ဒုတိယအကြိမ် အကဲဖြတ်စစ်ဆေးမှု
Vol. 3 Ch. 36
ယမန်နေ့ကဖြစ်ရပ်များကြောင့် အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် ယနေ့တွင် လူများ ပို၍စည်ကားနေသည်။
ကျန်းရွှမ်သည် နဂါးကိုးကောင်တိုင်လုံးများထံသို့မရောက်မီ မြေကွက်လပ်အတွင်း၌ ကျောင်းသားများနှင့်မိသားစုဝင်များ အရေအတွက်နှစ်သောင်းကျော်ခန့်ရှိနေကာ ပြည့်ညပ်နေကြောင်း မြင်တွေ့မိသည်။
အကဲဖြတ်စစ်ဆေးမှုအတွင်းတွင် ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာကာ ကျောင်းအုပ်ကြီးပင်လျင် ထိုလူအား အထင်ကြီးနေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေခဲ့သည်။
လူအများစုသည် တပည့်လက်ခံခဲသည့် ယုလုံချင်းမှ သူ့၏စည်းမျဉ်းကို ချိုးဖျက်သည်အထိ ဖြစ်စေခဲ့သည်မှာ မည်ကဲ့သို့ပါရမီရှင်မျိုးဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ကြုံလိုကြသည်။
"အဲ့ဒီပါရမီရှင်မှာ ခေါင်းသုံးလုံးရှိပြီးတော့ သူ့ရဲ့ခါးစည်းလောက်ကျယ်တဲ့ ပါးစပ်ကြီးရှိတယ်လို့ ငါ ကြားထားတယ်"
"ဒါက အဓိပ္ပါယ်မရှိ လျှောက်ပြောနေကြတာ...အဲ့ဒီပါရမီရှင်က တကယ်တော့ ငါ့ရဲ့ငယ်သူငယ်ချင်းပဲ...သူ မနေ့ညက အမူးလွန်ပြီးတော့ ဒီကိစ္စကို ဝန်ခံသွားခဲ့တယ်.....ငါသိသရွေ့တော့ သူ့မှာ ကောင်မလေးသုံးယောက်ရှိတယ်"
"မင်းက ပေါက်ကရတွေ ပြောနေတာပဲ...အဲ့ဒီပါရမီရှင်က တကယ်တော့ ငါ့ဒုတိယအဒေါ်ရဲ့ခဲအိုတစ်ဝမ်းကွဲတစ်ယောက်ရဲ့တူပဲ...."
လူအုပ်ကြီးအကြားတွင် အမျိုးမျိုးသော ကောလဟာလများဖြင့် ပြည့်နှက်နေကာ ထိုအရာများအနက်မှအများစုသည် ယုံကြည်၍မရနိုင်ချေ။
"ငါက အဲ့ဒီပါရမီရှင်ဖြစ်နေဖို့ ငါ ဆုတောင်းမိတယ်...အဲ့ဒီလိုသာဖြစ်လာရင် ငါ့ရဲ့ဒုက္ခတွေ တော်တော်လေးသက်သာသွားလိမ့်မယ်"
ကျန်းရွှမ်၏မျက်လုံးအတွင်း၌ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏ရင်းမြစ်ရေအိုင်အဖြစ် ရွှမ်ကမ္ဘာကို အသုံးပြုရာ၌ မှန်းဆ၍ပင်မရနိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်ပမာဏ လိုအပ်သည်။အကယ်၍ သူသည် ကျောင်းအုပ်ကြီးလု၏မျက်နှာသာပေးမှုကိုရပါက စွမ်းအင်များကိုပို၍စုပ်ယူကာ သူ၏ကျင့်ကြံခြင်းတည်ငြိမ်သွားစေနိုင်မည့် အခွင့်ကောင်းတစ်ခု ရလာနိုင်သည်။
အမှန်အားဖြင့် ဤကိစ္စသည် မဖြစ်နိုင်ကြောင်း သူ သိရှိထားပေ၏။
ယမန်နေ့က သူသည် ရင်းမြစ်ရေအိုင် မည်သည့်အရာဖြစ်သည်ကို မသိရှိသည့်အပြင် ထိုအရာကိုရှာဖွေနိုင်ခဲ့ခြင်းလည်း မရှိချေ။မည်သည်ကြောင့် သူသည် လူများအားလုံးပြောဆိုနေသော ပါရမီရှင် ဖြစ်နိုင်မည်နည်း။
သူ ဤကဲ့သို့ စဉ်းစားနေရုံသာမက မိုယန်ရွှယ် ယုရှောင်ယွီနှင့်တခြားလူများသည်လည်း ထပ်တူထပ်မျှပင်။ကျောင်းသားသစ်အမြောက်အများအကြားတွင် အတောက်ပဆုံးတစ်ယောက်မဖြစ်လိုသူဟူ၍ မည်သူ ရှိမည်နည်း။
အထူးသဖြင့် ယုရှောင်ယွီသည် သူမ၏လက်သီးကိုဆုပ်ထားကာ သူမ၏မျက်နှာ အနီရောင်သန်းနေသည်။
"ဒီတစ်ကြိမ်တော့ ငါက လူတိုင်းကို အံ့အားသင့်အောင်လုပ်ပြီးတော့ အဲ့ဒီပါရမီရှင်ထက် သာရမယ်"
ထိုပါရမီရှင်သည် မည်မျှထိ အထင်ကြီးဖွယ်ကောင်းသည်ကို သူမ မသိရှိသော်လည်း ယနေ့တွင် ပေါ်လွင်ထင်ရှားနေစေရန် သူမ တစ်ညလုံး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။
ယုရှောင်ယွီနှင့်မတူညီဘဲ မိုယန်ရွှယ်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ကာ ထိုပါရမီရှင် ပုန်းအောင်းနေသည့်နေရာကို ရှာဖွေနိုင်ရန် ကြိုးစားနေသည်။လူတစ်ယောက်သည် ကျောင်းအုပ်ကြီးပင်လျှင် အတည်ပြုနိုင်ခြင်းမရှိသည်အထိ သိုသိုသိပ်သိပ်နေနိုင်ခြင်းနှင့်ပတ်သက်ပြီး သူမ အလွန်သိချင်နေသည်။
ကျန်းရွှမ်သည်လည်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။
ဤအချိန်တွင် စင်မြင့်ပေါ်၌ နဂါးကိုးကောင်တိုင်လုံးများကို ပြန်လည်၍တည်ဆောက်ထားသည်။ထိုတိုင်လုံးများသည် ကြီးကျယ်ခမ်းနားပြီး တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်လုမတတ် အလွန်မြင့်မားသည်။မြို့အရှင်ယုနှင့်တခြားလူများသည် စင်မြင့်ထံသို့မရောက်သေးမီမှာပင် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုး အကြီးအကဲယန်ချင်ရှု ဝူလျှူယွင်နှင့်တခြားအကြီးအကဲအမြောက်အများက သူတို့အား လာရောက်ဆီးကြိုနှုတ်ဆက်သည်။
"မြို့အရှင်...."
"အင်း...."
ယုလုံချင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"ငါ ဒီနေရာကိုလာတာက မင်းတို့အားလုံးသဘောကျနေတဲ့ ပါရမီရှင်က ဘယ်သူလဲဆိုတာ သိချင်လို့ပဲ...ဒါနဲ့ ကျောင်းအုပ်ကြီးလုက ဘယ်မှာလဲ...သူ ဘာလို့ ဒီနေရာမှာ မရှိတာလဲ"
"သူက စောင့်ကြည့်စင်မြင့်ပေါ်မှာရှိနေတယ်"
ဝူယွင်ကျိုးသည် လက်ညှိုးညွှန်ပြလိုက်၏။
"ငါက အဲ့ဒီနေရာဆီ မြို့အရှင်ကို ခေါ်သွားပေးမယ်"
ယုလုံချင်းသည် ထိုနေရာသို့ကြည့်လိုက်ရာ ခုံတန်းရှည်တစ်ခုပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသော လုမင်ရုံကို မြင်တွေ့မိသည်။လုမင်ရုံ၏မျက်လုံးအကြည့်သည် မြင်ကွင်းအတွင်းသို့ဝင်လာသမျှ ကျောင်းသားများထံ ကျရောက်နေပြီး ဂရုတစိုက်စစ်ဆေးနေကာ တစ်စုံတစ်ယောက် လွတ်သွားမည်ကို စိုးရိမ်ထိတ်လန့်နေသည်။
ကြည့်ရသည်မှာ သူသည် သူ၏ပစ်မှတ်ကိုကြိုတင်၍ သတ်မှတ်ထားလိုပုံပင်။
"မလိုဘူး...မင်းတို့က ကျောင်းသားတွေရဲ့ကိစ္စကိုကိုင်တွယ်ဖြေရှင်းပြီးတော့ အကဲဖြတ်စစ်ဆေးမှုကို မြန်မြန်ကျင်းပကြတော့...ငါ အဲ့ဒီနေရာကို သွားလိုက်မယ်"
ယုလုံချင်းက သူ၏လက်ကို ဝှေ့ယမ်းပြီးနောက်သူ၏သမီးကိုညွှန်ကြားကာ စောင့်ကြည့်စင်မြင့်ထံသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
"မြို့အရှင်..."
သူ၏ရောက်ရှိလာမှုကိုကြည့်ပြီး လုမင်ရုန်သည်လည်း အနည်းငယ်အံ့အားသင့်သွားသည်။သူ မတ်တတ်ထမရပ်နိုင်သေးမီမှာပင် ယုလုံချင်းက သူ၏ပခုံးကို ဖိလိုက်သည်။
"ငါက အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခဲ့ပေမယ့် မင်းက ဒီလောက်ထိယဉ်ကျေးပြီးတော့ ငါ့ကို မတ်တတ်ထပြီး နှုတ်ဆက်ဖို့အထိ မလိုပါဘူး"
"..."
လုမင်ရုန်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
'ငါက မင်းကို မတ်တတ်ထရပ်ပြီးတော့ 'မင်္ဂလာပါ'လို့ နှုတ်ဆက်မလို့လေ...ပြီးတော့ တကယ်လို့မင်းသာ ထုတ်မပြောရင် မင်း အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် လုပ်နိုင်ခဲ့တယ်ဆိုတာကို ငါ သိမှာတောင် မဟုတ်ဘူး"
လုမင်ရုန်၏အံ့အားသင့်သွားသောအမူအယာကိုကြည့်ပြီး ယုလုံချင်းသည် အလွန်စိတ်ကျေနပ်သွားပေ၏။
"အင်း ...ငါလာတာကမင်းတို့စိတ်ဝင်စားနေတဲ့လူရဲ့အကြောင်းကို မေးချင်လို့ပဲ...သူက ဘယ်လိုလူမျိုးမလို့ မင်းကို မြို့အရှင်အိမ်တော်ကနေ ပူးပေါင်းဖို့အတွက် အကူအညီတောင်းတဲ့အထိ ဖြစ်စေခဲ့တာလဲ...ငါက အဲ့ဒီကိစ္စကို လက်ထောက်ကျောင်းအုပ်ဝူဆီကနေ ကြားတဲ့အချိန်မှာ မြို့ရဲ့ထွက်ပေါက်တွေအားလုံးကိုပိတ်ဖို့ ငါ့ရဲ့လူတွေကို စေလွှတ်လိုက်တယ်..ငါ မင်းကို အာမခံတယ်....မနေ့က အကဲဖြတ်စစ်ဆေးမှုကိုရောက်လာတဲ့ ကျောင်းသားတွေ မိသားစုဝင်တွေထဲက တစ်ယောက်မှ မြို့ပြင်ကို ထွက်သွားနိုင်မှာမဟုတ်ဘူး"
"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်"
ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုကို ဖုံးကွယ်ထားရန်ခက်ခဲကြောင်း သိရှိသဖြင့် လုမင်ရုန်သည် အချိန်တခဏကြာခန့် တွေဝေစဉ်းစားနေပြီးနောက် ပြောဆိုလိုက်သည်။
"ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုအဆင့်အရဆိုရင် အဲ့ဒီပါရမီရှင်က စတုတ္ထအဆင့် ဒါမှမဟုတ် အဲ့ဒီထက်ပိုမြင့်တဲ့အဆင့်မှာ ရှိနေနိုင်တယ်...သူ့ရဲ့အဆင့်အတိအကျကို တိုင်းတာလို့မရသေးဘူး...အကြောင်းကတော့ ကံကြမ္မာချပ်ပြားချို့ယွင်းသွားတာကြောင့်ပဲ"
လုမင်ရုံသည် အတိအကျအခြေအနေကို ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ပထမအဆင့်ဖြစ်စေ သူတော်စင်အဆင့်ဖြစ်စေ စတုတ္ထအဆင့်၏အထက်တွင်ရှိသဖြင့် သူ လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။
"ငါ သိပြီ"
ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။
ထို့ပါရမီရှင်သည် သူ့ထက်ပင် ပါရမီကောင်းမွန်မည်ဟု သူ သံသယဝင်မိသည်။ထိုသို့မဟုတ်ပါက ဤကဲ့သို့ အုတ်အော်သောင်းနင်းနိုင်သောကိစ္စတစ်ခု ဖြစ်ပေါ်လာမည် မဟုတ်ချေ။
ထိုအကြောင်းကိုတွေးတောရင်း သူသည် အမှုမဲ့အမှတ်မဲ့ဖြင့် ကျန်းရွှမ်ထံသို့ ကြည့်လိုက်သည်။
အကယ်၍ ဤကောင်လေးသာ ဖြစ်ပါက....ဖြစ်နိုင်သည်မှာ သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းသုံးဆယ့်နှစ်တန်းကို စုပ်ယူပြီးနောက် သူ၏နေရာတွင် စွမ်းအင်တန်းနှစ်ထောင်ကျော်ကို ထပ်မံ၍စုပ်ယူခဲ့သလော...
ဤကဲ့သို့ မဖြစ်နိုင်ချေ။
သို့ရာတွင် ကျန်းရွှမ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အကယ်၍ သူသည် စွမ်းအင်များကို ဆက်လက်၍ စုပ်ယူပါက သူ့ကိုယ်သူထုတ်ဖော်မိမည်မှာ သေချာပေါက်ပင်။
ကျောင်းသားများ ပို၍စုဝေးလာသည်နှင့်အမျှ အကဲဖြတ်စစ်ဆေးမှုပြုလုပ်ရန် အချိန်ကျလာလေပြီ။လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးသည် စင်မြင့်ပေါ်မှနေ၍ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"အခုနာမည်ခေါ်ခံရတဲ့လူတွေအားလုံး ကျေးဇူးပြုပြီးတော့ စင်ပေါ်တက်လာပါ"
ယမန်နေ့ကအတိုင်း နာမည်ပေါင်းသုံးထောင်ကျော်ကို ခေါ်လေသည်။
ယမန်နေ့က စင်မြင့်ပေါ်တွင်ရှိနေသူများ၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးသည် ဤတစ်ကြိမ်တွင် စင်မြင့်ပေါ်သို့ ခေါ်ယူခြင်းမခံရချေ။ထိုအစား ယမန်နေ့က စင်မြင့်အောက်၌ရှိနေသူများအား ခေါ်ယူခြင်းခံရသဖြင့် တခြားလူများအားလုံးအံ့အားသင့်ကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။
"မင်းတို့အားလုံး စိတ်အေးအေးထားပါ...ကျောင်းတော်က ဒီတစ်ကြိမ်မှာ ကံကြမ္မာချပ်ပြားသုံးပြား ပြင်ဆင်ထားတယ်...ဒါကြောင့် ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ လုံလောက်နေမှာပါ...ဒါက အကဲဖြတ်မှုတစ်ခုဖြစ်တာကြောင့် မနေ့က စင်ပေါ်တက်ခွင့်မရတဲ့လူတွေကို နေရာပေးတာပါ"
ဝူယွင်ကျိုး၏ရှင်းပြချက်ကြောင့် လူအုပ်ကြီးသည် စိတ်အေးသွားပေ၏။
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် ထိုကျောင်းသားရှစ်ဆယ်ရာခိုင်နှုန်းအကြားတွင် မပါဝင်ဘဲ စင်မြင့်ပေါ်၌ရှိနေသည်။သူမတို့၏ နာမည်ဂုဏ်သတင်းနှင့်အဆင့်အတန်းအရ ဤကဲ့သို့ အထူးသီးသန့်ဆက်ဆံခြင်းမျိုး ခံယူရရန် ထိုက်တန်သည်။
ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ရင်း ယုလုံချင်း၏မျက်လုံးအကြည့်သည် ကျန်းရွှမ်ထံသို့ ကျရောက်သွားပေ၏။
ကျန်းရွှမ်သည် အစေခံတစ်ယောက်မဟုတ်တော့သော်လည်း ကျောင်းသားသစ်တစ်ယောက်လည်း မဟုတ်ချေ။ထိုကြောင့် သူသည် စင်မြင့်ပေါ်သို့တက်ရန် အရည်အချင်းမပြည့်မီသဖြင့် နဂါးကိုးကောင်တိုင်လုံးများ၏မြောက်ဘက်တွင် ထိုင်နေသည်။
ယုလုံချင်းက ကျန်းရွှမ် စင်မြင့်ထက်သို့တက်နိုင်ရန်အတွက် တောင်းဆိုမှုတစ်ခုပြုလုပ်ရန် တွေးတောလိုက်သည်။သို့ရာတွင် သူ ချီတုံချတုံဖြစ်နေပြီးနောက် ထိုအတွေးကို ပယ်ဖျက်လိုက်၏။
ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင်ကျော်ကို စုပ်ယူနိုင်သူဖြစ်နိုင်ကြောင်း သိရှိသူမှာ သူတစ်ယောက်တည်းသာ ရှိသည်။အကယ်၍ သူသည် ကျန်းရွှမ်ကို အထူးသီးသန့်ဆက်ဆံလိုက်ပါက သတိကြီးသောလူငယ်သည် ထပ်မံ၍သိုသိုသိပ်သိပ်နေရန် ရွေးချယ်ပါက သူ အတည်ပြုနိုင်တော့မည်မဟုတ်ချေ။
ယခင်တစ်ကြိမ်တွင် အစေခံတစ်ယောက်အနေဖြင့် သူသည် စင်မြင့်ပေါ်သို့ မသွားနိုင်ခဲ့သော်လည်း ပေါ်လွင်ထင်ရှားလာခဲ့သည်။ဤတစ်ကြိမ်တွင်လည်း သူ ထိုကဲ့သို့ လုပ်ဆောင်နိုင်ပေမည်။
ထိုအတွေးကြောင့် ယုလုံချင်းသည် တိတ်တဆိတ်စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်၏။
"အကဲဖြတ်စစ်ဆေးမှု စတင်ပြီ"
ဝူယွင်ကျိုး၏ကျယ်လောင်သောထုတ်ပြန်ကြော်ညာသံနှင့်အတူ နဂါးကိုးကောင်ဝင်္ကပါ အသက်ဝင်လာပြီး ကံကြမ္မာချပ်ပြားမှ နူးညံ့ညင်သာသောအလင်းတန်းများ ဖြာထွက်လာကာ စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရုတ်ချည်းဆိုသလိုပင် သန့်စင်ထားသောကောင်းကင်ကံကြမ္မာစွမ်းအင်တန်း အမြောက်အများဆင်းသက်လာကာ စင်မြင့်ထံဦးတည်၍ မျောလွင့်သွားသည်။
"ဒီနေရာမှာ ရှိနေတာပဲ..."
ယုရှောင်ယွီ၏မျက်လုံးများ တောက်ပသွားသည်။သူမသည် သူမ၏မျက်လုံးကို အလျင်အမြန်စုံမှိတ်ကာ စွမ်းအင်များစုပ်ယူနိုင်ရန် အရူးအမူးကြိုးပမ်းလိုက်သည်။
တခြားကျောင်းသားသစ်များသည်လည်း တွေဝေတုံ့ဆိုင်းမနေဝံ့ချေ။စင်မြင့်၏အောက်၌ရှိနေသော လူအုပ်ကြီးပင်လျှင် သူတို့၏ရင်းမြစ်ရေအိုင်များကို တည်ငြိမ်အောင်လုပ်ရန်အတွက် ထိုစွမ်းအင်ကို အကောင်းဆုံးအာရုံခံနိုင်ရန် ကြိုးစားနေကြ၏။
ကျန်းရွှမ်သည် ထိုစွမ်းအင်များကို အလျင်စလိုစုပ်ယူခြင်းမရှိချေ။ထိုအစား သူသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။
လူများအားလုံးသည် သူတို့၏မျက်လုံးများကို စုံမှိတ်ကာ ကျင့်ကြံနေသည်အား အတည်ပြုပြီးနောက် သူ၏စိတ်ကို အာရုံစူးစိုက်ကာ စင်မြင့်ပေါ်မှ ပြန့်ကျဲလာသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စတင်၍ 'ဖမ်းဆုပ်'လိုက်သည်။
သူသည် ထိုစွမ်းအင်များကို သတိကြီးစွာထား၍ ဖမ်းဆုပ်နေကာ တစ်ကြိမ်တည်းဖြင့် အမြောက်အများ စုပ်ယူဝံ့ခြင်းမရှိချေ။သူသည် နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ထိတ်လန့်မိပေ၏။
ဝှစ်...ဝှစ်...ဝှစ်....
သူ စုပ်ယူနေသည်နှင့်အမျှ ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းများ ရွှမ်ကမ္ဘာအတွင်းသို့ စီးဆင်းသွားသည်
စွမ်းအင်များဝင်ရောက်လာပြီးနောက် ရင်းမြစ်ရေအိုင်ပြုစုပျိုးထောင်ခြင်းနည်းစနစ်ကို အသက်သွင်းကာ မိုးကောင်းကင်ကို ထောက်ပံ့ပေးသော ဧရာမတိုင်လုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။ထိုအရာများသည် အဆုံးသတ်ကို မမြင်နိုင်သည်အထိ အလွန်မြင့်မားပေ၏။
မူလက ကျဉ်းမြောင်းသော ရွှမ်ကမ္ဘာသည် ထိုတိုင်လုံးများ ထွက်ပေါ်လာခြင်းနှင့်အတူ ချက်ချင်းကြီးမားကျယ်ပြန့်ကာ မြင့်မားလာသည်။
ရင်းမြစ်ရေအိုင်သည် အသစ်တူးထားသော ဥမင်လိုဏ်ခေါင်းတစ်ခုနှင့် တူညီနေပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်သည် အထောက်အပံ့တိုင်များတာဝန်ကို ထမ်းဆောင်နေကာ လေဟာနယ်ကို ကျယ်ပြန့်စေပြီး ပြိုလဲခြင်းမရှိနိုင်တော့ကြောင်း သေချာသွားစေသည်။
"ဒါက တကယ်ကို အလုပ်ဖြစ်တယ်"
ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို ရွှမ်ကမ္ဘာအတွင်းရှိ အသစ်မွေးဖွားလာသော လေဟာနယ်အတွင်းသို့ စုပ်ယူနိုင်သည်ကိုကြည့်ပြီး ကျန်းရွှမ်သည် စိတ်လှုပ်ရှားမှုကို ခံစားမိလေ၏။
ဤကဲ့သို့ ကြီးမားသော လေဟာနယ်တစ်ခုကြောင့် သူ့ထံတွင် ရင်းမြစ်ရေအိုင်မရှိလျှင်ပင် ပြဿနာမရှိချေ။သူ ထိန်းသိမ်းထားနိုင်သော စွမ်းအင်ပမာဏသည် တခြားမည်သည့်ကျင့်ကြံသူထက်မဆို သာလွန်သည်။
ကျန်းရွှမ်သည် သတိကြီးစွာထား၍ စွမ်းအင်တန်းရှစ်တန်းကို စုပ်ယူပြီးနောက် ရပ်တန့်လိုက်သည်။
ရွှမ်ကမ္ဘာ၏အခြေအနေအရ အကဲဖြတ်ကြည့်ပါက ကမ္ဘာအား အပြည့်အဝတည်ငြိမ်စေရန် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်သောင်းကျော် လိုအပ်သည်။သူ သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းထားပါက ဤကိစ္စကို အောင်မြင်ပြီးမြှောက်နိုင်ရန် ခက်ခဲပေမည်။
ကျန်းရွှမ် ရပ်တန့်လိုက်သောအချိန်တွင် နဂါးကိုးကောင်တိုင်လုံးပေါ်၌ စာကြောင်းတစ်ကြောင်း မှိတ်တုတ်မှိတ်တုတ်ဖြစ်လာကာ အချိန်မရွေး ထွက်ပေါ်လာတော့မည့်အလားပင်။
အမည်... မိုယန်ရွှယ်
"အိုး...ယန်ရွှယ်က ဒီတစ်ကြိမ်မှာ စွမ်းအင်ကိုစုပ်ယူနိုင်တော့မယ့် ပထမဆုံးလူလား"
လုမင်ရုံနှင့်ယုလုံချင်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။သူတို့သည် စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် မြောက်ဘက်ရှိတိုင်လုံးမှ ရုတ်တရက် တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။ဤစာကြောင်းသည် နောက်မှထွက်ပေါ်လာခြင်းဖြစ်သော်လည်း တခြားလူများထက်သာလွန်ကာ တိုင်လုံးပေါ်၌ ခတ်နှိပ်ထားသည့်အလားပင်။
အမည်...မှတ်တမ်းမရှိ
သန့်စင်ခြင်း...စွမ်းအင်တန်းရှစ်တန်း