← Chapters

ထပ်ပြီး ကွယ်ဝှက်မထားနိုင်တော့ဘူး

Vol. 3 Ch. 38

ထပ်ပြီး ကွယ်ဝှက်မထားနိုင်တော့ဘူး

Vol. 3 Ch. 38

"ဒီကောင်လေးက...."

ကျောင်းအုပ်ကြီးလုမင်ရုန်သည် မျက်မှောင်မ​ကြုတ်ဘဲ မနေနိုင်တော့ချေ။သူသည် ဤအသက်ကြီးနေပြီဟု အပြောခံရသောမြင်းထိန်းကို ယမန်နေ့က မြင်တွေ့ပြီးလေပြီ။ထိုလူငယ်သည် ဤနေရာသို့လာကာ အနည်းငယ်စမ်းသပ်ပြီးနောက် အဓိပ္ပါယ်မဲ့သည်ကို ရှာဖွေတွေ့ရှိသွားသဖြင့် ထပ်လာတော့မည်မဟုတ်ဟု သူ တွေးထင်ခဲ့သည်။သူ အံ့အားသင့်သွားသည်မှာ ထိုလူငယ်သည် ယနေ့တွင် ထပ်မံ၍ ရောက်ရှိလာခြင်းပင်။

သူသည် ကျန်းရွှမ်ထံသို့ စူးစိုက်၍ကြည်နေသည်ကို မြင်ချိန်၌ ယုလုံချင်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။သို့ရာတွင် သူသည် အလျှင်အမြန်ရယ်ပြုံးပြီး ပြောဆိုလိုက်၏။

"ကျောင်းအုပ်ကြီးလု...ငါအကြံပေးချင်တာ တစ်ခုရှိတယ်...ဒါက မှန်မှန်မှန်ဆိုတာတော့ ငါ မသိဘူး"

လုမင်ရုန်က သူ၏အကြည့်ကို ပြန်ရုတ်သိမ်းပြီး ယုလုံချင်းထံသို့ ကြည့်လိုက်သည်။

"မြို့အရှင်....ပြောပါအုံး..."

ယုလုံချင်းက ဆက်လက်၍ ပြောဆိုသည်။

"သူက ထိပ်သီးပါရမီရှင်တစ်ယောက် ဖြစ်နေမှတော့ သူ့ရဲ့ရင်းမြစ်ရေအိုင်ကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သွင်းနိုင်မှာပဲ...မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ သူ့ကို ပါရမီရှိတယ်လို့ယူဆနိုင်မှာလဲ"

လုမင်ရုန် တွေဝေတုံ့ဆိုင်းသွားသည်။

"ဒါက အဓိပ္ပာယ်ရှိတယ်...ဒါပေမယ့်..."

ယုလုံချင်း၏မျက်နှာပေါ်တွင် သစ္စာဖောက်သောမည်သည့်စိတ်ခံစားချက်မျှ ပေါ်လွင်မနေဘဲ ရည်ရွယ်ချက်ရှိရှိ လှည့်စားလိုက်၏။

" 'ဒါပေမဲ့'ဆိုတာ မရှိဘူး...တကယ်လို့ ငါတို့က အသက်အရွယ်အရ အခြေခံပြီးကြည့်ရင် သဲလွန်စတချို့ကို ရှာတွေ့မယ်လို့ ငါ ယုံကြည်တယ်"

"ငါ တစ်ချက်စမ်းကြည့်လိုက်မယ်"

လုမင်ရုန်သည် ခေါင်းညိတ်ပြပြီးနောက် ငယ်ရွယ်သောကျောင်းသားများအား ဂရုတစိုက်စတင်စစ်ဆေးလိုက်သည်။

ယုလုံချင်းသည် လှည့်စားနိုင်ခဲ့သဖြင့် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ သူ မြင်တွေ့လိုက်ရသောအရာကြောင့် သတိလစ်မေ့​မျောသွားလုနီးပါးပင်။

ဤအချိန်အခိုက်အတန့်၌ လူငယ်၏စုပ်ယူမှုအရှိန်နှုန်းသည် သိသိသာသာမြင့်တက်လာပေ၏။ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် အလွန်လျှင်မြန်စွာ ပျောက်ကွယ်နေသဖြင့် သူ့၏နံဘေးပတ်ဝန်းကျင်ရှိလေထုပင်လျှင် အနည်းငယ်တောက်ပနေသည်။

ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်သို့ မရောက်ရှိလျှင် သန်မာအားကောင်းသော စိတ်ဝိညာဥ်စွမ်းအား မရှိသောကြောင့် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ရိုးရှင်းစွာစုပ်ယူသည့်ကိစ္စအား အနီးကပ်ထောက်လှမ်းခြင်းမပြုလျှင် သဲလွန်စတချို့ကိုရှာတွေ့ရန် ခက်ခဲပေမည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤအခြေအနေကို မျက်လုံးကန်းနေသော တစ်စုံတစ်ယောက်ပင်လျှင် မြင်တွေ့နိုင်သည်မှာ သိသာထင်ရှားလှ၏။

ယုလုံချင်းသည် စိတ်လှုပ်ရှားစွာဖြင့် လုမင်ရုန်ကို စောင်းငဲ့ကြည့်လိုက်သည်။လုမင်ရုန်သည် မည်သည့်ထူးခြားမှုကို​မျှ ရှာမတွေ့သဖြင့် သူ့၏ခေါင်းကိုပြန်လှည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင်....

မြို့အရှင်သည် အလျင်အမြန်မတ်တတ်ထရပ်ကာ သူ၏မြင်ကွင်းကို ပိတ်ဆို့လိုက်၏။

"ကျောင်းအုပ်ကြီးလု...ကြည့်ရတာတော့ ရှောင်ယွီရဲ့လုပ်ဆောင်ချက်က တော်တော်လေး အထင်ကြီးဖို့ကောင်းတာပဲ..."

လုမင်ရုန်က လှမ်းကြည့်လိုက်ရာ နဂါးကိုးကောင်တိုင်းလုံးတစ်လုံးပေါ်တွင် ယုရှောင်ယွီ၏နာမည်နံဘေး၌ 'စွမ်းအင်တန်းရှစ်တန်း'ဟု ပြသထားသည်ကို မြင်တွေ့မိသည်။သူမသည် မိုယန်ရွှယ်နှင့်တန်းတူနေရာ၌ ရပ်တည်နိုင်ရန် ကြိုးပမ်းနေပေ၏။

စွမ်းအင်တန်းရှစ်တန်း...ဆဋ္ဌမအဆင့် ရင်းမြစ်ရေအိုင်...

ဤသည်ကို အလွန်ထူးချွန်ခြင်းဟု မယူဆနိုင်သော်လည်း အားနည်းနေခြင်းလည်း မရှိချေ။ထို့ပြင် သူမ၏တိုးတက်မှုအရှိန်နှုန်းအရ အကဲဖြတ်ကြည့်ပါက ယခုအချိန်ထိ သူမ၏အကန့်အသတ်သို့ မရောက်ရှိသေးချေ။

"ကြည့်ရတာတော့ မိန်းကလေးယုက မြို့အရှင်ရဲ့ ထူးချွန်တဲ့ပါရမီကို အမွေဆက်ခံထားတဲ့ပုံပဲ"

လုမင်ရုန်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်၍ စူးစမ်းလေ့လာရန် ဟန်ပြင်လိုက်စဉ်မှာပင် ယုလုံချင်းသည် သူ၏မြင်ကွင်းကိုပိတ်ဆို့ထားကြောင်း သတိပြုမိသွားသည်။သူ မေမြန်းရန် ဟန်ပြင်လိုက်စစ်မှာပင် မြို့အရှင်၏စကားကို ကြားလိုက်ရသည်။

"ဒီလိုဆိုမှတော့ သူက ကျောင်းအုပ်ကြီးလုရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ အရည်အချင်း​ပြည့်မီပြီလား"

လုမင်ရုန်သည် ဆွံ့အသွားပေ၏။

မြို့အရှင် ဤနေရာသို့ရောက်ရှိလာသည်မှာ ထိပ်သီးပါရမီရှင်ကို မြင်တွေ့လိုခြင်းကြောင့်ဟု သူ တွေးထင်ထားခဲ့သည်။ယခုအချိန်၌ ဤကိစ္စကသာ သူ၏အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း သိသာထင်ရှားသည်။

"တပည့်တွေကိုလက်ခံတာက ဆရာပေါ်မှာ တင်မကဘူး...ကျောင်းသားနဲ့သင့်တော်သလားဆိုတာပေါ်လည်း မူတည်တယ်...တကယ်လို့ မိန်းကလေးယုက ငါ့ရဲ့သင်ကြားခြင်းနည်းစနစ်တွေနဲ့ သင့်တော်တယ်ဆိုရင်တော့ ငါက သူ့ကို လက်ခံနိုင်တဲ့အတွက် ပျော်ရွှင်မိလိမ့်မယ်"

လုမင်ရုန်သည် အပြုံးနှင့်ပြောဆိုကာ မည်သည့်ခိုင်မာသောကတိကိုမျှ မပေးချေ။

မြို့အရှင်၏သမီးဖြစ်ကာ ထူးချွန်သောပါရမီလည်းရှိနေသဖြင့် တပည့်ကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။အမှန်အားဖြင့် ဤသည်မှာ 'မှတ်တမ်းမရှိ'ဟူသော ပါရမီရှင်ကို ရှာမတွေ့ပါက ဖြစ်လာနိုင်သောကိစ္စပင်။အကယ်၍ ထိုပါရမီရှင်ကို ရှာတွေ့ပါက မြို့အရှင်ကိုယ်တိုင် သူ၏တပည့်ဖြစ်ချင်သည်ဆိုလျှင်ပင် သူ မဆိုင်းမတွငြင်းဆန်ရပေမည်။

"ဒါက အမှန်ပဲ...ဒါပေမယ့် စိတ်အေးအေးထားပါ...ငါ့ရဲ့သမီးက မင်းကို စိတ်ပျက်စေမှာမဟုတ်ဘူး...."

ယုလုံချင်းက ပြောဆိုသည်။

လုမင်ရုန်သည် ခေါင်းညိတ်လိုက်၏။

"မြို့အရှင်မိသားစုမှာ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ရှိတယ်...ဆရာတစ်ယောက်က အထောက်အကူတစ်ခုပဲ ဖြစ်နိုင်မယ်... ငါက သူ အောင်မြင်မှုရအောင် သင်ကြားပေးနိုင်မယ်လို့ အာမမခံနိုင်ဘူး"

"အဲ့ဒီလိုပြောလို့ မရဘူးလေ..."

ယုလုံချင်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ကျောင်းအုပ်ကြီးလုရဲ့ အရိုးထိန်းညှိခြင်းနည်းစနစ်က အဖြူရောင်ကျောက်တုံးမြို့မှာ ပြိုင်ဘက်ကင်းပဲ...ငါ တော်တော်လေး မနာလိုအားကျဖြစ်မိတယ်..."

"မြို့အရှင်က ငါ့ကို မြှောက်ပင့်ပေးနေတာပဲ..."

သာမန်ကာလျှံကာ မှတ်ချက်စကားတခွန်းကို ပြောဆိုပြီးနောက် လုမင်ရုန်က မျက်မှောက်ကြုတ်လိုက်သည်။

ဤအချိန်အခိုက်အတန့်၌ သူသည် တစ်စုံတစ်ခုလွဲချော်နေသည်ကို အာရုံခံမိလေ၏။

အကယ်၍ ယုလုံချင်းသည် သူ၏အရိုးထိန်းညှိခြင်းနည်းစနစ်ကို အမှန်တကယ်သဘောကျပါက တပည့်အဖြစ်လက်ခံရန် သူ ရှောင်လွှဲ၍ရမည်မဟုတ်ချေ။သို့ရာတွင် မြို့အရှင်၏သား ယုဖုံးသည် မဟာအကြီးအကဲယန်ချင်းရှု၏လက်အောက်၌ တပည့်အဖြစ် ခံယူထားပေ၏။

ယုဖုန်း၏ပါရမီအရည်အချင်းသည်လည်း ချွင်းချက်မရှိထူးချွန်ကာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ဆယ့်ငါးတန်းကို စုပ်ယူနိုင်ပြီး ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်ကို ပိုင်ဆိုင်ရန် စွမ်းအင်တန်းတစ်တန်းသာ လိုအပ်တော့သည်။

"ဖြစ်နိုင်တာတော့...."

မြို့အရှင်သည် သူ၏မြင်ကွင်းကို အဆက်မပြတ် ပိတ်ဆို့ထားသည်အားကြည့်ပြီး လုမင်ရုန်သည် သံသယအပြည့်ဖြင့် နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။သူ့ကိုကြည့်ရသည်မှာတစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလားပင်။မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူ၏ခန္ဓာကိုယ်ကို တိမ်းစောင်းပြီး ယုလုံချင်း၏နှောက်ယှက်မှုကို ရှောင်တိမ်းကာ စင်မြင့်အောက်ရှိ မြောက်ဘက်ခြမ်းထံသို့ ထပ်မံ၍ကြည့်လိုက်သည်။

"ကျောင်းအုပ်ကြီး..."

သူ့အား ရှောင်တိမ်းသွားသည်ကို မြင်တွေ့ချိန်၌ ယုလုံချင်းက မျက်မှောင်ကြုတ်လိုက်သည်။

လုမင်ရုန်က သူ၏ခေါင်းကို ခါယမ်းလေသည်။

"မိန်းကလေးလုကို တပည့်အဖြစ် လက်ခံရမယ့်ကိစ္စက နောက်ကျမှ ဆွေးနွေးကြရအောင်...အဲ့ဒီပါရမီရှင် ဘယ်နေရာမှာ ပုန်းကွယ်နေလဲဆိုတာ ငါတို့ အရင်ဆုံး ရှာကြဖို့"

"မင်းပြောတာ အမှန်ပဲ"

သူ ထပ်မံ၍ အနှောင့်အယှက်ပေးနေပါက သံသယများ ပို၍မြင့်တက်လာမည်ကို သိရှိသဖြင့် မြင်ကွင်းပိတ်ဆို့ထားခြင်းကို လက်လျှော့ကာ ကျန်းရွှမ်ကို တိတ်တဆိတ်စောင်းငဲ့ကြည့်ရုံမှတစ်ပါး သူ့ထံ၌ တခြားရွေးချယ်စရာမရှိတော့ချေ။

ထိုမြင်းထိန်းသည် ယခင်က သူ၏စုပ်ယူမှု အလွန်ပြင်းထန်သွားသည်ကို နားလည်သွားပုံဖြင့် သူ၏အရှိန်နှုန်း အနည်းငယ်နှေးကွေးသွားကာ ယခင်ကဲ့သို့ သိသာထင်ရှားခြင်း မရှိတော့ချေ။

အနီးကပ်စုံစမ်းထောက်လှမ်းခြင်းမပြုပါက တစ်စုံတစ်ခုကို တွေ့ရှိသွားနိုင်ရန် အလွန်ခက်ခဲသည်ကိုကြည့်ပြီး ယုလုံချင်းသည် စိတ်သက်သာရာရသွားပေ၏။သူသည် အရာအားလုံးအဆင်ပြေသွားပြီဟု တွေးတောနေစဉ်မှာပင် လုမင်ရုန်၏မျက်လုံးအကြည့်သည် သူ့ထံသို့ အခိုင်အမာကျရောက်နေသည်ကို သူ သတိပြုမိသွားသည်။ဤသည်မှာ သူ၏မျက်နှာမှတဆင့် တစ်စုံတစ်ခုကို ရှာဖွေဖော်ထုတ်လိုသည့်အလားပင်။

"ဘာမှားနေလို့လဲ....ငါ့ရဲ့မျက်နှာမှာ အမှားတစ်ခုခု ရှိနေလို့လား...."

ယုလုံချင်းက ကိုးရိုးကားရားလေသံဖြင့် မေးမြန်းသည်။

"ဒါက တကယ်ကို အမှားတစ်ခုခုရှိနေတယ်...ကြည့်ရတာတော့ မြို့အရှင်က တစ်ခုခုကို သိထားတာကြောင့် ငါ့ကို တမင်သက်သက်နှောင့်ယှက်နေပုံပဲ"

လုမင်ရုန်က ခပ်ဖျော့​ဖျော့ပြုံးကာ ယုလုံချင်း စူးစိုက်ကြည့်နေသော ဦးတည်ချက်အတိုင်း ကြည့်လိုက်ပြီး သူ၏မျက်လုံးတစ်စုံသည် ကျန်းရွှမ်ထံသို့ ကျရောက်သွားပေ၏။

သူသည် ယခင်က ထိုလူငယ်လေးကို မြင်တွေ့ဖူးသော်လည်း ကြားဖြတ်နှောက်ယှက်ခံရခြင်းကြောင့်အနီးကပ်စုံစမ်းစစ်ဆေးရန်အခွင့်အရေးတစ်ခုမရခဲ့ချေ။

ဖြစ်နိုင်သည်မှာ...

သူ၏စိတ်နှလုံးသားအတွင်းရှိ သံသယများကြောင့် သူ၏စိတ်ကိုအာရုံစူးစိုက်ပြီး ကျန်းရွှမ်ကို ဂရုတစိုက်အာရုံခံလိုက်သည်။ သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပေ၏။

သူ၏အာရုံခံမှုအရ ဤသာမန်ဆန်သော လူငယ်လေးသည် လေထုအတွင်း၌ မျောလွင့်နေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို တစိုးတစိမကျန်ဘဲ ချက်ချင်းစုပ်ယူသွားခဲ့သည်။ဤသည်မှာ ထိုလူငယ်ထံ၌ အကန့်အသတ်မဲ့ဝါးမြိုနိုင်သော စွမ်းရည်ရှိသည့် ဧရာမကျင်းနက်ကြီးတစ်ခု ရှိနေသည့်အလားပင်။

"ဒါက..."

တစ်ရက်ကြာရှာဖွေပြီးနောက် ထိပ်သီးပါရမီရှင်သည် အကဲဖြတ်မှုတွင်ပါဝင်ခဲ့သော ကျောင်းသားတစ်ယောက် မဟုတ်သည့်အပြင် အထက်တန်းလွှာမိသားစုတစ်စုမှ လူငယ်တစ်ယောက်လည်း မဟုတ်ဘဲ မြင်းထိန်းတစ်ယောက် ဖြစ်နေပေ၏။သူ မည်သည့်သဲလွန်စကို​မျှ ရှာမတွေ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

မည်သူက တွေးထင်မိမည်နည်း...

"မင်း ရှာတွေ့သွားပြီလား..."

လုမင်ရုန်၏ မျက်နှာအမူအယာကိုကြည့်ပြီး ယုလုံချင်းသည် ထပ်မံ၍ကွယ်ဝှက်ထားရန် မဖြစ်နိုင်တော့သည်ကို သိရှိသွားပေ၏။ထို့ကြောင့် သူ၏လေသံကိုနှိမ့်ပြီး ပြောဆိုလိုက်သည်။

"ဒီထိပ်သီးပါရမီရှင် ထွက်ပေါ်လာရင် လူတွေအများကြီးရဲ့အာရုံစိုက်ခံရမှာကို မင်းလည်း မလိုလားဘူး မဟုတ်လား"

လုမင်ရုန်က ခေါင်းညိတ်ပြလေသည်။

အစွမ်းထက်သော ရင်းမြစ်ရေအိုင်တစ်ခုကို ပိုင်ဆိုင်ထားတိုင်း နောင်အနာဂတ်တွင် ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်ဟု မဆိုလိုချေ။သို့ရာတွင် ရင်းမြစ်စွမ်းအင်ပမာဏ အမြောက်အများကို ထိန်းသိမ်းနိုင်ခြင်းသည် အကန့်အသတ်မဲ့သော အခွင့်အလမ်းများကို ရနိုင်သည်နှင့် တူညီသည်။ အကယ်၍ တစ်စုံတစ်ယောက်ထံတွင် ရင်းမြစ်ရေအိုင် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ရှိနေလျှင်ပင် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနိုင်ရန် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာပေ၏။

တစ်ခြားစကားပြောင်းဆိုရလျှင် အကယ်၍ သူသည် အချိန်မတန်မီ ကျရှုံးသွားခြင်းမရှိပါက တတိယအဆင့် ရင်းမြစ်ရေအိုင်ရှိနေလျှင်ပင် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်လာကာ အဖြူရောင်ကျောက်တုံးမြို့တော်အတွင်း၌ ပြိုင်ဘက်ကင်းဖြစ်သွားပေမည်။

ဤကဲ့သို့ပါရမီအရည်အချင်းကို လူအမြောက်အများအား သိခွင့်မပေးသည်မှာ အကောင်းဆုံးဖြစ်ပေမည်။ထိုသို့မဟုတ်ပါက အကယ်၍ တော်ဝင်မြို့တော်မှ ထိုပါရမီကိုလုယူသွားပါက သူတို့အတွက် အရာအားလုံး အချည်းနှီးဖြစ်သွားပေမည်။

"မင်း အကြံပေးချင်တာ ရှိလို့လား..."

ကျောင်းအုပ်ကြီးလုက နံဘေးသို့လှည့်ကြည့်ပြီး မေးမြန်းသည်။

ယုလုံချင်း၏မျက်လုံးများ စူးရှတောက်ပနေကာ မြို့အရှင်တစ်ယောက်၏ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသနေသည်။

"ဒါက ရိုးရှင်းပါတယ်...မင်းနဲ့ငါအပြင် အဖြူရောင်ကျောက်တုံးမြို့တော်မှာရှိတဲ့ တခြားဘယ်သူမှ ဒီကိစ္စကို မသိသင့်ဘူး...ငါတို့က နဂါးကိုးကောင်းတိုင်လုံးတွေမှာ ချို့ယွင်းချက်တစ်ခုရှိနေတာကြောင့် အရင်ကအခြေအနေမျိုး ဖြစ်စေတာလို့ လူသိရှင်ကြား ထုတ်ပြန်ကြော်ညာလိုက်မယ်...ထိပ်သီးပါရမီရှင်ကတော့ ငါတို့က သူ့နေရာမှာ အစားထိုးဖို့ တခြားတစ်ယောက်ကိုရှာလိုက်မယ်..."

"ဒါက...."

လုမင်ရုန်သည် ချီတုံချတုံဖြစ်နေသော်လည်း ဤသည်မှာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ကြောင်း သူ ဝန်ခံရပေမည်။

ကျင့်ကြံခြင်းအရာ၌ ဤထိပ်သီးပါရမီရှင်၏ လျင်မြန်သောတိုးတက်မှုနှုန်းကို ကြာရှည်ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။သူ ကျော်ကြားမှုမရှိသေးသောအချိန်၌ သူနှင့်ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ပါက သူတို့အတွက် လုံလောက်လေပြီ။

"ကောင်းပြီလေ...အဲ့ဒီလိုပဲ လုပ်ကြတာပေါ့"

လုမင်ရုန်သည် များစွာတွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ စိတ်ပိုင်းဖြတ်လိုက်၏။

လျှို့ဝှက်ချက်ကိုသိရှိသော လူပိုတစ်ယောက်ရှိနေသော်လည်း ပါရမီရှင်ကို အတည်မပြုနိုင်သည်ထက် ပို၍ကောင်းမွန်သည်။ထို့ပြင် ထိုပါရမီရှင်ကို ကျောင်းတော်အတွင်း၌ ရှာတွေ့ခြင်းဖြစ်သဖြင့် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ရန် သူအတွက် ပို၍လွယ်ကူနိုင်သည်။အကယ်၍ သူသည် ထိုလူငယ်ကို တပည့်အဖြစ်ခေါ်ယူနိုင်ပါက သူ၏နာမည်ဂုဏ်သတင်းသည် ရင်းမြစ်ကမ္ဘာအနှံ့ တဖြည်းဖြည်းပျံ့နှံ့သွားပေမည်။

"မင်းနဲ့အတူပူပေါင်းရတာ ဝမ်းသာပါတယ်"

သူ သဘောတူညီလိုက်သည်ကိုကြည့်ပြီး ယုလုံချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

"ငါလည်း မင်းနဲ့အတူ ပူးပေါင်းရတဲ့အတွက် ဝမ်းသာမိပါတယ်"

လုမင်ရုန်က ခပ်ဖျော့​ဖျော့ပြုံးလေသည်။အဖြူရောင်ကျောက်တုံးမြို့၏ အစွမ်းထက်ဆုံးတည်ရှိမှုကြီးနှစ်ယောက်သည် လက်ဆွဲကာ ပူးပေါင်းမှုကို အတည်ပြုလိုက်သည်။တစ်ဖက်လူ မည်ကဲ့သို့တွေးတောနေပါစေ ဤသဘောတူညီချက်ကို သတ်မှတ်ပြီးလေပြီ။

ဤထိပ်သီးတည်ရှိမှုကြီးနှစ်ယောက်သည် သူတို့၏အနာဂတ်အတွက် ကြိုတင်၍ တိတ်တဆိတ်အစီအစဉ်ဆွဲနေစဉ်မှာပင် အလွန်အမင်းစိတ်လှုပ်ရှားစွာ ပြောဆိုသောအသံတစ်သံ ထွက်ပေါ်လာသည်။

"ကျောင်းအုပ်ကြီး ငါတို့တွေ ဒီလောက်ထိ အကြာကြီးရှာတာတောင် ထိပ်သီးပါရမီရှင်ကို ရှာမတွေ့တာ အံ့အားသင့်စရာ မရှိတော့ဘူး....သူက မြင်းထိန်းတစ်ယောက်ပဲ"

ယုလုံချင်းနှင့်လုမင်ရုန်တို့၏ မျက်လုံးသူငယ်အိမ်များ တပြိုင်နက်တည်း ကျဉ်းမြောင်းသွားပြီး သူတို့သည် နောက်သို့ချာခနဲလှည့်ကြည့်လိုက်ကြ၏။ဝူယွင်ကျိုးသည် စိတ်လှုပ်ရှားသောမျက်နှာအမူအယာဖြင့် သူတို့ထံသို့ ချဉ်းကပ်လာသည်ကို သူတို့ မြင်တွေ့မိသည်။

"မင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ"

လုမင်ရုန်သည်ထပ်မံ၍ အောင့်အည်းသည်းခံနိုင်ခြင်း မရှိတော့ချေ။

သူ၏ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံဆင့်စွမ်းအားနှင့် မြို့အရှင်၏ဟာကွက်တို့မှတဆင့် ဤအမှန်တရားကို သူ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မည်သည်ကြောင့် ဝူယွင်ကျိုးသည် အလွန်လျင်မြန်စွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့သနည်း။

"ငါ ဘယ်လိုသိသွားလဲလို့ ​မေးတာလား...."

ဤမေးခွန်းကြောင့် ဝူယွင်ကျိုးသည် အံ့အားသင့်ပြီး ဇဝေဇဝါဖြစ်သွားကာ ကူကယ်ရာမဲ့စွာဖြင့် စင်မြင့်၏အောက်သို့ လက်ညှိုးညွှန်လိုက်သည်။

"ဒီအခြေအနေမျိုးနဲ့ ဘယ်သူမဆို သိဖို့ခက်ခဲလို့လား"

ယုလုံချင်းနှင့်လုမင်ရုန်တို့သည် သူတို့၏ခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ရာ ကျန်းရွှမ်၏နေရာ၌ ဧရာမလေစုပ်ဝဲကြီးရှိနေသည်ကို မြင်တွေ့မိသည်။ဤသည်မှာ လေဆင်နှာမောင်းတစ်ခုအလား ကံကြမ္မာချပ်ပြား၏အနီးသို့ ချဉ်းကပ်နေပေ၏။ကံကြမ္မာချပ်ပြားမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်နှင့် ထိုအရာမှ ချက်ချင်းစုပ်ယူလိုက်သည်။ဤအရှိန်နှုန်းကြောင့် ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ အက်ကွဲသံများ ထွက်ပေါ်နေသည်။

ဤသည်မှာ ပန်းကန်ပြားကို ပြောင်စင်အောင် လျက်လိုက်ခြင်းထက် ကျော်လွန်ပြီး ပန်းကန်ပြားတစ်ချပ်လုံးကို ဝါးစားလိုက်သည့်အလားပင်။

နဂါးကိုးကောင်းတိုင်လုံးပေါ်ရှိ နံပါတ်များသည် ကပွဲကြမ်းပြင်မှမီးရောင်များအလား တဖျတ်ဖျတ်တောက်ပနေပေ၏။

စွမ်းအင်တန်းသုံးထောင်...

စွမ်းအင်တန်းငါးထောင်...

စွမ်းအင်တန်းရှစ်ထောင်...

ထိုနံပါတ်များသည် အလွန်လျှင်မြန်စွာ မြင့်တက်နေကာ ကြယ်ပျံတစ်စင်း ကြွေကျလာသည့်အလားပင်။

"...."

ယုလုံချင်းနှင့်လုမင်ရုန်တို့သည် နေရာ၌ ကြက်သေသေနေကာ သူတို့သည် အော်ဟစ်ငိုကြွေးမိတော့လုမတတ်ပင်။

ဤအကဲဖြတ်စစ်ဆေးမှု၌ အကြီးအကဲနှင့်ဆရာအမြောက်အများမရှိသော်လည်း အရေအတွက်တစ်ရာနီးပါးရှိနေပေ၏။သူတို့သည် အစောပိုင်းကမှ နောက်ထပ်လူပိုတစ်ယောက်အား သိခွင့်မပြုရန် သဘောတူညီခဲ့ကြသော်လည်း ယခုအချိန်၌ ထိုလျှို့ဝှက်ချက်ကို အချိန်တခဏမျှပင် ထိန်းသိမ်းထားနိုင်ခြင်းမရှိချေ။

'ဒါက မင်းကိုယ်မင်း သိုသိုသိပ်သိပ်နေတယ်လို့ ခေါ်နိုင်သေးတာလား...ငါ့ခြေထောက်ကြီးကိုပဲ သိုသိုသိပ်သိပ်နေလိုက်...'

All Chapters