ငါ သူ့ကို ကန်ထုတ်သင့်လား
Vol. 3 Ch. 40
"သောက်ချေးပဲ...."
ဒုတိယကံကြမ္မာချပ်ပြားသည် စုပ်ယူခံရမှုကြောင့် ထပ်မံ၍ပျက်စီးသွားမည်ဟု မျှော်လင့်မထားမိသဖြင့် လုမင်ရုန်၏နှလုံးသား သိမ့်ခနဲတုန်သွားသည်။သူသည် နဂါးကိုးကောင်တိုင်လုံးများထံသို့ အလျင်အမြန်ကြည့်လိုက်၏။
ထိုအရာများသည် ပျက်စီးခြင်းမရှိသေးသော်လည်း ယမန်နေ့က ကပ်ဘေးကြီးကဲ့သို့ ထပ်ဖြစ်တော့မည့်အလား ပြိုလဲလုဆဲဆဲအခြေအနေကို ပြသသည့် မသိမသာပြောင်းလဲမှုများ ရှိနေသည်။
"ဒီကောင်လေးက..."
ကျောင်းအုပ်ကြီးလုသည် သူ၏ဆံပင်များကို သူ ပြန်ဆောင့်ဆွဲမိတော့လုမတတ်ပင်။
လူငယ်များသည် ရင်းမြစ်ရေအိုင်အား အကဲဖြတ်စစ်ဆေးမှု ခံယူရန်အတွက် ဤနေရာသို့ လာခြင်းဖြစ်ကြောင်း မည်သူမဆို နားလည်သဘောပေါက်သည်။သို့ရာတွင် မည်သူမျှ မတွေးမိမည်မှာ ကျန်းရွှမ် ဤနေရာသို့ ရောက်ရှိလာခြင်းသည် ဤနေရာအား ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေခြင်းပင်။
လုမင်ရုန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ နောက်ထပ်ကံကြမ္မာချပ်ပြားတစ်ပြား ပျံ့လွင့်သွားပြီး နဂါးကိုးကောင်းကင်တိုင်လုံးများ၏အလယ်သို့ ကျရောက်သွားသည်။ကံကြမ္မာချပ်ပြား အစားထိုးလိုက်မှုကြောင့် မတည်မငြိမ်ဖြစ်နေသောအရှိန်အဝါများ တဖန်ပြန်၍ငြိမ်ကျသွားပေ၏။
ယမန်နေ့က ကံကြမ္မာချပ်ပြား ပျက်စီးသွားသဖြင့် အကဲဖြတ်စစ်ဆေးမှုကို အချိန်မတန်မီ ရပ်တန့်ခဲ့ရသည်။ထို့ကြောင့် ယနေ့တွင် မတော်တဆဖြစ်မှုများကို ကာကွယ်နိုင်ရန် သူ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ကောင်းကင်ကံကြမ္မာစွမ်းအင်များ ရပ်တန့်သွားမှုကို အာရုံခံမိသဖြင့် ကျင့်ကြံနေသော ကျန်းရွှမ်သည် သူ၏မျက်လုံးကို တိတ်တဆိတ်ဖွင့်လိုက်၏။ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ လူများအားလုံးစုဝေးကာ တိုင်ပင်ဆွေးနွေးနေသည်ကို သူ သတိပြုမိသွားသည်။သူ၏မူမမှန်မှုကို မည်သူမျှ သတိပြုမိပုံမရသဖြင့် သူ၏သတိထားနေမှုကို ပယ်ဖျက်လိုက်၏။
ကြည့်ရသည်မှာ သူ၏သိုသိုသိပ်သိပ်နေမှုသည် အကျိုးရှိပုံပင်။
သိုသိုသိပ်သိပ်နေခြင်းသည် သူ လုပ်ဆောင်သမျှအရာရာတိုင်း၏ စံနှုန်းနှင့်စည်းမျဉ်းဖြစ်ပြီး သူ၏ရိုးတွင်းခြင်ဆီအတွင်း၌ နက်ရှိုင်းစွာခတ်နှိပ်ထားသည့်အလားပင်။ဤကိစ္စကိုပြောင်းလဲနိုင်ရန် သူ့အတွက် အလွန်ခက်ခဲပေ၏။
"ဆက်ပြီးစုပ်ယူတာပေါ့..."
ရွှမ်ကမ္ဘာ၏တည်ငြိမ်မှုသည် ပြီးပြည့်စုံရန် အလှမ်းကွာဟသေးသည်ကို သိသဖြင့် သူ့ကိုယ်သူချီးမွမ်းနေခြင်းမှ ပြန်ရုတ်သိမ်းကာ သူ၏မျက်လုံးကို တဖန်ပြန်၍စုံမှိတ်ပြီး စွမ်းအင်များကို ဆက်လက်၍စုပ်ယူလိုက်သည်။
ဟူး....ဟူး...ဟူး....
ဘုန်း....
ဧရာမလေစုပ်ဝဲကြီးတခုက သူ၏ခေါင်းထက်၌ ထပ်မံ၍ထွက်ပေါ်လာသည်။
"..."
လုမင်ရုန်သည် သူ၏နဖူးကိုပွတ်သပ်ကာ ကူကယ်ရာမဲ့မျက်နှာအမူအယာများရှိနေသော ဆရာများကို ကြည့်လိုက်သည်။
ဤကောင်လေးသည် အမှန်တကယ်ကို သာလွန်ထူးကဲပေ၏။အကယ်၍ သူတို့ဝန်မခံလိုလျှင်ပင် သူ့၏လက်ရှိအခြေအနေဖြင့် အမှန်တရားကို ကြာရှည်ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
"ငါတို့ ဘာမှမတက်နိုင်တော့တဲ့ အခြေအနေထိ ဖုံးကွယ်ကြစို့"
ယုလုံချင်းက လုမင်ရုန်၏အနီးသို့ချဉ်းကပ်ပြီး ပြောဆိုသည်။
"ဒီအချိန်အတောအတွင်းမှာ ငါတို့က ဆက်နွယ်မှုတချို့ရအောင် စီမံခန့်ခွဲနိုင်သရွေ့...အမြင့်မှာ ပျံသန်းနေတဲ့ နဂါးတစ်ကောင်ကို လှောင်ပိတ်ထားလို့မရရင်တောင် သူ ရေတိမ်မှာရှိနေတုန်းမှာ ငါတို့ရဲ့စိတ်စေတနာကောင်းတွေကို သူနားလည်တာ သေချာအောင် ငါတို့ သူ့ကို ကူညီထောက်ပံ့ပေးရမယ်"
လုမင်ရုန်သည် ခေါင်းညိတ်ပြပြီးနောက် သူ့ရှေ့ရှိ မြို့အရှင်ကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
ယုလုံချင်းသည် မြို့အရှင်ဖြစ်ပြီး သူသည် ဆရာတစ်ယောက်သာ ဖြစ်လာသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
ဤသည်မှာ အတွေးအခေါ်ကွာဟချက်ကြောင့်ပင်။
နဂါးတစ်ကောင်ကိုသူ၏နံဘေး၌ ထိန်းသိမ်းထားခြင်းသည် ရူးသွပ်မိုက်မဲမှုအရှိဆုံး လုပ်ရပ်တစ်ခုပင်။ရင်းနှီးမြှုပ်နှံခြင်းနှင့်အနာဂတ်အတွက် အစီအစဉ်ဆွဲခြင်းတို့ကသာ ထာဝရတည်မြဲမှုကိုရနိုင်မည့် လမ်းကြောင်းများပင်။သေးငယ်သောကူညီထောက်ပံ့မှုဖြစ်လျှင်ပင် တစ်ဖက်မှ တစ်ကြိမ်လက်ခံလိုက်သည်နှင့် ဘဝတစ်သက်စာလုံးအတွက် အရိုးစွဲနေပေမည်။
နောင်အနာဂတ်၌ သူသည် သူတို့အား အသုံးမဝင်သူများအဖြစ်သတ်မှတ်ကာ ပစ်ပယ်ထားမည် မဟုတ်ချေ။
"ဒါပေမဲ့ အခုအခြေအနေက ခုလိုမျိုး အုတ်အော်သောင်းနင်း ဖြစ်နေပြီး....ငါတို့ကဆရာတွေရဲ့ပါးစပ်ပေါက်တွေကို ပိတ်ထားနိုင်ရင်တောင် ကျောင်းသားမိသားစုဝင်တွေနဲ့အစေခံတွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး"
ဤအဓိကသော့ချက်ကို နားလည်သဖြင့် လုမင်ရုန်သည်လည်း တွေးတောနေခြင်းကို ရပ်တန့်ကာ မျက်မှောင်ကြုတ်ပြီး စင်မြင့်၏အောက်သို့ မသိမသာကြည့်လိုက်သည်။
ထိုမိသားစုဝင်များနှင့်အစေခံများသည် ယခုလက်ရှိချိန်၌ မျက်လုံးစုံမှိတ်၍ ကျင့်ကြံနေကာ မည်သည့်မူမမှန်မှုမျှ မရှိသည်မှာ သိသာထင်ရှားသည်။သို့ရာတွင် ဤသည်မှာ သူတို့ မည်သည့်အရာကိုမျှ သတိမပြုမိဟု ဆိုလိုခြင်းမဟုတ်ချေ။သူတို့ သတိပြုမိသွားသည်နှင့် ကျန်းရွှမ်ထံ၌ ပြိုင်ဘက်ကင်းပါရမီရှိနေသော သတင်းအား ဖုံးကွယ်၍မရနိုင်တော့ခြင်းနှင့် ညီမျှသည်။
သူတို့သည် ထိုလူများအားလုံးကို သတ်ဖြတ်ရန်မှာလည်း မဖြစ်နိုင်ချေ။
"ဒါကို ဖုံးကွယ်လို့မရပေမယ့် ငါတို့က အာရုံလွှဲလို့ရတယ်"
ယုလုံချင်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေသည်။
"အာရုံလွှဲမှာလား...."
လုမင်ရုန်သည် ဇဝေဇဝါဖြစ်သွားလေ၏။
"အမှန်ပဲ"
ယုလုံချင်းက ခေါင်းညိတိလိုက်သည်။
"ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဘယ်သူမှ မစုပ်ယူနိုင်ဘူးဆိုရင်...အဲ့ဒါတွေက မကြာခင်မှာပဲ ရင်းမြစ်စွမ်းအင်တွေကြောင့် ညစ်ညမ်းသွားပြီးတော့ လောကကြီးထဲကနေ ပျောက်ကွယ်သွားလိမ့်မယ်...ဒီလိုကိစ္စမျိုးရှိနေမှတော့ တကယ်လို့ အကဲဖြတ်စစ်ဆေးမှုကျင်းပနေတဲ့အချိန်အတောအတွင်းမှာ ချို့ယွင်းချက်တချို့ရှိနေတာကြောင့် မြောက်ဘက်ပိုင်းက စွမ်းအင်တွေ ပျက်ပြယ်သွားတယ်ဆိုရင် ပြဿနာတစ်ခု မဖြစ်နိုင်တော့ဘူး"
"ဒါက အဓိပ္ပာယ်ရှိတယ်..."
လုမင်ရုန်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
"မင်း ဆိုလိုတာက....ကျန်းရွှမ်ရဲ့အခြေအနေကို ကျောင်းတော်ဘက်က ချို့ယွင်းချက်တစ်ခုကြောင့်လို့ လုပ်ဇာတ်ခင်းချင်တာလား"
"အမှန်ပဲ...တကယ်လို့ ငါတို့က တခြားလူတွေကို သူတို့ စွမ်းအင်တန်းတစ်တန်းကိုမှ မစုပ်ယူနိုင်တဲ့အချိန်မှာ မြင်းထိန်းတစ်ယောက်က ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်သောင်းကျော်ကို စုပ်ယူပြီးတော့ ကံကြမ္မာချပ်ပြားနှစ်ပြားကို ပျက်စီးသွားစေတယ်လို့ ပြောမယ်ဆိုရင် ဘယ်သူက ဒါကို ယုံကြည်မှာလဲ...လူတစ်ယောက်ရဲ့အားနည်းချက်ကို ဝန်ခံဖို့က လွယ်ကူတယ်...ဒါပေမဲ့ လူတစ်ယောက်က တခြားတစ်ယောက်ရဲ့အရည်အချင်းမြင့်မားမှုကို ဝန်ခံဖို့အတွက်က ခက်ခဲတယ်"
ယုလုံချင်းက အတည်ပြုလိုက်သည်။
လုမင်ရုန်သည် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ...ငါ အဲ့ဒီကိစ္စအတွက် ပြင်ဆင်လိုက်မယ်"
ဤအစီအစဉ်ကို နားလည်သဘောပေါက်သဖြင့် သူသည် အချိန်မဖြုန်းတော့ချေ။
သူသည် နဂါးကိုးကောင်တိုင်လုံးများအနီးသို့ချဉ်းကပ်သွားကာ မြောက်ဘက်အစွန်ဆုံးတိုင်လုံးတစ်လုံးကို ဂရုတစိုက်ဆုပ်ကိုင်ပြီး လှုပ်ယမ်းကာ မသိမသာတိမ်းစောင်းသွားစေသည်။
ဤလမ်းကြောင်းသွေဖည်မှုသည် အနည်းငယ်သာဖြစ်သော်လည်း ကောင်းကင်ကံကြမ္မာစွမ်းအင်များ၏စီးဆင်းမှု ပို၍လျှင်မြန်ပြီးတောက်ပလာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုစွမ်းအင်များသည် ထူထပ်သိပ်သည်းသော မြူခိုးများအဖြစ်သို့ပြောင်းလဲကာ ကျန်းရွှမ်ကို လွှမ်းခြုံသွားသည်။
ဤတောက်ပမှုသည် ကျန်းရွှမ်၏ခေါင်းထက်မှ လေစုပ်ဝဲကြီးကိုပင် ဖုံးကွယ်သွားနိုင်ခဲ့သည်။ အစောပိုင်းက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏စိုးရိမ်ကြောင့်ကြမှုများသည် ယခုအချိန်၌ မရှိခဲ့သည့်အလားပင်။
"သူ စွမ်းအင်တွေကို အပြည့်အဝစုပ်ယူပြီးတဲ့အချိန်ထိ စောင့်ကြရအောင်"
လုမင်ရုန်သည် စုံစမ်းထောက်လှမ်းခံရမည်ကို ကြောက်ရွံ့ရန် မလိုတော့သဖြင့် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
ယုလုံချင်းသည် တိတ်တဆိတ်ခေါင်းညိတ်ပြကာ စကားရှည်ရှည်ဝေးဝေး ပြောဆိုခြင်း မပြုချေ။
"ဘာတွေဖြစ်နေတာလဲ"
သူတို့ အစီအစဉ်ဆွဲနေစဉ်တွင် စင်မြင့်၏အောက်၌ စွမ်းအင်များစုပ်ယူနေသော ကျန်းရွှမ်သည် တစ်စုံတစ်ခုလွဲချော်နေသည်ကို အာရုံခံမိသဖြင့် သူ၏မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
"စွမ်းအင်မြူခိုးတွေ အများကြီးပါလား...ငါက ဘယ်သူမှ သတိမထားမိအောင် ဒါတွေကို စုပ်ယူနိုင်ပါ့မလား"
သူ၏သိုသိုသိပ်သိပ်နေတတ်သောအကျင့်စရိုက်ကြောင့် တခြားလူများ ရှာတွေ့သွားမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် ယခင်က သူ့၏စုပ်ယူမှုအရှိန်နှုန်းအား ဆယ်ပုံတစ်ပုံသာ အသုံးပြုထားခဲ့သည်။ယခုအချိန်၌ ထူထပ်သိပ်သည်းသော မြူခိုးများ နေရာအနှံ့အပြား၌ ရှိနေသဖြင့် သူ့အား မည်သူမျှ စုံစမ်းထောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
ဤအတွေးကြောင့် စိတ်လှုပ်ရှားသွားသော ကျန်းရွှမ်သည် သူ၏စိတ်အာရုံကိုခွဲခြမ်းကာ ရွှမ်ကမ္ဘာနှင့်ကောင်းကင်ဘုံစာကြည့်တိုက်တို့ကို စစ်ဆေးလိုက်သည်။
ရွှမ်ကမ္ဘာအတွင်းတွင် ယခုအချိန်၌ သောင်းနှင့်ချီသော ကျောက်တိုင်ကြီးများ မားမားမတ်မတ်တည်ရှိနေသည်။မြေပြင်သည် မိုင်သန်းရာနှင့်ချီပြီးကျယ်ပြန့်လာကာ အဆုံးသတ်ကို မမြင်တွေ့နိုင်တော့ချေ။ဤကမ္ဘာသည် အပြည့်အဝတည်ငြိမ်ခြင်း မရှိသေးသော်လည်း အလွန်နီးကပ်နေလေပြီ။
ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ ယခုအချိန်တွင် ထောင်နှင့်ချီသောစာအုပ်များ စုပုံနေကာ လေထု၏အလယ်၌ ကြယ်များအလား တိတ်တဆိတ်မျောလွင့်နေပေ၏။
"စကြတာပေါ့..."
သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ထပ်မံ၍ လိုအပ်ကြောင်းသိရှိသဖြင့် ကျန်းရွှမ်သည် အချိန်မဖြုန်းတော့ချေ။
ဝှစ်....
လေစုပ်ဝဲကြီး တဖန်ပြန်၍ထွက်ပေါ်လာသည်။ အစောပိုင်းက ထူထပ်သိပ်သည်းသော မြူခိုးများသည် ချက်ချင်းပြိုလဲသွားကာ သူ့ထံ ဗဟိုပြု၍ အရူးအမူးစီးဝင်နေပြီး သူ၏စုပ်ယူမှုကို အားဖြည့်ပေးနေသည်။
"ကောင်းလိုက်တာ..."
စွမ်းအင်များစုပ်ယူမှုကို အာရုံခံမိသဖြင့် ကျန်းရွှမ်က အံ့အားတသင့်ရေရွတ်လိုက်သည်။သူ၏ရွှမ်ကမ္ဘာသည် ပို၍တည်ငြိမ်စပြုလာလေပြီ။
'ဒါကမှ တကယ့်ကျင့်ကြံမှုပဲ...ငါ သိုသိုသိပ်သိပ်နေရတာ အရမ်းပင်ပန်းနေပြီ'
သူ တွေးတောလိုက်သည်။
ထိုအချိန်မှာပင် စင်မြင့်ပေါ်မှ စောင့်ကြည့်နေသော ယုလုံချင်းထံ၌ အတွေးတစ်ခုရရှိသွားသည်။
ဒီလောက်များတဲ့ စွမ်းအင်တွေကို ဆက်တိုက်စုပ်ယူပြီးတဲ့နောက်မှာ ကျန်းရွှမ်က သူ့ရဲ့အကန့်အသတ်ကို ရောက်တော့မယ်"
"အမှန်ပဲ..."
လုမင်ရုန်က ထောက်ခံလိုက်သည်။
ကျန်းရွှမ်၏ပါရမီအရည်အချင်းသည် မည်မျှထိ ကောင်းမွန်နေပါစေ တစ်စုံတစ်ယောက်အတွက်လိုအပ်သော ကောင်းကင်ကံကြမ္မာစွမ်းအင်ပမာဏသည် အကန့်အသတ်တစ်ခုရှိပေ၏။ ယခုအချိန်၌ သူသည် ကံကြမ္မာချပ်ပြားနှစ်ပြားနှင့် စိတ်ဝိညာဥ်ရင်းမြစ်ဝါးပင်တစ်ပင်တို့မှ စွမ်းအင်များအားလုံးကို စုပ်ယူထားလေရာ အကန့်အသတ်သို့ ရောက်ရှိလုဆဲဆဲ ဖြစ်နေလေပြီ။
သူတို့အားလုံး လုပ်ဆောင်ရန်လိုအပ်သည်မှာ စောင့်ကြည့်ရန်ပင်။သူ၏စုပ်ယူမှုကို ရပ်တန့်လိုက်သည်နှင့် လွဲမှားနေသောအရာများကို မည်သူတစ်ဦးတစ်ယောက်မျှ သတိပြုမိမည်မဟုတ်ချေ။
ဘုန်း....
သူတို့တိုင်ပင်ဆွေးနွေးနေစဉ်မှာပင် ရေတံခွန်တစ်ခုနှင့် ကျောက်တုံးများ ဝင်တိုက်မိသည့်အသံကဲ့သို့ ကျယ်လောင်သောတုန်ခါသံကြီးတစ်သံက သူတို့၏နားများအတွင်း၌ ပဲ့တင်ထပ်လာသည်။
ထိတ်လန့်တကြားဖြင့် သူတို့အားလုံး ရှေ့သို့ကြည့်လိုက်ကြသည်။သူတို့မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူတို့အားလုံး၏မျက်လုံးသူငယ်အိမ်များကျဉ်းမြောင်းသွားကာ မျက်ရည်များယိုစီးကျတော့လုမတတ်ပင်။
အစောပိုင်းကမှ လေစုပ်ဝဲကြီးတစ်ခုကို ဖန်တီးခဲ့သော ကျန်းရွှမ်သည် ယခုအချိန်၌ အရပ်မျက်နှာအဘက်ဘက်ကို တုန်လှုပ်ချောက်ချားစေသော နတ်ဘုရားစိတ်ဝိညာဥ်တစ်ကောင်အလားပင်။ပတ်ဝန်းကျင်ရှိ စွမ်းအင်မြူခိုးများအားလုံး သူ့ထံသို့ အရူးအမူးစီးဝင်နေကာ ဒီရေရိုက်ခတ်သကဲ့သို့အသံများ ပဲ့တင်ထပ်နေသည်။
အကယ်၍ ဤနေရာတွင် တိတ်ဆိတ်ငြိမ်သက်နေပါက တခြားလူများ၏မျက်လုံးမဖွင့်လျင် သူတို့ ဖုံးကွယ်ထားနိုင်ပေမည်။ယခုအချိန်၌ သူတို့သည် ဤကိစ္စကို ဖုံးကွယ်ထားနိုင်မည်လော။
ထို့ပြင် အစောပိုင်းကမှ အစားထိုးထားသော ဒုတိယကောင်းကင်ကံကြမ္မာချပ်ပြားသည် ကျန်းရွှမ်၏ပြင်းထန်သောစုပ်ယူမှုကြောင့် အက်ကွဲကာ ပျက်စီးလုဆဲဆဲအခြေအနေသို့ ထပ်မံ၍ရောက်ရှိနေလေပြီ။
"ငါတို့တွေ သူ့ကို ကန်ထုတ်ပြီးတော့ စွမ်းအင်စုပ်ယူတာကို ရပ်ခိုင်းသင့်လား"
လုမင်ရုန်သည် စိတ်ပျက်လက်ပျက်အမူအယာဖြင့် ကူကယ်ရာမဲ့စွာ အကြံပေးသည်။