အဖြူရောင်ကျောက်တုံးကျောင်းတော်သို့ ပြန်ရောက်ခြင်း
Vol. 3 Ch. 35
ရင်းမြစ်ရေအိုင်၏ရည်ရွယ်ချက်မှာ ရင်းမြစ်စွမ်းအင်များကို စုပ်ယူပြီးသန့်စင်ကာ ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုနိုင်ရန်ပင်။
ကျန်းရွှမ်၏ကမ္ဘာသစ်သည် ရင်းမြစ်စွမ်းအင်များကိုသန့်စင်ပြီး ဖန်တီးခြင်းကိုပြုလုပ်ကာ ကောင်းကင်တာအိုလမ်းကြောင်းများနှင့်သက်ရှိများကို မွေးထုတ်ပေးနိုင်သည်။
တစ်ဖက်တွင် ရင်းမြစ်ရေအိုင်သည် လူတစ်ယောက်၏ခန္ဓာကိုယ်အတွင်း၌ရှိပြီး တခြားတစ်ဖက်တွင် ကမ္ဘာလောကတစ်ခုပင်။
ဤအရာနှစ်ခုတွင် ကွဲပြားခြားနားချက်ရှိနေသော်လည်း တူညီသောလုပ်ဆောင်ချက်မှာ ရင်းမြစ်စွမ်းအင်ကို အသုံးပြုနိုင်ခြင်းပင်။
ကောင်းကင်လမ်းကြောင်း ရင်းမြစ်ရေအိုင်နည်းစနစ်မှနေ၍ သူ၏ရင်းမြစ်ရေအိုင်တည်နေရာကို ရှာမတွေ့သောကြောင့် အကယ်၍ သူသည် ကမ္ဘာသစ်ကို ရင်းမြစ်ရေအိုင်အဖြစ်အသုံးပြုပါက မည်သို့ ဖြစ်လာမည်နည်း...
ဤကိစ္စတွင် တူညီသောအကျိုးသက်ရောက်မှု ရှိလာနိုင်သလော....
ဤသည်မှာ ဖြစ်နိုင်ချေရှိပေ၏။
ထိုအကြောင်းကိုတွေးတောပြီးနောက် ကျန်းရွှမ်သည် တုံ့ဆိုင်းမနေတော့ချေ။အတွေးတစ်ချက်နှင့်အတူ သူသည် တိတ်ဆိတ်ငြိမ်သက်သောအခန်းအတွင်းသို့ ပြန်ရောက်သွားပြီး မလှမ်းမကမ်းအကွာရှိ ကြေးနီမီးတိုင်ထံသို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။
ဘုန်း...
တစ်ချိန်တည်းမှာပင် ကမ္ဘာသစ်အတွင်းရှိ အသစ်ဖွဲ့စည်းထားသော တောင်တစ်လုံး ပြိုလဲသွားကာ ရင်းမြစ်စွမ်းအင်များအဖြစ်သို့ ပြန်လည်၍ပြောင်းလဲသွားပြီး သူ၏လက်ဝါးအတွင်း၌ ပေါင်းစည်းသွားသည်။
ဝှစ်....
ထို့နောက် ကြေးနီမီးတိုင်သည် သူ၏လက်အတွင်းသို့ ရောက်ရှိလာကာ ထိုအရာပေါ်၌ သိသာထင်ရှားသော လက်ငါးချောင်းရာအမှတ်အသားကြီး စွဲထင်ကျန်ရစ်ပေ၏။
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်ဖြင့် ပြုလုပ်ထားသော တောင်တန်းနှင့်မြစ်ချောင်းများကို လောင်ကျွမ်းကာ ယခင်ကဲ့သို့ အသုံးပြုနိုင်ခြင်းရှိမရှိ သိနိုင်ရန် စစ်ဆေးခဲ့သည်။ယခုအချိန်၌ ဤကိစ္စသည် အမှန်တကယ်အလုပ်ဖြစ်ပုံရသည်။
ဤကိစ္စ၏ဆိုလိုရင်းမှာ...ကမ္ဘာသစ်တစ်ခုလုံးကို သူ၏ရင်းမြစ်ရေအိုင်အဖြစ် အသုံးပြုနိုင်ခြင်းပင်။
"ဒီလိုဆိုမှတော့...ငါက တကယ့်ကို ချမ်းသာကြွယ်ဝသွားပြီ"
တခြားလူများသည် စွမ်းအင်တန်းအနည်းငယ်ကိုသာ ထိန်းသိမ်းနိုင်ကာ ပထမအဆင့်ပါရမီရှင်ဟု ခေါ်ဆိုခံရသူပင်လျှင် စွမ်းအင်တန်းနှစ်ရာငါးဆယ့်ခြောက်တန်းကိုသာ စုပ်ယူနိုင်သော်လည်းသူကမူ...။
ကမ္ဘာသစ်ထံသို့ပြန်သွားကာ သူသည် ကြီးမားကျယ်ပြန့်သောနယ်မြေကို ကြည့်လိုက်၏။ထို့နောက် ကျန်းရွှမ်က သူ၏လက်သီးကို ဆုပ်လိုက်သည်။ဤကြီးမားကျယ်ပြန့်သောကမ္ဘာလောကသည် အကန့်အသတ်မရှိသော ရင်းမြစ်စွမ်းအင်များကို ထောက်ပံ့ပေးနိုင်ပုံရသည်။
သို့ရာတွင် အကယ်၍ သူသည် စွမ်းအင်များကို အဆက်မပြတ်စုပ်ယူပါက ရှုပ်ထွေးသောကိစ္စများ ဖြစ်ပေါ်လာကာ ရင်းမြစ်ကမ္ဘာရှိသက်ရှိများသည် ဤကိစ္စကို သည်းခံနိုင်မည်မဟုတ်ချေ။ထို့ကြောင့် သူ အဖြေတစ်ခုကို ရှာဖွေရပေမည်။
ကျန်းရွှမ်သည် အသက်ပြင်းပြင်းတချက်ရှိုက်ပြီး သူ၏လက်နှစ်ဖက်ကိုမြှောက်ကာ တိုးညှင်းစွာရေရွတ်လိုက်၏။
"ပွင့်စမ်း...."
ရုတ်ချည်းဆိုသလိုပင် ကြည်လင်သောစွမ်းအင်များမြင့်တက်လာကာ ညို့မှိုင်းသောစွမ်းအင်များ ကြုံဝင်သွားပြီး လှောင်ပိတ်ခံထားရသောကမ္ဘာ၏အထက်မှအလွှာ ကွာကျသွားသည်။ သူ၏ရှေ့တွင် ပို၍တည်ငြိမ်သော ကမ္ဘာတစ်ခု ထွက်ပေါ်လာပေ၏။
ဤသည်မှာ နတ်ဘုရား အင်မော်တယ်နှင့် လူသားနယ်ပယ်တို့ကို ပိုင်းခြားသည့် ဖန်တီးခြင်းနည်းစနစ်ပင်။
ကမ္ဘာသစ်တစ်ခုလုံးသည် ရင်းမြစ်စွမ်းအင်များကို အရူးအမူးစုပ်ယူပါက ဘဝနေထိုင်မှုပုံစံများကို သက်ရောက်သွားစေနိုင်သည်။ထို့ကြောင့် သူသည် ရင်းမြစ်စွမ်းအားများကို သန့်စင်နိုင်သည့် ရင်းမြစ်ရေအိုင်အဖြစ်အသုံးပြုရန် မည်သည့်သက်ရှိမျှမရှိသော နတ်ဘုရားနယ်မြေတစ်ခုကို ဖန်တီးရန် လိုအပ်သည်။
ကမ္ဘာသစ်သည် ကြီးမားကျယ်ပြန့်လာကာ မြေဆီလွှာအတွင်း၌ စိုက်ပျိုးထားသော သစ်စေ့တစ်စေ့အလား ဖရိုဖရဲစွမ်းအင်များဖြင့် ပြည့်နှက်နေသည်ကို သူ ကြည့်လိုက်သည်။ဤအရာသည် သေးငယ်သော်လည်း အလားအလာများဖြင့် ပြည့်နှက်နေသဖြင့် ကျန်းရွှမ်သည် စိတ်လှုပ်ရှားမှုကို ခံစားမိလေ၏။
ဤအသစ်ဖန်တီးလိုက်သော 'ရင်းမြစ်ရေအိုင်ကမ္ဘာ'သည် ကမ္ဘာသစ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက မသိသာမထင်ရှားချေ။သို့ရာတွင် သူသည်ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူပြီးသန့်စင်ကာ ရင်းမြစ်စစ်သည်တော်အဆင့်သို့ တရားဝင်ရောက်ရှိသည်နှင့် သူ၏ခွန်အားကို မြှင့်တင်နိုင်ပေမည်။
"ဒီအသစ်ဖန်တီးလိုက်တဲ့နေရာကို 'ရွှမ်ကမ္ဘာ'လို့ ခေါ်မယ်'
အတွေးတစ်ချက်နှင့်အတူ ကျန်းရွှမ်က နာမည်ပေးလိုက်သည်။
"ရွှမ်ကမ္ဘာနဲ့ဆိုရင် ငါက ချောချောမွေ့မွေ့ကျင့်ကြံနိုင်ပြီးတော့ အချိန်ကျလာရင် သူတို့ကို ခေါ်နိုင်လိမ့်မယ်"
'သူတို့'ဟု သူ ရည်ညွှန်းသောလူများသည် သူ၏ဇနီးသည်နယ်လင်ရှီးနှင့် သူ၏တပည့်များဖြစ်သော ကျောက်ရ ကျန်းယန်နှင့်တခြားလူများပင်။
သူသည် ထွက်ခွာမလာမီအချိန်၌ ရင်းမြစ်ကမ္ဘာတွင် မည်ကဲ့သို့အခြေအနေနှင့်အန္တရာယ်များကို ကြုံတွေ့ရမည့်အား မသိသဖြင့် သူတို့ စိုးရိမ်ပူပန်ခြင်းမှ ရှောင်လွှဲနိုင်ရန် သူတို့အား မပြောခဲ့ချေ။ ယခုအချိန်၌ သူသည် ကိစ္စတချို့ကို အတည်ပြုနိုင်ပြီဖြစ်သောကြောင့် သူတို့အား ဤနေရာသို့ခေါ်ဆောင်နိုင်သော နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။
ထို့ပြင် သူ ယခင်က ဖြတ်သန်းလာသကဲ့သို့အန္တရာယ်များသောလမ်းကြောင်းမှ သူတို့အား ခေါ်ဆောင်ရန် မလိုအပ်ချေ။သူသည် သူတို့အားကမ္ဘာသစ်အတွင်းသို့ ဆင့်ခေါ်လိုက်သည်နှင့် ဤနေရာသို့ရောက်အောင် ခေါ်ဆောင်နိုင်သည့်စွမ်းရည်မျိုး သူ့ထံတွင် ရှိသည်။
သို့ရာတွင် ဤသည်မှာ ပဏာမစိတ်ကူးတစ်ခုသက်သက်ပင်။ဤနေရာတွင် သူ ခိုင်မာသောအခြေခံအုတ်မြစ်တစ်ခုရချိန်အထိ စောင့်ဆိုင်းရပေမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်၌ သူ့ကိုယ်သူပင် ထောက်ပံ့နိုင်ခြင်းမရှိချေ။မှီခိုသူအမြောက်အများကို ခေါ်ဆောင်လိုက်ပါက သူ့ကိုယ်သူရောင်းချရန် ဖိအားပေးသကဲ့သို့ ဖြစ်သွားပေမည်။
တိတ်ဆိတ်ငြိမ်သက်သော အခန်းအတွင်းသို့ပြန်ရောက်ချိန်၌ သူသည် ဤစမ်းသပ်ချက်များကို တစ်ညလုံးလုပ်ဆောင်ခဲ့ကြောင်း နားလည်သဘောပေါက်သွားသည်။ဤသည်မှာ ကျောင်းတော်၏ဒုတိယအကြိမ် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု ကျင်းပမည့် နံနက်ခင်းအချိန်သို့ ရောက်နေလေပြီ။
ရင်းမြစ်ရေအိုင်တည်ငြိမ်စေရန်အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်များ လိုအပ်ကြောင်း သူ သိရှိထားသည်။ထို့ကြောင့် ကျောင်းတော်၏အကဲဖြတ်စစ်ဆေးမှုသည် အကောင်းဆုံးအခွင့်အရေးဖြစ်သဖြင့် ကျန်းရွှမ်သည် တုံ့ဆိုင်းမနေဘဲ ထွက်ခွာခဲ့တော့သည်။
ယခင်က မိုယန်ရွှယ်၏မြင်းထိန်းတစ်ယောက်ဖြစ်သဖြင့် သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်အတွင်းသို့ ချောချောမွေ့မွေ့ဝင်ရောက်ကာ အကဲဖြတ်စစ်ဆေးမှု၌ ပါဝင်ဆင်နွှဲနိုင်ခဲ့သည်။ဤတစ်ကြိမ်တွင် သူသည် မည်သည့်အဆင့်အတန်းကို အသုံးပြုရမည်နည်း။
"အရင်ဆုံး ငါ သွားပြီး စစ်ဆေးကြည့်တာပေါ့...တကယ်လို့ အဆင်မပြေဘူးဆိုရင် ခိုးဝင်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာရမယ်"
ကျန်းရွှမ်သည် ပို၍ကောင်းသောအစီအစဉ်ကို တွေးတောနိုင်ခြင်းမရှိသဖြင့် တစ်ဆင့်ပြီးတစ်ဆင့်လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်၏
သူသည် အခန်းအတွင်းမှထွက်ခွာကာ အဖြူရောင်ကျောင်းတော်သို့ သွားနေစဉ်၌ တစ်ညလုံးကျင့်ကြံနေခဲ့သော ယုရှောင်ယွီနှင့်မိုယန်ရွှယ်တို့သည်လည်း သူမတို့၏မျက်လုံးများကို တပြိုင်နက်တည်းဖွင့်လိုက်ကြ၏။
"နင် ဘယ်လိုအခြေအနေရှိလဲ"
ယုရှောင်ယွီက အလျင်စလိုမေးမြန်းကာ စိတ်လှုပ်ရှားမှုများပြည့်နှက်နေသော တောက်ပသည့်မျက်လုံးတစ်စုံဖြင့် သူမ၏သူငယ်ချင်းကို ကြည့်လိုက်သည်။
"ငါက ငါ့ရဲ့ခန္ဓာကိုယ်ကို ထိန်းညှိဖို့အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းရှစ်တန်းကို စုပ်ယူခဲ့တယ်....တကယ်လို့ ငါက အခုချိန်မှ အကဲဖြတ်စစ်ဆေးမှုကို ခံယူရမယ်ဆိုရင် ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူတဲ့ ငါ့ရဲ့အရှိန်နှုန်းက မနေ့ကထက် နှစ်ဆတိုးသွားမှာ သေချာတယ်"
မိုယန်ရွှယ်က အပြုံးနှင့်တုံပြန်သည်။
ဤအကဲဖြတ်မှုတွင် ကောင်းကင်ကံကြမ္မစွမ်းအင်များကို ရင်းမြစ်ရေအိုင်အတွင်းသို့စုပ်ယူကာ ထိုအရာကို ချဲ့ထွင်ပြီးတည်ငြိမ်စေရန်ပါဝင်သည်။ဤရလဒ်အပေါ် သက်ရောက်မည်ကို ကြောက်ရွံသဖြင့် သူမတို့သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို သူမတို့၏ခန္ဓာကိုယ် ထိန်းညှိရန်အတွက်သာ အသုံးပြုခဲ့သည်။မိုယန်ရွှယ်သည် တစ်ညတည်းဖြင့် စွမ်းအင်တန်းရှစ်တန်းကို စုပ်ယူနိုင်ခဲ့ခြင်းမှာ အထင်ကြီးဖွယ်ကောင်းသောလုပ်ဆောင်ချက် ဖြစ်ပေ၏။
"ငါက စွမ်းအင်တန်းခုနစ်တန်းကိုပဲ စုပ်ယူနိုင်ခဲ့တယ်"
ယုရှောင်ယွီက နှုတ်ခမ်းစူလိုက်သော်လည်း အလျင်အမြန် တိုက်တွန်းစကားပြောဆိုသည်။
"အကဲဖြတ်မှုက စတော့မယ်...ငါတို့လေ့ကျင့်ထားတာနဲ့ဆိုရင် ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူတဲ့ ငါတို့ရဲ့အရှိန်နှုန်းက တခြားလူတွေထက်သာမှာ သေချာတယ်...ငါတို့က ထင်ရှားပေါ်လွင်ပြီးတော့ ကျောင်းအုပ်ကြီးက ငါတို့ကို အထင်ကြီးသွားမှာ သေချာတယ်"
မိုယန်ရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ကျောင်းအုပ်ကြီးရွေးချယ်ထားသော ကျောင်းသားထံတွင် မည်သည့်ပါရမီအရည်အချင်းမျိုး ရှိနေသည်အား သူမ မသိရှိချေ။သို့ရာတွင် တစ်ညတာ ပြင်းပြင်းထန်ထန်ကြိုးစားပြီးနောက် ကောင်းကင်ကံကြမ္မာစွမ်းအင်များအပေါ် သူမ၏ထိန်းချုပ်နိုင်မှုတိုးတက်လာခဲ့သည်။ထိုကြောင့် သူမသည် ဤတစ်ကြိမ်အကဲဖြတ်စစ်ဆေးမှုတွင် အတောက်ပဆုံးတစ်ယောက်ဖြစ်မည်ဟု သူမကိုယ်သူမ ယုံကြည်ပေ၏။
စာကြည့်တိုက်မှထွက်ခွာခဲ့ပြီးနောက် သူမတို့သည် ပြင်ပ၌စောင့်ဆိုင်းနေသော မြို့အရှင်ယုလုံချင်းကို တွေ့မြင်မိသည်။သူသည် သူမတို့နှစ်ယောက်ကိုမြင်တွေ့ချိန်၌ အပြုံးနှင့် ပြောဆိုလေ၏။
"ရထားလုံးက အဆင်သင့်ဖြစ်နေပြီ....မြန်မြန်သွားကြစို့....မဟုတ်ရင် ငါတို့ နောက်ကျနေလိမ့်မယ်"
ယုရှောင်ယွီ၏ဝတ်စုံမှ ခေါင်းလောင်းငယ်များ တချွင်ချွင်မြည်နေကာ သူမ၏သူငယ်ချင်းကိုခေါ်၍ ရထားလုံးအတွင်းသို့ ဝင်လိုက်သည်။သူမသည် ရထားလုံး၏လိုက်ကာကိုမပိတ်မီ အံ့အားတသင့်ဖြင့် နောက်သို့ပြန်ကြည့်လိုက်၏။
"အဖေ...အဖေကရော သမီးတို့နဲ့အတူ လိုက်မလို့လား"
ယုလုံချင်းသည် ယခုအချိန်၌ သန်မာထွားကျိုင်းသော မြင်းတစ်ကောင်ကို စီးထားသဖြင့် သူမတို့နှင့်အတူလိုက်ရန် ရည်ရွယ်ထားသည်မှာ သိသာထင်ရှားသည်။
ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၏ တပည့်သစ်ခေါ်ယူမှု လုပ်ငန်းစဉ်သာဖြစ်ပြီးထူးခြားသောကိစ္စတစ်ရပ် မဟုတ်ချေ။ သူမ၏ဖခင်သည် ဤကိစ္စအကြောင်းကို သာမန်အားဖြင့် မေးမြန်းစုံစမ်းခြင်းမပြုပေ။မည်သည်ကြောင့် သူသည် ယခုအချိန်၌ ရုတ်တရက်ကြီး စိတ်ဝင်စားသွားသနည်း။
"ငါက အားလပ်ချိန်နည်းနည်းရနေတာကြောင့် အဲ့ဒီနေရာကိုသွားပြီး တစ်ချက်ကြည့်ဖို့ စဉ်းစားမိတာပါ"
ယုလုံချင်းက ပြောဆိုသည်။
"ဘာလဲ....မင်းရဲ့လုပ်ဆောင်မှုတွေက ငါ ကြည့်ဖို့အတွက် အဆင်မပြေမှာကို မင်း စိုးရိမ်နေတာလား"
ယုရှောင်ယွီက နှာတစ်ချက်မှုတ်လိုက်သည်။
"ဘယ်လိုမှ မဖြစ်နိုင်ဘူး...သမီးက အဖေဂုဏ်ယူဝံ့ကြွားအောင်လုပ်နိုင်မှာ သေချာတယ်"
ရထားလုံးသည် ဖြည်းညှင်းစွာရွေ့လျားသွားပြီးနောက် မကြာမီမှာပင် ကျောင်းတော်တံခါးရှေ့သို့ ရောက်ရှိလာပေ၏။သူတို့သည်ကျောင်းတော်အတွင်းသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်ချိန်၌ တံခါးဝ၌ ကျန်းရွှမ်သည် ဆရာတစ်ယောက်၏တားဆီးခြင်းကို ခံနေရသည့်အား သူတို့ မြင်တွေ့မိသည်။
"ဒီအကဲဖြတ်မှုမှာပါဝင်တဲ့ ကျောင်းသားတွေရဲ့မိသားစုဝင်တွေကိုပဲ အထဲဝင်ခွင့်ပြုတယ်...တခြားလူတွေကို ဝင်ခွင့်မပြုဘူး"
ထိုဆရာသည် မျက်မှောင်ကြုတ်ပြီး သူ၏လက်ကို ပြတ်ပြတ်သားသားဝှေ့ယမ်းလိုက်၏။
"ငါက ဒီအကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ချင်လို့ပါ"
ကျန်းရွှင်ကမျက်မှောင်ကြုတ်ပြီး သူ၏အဆင့်အတန်းကို လီဆယ်ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် မြို့အရှင်၏အသံကို သူ ကြားလိုက်ရသည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ...သူက ကျန်းရွှမ်...သူက ငါတို့နဲ့အတူ လာခဲ့တာပါ"
ထိုဆရာသည် ယုလုံချင်းအားကြည့်ပြီးနောက် အလျင်အမြန်ဦးညွှတ်အရိုအသေပြုကာ မငြင်းဆန်ဝံ့တော့ချေ။
"ဟုတ်ကဲ့ပါ မြို့အရှင်"
"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်"
ဤအကူအညီကြောင့် ကျန်းရွှမ်သည် အံ့အားသင့်သွားကာ မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။သူသည် ယုလုံချင်းထံသို့ အလျင်အမြန်သွားပြီး ဦးညွှတ်အရိုအသေပြုကာ သူ၏စိတ်အတွင်း၌ သတိကြီးစွာထားလိုက်၏။
မြို့အရှင်သည် သူနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် သူ့အားနောက်ယောင်ခံလိုက်ရန် လူတစ်ယောက်စေလွှတ်ခဲ့သည့်အပြင် ယခုအချိန်၌ သူ့ကို ကျောင်းတော်အတွင်းသို့ ဝင်ခွင့်ပြုခဲ့သလော။
သို့ရာတွင် သူသည် အစဉ်အမြဲ သိုသိုသိပ်သိပ်နေထိုင်ခဲ့သည်။
မဟုတ်သေး....နောက်ပိုင်းတွင် သူ ပို၍သိုသိုသိပ်သိပ်နေရန် လိုအပ်ပေမည်။
ကျန်းရွှမ်ဆုံးဖြတ်ချက်ချနေစဉ်တွင် မလှမ်းမကမ်းအကွာ၌ရှိနေသော ယုလုံချင်းက ပြုံးလိုက်သည်။
'မင်း ဒီနေရာကိုရောက်လာမှတော့ နောက်ပိုင်းကျရင် ငါ မင်းရဲ့ဟန်ဆောင်မှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ မင်း စောင့်ကြည့်လိုက်စမ်း'