သူ၏လက်ကို မြောက်ဘက်အစွန်ဆုံးကျောက်တိုင်ထံသို့ ဆန့်တန်းလိုက်၏။ထို့နောက် သူ၏လက်ဖြင့် ခပ်ပြင်းပြင်းတစ်ချက် ရိုက်ပုတ်လိုက်ခြင်းနှင့်အတူ 'အမည်...မှတ်တမ်းမရှိ သန့်စင်ခြင်း...စွမ်းအင်တန်းနှစ်သောင်းတစ်ထောင်'ဟူသော စာလုံးများ တုန်ခါပြီးပျောက်ကွယ်သွားပေ၏။
ထိုအရာမရှိတော့ပါက အကယ်၍ တခြားလူများသည် ကျင့်ကြံခြင်းအား ရပ်တန့်လိုက်လျှင်ပင် အခြေအနေအတိအကျကို သိနိုင်တော့မည်မဟုတ်ချေ။ထိုကြောင့် ကျန်းရွှမ် ဖော်ထုတ်ခံရနိုင်သည့် ဖြစ်နိုင်ချေကိုလည်း သိသိသာသာ လျော့ချနိုင်ပေမည်။
အရာအားလုံး အဆင်သင့်ပြင်ဆင်ပြီးနောက် လုမင်ရုန်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ကျယ်လောင်စွာအော်ဟစ်လေသည်။
"ခုဏက နဂါးကိုးကောင်တိုင်လုံးတွေမှာ ချို့ယွင်းချက်တစ်ခု ရှိနေတာကြောင့် ရင်းမြစ်စွမ်းအင်ယိုစိမ့်မှုတွေ ဖြစ်သွားခဲ့တယ်...ငါက ဒါကိုပြုပြင်ဖို့အတွက် လူတွေစေလွှတ်ပြီးပြီ....အခုချိန်ကနေစပြီးတော့ အကဲဖြတ်စစ်ဆေးမှုမှာ ဘာအနှောင့်အယှက်မှမရှိတာ သေချာဖို့အတွက် စင်မြင့်အောက်မှာ ထပ်ပြီးကျင့်ကြံခွင့် မပြုတော့ဘူး...မင်းတို့အားလုံးက အနားယူဖို့အတွက် ခုံတန်းတွေဆီကို ပြန်သွားကြတော့"
"ထပ်ပြီးကျင့်ကြံခွင့် မပြုတော့တာလား"
"ဒါဆိုရင် ငါတို့က ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဆက်ပြီးအာရုံခံလို့ မရတော့ဘူးလား"
"ကြည့်ရတာတော့ ပြဿနာတစ်ခု တကယ်ကြီးရှိနေပုံပဲ....မဟုတ်ရင် ငါ ဒီလောက်ထိ အချိန်ယူခဲ့တာတောင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းကို ရှာမတွေ့ဘူးဆိုတာ မဖြစ်နိုင်ဘူး"
စွမ်းအင်များကိုအာရုံခံနိုင်ရန် ပြင်းပြင်းထန်ထန်ကြိုးစားနေသော စင်မြင့်၏အောက်ရှိ လူများအားလုံးသည် သူတို့၏မျက်လုံးများကို တဖြည်းဖြည်းဖွင့်လိုက်ကြကာ အခြေအနေကို နားလည်သဘောပေါက်သွားကြသည်။
သူတို့ စတင်ကျင့်ကြံချိန်မှ ယခုအချိန်ထိ အချိန်နာရီဝက်နီးပါး ကုန်ဆုံးသွားခဲ့သည်။နဂါးကိုးကောင်တိုင်လုံးများမှ ပျံ့လွင့်လာသော ကောင်းကင်ကံကြမ္မာစွမ်းအင်များသည်များပြားခြင်းမရှိသော်လည်း စွမ်းအင်တန်းတစ်တန်းကိုမျှ ရှာမတွေ့သည်မှာ မဖြစ်သင့်သောကိစ္စပင်။
ယခင်က သူတို့အားလုံးက ဤသည်မှာ သူတို့၏ပါရမီအရည်အချင်း၌ ပြဿနာတစ်ခုရှိနေသောကြောင့်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် ယခုကြည့်ကြည့်တော့မှ ဤသည်မှာ နဂါးကိုးကောင်တိုင်လုံးများ၏ ချို့ယွင်းချက်ကြောင့်ပင်။
"ချို့ယွင်းချက်တစ်ခု ရှိနေတာလား"
အံ့အားသင့်နေသော လူအုပ်ကြီးနှင့်မတူညီဘဲ ကျန်းရွှမ်သည် စွမ်းအင်စုပ်ယူနေခြင်းကို ရပ်တန့်ကာ အနည်းငယ်စိတ်ပျက်သွားပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
'အဖြူရောင်ကျောက်တုံးကျောင်းတော်က ဘာဖြစ်ချင်နေတာလဲ...မနေ့ကရော ဒီနေ့ရော ပြဿနာတက်နေတယ်... သူတို့က လူတွေကို ပျော်ပျော်ရွှင်ရွှင်ကျင့်ကြံနိုင်အောင် လုပ်မပေးနိုင်ဘူး"
'နည်းနည်းလေးတောင် အားကိုးလို့မရဘူး....တော်တော်ဆင်းရဲတဲ့ ကျောင်းတော်ပဲ'
'ထားလိုက်တော့....ငါက တခြားလူဆီကနေ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ အများကြီးကို စုပ်ယူပြီးမှတော့ ဒီကျေးဇူးတရားက မနည်းဘူး...ငါ့ရဲ့ခွန်အား မြင့်တက်လာတဲ့အချိန်ကျရင် ငါက ဒီချို့ယွင်းချက်ကိုပြင်ဆင်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်...'
သူ စိတ်ခံစားချက်အပြည့်ဖြင့် တွေးတောနေစဉ်မှာပင် လူများအားလုံးသည် ခုံတန်းများထံသို့ လျှောက်လှမ်းသွားသည်ကို သူ မြင်တွေ့မိသည်။သူ့အား သတိမထားမိစေရန်အတွက် အလျင်အမြန်နောက်မှလိုက်ကာ ထောင့်တစ်နေရာကိုရှာ၍ထိုင်ပြီး စင်မြင့်ထံသို့ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် စင်မြင့်ပေါ်၌ မိုယန်ရွှယ် ယုရှောင်ယွီနှင့်တခြားလူငယ်များသည် သူတို့၏မျက်လုံးများကို စုံမှိတ်၍ကျင့်ကြံနေဆဲပင်။
ကောင်းကင်ကံကြမ္မာစွမ်းအင်များ ယိုစိမ့်မှုမရှိတော့သောကြောင့် စင်မြင့်တစ်ခုလုံး၏အထက်၌ ပါးလွှာသောမြူခိုးလွှာတစ်လွှာ ထွက်ပေါ်လာသည်။ထိုမြူဖိုးလွှာအတွင်း၌ သန့်စင်သောစွမ်းအင်များသည် ပျံသန်းနေသောနဂါးငယ်လေးများအလား ခေါက်တုံ့ခေါက်ပြန်မျောလွင့်နေသည်။
သူ စွမ်းအင်များစုပ်ယူရန်မှာ ယာယီအားဖြင့် မဖြစ်နိုင်တော့ကြောင်း သိရှိသဖြင့် သူ ဆက်၍စောင့်ကြည့်နေပါက အဓိပ္ပါယ်ရှိတော့မည်မဟုတ်ချေ။ကျန်းရွှမ်သည် ထိုကိစ္စကို စိတ်ဝင်စားခြင်းမရှိတော့ချေ။ထိုအစား သူ့ကိုယ်သူ ဂရုတစိုက်စူးစမ်းလေ့လာကာ သူ့၏စိတ်အာရုံကို ရွှမ်ကမ္ဘာအတွင်းသို့ တဖန်ပြန်၍နစ်မြုပ်သွားစေသည်။
အစောပိုင်းကမှ ဖန်တီးထားသော နယ်မြေသစ်နေရာတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်သောင်းကျော်ကို စုပ်ယူထားနိုင်ကာ ရွှမ်ကမ္ဘာသည် တည်ငြိမ်နေလေပြီ။
အရပ်လေးမျက်နှာမှ မိုးနှင့်မြေသည် ကြီးမားကျယ်ပြန့်ကာ အဆုံးအစမရှိချေ။
ဤသည်မှာ ဒန်တျန်နှင့် တူညီပေ၏။အစစ်အမှန်စွမ်းအင်မရှိပါက ဒန်တျန်မည်မျှထိကျယ်ပြန့်နေပါစေ ကျင့်ကြံခြင်းသည် အနည်းငယ်မျှ တိုးတက်လာမည် မဟုတ်ပေ။
"ကြည့်ရတာတော့ ငါက ရင်းမြစ်ရေအိုင်ကို ထိန်းညှိတဲ့နည်းစနစ်တွေ သင်ယူဖို့ လိုအပ်တဲ့ပုံပဲ"
ရင်းမြစ်ရေအိုင်ကို ကျစ်လစ်သိပ်သည်းရန်အတွက် နောက်တစ်ဆင့်သည် မိုးနှင့်မြေအကြားမှ ရုန့်ရင်းကြမ်းတမ်းသော ရင်းမြစ်စွမ်းအင်များကို စုပ်ယူရန်ပင်။ထို့နောက် ထိုစွမ်းအင်များကိုထိန်းညှိပြီး သန့်စင်နိုင်သည့် နည်းလမ်းတစ်ခုကိုရှာဖွေကာ ရုပ်ခန္ဓာကိုယ်ကို တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်အောင် မြှင့်တင်ပြီး အနာဂတ်ကျင့်ကြံဆင့်နယ်ပယ်များအတွက် ပြင်ဆင်ရပေမည်။
"ကြည့်လိုက်အုံး....မိန်းကလေးမိုယန်ရွှယ်က ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်း နှစ်ဆယ့်တစ်တန်းကို စုပ်ယူပြီးသွားပြီ"
ကျင့်ကြံနည်းစနစ်များအား မည်သည့်နေရာ၌ ရှာဖွေရမည်ကို ကျန်းရွှမ် စဉ်းစားတွေးတောနေစဉ်မှာပင် သူ၏နံဘေးမှနေ၍ တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။မကြာမီမှာပင် သူသည် နဂါးကိုးကောင်တိုင်လုံးတစ်လုံးပေါ်၌ မိုယန်ရွှယ်၏နာမည်သည် ပထမနေရာ၌ရှိနေကာ နံပါတ်နှစ်ဆယ့်တစ်ကို သိသာထင်ရှားစွာ ဖော်ပြထားကြောင်း သူ မြင်တွေ့မိသည်။
"အဖြူရောင်ကျောက်တုံးမြို့ထဲမှာ အမြင့်မားဆုံးပါရမီရှင်ဖြစ်တဲ့ မြို့အရှင်ယုက စွမ်းအင်တန်းနှစ်ဆယ့်နှစ်တန်းကို စုပ်ယူနိုင်ခဲ့တယ်... မိန်းကလေးမိုက ဒီမှတ်တမ်းကို ချိုးဖျက်နိုင်မလားဆိုတာ ငါ သိချင်မိတယ်"
"သေချာတာပေါ့...သူက စွမ်းအင်တန်း နှစ်ဆယ့်တစ်တန်းကို ရောက်နေပြီ...စွမ်းအင်တန်းနှစ်ဆယ့်နှစ်တန်းကို ရောက်ဖို့ဆိုတာ သူ့အတွက် ပြဿနာတစ်ခု မဖြစ်နိုင်ဘူး"
"ဒါက ပဉ္စမအဆင့် ရင်းမြစ်ရေအိုင်ပဲ"
"အရမ်းတော်တာပဲ...."
လူအုပ်ကြီး၏အံ့အားသင့်နေမှုများကို စောင့်ကြည့်ရင်း ကျန်းရွှမ်သည်လည်း အံ့အားသင့်နေပေ၏။သူသည် ရွှမ်ကမ္ဘာ၏အကူအညီဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်သောင်းကျော်ကို စုပ်ယူနိုင်ခဲ့သော်လည်း အမှန်အားဖြင့် သူသည် ရင်းမြစ်ရေအိုင်ကို ရှာမတွေ့သော အမှိုက်ကောင်တစ်ကောင်ပင်။သူနှင့်ဤမိန်းကလေးအကြား၌ သိသာထင်ရှားသောကွာဟချက်ကြီး ရှိနေပေ၏။
ဝှစ်...
နဂါးကိုးကောင်းတိုင်လုံးပေါ်၌ အလင်းတန်းများ တဖန်ထပ်၍ တောက်ပလာခြင်းနှင့်အတူ နံပါတ်နှစ်ဆယ့်တစ်မှ နှစ်ဆယ့်နှစ်သို့ ပြောင်းလဲသွားသည်။ဤသည်မှာ မြို့အရှင်ယုလုံချင်း၏မှတ်တမ်းနှင့် တူညီပြီး စတုတ္ထအဆင့်ရင်းမြစ်ရေအိုင်ဖြစ်သော စွမ်းအင်တန်းသုံးဆယ့်နှစ်တန်းထံသို့ ဆက်လက်၍ဦးတည်နေလေပြီ။
သို့ရာတွင် တစ်စုံတစ်ယောက်သည် စွမ်းအင်တန်းများကို ပို၍စုပ်ယူလေလေ ပို၍ခက်ခဲစပြုလာလေလေပင်။အချိန်ဆယ့်ငါးမိနစ်ခန့်ကြာအောင် ဇွဲလုံလစိုက်ထုတ်ခဲ့သည့်တိုင် မိုယန်ရွှယ်၏အောင်မြင်မှုသည် နောက်ဆုံး၌ စွမ်းအင်တန်းနှစ်ဆယ့်ရှစ်တန်း၌ တည်ငြိမ်သွားပြီး ရှေ့သို့ဆက်တိုးလာခြင်း မရှိတော့ချေ။
သူမသည် ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်သာ ရှိသော်လည်း သူမ၏ပါရမီအရည်အချင်းကို အတိအကျတိုင်းတာပါက မြို့အရှင်ယုထက် သာလွန်နေသည်။
ယုရှောင်ယွီသည်လည်း စွမ်းအင်တန်းနှစ်ဆယ့်ခုနစ်တန်းထိ စုပ်ယူနိုင်ခဲ့ကာ အလွန်ထူးချွန်သောရလဒ်တစ်ခုပင်။
လူများအား ပို၍အံ့အားသင့်စေသည်မှာ စိတ်နေသဘောထား အနည်းငယ်ဆိုးရွားသော လျှူမင်ယွဲ့သည် စွမ်းအင်တန်းနှစ်ဆယ့်လေးတန်းကို စုပ်ယူနိုင်ခဲ့ကာ ထိုမိန်းကလေးနှစ်ယောက်၏နောက်၌ ရပ်တည်နိုင်ခြင်းပင်။သူမသည်လည်း ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်ကိုပိုင်ဆိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်ကာ အဖြူရောင်ကျောက်တုံးမြို့၏နှစ်တစ်ရာသမိုင်းအတွင်းတွင် ထိပ်သီးပါရမီရှင်များအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။
အမှန်အားဖြင့် အထင်ကြီးဖွယ်ကောင်းသူများမှာ ဤမိန်းကလေးများ၃ယောက်သာ ရှိပေ၏။ တခြားလူများအနက်မှအများစုသည် စိတ်ပျက်ဖွယ်ကောင်းသောရလဒ်များရှိကာ လူရှစ်ဆယ်ရာခိုင်နှုန်းနီးပါးသည် စွမ်းအင်တန်းတစ်တန်းကိုသာ စုပ်ယူနိုင်ခဲ့သည်။စွမ်းအင်တန်းနှစ်တန်းကို စုပ်ယူနိုင်ခဲ့သူများသည် တစ်ရာခိုင်နှုန်းခွဲခန့်သာရှိပြီး သူတို့သည် သတ္တမအဆင့်နှင့်ဆဋ္ဌမအဆင့် ရင်းမြစ်ရေအိုင်ပိုင်ရှင်များ ဖြစ်သည်။
ပထမအကျော့ အကဲဖြတ်စစ်ဆေးမှုကို အဆုံးသတ်ပြီးနောက် ဒုတိယအကျော့ စတင်ခဲ့သည်။ကျန်းရွှမ်သည် ကျောင်းသားတစ်ယောက်မဟုတ်သဖြင့် ထိုအကဲဖြတ်မှု၌ပါဝင်ရန် အရည်အချင်းမပြည့်မီချေ။ထို့ကြောင့် သူသည် မနာလိုအားကျမှုဖြင့် သက်ပြင်းရှိုက်နေရုံသာ တတ်နိုင်တော့သည်။
တစ်နာရီခန့်ကြာမြင့်ပြီးနောက် စာရင်းသွင်းထားသောကျောင်းသားများအားလုံးကို စစ်ဆေးပြီးလေပြီ။မိုယန်ရွှယ် ယုရှောင်ယွီနှင့် လျှူမင်ယွဲ့တို့သည် အမြင့်မားဆုံးပါရမီရှင်များအဖြစ် ရပ်တည်နိုင်ဆဲပင်။
"ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးသွားပြီ....ဒီနှစ်ရဲ့ရလဒ်တွေက အရင်နှစ်တွေထက် ကျော်လွန်တယ်...ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းကို အောင်အောင်မြင်မြင် စုပ်ယူနိုင်တဲ့ ဘယ်သူမဆို သူတို့ရဲ့ရင်းမြစ်ရေအိုင်တွေကို တည်ငြိမ်အောင်လုပ်နိုင်တာနဲ့ ကျောင်းတော်ရဲ့ကျောင်းသားတစ်ယောက် ဖြစ်လာနိုင်တယ်... တကယ်တော့ ကျောင်းသားတွေက သူတို့ရဲ့ဆရာကို ရွေးချယ်နိုင်သလို...ဆရာတွေကလည်း သူတို့ရဲ့တပည့်တွေကို ရွေးချယ်နိုင်တယ်... ဘယ်လိုရွေးချယ်မလဲ ဆိုတာကတော့ သူတို့ပေါ်မှာ မူတည်တယ်"
ကျောင်းသားများအားလုံး စုဝေးနေချိန်၌ ကျောင်းအုပ်ကြီးလုမင်ရုန်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဒါပေမဲ့ အဲ့ဒီကိစ္စမတိုင်ခင်မှာ ငါ ထုတ်ပြန်ကြော်ညာချင်တဲ့ ကိစ္စနှစ်ခုရှိတယ်"
"ဖြစ်နိုင်တာတော့ အဲ့ဒီထိပ်သီးပါရမီရှင်ကို ရှာတွေ့သွားတာကြောင့် ကျောင်းအုပ်ကြီးက သူ့ကို တပည့်အဖြစ် ခေါ်ယူချင်တာများလား...."
"ဖြစ်နိုင်တယ်...ဒါက မိုယန်ရွှယ် ယုရှောင်ယွီနဲ့ လျှူမင်ယွဲ့တို့ထဲမှာ ဘယ်သူဖြစ်မယ်လို့ မင်း ထင်လဲ"
"ငါ့အထင်တော့ ဒါက ငါပဲ ဖြစ်လိမ့်မယ်..."
ရုတ်ချည်းဆိုသလိုပင် လူများအားလုံးသည် စိတ်လှုပ်ရှားစပြုလာပေ၏။
ယခင်က ကျောင်းအုပ်ကြီးလုသည် ထိပ်သီးပါရမီရှင်တစ်ယောက်အား တပည့်အဖြစ်ခေါ်ယူရန် ဆုံးဖြတ်လိုက်သည်ဟူသော ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။ယခုအချိန်၌ ဤကိစ္စသည် အမှန်ဖြစ်ပုံပင်။
လူများအားလုံးသည် ကျောင်းအုပ်ကြီးကို ဤမျှထိ စိတ်အားထက်သန်စေသည့် ပါရမီရှင်သည် မည်ကဲ့သို့လူမျိုးဖြစ်သည်ကို မြင်တွေ့လိုကြသည်။
"ဒါက ဘယ်သူများလဲ..."
ကျန်းရွှမ်၏မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ ထင်ဟပ်လာသည်။