ဆက်ပြီးစုပ်ယူနေတုန်းလား
Vol. 3 Ch. 37
" 'မှတ်တမ်းမရှိ' ထပ်လာပြန်ပြီလား...ဖြစ်နိုင်တာတော့ သူက အခုထိ စင်မြင့်ပေါ်မှာ ရှိမနေတာလား"
ထိုစာလုံးများကိုမြင်တွေ့ချိန်တွင် လုမင်ရုန် ဝူယွင်ကျိုးနှင့် တခြားလူများအားလုံး ကြက်သေသေသွားကာ သူတို့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤတစ်ကြိမ်တွင် သူတို့သည် လူနှစ်ထောင့်ငါးရာကို အစားထိုးထားသဖြင့် ယခင်တစ်ကြိမ် အကဲဖြတ်စစ်ဆေးမှု၌ ပါဝင်ယှဥ်ပြိုင်သူများနှင့် ပေါင်းလိုက်ပါက လူခြောက်ထောင်နီးနီးရှိနေလေပြီ။
အဖြူရောင်ကျောက်တုံးမြို့တော်အတွင်း၌ နေထိုင်သည့် ကျင့်ကြံခြင်းပါရမီရှိနေသော လူများအားလုံးနီးပါးကို ထုတ်ဖော်နိုင်ခဲ့သော်လည်း သူတို့သည် ယခုအချိန်ထိ ထိုပါရမီရှင်ကို ရှာမတွေ့သေးချေ။
သူတို့၏မျက်လုံးများ အမှန်တကယ်ကန်းနေသလော....
ထိုသို့မဟုတ်ပါက တစ်ဖက်လူသည် အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သလော....
အရေးအကြီးဆုံးကိစ္စမှာ 'မင်းက ပါရမီရှင်လေ ....ဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်သားတစ်ယောက် မဟုတ်ဘူး...ဘာလို့ ဒီလောက်ထိ လျှို့ဝှက်ပြီး သတိထားနေတာလဲ'
လုမင်ရုန်သည် ဆွံ့အသွားကာ စင်မြင့်၏အောက်သို့ ငုံကြည့်လိုက်သည်။ လူငယ်များအားလုံးသည် သူတို့၏မျက်လုံးများကိုစုံမှိတ်ပြီး ပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေကြသည်။
အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ဤကဲ့သို့စောင့်ကြည့်ခြင်းဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားသတ်မှတ်ရန်မှာ မဖြစ်နိုင်ချေ။
"စွမ်းအင်တန်းရှစ်တန်း...ဒါက မင်းတို့ရှာနေတဲ့ပ ပါရမီရှင်လား"
ယုလုံချင်းသည်လည်း ထိုစာလုံးများကို မြင်တွေ့လေရာ ကူကယ်ရာမဲ့စွာဖြင့် လုမင်ရုန်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။
ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းရှစ်တန်းကို စုပ်ယူနိုင်ခြင်းသည် ဆဋ္ဌမအဆင့်ရင်းမြစ်ရေအိုင်ရှိသူဟု ညွှန်ပြနေသည်။ဤသည်မှာ ပါရမီရှိသူဖြစ်သော်လည်း နှစ်စဉ်အကဲဖြတ်စစ်ဆေးမှုများတွင် မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။သို့သော် အချိန်တိုအတွင်းတွင် နဂါးကိုးကောင်တိုင်လုံးများ၏ပြင်ပရှိ စင်မြင့်အောက်၌ထိုင်၍ ထိုကိစ္စကိုပြုလုပ်နိုင်သည်မှာ ယုံကြည်နိုင်ရန် အလွန်ခက်ခဲသည်။
မည်သို့ပင်ဆိုစေကာမူ ပါရမီအရှိဆုံး မိုယန်ရွှယ်ပင်လျှင် အောင်မြင်မှုမရရှိသေးချေ။
"ဖြစ်နိုင်တယ်... "
လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။
သဘောတရားအရ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုသည် ရင်းမြစ်ရေအိုင်ကို ကျစ်လစ်သိပ်သီးအောင်လုပ်သည့် လုပ်ငန်းစဉ်ပင်။ တစ်စုံတစ်ယောက်သည် သူ၏ရင်းမြစ်ရေအိုင်ကို အပြည့်အဝဖွဲ့စည်းပြီးပါက စွမ်းအင်များကို ဆက်လက်၍စုပ်ယူလျှင်ပင် နဂါးကိုးကောင်တိုင်လုံးများပေါ်၌ မည်သည့်အပြောင်းအလဲမျှ ဖြစ်လာမည်မဟုတ်ပေ။ဤသည်ကြောင့် မြို့အရှင်၏စာကြည့်တိုက်အတွင်း၌ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူခဲ့သော မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် စွမ်းအင်များကို သူတို့၏ရင်းမြစ်ရေအိုင်များနှင့် မပေါင်းစည်းခဲ့ခြင်းပင်။
ယမန်နေ့က ထိုပါရမီရှင်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူနေစဉ်အတောအတွင်း၌ ကံကြမ္မာချပ်ပြား ကြေမွှပျက်စီးသွားစေခဲ့သည်။လုမင်ရုန်သည် ထိုပါရမီရှင်၏အကန့်အသတ်သို့ မရောက်ရှိသေးဟု ယုံကြည်ထားလေ၏။ထို့ကြောင့် ထိုပါရမီရှင်သည် ဆက်လက်၍ စုပ်ယူနိုင်ခြင်းရှိမရှိ သိနိုင်ရန် ယနေ့အကဲဖြတ်ပွဲကို ထပ်မံ၍ကျင်းပခြင်းဖြစ်သည်။
မထင်မှတ်ဘဲ သူ လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ပြင် သူသည် အလွန်လျှင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့ပေ၏။
"စွမ်းအင်တန်းရှစ်တန်းက သူ့ရဲ့အကန့်အသတ် မဟုတ်ဘူး....ဒါက နဂါးကိုးကောင်တိုင်လုံးကနေ ပြန့်ကျဲသွားတဲ့ စွမ်းအင်တန်းအကုန်ပဲ"
မလှမ်းမကမ်းအကွာတွင်ရှိနေသော ယန်ချင်ရှုက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"အမ်..."
လူများအားလုံးသည် ဆွံ့အသွားသော်လည်း ဤသည်မှာ ကျိုးကြောင်းဆီလျော်သည့်ကိစ္စဖြစ်ကြောင်း သိရှိသွားသည်။
နဂါးကိုးကောင်တိုင်လုံးများထံ၌ ရင်းမြစ်စွမ်းအင်များကို ပိတ်ဆို့ဟန့်တားပေးနိုင်သော လုပ်ဆောင်ချက်ပါရှိသည်။သာမန်အခြေအနေအောက်တွင် ဤကဲ့သို့အချိန်တိုအတွင်း၌ စွမ်းအင်တန်းရှစ်တန်း ပျံ့လွင့်သွားခြင်းသည် အမှန်တကယ်ကို အကန့်အသတ်ဖြစ်ပေ၏။ဆိုလိုသည်မှာ စွမ်းအင်တန်းများ ပြန့်ကျဲသွားသည်နှင့် ထိုပါရမီရှင်မှ စုပ်ယူသွားကာ တခြားသူများအတွက် မကျန်ရှိတော့ခြင်းပင်။
ဤသည်မှာ ပန်းကန်ပြားတချပ်ကို ပြောင်စင်အောင် လျက်လိုက်သည်နှင့် တူညီသည်။
ထိုအကြောင်းကိုတွေးတောရင်း သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် စင်မြင့်ပေါ်ရှိ တခြားလူငယ်များကို ကြည့်လိုက်သည်။သူတို့အားလုံးသည် စွမ်းအင်များကိုရှာဖွေနိုင်ရန် ပြင်းပြင်းထန်ထန်ကြိုးစားနေကြ၏။သူတို့၏မျက်နှာများ နီမြန်းနေကာ တချို့ဆိုလျှင် အလွန်အကျွံ့အင်အားစိုက်ထုတ်မှုကြောင့် မူးမေ့လဲလုမတတ် ဖြစ်နေသော်လည်း သူတို့သည် စွမ်းအင်တစိုးတစိကိုပင် ရှာမတွေ့ချေ။
"..."
ယန်ချင်ရှုနှင့်တခြားလူများအားလုံး၏ မျက်ခွံများ တဆတ်ဆတ်တုန်သွားသည်။
မည်သည့်စွမ်းအင်မျှ မကျန်ရှိတော့သဖြင့် ထိုလူငယ်များ မည်မျှထိ ပြင်းပြင်းထန်ထန်ကြိုးစားပါစေ အသုံးဝင်မည်မဟုတ်ချေ။
"ကျောင်းအုပ်ကြီး...."
ယန်ချင်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် လုမင်ရုန်ထံသို့ ကြည့်လိုက်သည်။
သူတို့သည် ဤနည်းလမ်းဖြင့် ထိုပါရမီရှင်ကို ရှာဖွေရန် မဖြစ်နိုင်ကြောင်း သိရှိသဖြင့် လုမင်ရုန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
ဝှစ်.....
ယခင်တစ်ကြိမ်အတိုင်း နဂါးကိုးကောင်တိုင်လုံးများကို အနည်းငယ်ထိန်းညှိပြင်ဆင်ပြီးနောက် သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များ ချက်ချင်းမျောလွင့်သွားသည်။
ဝီ....ဝီ...ဝီ....
တစ်ချိန်တည်းမှာပင် မိုယန်ရွှယ်၏နာမည်သည် နောက်ဆုံး၌ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခြင်းရပ်တန့်သွားကာ အပြည့်အဝ ပီပြင်ထင်ရှားလာပေ၏။
နာမည်.... မိုယန်ရွှယ်
သန့်စင်ခြင်း....စွမ်းအင်တန်းတစ်တန်း
မိုမိသားစု၏အကြီးဆုံးသမီးသည် နောက်ဆုံး၌ သူမ၏ပထမဆုံးစွမ်းအင်တန်းကို ရင်းမြစ်ရေအိုင်အတွင်းသို့ စုပ်ယူနိုင်ခဲ့လေပြီ။
သူမသာမက တခြားတိုင်လုံးတစ်လုံးပေါ်တွင်လည်း ယုရှောင်ယွီ၏နာမည် တဖြည်းဖြည်းထွက်ပေါ်လာသည်။
သူမတို့နှစ်ယောက်၏ ပါရမီအရည်အချင်းသည် အလွန်တူညီကာ ပြိုင်ဘက်များအလားပင်။
အသက်ဆယ်ရှိုက်စာ ကြာမြင့်ပြီးနောက် လျှူမင်ယွဲ့နှင့် တခြားလူများ၏နာမည်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။သို့ရာတွင် အစောပိုင်းက ထွက်ပေါ်လာသော 'မှတ်တမ်းမရှိ' နေရာတွင် တိတ်ဆိတ်ငြိမ်သက်နေကာ စွမ်းအင်တန်းရှစ်တန်းသည် သူ၏အကန့်အသတ်ဖြစ်သည့်အလားပင်။
"ဖြစ်နိုင်တာတော့ ဒီလောက်ပဲလား"
အချိန်တခဏကြာခန့် အံ့အားသင့်နေပြီးနောက် လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။
"အင်း....သူ့မှာ ဘယ်လောက်ပဲ ပါရမီရှိနေပါစေ...အကန့်အသတ်တစ်ခုတော့ ရှိနေမှာပဲ"
ယခင်တစ်ကြိမ်တွင် သူသည် စွမ်းအင်တန်းတစ်သောင်းကျော်ကို စုပ်ယူသွားခဲ့သည်။အကယ်၍ ဤတစ်ကြိမ်တွင် ယခင်ထက်နည်းမည်ဆိုလျှင်ပင် ရာထောင်ချီနေမည်ဟု သူမျှော်လင့်ထားပေ၏။ကြည့်ရသည်မှာ သူသည် ထိုပါရမီရှင်ကို အထင်ကြီးလွန်သွားခဲ့ပုံရသည်။
လူများအားလုံးထံ၌ အကန့်အသတ်တစ်ခုရှိကာ ပါရမီရှင်များသည်လည်း ချွင်းချက်မဟုတ်ပေ။
သို့ရာတွင် အကယ်၍ ထိုပါရမီရှင်သည် စွမ်းအင်စုပ်ယူမှုကို ရပ်တန့်လိုက်ပါက သူ့အားရှာဖွေရန် ခက်ခဲသွားပေမည်။
လုမင်ရုန် အခက်တွေ့နေစဉ်၌ ယုလုံချင်းသည် မည်သည့်စကားမျှ မဆိုချေ။ထိုအစား သူသည် လူအုပ်အကြား၌ မသိသာမထင်ရှားသော ကျန်းရွှမ်ကို စူးစိုက်၍ကြည့်နေသည်။
အကယ်၍ သူ၏ခန့်မှန်းချက်မှန်ကန်ပါက ထိုကောင်လေးကို ဂရုတစိုက်စောင့်ကြည့်ခြင်းဖြင့် သဲလွန်စတချို့ရှာဖွေနိုင်မည်မှာ သေချာပေါက်ပင်။
ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်သည် တခြားလူများမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ရှာဖွေနေသကဲ့သို့ သူ့၏မျက်လုံးများကို စုံမှိတ်ထားခြင်းမရှိချေ။ထိုအစား သူသည်မျက်လုံးတစ်ဖက်ဖွင့်ထားကာ သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို အာရုံမစိုက်သည်အား အတည်ပြုပြီးနောက် သူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်၏။
"ဟူး....ကြည့်ရတာတော့ အရင်တစ်ကြိမ်နဲ့အတူတူပဲ...ဒါဆိုရင် ငါတတ်နိုင်သမျှ အများဆုံးစုပ်ယူရမယ်"
ပတ်ဝန်းကျင်၌ လူအမြောက်အများရှိနေသဖြင့် သူ ပုန်းကွယ်ရန် လွယ်ကူပေမည်။သူ့အား ရှာဖွေဖော်ထုတ်ခြင်းမခံရသရွေ့သူ့၏သိုသိုသိပ်သိပ်အနေအထားကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ပေမည်။
ထိုအကြောင်းကိုတွေးတောရင်း သူ၏မျက်လုံးကိုစုံမှိတ်ကာ သူ၏စိတ်အာရုံကိုစူးစိုက်ပြီး လေထုအတွင်း၌ မျောလွင့်နေသည့် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ထပ်မံ၍စုပ်ယူလိုက်၏။
"စွမ်းအင်တွေ အများကြီးပါလား...တကယ်လို့ ငါက ဒါတွေအားလုံးကို စုပ်ယူလိုက်ရင်တောင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"
အချိန်တခဏကြာပြီးနောက် ကျန်းရွှမ်သည် စိတ်လှုပ်ရှားသွားပေ၏။စွမ်းအင်တန်းခုနစ်တန်းရှစ်သန်းသာရှိနေပြီး ထိုအရာများအားလုံးကို သူ စုပ်ယူ၍သန့်စင်လိုက်ပါက သူ့အား အလွယ်တကူ သိရှိသွားပေမည်။သို့ရာတွင် ဤမျှထိများပြားသော စွမ်းအင်များရှိနေသောကြောင့် သူ လွတ်လွတ်လပ်လပ်စုပ်ယူနိုင်ပေမည်။
ဘုန်း....ဘုန်း....ဘုန်း...
သူသည် စုပ်ယူမှုအရှိန်နှုန်းကို မြှင့်တင်လိုက်သည်နှင့် လေဟာနယ်၏အစွန်အဖျား၌ ဧရာမတိုင်လုံးကြီးများ မြင့်တက်သွားကာ မိနစ်အနည်းငယ်အတွင်းမှာပင် ရွှမ်ကမ္ဘာကို ယခင်ထက်ဆယ်ဆနီးပါး ကြီးမားကျယ်ပြန့်သွားစေသည်။
ယမန်နေ့က စာကြည့်တိုက်၏စုပ်ယူမှုနှင့် မတူညီဘဲ ဤအရှိန်နှုန်းသည် ပို၍လျှင်မြန်ပေ၏။ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းစီကို သန့်စင်ရန်မလိုအပ်ဘဲ တိုက်ရိုက်ပေါင်းစပ်နိုင်သည်။
ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသောကောင်းသော ကိစ္စပင်။
"အင်း....ဒါပေမဲ့ ကောင်းကင်ဘုံစာကြည့်တိုက်အတွက်ကလည်း စွမ်းအင်တွေ လိုအပ်တယ်"
တစ်ဖက်တည်းကို မျက်နှာသာပေး၍မရသဖြင့် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စာအုပ်ပုံစံသို့ သိပ်သည်းကာ စာကြည့်တိုက်၏လေထုအတွင်း၌ မျောလွင့်နေစေသည်။
"ဒါက...."
ကျန်းရွှမ်သည် ကျင့်ကြံဆင့်အရှိန်နှုန်း မြှင့်တင်လိုက်ချိန်တွင် သူ့အား ဂရုတစိုက်စောင့်ကြည့်နေသော ယုလုံချင်း၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ထို့နောက် သူ၏အင်္ကျီလက်အောက်ရှိ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
ကျန်းရွှမ်သည် စွမ်းအင်များကို မသိမသာစုပ်ယူနေသော်လည်း ယုလုံချင်းသည် အစကတည်းက သူ့အား အခိုင်အမာ ပစ်မှတ်ထားခဲ့သည်။ ရင်းမြစ်ရေအိုင်၏အဋ္ဌအဆင့် 'နတ်ဘုရားစိတ်ဝိညာဉ်'ကျင့်ကြံဆင့်ရှိသော သူ၏စွမ်းအားနှင့်သူ၏အစွမ်းထက်သောစိတ်ဝိညာဥ်တို့ကြောင့် သူသည် တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိပြုမိပေ၏။
သူ၏မြင်ကွင်းအတွင်း၌ လေထုအတွင်းရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ရေလွှဲပေါက်ကို ဖွင့်လိုက်သည့်အလား ကျန်းရွှမ်ထံသို့ စီးဆင်းသွားသည်ကို မြင်တွေ့မိသည်။စွမ်းအင်များအားလုံးသည် အောက်ခြေမဲ့သော ကျင်ကြီးတစ်ခုအလား ကျန်းရွှမ်ထံအရောက်တွင် ပျောက်ကွယ်သွားပေ၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သူသည် ဖြူရော်နေသောမျက်နှာဖြင့် နဂါးကိုးကောင်းတိုင်လုံးများထံသို့ ကြည့်လိုက်သည်။ အကယ်၍ ကျန်းရွှမ်သည် ပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်ပင် သူသည် အများဆုံးအနေဖြင့် စွမ်းအင်တန်းသုံးဆယ့်နှစ်တန်းမှ ခြောက်ဆယ့်လေးတန်းကိုသာ စုပ်ယူနိုင်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် ဤနှုန်းအတိုင်းဆိုပါက စွမ်းအင်တန်းတစ်ရာနှစ်ဆယ့်ရှစ်တန်း သို့မဟုတ် နှစ်ရာငါးဆယ့်ခြောက်တန်းကို စုပ်ယူနိုင်မည်မှာ မေးခွန်းထုတ်ရန် မလိုအပ်ချေ။
ယမန်နေ့က သူ၏ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင်ကျော် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
စိတ်ဝိညာဥ်ရင်းမြစ်ဝါး ဆယ်ပင်ရှိနေလျှင်ပင် ဤဝါးမြိုခြင်းမွန်းစတားကောင်အတွက် လုံလောက်မည်မဟုတ်ပေ။
"မဟုတ်ဘူး....ဒီလိုပါရမီရှင်တစ်ယောက်ကို ငါ့အတွက် အသုံးချရမယ်...ငါက သူ့ကို လုမင်ရုန်ရှာတွေ့သွားခွင့် မပြုနိုင်ဘူး"
နဂါးကိုးကောင်တိုင်လုံးများသည် ကျန်းရွှမ်၏ စွမ်းအင်တန်းစုပ်ယူမှု အရေအတွက်အတိအကျကို ပြသနိုင်ခြင်းမရှိဘဲ ကြန့်ကြာနေသည်ကိုကြည့်ပြီး ယုလုံချင်းသည် စိတ်လှုပ်ရှားမှုကြောင့် သူ၏နှလုံးခုန်နှုန်းမြန်နေသည်။
အကယ်၍ သာမန်ပါရမီရှင်တယောက် ဖြစ်နေပါက မည်သည့်နေရာတွင် ကျင့်ကြံသည်ဖြစ်စေ အရေးမပါချေ။သူသည် အဖြူရောင်ကျောက်တုံးမြို့အတွင်း၌ရှိနေသရွေ့ ယုလုံချင်းသည် ကြီးမားသောနာမည်ဂုဏ်သတင်းကို ရရှိပေမည်။သို့ရာတွင် ဤမြင်းထိန်းသည် သာလွန်ထူးကဲသည်မှာ သိသာထင်ရှားပေ၏။
သူထံ၌ ပထမအဆင့် ရင်းမြစ်ရေအိုင်ရှိနေနိုင်ကာ သူတော်စင်အဆင့်ပင် ဖြစ်နေနိုင်သည်။
အကယ်၍ ယုလုံချင်းသည် ကျန်းရွှမ်ကို မြို့အရှင်အိမ်တော်သို့ ခေါ်ဆောင်နိုင်ပါက သူ မြင့်တက်လာသည်နှင့် အသေးငယ်ဆုံးသော ဆုလာဘ်ပင်လျှင် ကြီးမားပြီးမကုန်ခမ်းနိုင်သောတုံ့ပြန်မှုကို ရရှိနိုင်သည်။
သူသည် ကျောင်းတော်အကြီးအကဲများထံမှ ကျန်းရွှမ်ကို မည်ကဲ့သို့ကူညီ၍ ကွယ်ဝှက်ပေးရမည်အား စဉ်းစားနေစဉ်မှာပင် အကြီးအကဲဝူလျှူယွင်၏ စိတ်လှုပ်ရှားနေသောအသံကြီးကို သူ ကြားလိုက်ရသည်။
"ကြည့်လိုက်အုံး...အဲ့ဒီပါရမီရှင်က ထပ်ပြီးစုပ်ယူနေပြီ"
ယုလုံချင်းသည် အလျင်အမြန် မော့ကြည့်လိုက်ရာ မြောက်ဘက်အစွန်ဆုံး နဂါးကိုးကောင်းတိုင်လုံးပေါ်၌ စွမ်းအင်တန်းရှစ်တန်းမှ တစ်ရာငါးဆယ့်ငါးသို့ချက်ချင်း ခုန်တက်သွားကာ အလျင်အမြန်မြင့်တက်နေဆဲဖြစ်သည်ကို မြင်တွေ့မိသည်။
နှစ်ရာ...
လေးရာ...
ခြောက်ရာ...
တခြားလူများသည် စွမ်းအင်တန်းတစ်တန်းခြင်း စုပ်ယူနေစဉ်တွင် ထိုပါရမီရှင်ကမူ နံပါတ်တစ်ကြိမ်ပြောင်းတိုင်း နှစ်ရာကျော်မြင့်တက်သွားခဲ့သည်။
"သူက တကယ့်ကို စုပ်ယူနေတုန်းပဲ....အဲ့ဒီပါရမီရှင်က ဘယ်နေရာမှာ ရှိနေတာလဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ကျောင်းအုပ်ကြီးလုမင်ရုန်သည် စိတ်လှုပ်ရှားမှုကြောင့် မတ်တတ်ထရပ်ကာ စင်မြင့်၏အောက်ရှိ မြောက်ဘက်အပိုင်းကို ကြည့်၍ ရှာဖွေလိုက်သည်။ရုတ်တရက် သူ၏မျက်လုံးအကြည့်သည် ကျန်းရွှမ်ပေါ်သို့ ကျရောက်သွားပေ၏။