← Chapters

အပျော်သက်သက် သာမာန်ကာလျှံကာ စုပ်ယူရုံတဲ့လား

Vol. 3 Ch. 39

အပျော်သက်သက် သာမာန်ကာလျှံကာ စုပ်ယူရုံတဲ့လား

Vol. 3 Ch. 39

"ငါတို့ အခုဘာလုပ်ကြမလဲ..."

ဤကိစ္စကို လျစ်လျူရှု၍မရတော့သောကြောင့် လုမင်ရုန်သည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"ငါတို့ ဘာလုပ်ကြမလဲ...ကျောင်းသားတွေကို ထွက်သွားခိုင်းပြီးတော့ ဒီကိစ္စကို တတ်နိုင်သမျှအမြန်ဆုံး ဖုံးကွယ်ကြမလား..."

ယုလုံချင်းက သူ့၏လက်ကိုဝှေ့ယမ်းပြီး မြို့အရှင်တစ်ယောက်၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့်အရည်အချင်းရှိမှုတို့ကို ပြသလိုက်၏။

"ငါက ကျန်းရွှမ်ကိုကိုင်တွယ်ပြီးတော့ သူ့ကို ခေါ်ထုတ်သွားလိုက်မယ်...မင်းက ဆရာတွေကိုခေါ်ပြီးတော့ သူတို့ရဲ့ပါးစပ်တွေကို သေသေချာချာပိတ်ထားဖို့ အမိန့်ပေးလိုက်ပါ ....သတင်းကိုပေါက်ကြားအောင် လုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို ထောင်သွင်းအကျဉ်းချမယ်"

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

ယုလုံချင်း ပြောသွားသောစကားများသည် အမှန်ပင်။ကျောင်းသားများနှင့် နောက်လိုက်မိသားစုဝင်များသည် သူတို့၏မျက်လုံးများကို စုံမှိတ်၍ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အာရုံခံနိုင်ရန် အာရုံစူးစိုက်နေကြသည်။ထို့ကြောင့် သူတို့သည် နဂါးကိုးကောင်းတိုင်လုံးများနှင့်လေစုပ်ဝဲကြီးတို့၏ မူမမှန်မှုကို သတိမပြုမိကြချေ။အကယ်၍ သူတို့သည် ဤကိစ္စကိုမြင်တွေ့ခဲ့သော ဆရာများအား မည်သည့်သတင်းမျှ ဖွင့်ဟမပြောရန် ထိန်းချုပ်နိုင်ပါက ဤလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ပေမည်။

"လက်ထောက်ကျောင်းအုပ်ဝူ...ဆရာတွေနဲ့အကြီးအကဲတွေအားလုံးကို ချက်ချင်းစုဝေးလိုက်စမ်း"

လုမင်ရုန်က တိုးညှင်းသောအသံဖြင့် အမိန့်ပေးသည်။

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"

ဝူယွင်ကျိုးသည် တခြားလူများအားလုံးကို စုဝေးရန်အတွက် အလျင်အမြန် နောက်သို့ပြန်လှည့်ပြီး ထွက်ခွာသွားတော့သည်။

ထိုအချိန်မှာပင် ယုလုံခြင်း၏ခန္ဓာကိုယ် အကြိမ်ရေအနည်းငယ်ခန့် လှုပ်ခတ်သွားပြီးနောက် ကျန်းရွှမ်၏ရှေ့၌ ထွက်ပေါ်လာသည်။ကျန်းရွှမ်၏ခေါင်းထက်၌ လည်ပတ်နေသော ကောင်းကင်ကံကြမ္မာစွမ်းအင် လေဆင်နှာမောင်းကြီးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် သူ၏နှုတ်ခမ်းထာင့်မဲ့ရွဲ့သွားသည်။ထို့နောက် သူသည် ကျန်းရွှမ်၏ပုခုံးကို ညင်သာစွာတို့ထိလိုက်၏။

"မိတ်ဆွေလေး ကျန်းရွှမ်...."

"အမ်...."

ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူနေသော ကျန်းရွှမ်သည် ကြားဖြတ်နှောက်ယှက်ခံရမှုကြောင့် အံ့အားသင့်သွားသည်။သူသည် စွမ်းအင်စုပ်ယူနေခြင်းကို အလျင်အမြန်ရပ်တန့်ကာ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။မည်သူမည်ဝါဖြစ်သည်ကို မြင်တွေ့ချိန်၌ သူသည် ချက်ချင်းအရိုအသေပြုလိုက်၏။

"မြို့အရှင်...မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ....မင်းလည်း စွမ်းအင်တွေ စုပ်ယူချင်လို့လား...ငါ မင်းအတွက် နေရာဖယ်ပေးမယ်လေ...."

သူသည် ထိုစကားကိုပြောဆိုရင်း နံဘေးသို့ အနည်းငယ်ရွှေ့လိုက်သည်။

"အဲ့ဒီလိုလုပ်ဖို့ မလိုဘူး"

ယုလုံချင်း၏မျက်နှာ ရှုံမဲ့သွားကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"မင်းက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူနိုင်တာလား"

"အဲ့ဒီစွမ်းအင်က ငါ့ရဲ့ခန္ဓာကိုယ်ကို သန်မာအားကောင်းလာအောင် လုပ်ပေးနိုင်မလားဆိုတာ သိချင်တာကြောင့် ငါက အပျော်သဘောနဲ့ ပေါ့ပေါ့ပါးပါး စုပ်ယူရုံပါပဲ...မင်းရဲ့ရှေ့မှာ ငါ့ကိုယ်ငါ အရှက်ရအောင် လုပ်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်"

ကျန်းရွှမ်ကို ကြည့်ရသည်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပုံပင်။

ကောင်းကင်ဘုံစာကြည့်တိုက်နှင့်ရွှမ်ကမ္ဘာတို့သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို တပြိုင်နက်တည်းစုပ်ယူနေသဖြင့် အရှိန်နှုန်းသည် တစ်ခုတည်းကို အသုံးချသည်ထက် ပို၍လျှင်မြန်နေသည်။သို့ရာတွင် လူအမြောက်အများမှ စွမ်းအင်များကို တပြိုင်နက်တည်း စုပ်ယူနေသောအချိန်၌ သူ၏လုပ်ရပ်များကို မည်သူမျှ သတိပြုမိမည်မဟုတ်ဟု သူ ​တွေးထင်ထားသည်။

'ဟမ့်....ငါ ဒီကိစ္စကိုဝန်မခံသရွေ့ မင်းတို့ ဘာအမှားမှ ရှာလို့ရမှာ မဟုတ်ဘူး'

"အပျော်သက်သက်....စုပ်ယူတာလား..."

ကျန်းရွှမ်၏ ရှက်ရွံပြီး အနည်းငယ်ကြောင်စီစီဖြစ်နေသော မျက်နှာအမူအယာကိုကြည့်ပြီး ယုလုံချင်းသည် တံတွေးနင်သွားကာ အသက်ရှူကြပ်သွားလုနီးပါးပင်။

'တကယ်လို့ ဒါကို မင်းက အပျော်သက်သက်စုပ်ယူတယ်လို့ပြောရင် တခြားလူတွေက ဘာတွေဖြစ်သွားမလဲ...'

သူတို့သည် ကျင့်ကြံရန်ပင် မထိုက်တန်သောလူများ ဖြစ်သွားမည် မဟုတ်လော...

"ငါက မနေ့ကမှ ရင်းမြစ်ရေအိုင်ကို ဘယ်လိုရှာရတယ်ဆိုတာ သင်ယူခဲ့ရတယ်...ဒါကြောင့် ဘယ်လိုကျင့်ကြံရမယ်ဆိုတာ ငါ တကယ်မသိဘူး....ငါ ဒီနေရာကိုလာတာက လူအရေအတွက်တစ်ယောက် တိုးသွားရုံလေပဲ...ငါ့ကို ကျောင်းတော်ထဲဝင်ခွင့်ရအောင် မြို့အရှင် ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ငါက ကျောင်းတံခါးရဲ့အပြင်မှာ ယောင်လည်လည်ဖြစ်နေလိမ့်မယ်"

ကျန်းရွှမ်က ကျေးဇူးတင်မှုကို ဖော်ပြပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ကောင်းကင်ကံကြမ္မာစွမ်းအင်များ ရှိနေဆဲဖြစ်သည်ကို မြင်တွေ့မိသည်။ဤအခွင့်ကောင်းကို လွဲချော်သွားမည်ကို စိုးရိမ်သဖြင့် သူသည် အနည်းငယ်စဉ်းစားတွေးတောပြီးနောက် လိမ္မာပါးနပ်စွာ ပြောဆိုလိုက်၏။

"တကယ်လို့ မြို့အရှင်က စွမ်းအင်တွေကို မစုပ်ယူဘူးဆိုရင် ငါ ကြိုးစားလိုက်အုံးမယ်....ငါ့ရဲ့ပါရမီအရည်အချင်းက မမြင့်မားတဲ့အပြင် ငါ စပြီးကျင့်ကြံဖို့က အသက်ကြီးနေပြီဆိုပေမယ့်ငါကရင်းမြစ်စစ်သည်တော်တစ်ယောက် ဖြစ်ချင်တုန်းပဲ"

"..."

ယုလုံချင်းက သူ၏ရင်ဘတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

'ဒီကောင်ပြောနေတာ လူစကားရော ဟုတ်ရဲ့လား...'

သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်ဆယ့်နှစ်တန်းကို စုပ်ယူကာ ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်ကို ဖွင့်နိုင်ခဲ့သဖြင့် အဖြူရောင်ကျောက်တုံးမြို့၏နံပတ်တစ်ပါရမီရှင်ဟု ချီးကျူးခံရသည်။သို့ရာတွင် စွမ်းအင်တန်းတစ်သောင်းကျော် စုပ်ယူနိုင်ခဲ့သော ကျန်းရွှမ်က သူ၏ပါရမီသည် မြင့်မားခြင်းမရှိဟု ဆိုလိုက်သလော။

'မင်း ငါ့ကို လှောင်နေတာလား'

ယုလုံချင်းသည် အလွန်ဒေါသထွက်သွားကာ အခြေအနေကိုရှင်းပြရန် ဟန်ပြင်လိုက်စဉ်ပင် ကျန်းရွှမ်သည် တဖန်ပြန်၍ထိုင်ချကာ မျက်လုံးစုံမှိတ်ထားကြောင်း သူ မြင်တွေ့လိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်၏မျက်နှာ အနည်းငယ်နီမြန်းနေကာ သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ရှာဖွေနိုင်ရန် ပြင်းပြင်းထန်ထန်ကြိုးစားနေသည့်အလားပင်။ သို့ရာတွင် သူ့ကိုကြည့်ရသည်မှာ နံဘေးပတ်ဝန်းကျင်ရှိ လူငယ်များကဲ့သို့ အလွန်အမင်းခက်ခဲနေပုံမရချေ။

"...."

ယုလုံချင်းသည် သူ၏ရင်ဘတ် စူးခနဲအောင့်သွားသည်ကို ခံစားမိပေ၏။

'သူက ဟန်ဆောင်ချင်သေးတာလား'

'သူ့ရဲ့ပုံစံက ဒီလိုဖြစ်နေမှတော့ ငါက သူ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုသင့်လား....ဒါမှမဟုတ် ငါ မသိချင်ယောင်ဆောင်နေရမှာလား'

အကြွင်းမဲ့ကူကယ်ရာမဲ့မှုကို ခံစားမိသဖြင့် ယုလုံချင်းသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။ထိုလူငယ်သည် ဟန်ဆောင်နေဆဲဖြစ်ကာမျက်စိတစ်ဖက် မသိမသာဖွင့်၍ သူ့အားခိုးကြည့်နေသည်ကို သူ မြင်တွေ့မိပေ၏။

ယုလုံချင်း ထွက်မသွားသေးသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် မျက်လုံးကို အလျင်အမြန်စုံမှိတ်ကာ တစ်စုံတစ်ခုကိုရှာမတွေ့မချင်း လက်မလျော့ဟု ဆုံးဖြတ်ထားသည့်အလား တဖန်ပြန်၍ အင်အားစိုက်ထုတ်လိုက်သည်။

"..."

ယုလုံချင်းက သူ၏နဖူးကို သူပြန်၍ဆုပ်ကိုင်လေသည်။

'ထားလိုက်တော့...ငါ ပိုပြီးဒေါသမထွက်ခင် ဒီနေရာက ထွက်သွားတာ ပိုကောင်းလိမ့်မယ်'

သူသည် နောက်သို့ချာခနဲလှည့်ရန် ဟန်ပြင်ပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်၏။

"ခဏလေး....ကြည့်ရတာတော့ သူ့ကြောင့် ဖြစ်သွားတဲ့ အုတ်အော်သောင်းနင်းမှုကြီးကို သူ နားလည်ပုံမရဘူး...တခြားစကားဆိုရရင် သူ ပေါ်သွားပြီဆိုတာ သူ မသိသေးဘူး....တကယ်လို့ ငါက အခုအချိန်မှာ သူ့ကို ကြင်ကြင်နာနာဆက်ဆံလိုက်ရင် သူ အကူအညီလိုနေတဲ့အချိန်မှာ ကူညီပေးလိုက်တာနဲ့ အတူတူပဲ"

ဤကောင်လေးသည် အလွန်သိုသိုသိပ်သိပ်နေသည်မှလွဲ၍ အရာအားလုံး ထူးချွန်သည်။

'ဒီလိုကိစ္စမျိုးရှိနေမှတော့ ငါ့အတွက် အကျိုးရှိအောင် အသုံးချရမယ်'

'သူ ပေါ်သွားပြီဆိုတာ သူ မသိသေးမှတော့ ငါကလည်း မသိချင်ယောင်ဆောင်ပြီး သူ့ကို ကောင်းကောင်းဆက်ဆံရမယ်....ဒါဆိုရင် သူက ငါ့ကို ကျေးဇူးတင်နေမှာပဲ'

'ခက်ခဲတဲ့ကာလမှာ ကျေးဇူးပြုခြင်းက အောင်မြင်နေတဲ့အချိန်မှာ နှမ်းဖြူးတာထက် ပိုပြီးအဖိုးတန်တယ်'

ထိုကိစ္စကို နားလည်သဘောပေါက်သွားပြီးနောက် ယုလုံချင်းသည် စိတ်လှုပ်ရှားသွားပေ၏။သူသည် ချောင်းတစ်ချက်ဟန့်ပြီး သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းသိမ်းကာ တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။

"မင်း ကျင့်ကြံနေတဲ့အချိန်ကို မနှောက်ယှက်တော့ဘူး....ငါ အဲ့ဒီနေရာကနေ မင်းကို စောင့်နေမယ်...အကဲဖြတ်မှုပြီးတဲ့အချိန်ကျရင် ငါ့မှာ မင်းနဲ့ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေတယ်"

"ဟုတ်ကဲ့..."

မြို့အရှင်သည် သူနှင့် မည်သည့်အရာအားတိုင်ပင်ဆွေးနွေးလိုသည်ကို သူ မသိရှိသော်လည်း ကျန်းရွှမ်သည် ဤကမ်းလှမ်းခံရမှုကြောင့် ဝမ်းသာသွားကာ အလျင်အမြန်ခေါင်းညိတ်လိုက်သည်။ယုလုံချင်း ထွက်ခွာသွားပြီးနောက် သူသည် စိတ်သက်သာရပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ဂရုတစိုက် စုပ်ယူလေသည်။

ဤတစ်ကြိမ်တွင် သူသည် ယခင်ကဲ့သို့ မဆင်မခြင်လုပ်ဆောင်ဝံ့ခြင်း မရှိချေ။သို့ရာတွင် ကောင်းကင်ဘုံစာကြည့်တိုက်နှင့်ရွှမ်ကမ္ဘာတို့၏ တပြိုင်နက်တည်းစုပ်ယူမှုကြောင့် အရှိန်နှုန်းသည် အထင်ကြီးဖွယ်ကောင်းနေဆဲပင်။

နဂါးကိုးကောင်တိုင်လုံးများပေါ်ရှိ နံပါတ်များ တဖန်ပြန်၍ မြင့်တက်လာသဖြင့် ယုလုံချင်းအား ထိတ်လန့်ကြောက်ရွံမှုနှင့်လေးစားမှုတို့ကို ရောယှက်၍ခံစားရစေသည်။

ဤအချိန်အခိုက်အတန့်၌ မည်သည်ကြောင့် လုမင်ရုန်သည် ထိုပါရမီရှင်ကို အသည်းအသန်ရှာဖွေနေကာ သူ၏အကူအညီကိုပင် တောင်းခံသည်အထိ ဖြစ်စေခဲ့သည်အား သူ နားလည်သဘောပေါက်သွားလေပြီ။

ဤသည်မှာ သာလွန်ထူးကဲသည်ထက် ကျော်လွန်နေလေပြီ။

ယမန်နေ့က ကံကြမ္မာချပ်ပြား ပေါက်ကွဲသွားခြင်းသည်လည်း ကျန်းရွှမ်ကြောင့် ဖြစ်နေသလော..

အကယ်၍ ထိုသို့ဖြစ်နေပါက သူသည် ယမန်နေ့က စွမ်းအင်တန်းတစ်သောင်းကျော်ကို စုပ်ယူကာ ယမန်နေ့ည၌ မြို့အရှင်အိမ်တော်တွင် စွမ်းအင်တန်းနှစ်ထောင်ကျော်ကို စုပ်ယူခဲ့သည်။ယခုအချိန်၌ သူသည် စွမ်းအင်တန်းတသောင်းကျော်ကို ထပ်မံ၍စုပ်ယူပြီးလေပြီ။

ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုတွင် တစ်စုံတစ်ယောက်သည် ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းနှစ်သောင်းကျော်ကို စုပ်ယူနိုင်သည်မှာ မည်ကဲ့သို့အဆင့်မျိုး ဖြစ်သနည်း။

'သူတော်စင်အဆင့် ပါရမီရှင်တစ်ယောက်တောင် ဒီလောက်ထိ ကြောက်ဖို့ကောင်းမှာ မဟုတ်ဘူး'

သူ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူတလှည့် နီတလှည့် ဝါတလှည့်ဖြင့် အရောင်မျိုးစုံ ပြောင်းလဲနေသည်။သူသည် မည်သည့်အရာအား တွေးတောနေသည် သို့မဟုတ် မည်သည့်အရာက သူ့အား ကြောက်လန့်စေသည်ကို မည်သူ​မျှ သေချာပြောနိုင်မည် မဟုတ်ချေ။

ထိုအချိန်အခိုက်အတန့်၌ ဝူယွင်ကျိုးသည် ဆရာနှင့်အကြီးအကဲများအားလုံးကို စုဝေးလိုက်၏။

လုမင်ရုန်သည် ထိုလူတစ်စု၏ရှေ့၌ မတ်တတ်ရပ်နေကာ သူ၏အသံသည် တိုးညှင်းသော်လည်း လူများအားလုံး၏နားများအတွင်း၌ ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်နေသည်။

"ဒီနေ့ အဖြစ်အပျက်တွေကို လျှို့ဝှက်ထားရမယ်.... စကားတစ်လုံးကိုမှ ပေါက်ကြားသွားလို့ မရဘူး...တကယ်လို့ တစ်ယောက်ယောက်က ထုတ်ပြောခဲ့တယ်ဆိုတာ ငါ ရှာတွေ့ခဲ့ရင် ငါကအဲ့ဒီလူကို မသန်မစွမ်းဖြစ်အောင် လုပ်မယ်ဆိုတာ ငါ အာမခံတယ်"

ဆရာများအားလုံး ကြက်သေသေသွားကာ သူတို့အနက်မှတစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလေ၏။

"ကျောင်းအုပ်ကြီး ဘာလို့လဲ..."

"ဒါက မင်းတို့ကို ကာကွယ်ပေးဖို့အတွက်ပဲ...ငါတို့နေတဲ့ နေရာငယ်လေးတစ်ခုမှာ ခုလိုထိပ်သီးပါရမီရှင်တစ်ယောက်ရှိနေတာကြောင့် တကယ်လို့ သတင်းတွေ ပေါက်ကြားသွားတာနဲ့ မှန်းဆမရနိုင်တဲ့ ပြဿနာတွေ ဆိုက်ရောက်လာနိုင်တယ်...မင်းတို့နားလည်ရမှာက ဒါက မင်းတို့အားလုံးကောင်းဖို့အတွက်ပဲ"

လုမင်ရုန်၏အေးစက်စက်အော်ငေါက်သံနှင့်အတူ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က လူများအားလုံးထံသို့ သက်ရောက်သွားသည်။

သူ့ထံမှလာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုခံစားမိသဖြင့် အကယ်၍ သူတို့ သတင်းပေါက်ကြားအောင်လုပ်မိပါက အမှန်တကယ် အပြစ်ပေးခံရမည်ကို သိရှိသွားသည်။ထို့ကြောင့် ဆရာများအားလုံး၏မျက်နှာများတည်ကြည်လေးနက်သွားကာ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။

"ဟုတ်ကဲ့...."

အတင်းအဖျင်းပြောဆိုရန်နှင့် နှိုင်းယှဉ်ပါက သူတို့၏အသက်များသည် ပို၍အရေးပါပေ၏။

လူများအားလုံး သဘောတူညီလိုက်သည်ကိုကြည့်ပြီး လုမင်ရုန်သည် စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူသည် ညွှန်ကြားချက်များ ထပ်မံ၍ပေးရန် ဟန်ပြင်လိုက်စဉ်မှာပင် အစောပိုင်းက စကားပြောဆိုလိုက်သော ဆရာသည် တုန်ရီနေသောအသံဖြင့် ထပ်မံ၍ပြောဆိုလေ၏။

"ဒါပေမဲ့...."

"ဒါပေမဲ့ဆိုတာက ဘာလဲ"

လုမင်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။

ထိုဆရာက အထစ်ထစ်အငေါ့ငေါ့ဖြင့် တုံ့ပြန်သည်။

"ငါတို့က ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ရင်တောင်....သူ့ရဲ့အခုလက်ရှိအခြေအနေနဲ့ ဒါကိုဖုံးကွယ်ထားဖို့က နည်းနည်းတော့ခက်ခဲလိမ့်မယ်"

သူသည် ထိုစကားပြောဆိုနေရင်း လက်ညှိုးညွှန်ပြသည်။

လုမင်ရုန်သည် လှမ်းကြည့်လိုက်ရာ ကျန်းရွှမ်၏ခေါင်းအထက်တွင် နောက်ထပ်ကောင်းကင်ကံကြမ္မာစွမ်းအင် လေစုပ်ဝဲတစ်ခု ဖွဲ့စည်းနေသည်ကို မြင်တွေ့မိသည်။

ထို့ပြင် သူ၏စုပ်ယူမှုအရှိန်နှုန်းမြင့်တက်လာကာ အက်ကွဲသံများကိုလည်း ကြားနေရသည်။ အသစ်တဖန်အစားထိုးထားသော ကံကြမ္မာချပ်ပြားထံမှ တဖျစ်ဖျစ်အသံများ ထွက်ပေါ်လာကာ အက်ကွဲစပြုနေလေပြီ။

All Chapters