← Chapters

ကမ္ဘာသစ်

Vol. 3 Ch. 34

ကမ္ဘာသစ်

Vol. 3 Ch. 34

ဆောင်ကြာမြိုင်များသည် ရင်းမြစ်ကမ္ဘာအတွင်း၌ မြင်တွေ့နေကျနေရာများပင်။ထိုနေရာရှိမိန်းကလေးများ၌ ဖခင်ဖြစ်သူမှ လောင်းကစားလုပ်ခြင်း မိခင်ဖြစ်သူ နာမကျန်းဖြစ်ခြင်း အစ်ကိုဖြစ်သူကျောင်းတက်ရန်နှင့် သူမတို့အားဖျက်ဆီးခံရခြင်းစသည့် ဝမ်းနည်းဖွယ်ဇာတ်ကြောင်းများရှိသည်။

ထိုနေရာများ၌ သမာသမတ်ကျသောသူရဲကောင်းကြီးများ စုဝေးနေကာ ခက်ခဲသောအခြေအနေများကြားမှ မိန်းကလေးများကိုကယ်တင်ရန် ငွေများကို ရက်ရက်ရောရောပေးကမ်းလေ့ရှိသည်။

ယုလုံချင်းသည်လည်း ငယ်ရွယ်စဉ်၌ မိန်းကလေးများအပေါ် ညှာတာထောက်ထားတက်သောအကျင့်ရှိသဖြင့် ထိုမိန်းကလေးများအနက်မှ ဆင်းရဲမွဲတေဆုံးတစ်ယောက်ကို သူ့၏ကိုယ်လုပ်တော်အဖြစ် ကောက်ယူထားခဲ့သည်။

တွေးတောစရာတစ်ခုမှာ ဤလူငယ်လေးသည် ပို၍သန်မာအားကောင်းလာစေရန်အတွက် သူ၏အထောက်အထားပြဿနာကို နည်းလမ်းအမျိုးမျိုးအား အသုံးပြု၍ ဖြေရှင်းခဲ့သည်။ သို့ရာတွင် သူသည် ပြင်ပသို့ရောက်သွားသည်နှင့် ရက်ရက်ရောရောပေးကမ်းပြီး သူရဲကောင်းဆန်စွာ ပြုမူနေလေရာ ဤဆန့်ကျင်ဘက်ကိစ္စနှစ်ခုသည် အလွန်ကြီးမားပေ၏။

သူ အလွန်အရူးအမူးဖြစ်နေသလော...

သူသည် ရင်းမြစ်သားရဲများနှင့်ရင်းနှီးသောဆက်ဆံရေးရှိသည်မှာ ဤသည်ကြောင့် ဖြစ်သလော...

သူ့ထံတွင် ပြင်းထန်သော လိင်စိတ်တိမ်းညွတ်မှု ရှိနေသလော...

"အဲ့ဒီလို မဟုတ်ဘူး"

မြို့အရှင်၏ဇဝေဇဝါဖြစ်နေမှုကို ခန့်မှန်းမိသဖြင့် ဟူဟုန်မင်က ရှက်ကိုးရှက်ကန်းဖြင့် အလျင်အမြန်ရှင်းပြသည်။

"သူက ဆောင်ကြာမြိုင်ရဲ့အပြင်မှာ ပျောက်သွားခဲ့ပေမယ့် အထဲကို ဝင်မသွားခဲ့ဘူး...သူ ပျောက်သွားတာကို ငါ သိသိချင်း ဆောင်ကြာမြိုင်ထဲကိုဝင်ပြီးတော့ ပိုင်ရှင်ကိုရှာပြီး မေးခဲ့တယ်...ဒါပေမဲ့ ကျန်းရွှမ် ဝင်မလာခဲ့ဘူးလို့ သူက ပြောတယ်...သူက လေထဲမှာ အငွေ့ပြန်သလို ပျောက်သွားခဲ့တာပါ"

"ချက်ချင်းကြီး ပျောက်သွားတာလား...မင်းလို ကျင့်ကြံသူတယောက်ကတောင် ဒါကို သတိမပြုမိဘူးလား..."

မြို့အရှင်ယုက မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ သူသည် ယခင်က ဤကောင်လေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုလွဲချော်နေပြီဟု သံသယဝင်နေပါက ယခုအချိန်၌ သေချာလုနီးပါး ဖြစ်နေလေပြီ။

မည်သည့်ကျင့်ကြံဆင့်အခြေခံမျှမရှိဘဲ ကျန်းရွှမ်သည် ရင်းမြစ်ရေအိုင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံသူတစ်ယောက်၏ နောက်ယောင်ခံလိုက်မှုကို မျက်ခြေဖြတ်နိုင်ခဲ့သည်။သူကိုယ်တိုင်အတွက်ပင်လျှင် ဤကဲ့သို့ ပြုလုပ်ရန် အလွန်ခက်ခဲပေမည်။

ဟူဟုန်မင်သည် အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

"မြို့အရှင်....ငါတို့တွေက အစောင့်တွေကိုလွှတ်ပြီးတော့ မြို့တစ်မြို့လုံးကို ရှာခိုင်းသင့်လား"

"မလိုဘူး..."

ယုလုံချင်းသည် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"သူက အမှားတစ်ခု ဒါမှမဟုတ် ဥပဒေကိုချိုးဖောက်တဲ့ကိစ္စမျိုး လုပ်မထားဘူး...မြို့တစ်မြို့လုံးမှာရှာတာက သူ့ကိုဖမ်းဆီးတာနဲ့ တူသွားလိမ့်မယ်....ဒါက ဆီလျော်တဲ့ကိစ္စ မဟုတ်ဘူး"

ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူသွားသည်ဟု သူ သံသယဝင်မိသော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်ခြင်းမရှိချေ။ထို့ကြောင့် ဤကိစ္စကို အကျယ်ချဲ့ရန်မလိုအပ်ချေ။

ထို့ပြင် အကယ်၍ ကျန်ရွှမ်သည် ထိုကိစ္စကိုလုပ်ဆောင်ခဲ့သည် ဆိုလျှင်ပင် သူ့အားစာကြည့်တိုက်အတွင်း၌ နေခွင့်ပြုခဲ့သူမှာ မြို့အရှင်ယုကိုယ်တိုင် ဖြစ်သည်။အကယ်၍ ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူသွားလျှင်ပင် သူ အပြစ်တင်၍မရချေ။

"မင်း အခုထွက်သွားတော့"

ယုလုံချင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ဟူဟုန်မင်ထွက်သွားပြီးနောက် သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်းဖြတ်ပြေးကာ မှေးစင်းသွားသည်။

"ငါ ဒီကိစ္စကို မနက်ဖြန်ကျရင် ရှာဖွေဖော်ထုတ်ရမယ်...အဲ့ဒီကောင်လေးက ရင်းမြစ်ရေအိုင်အကဲဖြတ်မှုအတွက် အဖြူရောင်ကျောက်တုံးကျောင်းတော်ကိုသွားသရွေ့ ငါ ကိုယ်တိုင်ကြည့်နိုင်လိမ့်မယ်"

ထောင်နှင့်ချီသောလူများမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို တစ်ချိန်တည်းစုပ်ယူနေချိန်၌ စုံစမ်းရန်ခက်ခဲသော်လည်း သူသည် အစကတည်းက ပစ်မှတ်တစ်ခုကို အာရုံစူးစိုက်ထားပါက လွယ်ကူသွားပေမည်။

"မင်း ဘယ်လောက်ထိ သိုသိုသိပ်သိပ်နေနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"

…

"ငါ ဘာမှားသွားလို့လဲ"

မြို့အရှင်အိမ်တော်နှင့် မလှမ်းမကမ်းအကွာရှိ လမ်းကျဉ်းလေးတစ်ခုအတွင်းတွင် ကျန်းရွှမ်က သူ၏မေးကိုပွတ်သပ်ပြီး သူထံတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

မြို့အရှင်အိမ်တော်သို့ ဝင်ရောက်ပြီးနောက် သူသည် သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းပြီး သားရဲယဥ်ပါးစေရန်သာ အာရုံစူးစိုက်ထားခဲ့သည်။သူသည် တခြားလူများမှ တစ်စုံတစ်ခုကို သတိပြုမိသွားမည်ကို စိုးရိမ်နေသဖြင့် အရာအားလုံးကို ဂရုတစိုက်ပြုမူခဲ့သည်။

သူ၏လုပ်ရပ်များအားလုံး ပြီးပြည့်စုံသင့်သည်။သို့ရာတွင် မည်သည်ကြောင့် သူ ထွက်ခွာခဲ့သည်နှင့် နောက်ယောင်ခံလိုက်ခြင်း ခံရသနည်း။ ထို့ပြင် နောက်ယောင်ခံသူသည် မြို့အရှင်အိမ်တော်၏အစောင့်ခေါင်းဆောင် ဖြစ်နေပေ၏။

"တစ်ခုခုတော့ လွဲချော်နေပြီ"

"ဟူး . အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သိုသိုသိပ်သိပ်နေဖို့က အရမ်းခက်ခဲတာပဲ"

သက်ပြင်းတစ်ချက်ရှိုက်လိုက်ခြင်းနှင့်အတူ ကျန်းရွှမ်သည် ရှည်ရှည်ဝေးဝေးနှင့်ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောသော်လည်း မည်သည့်အရာအား မှားယွင်းခဲ့သည်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။

ထို့ကြောင့် သူ၏ခေါင်းကိုခါးယမ်းပြီး ဤကိစ္စကိုမေ့ဖျောက်ရန် ဆုံးဖြတ်လိုက်၏။

"ထားလိုက်တော့... အရင်ဆုံး ငါက နေဖို့နေရာတနေရာနဲ့ ဘယ်လိုကျင့်ကြံရမယ် ဆိုတာကို စဉ်းစားရမယ်...ကျန်တာတွေကိုတော့ ငါ အချိန်စောင့်ရမယ်..."

မြို့အရှင်ထံတွင် မကောင်းသောရည်ရွယ်ချက်မရှိသည်ကို သိရှိထားခြင်းသည် သူ့အတွက် ဖြေသိမ့်စရာပင်။မည်သို့ပင်ဆိုစေကာမူ မြို့အရှင်ထံတွင် မကောင်းသောရည်ရွယ်ချက် ရှိနေပါက သူ၏ယခုလက်ရှိအခြေအနေဖြင့် ထိုနေရာမှ အသက်ရှင်ရက် ပြန်ထွက်လာနိုင်မည် မဟုတ်ချေ။

သူသည် အလောင်းအစားများ ဆက်တိုက်ပြုလုပ်ပြီးနောက် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ထံမှ ငွေကြေးတချို့ရရှိခဲ့သည်။ဤငွေကြေးပမာဏသည် မများသော်လည်း အချိန်တိုအတွင်းတွင် သူ၏စားဝတ်နေရေးကိုဖြေရှင်းရန်အတွက် လုံလောက်ပေ၏။မကြာမီမှာပင် သူသည် ကျင့်ကြံရန်အတွက် တိတ်ဆိတ်ငြိမ်သက်သောအခန်းတစ်ခန်းကို ငှားရမ်းခဲ့သည်။

တည်းခိုခန်းများသည် အတန်ငယ်စျေးကြီးကာ ဤအခန်းကမူ ထိုကုန်ကျစရိတ်၏တစ်ဝက်သာရှိသည်။

ကမ္ဘာလောကတစ်ခု၏အရှင်သခင်ဖြစ်သော သူသည် ယခုအချိန်၌ တစ်ပြားတစ်ချပ်တိုင်းကိုရေတွက်၍ အသုံးပြုနေရသည်အား တွေးမိချိန်တွင်...ဤသည်မှာ အလွန်သနားဖွယ်ကောင်းသော အတွေးတစ်ခုပင်။

ကျန်းရွှမ်သည် ဝယ်လာသော ဘန်းကိတ်များကိုစားပြီးနောက် သူ့နောက်သို့လိုက်နေသူရှိမရှိ သူ့အားစောင့်ကြည့်နေခြင်းရှိမရှိ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ထို့နောက် သူသည် ပလ္လင်ခွေထိုင်လိုက်၏။နောက်ထပ်အချိန်အခိုက်အတန့်၌ သူသည် အခန်းအတွင်း၌ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာသောအချိန်တွင် ကျယ်ပြန့်သောနယ်မြေတစ်ခု၏အထက်၌ မျောလွင့်နေသည်။သူ၏နံဘေးပတ်ဝန်းကျင်တွင် ထူထပ်သိပ်သည်းသော တောအုပ်ကြီးရှိကာ စိတ်ဝိညာဥ်သားရဲများ လှုပ်ရှားသွားလာနေပြီး ငှက်များပျံသန်းနေကာ အလွန်သဟဇာတဖြစ်သော မြင်ကွင်းတစ်ခုပင်။

ဤသည်မှာ သူကိုယ်တိုင်ဖန်တီးထားသော ကမ္ဘာသစ်ဖြစ်ပေ၏။

သူ ယခုလက်ရှိအသုံးပြုနေသော ကောင်းကင်ဘုံစာကြည့်တိုက်သည် ဤကမ္ဘာသစ်၏ကောင်းကင်လမ်းဖြစ်သည်။ဆုရှင်းကိုသတ်ဖြတ်ပြီးနောက် အသက်သွင်းခဲ့ခြင်းနှင့် အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခြင်းတို့အတွက် သူ လောင်ကျွမ်းခဲ့သော တောင်တန်းနှင့်ပင်လယ်များသည် ဤနေရာမှ မြစ်ဖျားခံလာခြင်းပင်။

ဤသည်မှာ သူ ဖန်တီးခဲ့သောကမ္ဘာသစ်ဖြစ်ကာ သူ၏အတွေးတချက်ဖြင့် ဤနေရာသို့ လာနိုင်သည်။

သူ အထက်သို့ မော့ကြည့်လိုက်သည်။

ကမ္ဘာသစ်၏အထက်ရှိ အမြင့်တစ်နေရာ၌ မှောင်မည်းနေသောနေရာတစ်နေရာရှိကာ လေဆင်နှာမောင်းများအလား ချာလပတ်လည်နေသော် ပြာမှိုင်းမှိုင်းစွမ်းအင်စီးကြောင်း အမြောက်အများရှိနေသည်။ထိုအရာ၏အောက်တွင် မြေဝါရောင်စွမ်းအင်စီးကြောင်းများ တဖျတ်ဖျတ်တောက်ပနေပြီး တောင်များ မြစ်များနှင့် သစ်ပင်ပန်းမန်များကို ဖြစ်ပေါ်စေသည်။

ပြာမှိုင်းမှိုင်းစွမ်းအင်စီးကြောင်းများသည် ရင်းမြစ်ကမ္ဘာအတွင်းမှ စုပ်ယူထားသော ရင်းမြစ်စွမ်းအင်များဖြစ်ကာ မြေဝါရောင်စွမ်းအင်စီးကြောင်းများသည်မူ သူ ဖန်တီးထားသောကမ္ဘာသစ်ပင်။

ဤကမ္ဘာသစ်တခုလုံးသည် ရင်းမြစ်စွမ်းအင်မှ ဆင်းသက်လာခြင်းပင်။

သူ ရင်းမြစ်ကမ္ဘာအတွင်းသို့ စွန့်စား၍လာရသော အကြောင်းအရင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်အကြာက ကမ္ဘာသစ်မှ ရင်းမြစ်စွမ်းအင်များကို စုပ်ယူနေစဉ်အတွင်း တုန်ခါမှုတစ်ခု ဖြစ်ပွားသွားခဲ့သည်။ဤသည်ကြောင့် စွမ်းအင်စီးကြောင်းများ ဖရိုဖရဲဖြစ်ပြီး ဤကမ္ဘာသစ်၏ကောင်းကင်လည်း ပြိုလဲတော့လုမတတ်ပင်။သူသည်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကာ ယခုအချိန်ထိ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးချေ။

'အတိတ်မှာ ရင်းမြစ်ကမ္ဘာထဲက ပြဿနာတစ်ခုကြောင့် ဆရာသခင်ကုန်းမြေရဲ့ကောင်းကင်လမ်း ပြိုကျသွားခဲ့တယ်...လက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာပြီးတော့ ကောင်းကင်ဘုံလမ်းကြောင်းကို သုံးပိုင်းပိုင်းလိုက်တယ်....ခုံးရှီ နယ်လင်ရှီးနဲ့ငါက တစ်စိတ်တစ်ပိုင်းကို ပြန်ယူနိုင်ခဲ့တယ်...'

နယ်ယွင်မှ သူ့အားပြောခဲ့သည့်ကိစ္စများကို ပြန်အမှတ်ရမိချိန်၌ ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

ဤကဲ့သို့ တူညီသောအကျပ်အတည်းကို သူ ရင်မဆိုင်လိုချေ။ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်လင့်ကစား သူ၏သေရေးရှင်ရေးသည် သူ့ထိန်းချုပ်မှုအောက်၌ ရှိမနေချေ။

သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သူ၏လက်အတွင်း၌ စာအုပ်တစ်အုပ်ထွက်ပေါ်လာသည်။

ဤသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်များပါဝင်သော စာအုပ်ပင်။

ဟူး လား လား..

ကမ္ဘာသစ်အတွင်း၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ထွက်ပေါ်လာချိန်တွင် မိုင်ရာနှင့်ချီသည့် ဧရာမလေဆင်နှာမောင်းကြီးတစ်ခု ချက်ချင်းအစပြုလာခဲ့သည်။ထိုအရာမှဖြာထွက်လာသည့် ကြီးမားသော စွမ်းအားများသည် တောင်တန်းများနှင့်ထိတွေ့မိသည်နှင့် ချက်ချင်းပြိုလဲသွားကာ အချိန်တစ်စက္ကန့်မျှပင် တောင့်ခံနိုင်ခြင်းမရှိချေ။အလွန်ကြီးမားသောစွမ်းအားလှိုင်ကြောင့် မိုးကောင်းကင်ယံအတွင်းရှိ နေနှင့်လပင် မှေးမှိန်သွားပေ၏။

ကျန်းရွှမ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။

သူ မျှော်လင့်ထားသည်နှင့်တူညီစွာ ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ကမ္ဘာသစ်မှ တောင်ခံနိုင်ရန် အလွန်အလှမ်းကွာဟသည်။

"သိမ်းဆည်းစမ်း..."

အတွေးတစ်ချက်နှင့်အတူ သူသည် စာအုပ်ကိုပုတ်ကာ ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ပြန်လည်၍ စုပ်ယူလိုက်သည်။ ထို့နောက် သူ၏လက်ကို ညင်သာစွာလှုပ်ခတ်လိုက်ခြင်းနှင့်အတူ စာအုပ်သည် မြေပြင်ပေါ်သို့ကျသွားကာ မိုင်ထောင်ပေါင်းများစွာ အချင်းရှိသော တောင်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပေ၏။

သို့ရာတွင် ဤတောင်သည် ခြောက်ကပ်​နေကာ သစ်ပင်မရှိ မြေသားမရှိ ရေမရှိဘဲ ကျောက်တောင်ကြီးသက်သက်ပင်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဤကမ္ဘာ၏ဖန်တီးသူတစ်ယောက်အနေဖြင့် အရာရာတိုင်းကို ရင်းမြစ်စွမ်းအင်များမှနေ၍ မည်ကဲ့သို့ ဖန်တီးရမည်ကို သူ ကောင်းစွာသိရှိထားသည်။သာမာန်အားဖြင့် မြေဝါရောင်စွမ်းအားလှိုင်းများဖြင့် အားဖြည့်ထားသော ရင်းမြစ်စွမ်းအင်မှနေ၍ ကျောက်တုံးများ သစ်ပင်များ ပန်းပွင့်များ သတ္တုကြောများ ရေပူစမ်စများအစရှိသည့် အရာများကို ထုတ်လွှတ်ပေးနိုင်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ ထိုစွမ်းအားမှနေ၍ ကျောက်တောင်တစ်တောင်ကိုသာ ထုတ်လုပ်နိုင်လေရာ အလွန်ထူးဆန်းနေပေ၏။

သူသည် ချီတုံချတုံဖြစ်နေသဖြင့် နောက်ထပ်စာအုပ်တစ်အုပ်ကိုပစ်ချလိုက်ရာ မိုင်သောင်းနှင့်ချီရှည်လျားသော ကြီးမားကျယ်ပြန်သည့် မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်။သို့ရာတွင် ဤမြစ်ရေအတွင်း၌ သစ်ပင်မရှိ ငါးများမရှိသည့်အပြင် သေးငယ်သောပိုးမွှားများပင် ရှိမနေချေ။

"ကောင်းကင်ကံကြမ္မာစွမ်းအင်တွေက အရာဝတ္ထုတွေကို ဖန်တီးနိုင်ပေမယ့် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေတယ်. ဒီစွမ်းအင်ကို တစ်ကြိမ်အသုံးပြုရင် အရာဝတ္ထုအမျိုးအစားတစ်ခုကိုပဲ ဖန်တီးနိုင်မယ်"

အချိန်တစ်ခဏကြာခန့်လေ့လာပြီးနောက် ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားပေ၏။

ဤကမ္ဘာအတွင်းရှိအရာရာတိုင်းသည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေသည်။အရာတစ်ခုကို သန့်စင်လိုက်ခြင်းတွင် အားသာချက်နှင့်အားနည်းချက်များ ဒွန်တွဲနေပေ၏။

သူ၏အတိတ်တွင်ရှိသော သန့်စင်ထားသည့် ဆီလီကွန်ချပ်များနှင့် တူညီနေသည်။ထိုအရာတွင်သန့်စင်မှုရာခိုင်နှုန်း မြင့်မားသော်လည်း သတ္တုစပ်များ၏ခိုင်မာမှုနဲ့ပျော့ပျောင်းမှုဟူသောဂုဏ်သတ္တိများ ဆုံးရှုံးသွားသည်။

ကြည့်ရသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် ကောင်းကင်ဘုံစာကြည့်တိုက်နှင့် ကမ္ဘာသစ်အကြား၌ ဆက်သွယ်နိုင်သော ပေါင်းကူးတံတားတစ်စင်းကို တည်ဆောက်နိုင်သော်လည်း ကမ္ဘာသစ်၏လည်ပတ်မှုကို တည်တံ့စေနိုင်မည်မဟုတ်ချေ။ဤကမ္ဘာသစ်ကို ခွန်အားမြှင့်တင်ပေးရန်နှင့် တည်ငြိမ်စေရန်အကောင်းဆုံးရွေးချယ်ချက်မှာ ကြမ်းတမ်းသော ရင်းမြစ်စွမ်းအင်ဖြစ်နေဆဲပင်။

"ငါက ကောင်းကင်လမ်းကြောင်း ရင်းမြစ်ရေအိုင်နည်းစနစ်ကို သုံးပြီးတော့ ရင်းမြစ်ရေအိုင်ကို ရှာတဲ့နေရာမှာ ကျရှုံးခဲ့တယ်...ငါက ဒီကမ္ဘာသစ်ကို ငါ့ရဲ့ရင်းမြစ်ရေအိုင်အဖြစ်အသုံးပြုရင် ဘယ်လိုဖြစ်လာမလဲ...ဒါက အလုပ်ဖြစ်နိုင်မလား"

ရုတ်တရက် ကျန်းရွှမ်ထံ၌ အတွေးတစ်ခုထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

All Chapters