ကောင်းကင်လမ်းကြောင်း ရင်းမြစ်ရေအိုင်နည်းစနစ်
Vol. 3 Ch. 32
"...."
ယုလုံချင်း၏မျက်ခွံများ တဆတ်ဆတ်တုန်သွားကာ သူ၏အမြင်အာရုံ မည်းမောင်သွားပြီး နေရာတွင် သတိလစ်မေ့မျောသွားလုမတတ်ပင်။
စိတ်ဝိညာဥ်ရင်းမြစ်ဝါးပင်သည် သူ့အား မြင့်မားသောအဆင့်သို့ရောက်ရန် ကူညီပေးနိုင်သောအရာပင်။သို့ရာတွင် ယခုအချိန်၌ ရင်းမြစ်စွမ်းအင်များကို သန့်စင်ရုံမျှဖြင့် ထိုဝါးပင်သည် လုံးပါးပါးနေလေပြီ။
ဤသည်မှာ ရွှေများကိုသန့်စင်နိုင်သော်လည်း ရွှေစေတီတစ်ဆူကို မီးပြင်းဖိုအတွင်းသို့ပစ်ချပြီး အမှိုက်တစအသွင်သို့ ပြောင်းလဲလိုက်သည်နှင့် ပို၍တူညီနေသည်။
ဝါးရွက်ပေါင်းသုံးရာကျော်....ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင့်လေးရာကျော်....
သူ၏စွမ်းအားအဆင့်နှင့်ပင် ပြင်းထန်သော မရီဒါန်းပေါက်ပြဲမှုကို စွန့်စား၍ တကြိမ်တည်းဖြင့် ဤမျှထိများပြားသော စွမ်းအင်များကိုစုပ်ယူရန်မှာ မဖြစ်နိုင်ချေ။
သူ၏စိတ်နှလုံးသား ကြေမွပျက်စီးသွားကာ ဖာထေးရန်ခက်ခဲသောကိစ္စမျိုး ဖြစ်နေလေပြီ။
"ငါ သွားစစ်ဆေးမယ်"
ယုလုံချင်းသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း အခန်းအတွင်းမှ အလျင်အမြန်ထွက်ခွာခဲ့သည်။
လျှို့ဝှက်ခန်းသည် စာကြည့်တိုက်၏အထက်တွင် ရှိနေသဖြင့် အလွန်တိုတောင်းသောအကွာအဝေးပင် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် ယုရှောင်ယွီနှင့်မိုယန်ရွှယ်တို့ကို ရှာဖွေတွေ့ရှိပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူမတို့သည် မြက်ဖျာများပေါ်၌ ပလ္လင်ခွေထိုင်နေသည်။အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးကျင့်ကြံသူဖြစ်သော မြို့အရှင်သည် သူမတို့ထံသို့ စိုးရိမ်ပူပန်တကြီးပြေးလာသည်ကိုကြည့်ပြီး မျက်လုံးနှစ်စုံသည်တပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။
"အဖေ...ရွှယ်အာနဲ့သမီး အဆင်သင့်ဖြစ်နေပြီ....အခု စလို့ရပြီ"
ယုရှောင်ယွီက ပေါ့ပေါ့ပါးပါးပြုံးကာ မိုယန်ရွှယ်ဘက်သို့လှည့်ကြည့်ပြီး ပြောဆိုသည်။
"ရွှယ်အာ....နင် ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူတဲ့အချိန်ကျရင် ရင်းမြစ်ရေအိုင်ဆီကို စီးဆင်းမသွားစေနဲ့....မဟုတ်ရင် ငါတို့တွေ မနက်ဖြန်အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူး"
"အင်း...."
မိုယန်ရွှယ်က ခေါင်းညိတ်လိုက်သည်။
"ဘာမှမစိုးရိမ်နဲ့....ငါ အဲ့ဒီကိစ္စကို သိတယ်"
"ကောင်းပြီလေ"
ယုရှောင်ယွီက ပြောဆိုသည်။
"ငါတို့ ဒီနေ့ ကောင်းကောင်းကျင့်ကြံကြစို့....မနက်ဖြန်ကျရင် ငါတို့ ထင်ပေါ်ကျော်ကြားအောင် လုပ်ရမယ်"
သူ၏သမီးဖြစ်သူ အလွန်စိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး ယုလုံချင်းသည် သည်းမခံနိုင်တော့ဘဲ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။
"မင်း ဆိုလိုတာက....မင်းတို့ ခုထိ မစရသေးဘူးလား"
"သမီးတို့တွေက ဘာကောင်းကင်ကံကြမ္မာစွမ်းအင်ကိုမှ မခံစားမိဘူးလေ...ဒါကြောင့် သမီးတို့တွေ စပြီးမကျင့်ကြံရသေးဘူး"
ယုရှောင်ယွီက ဇဝေဇဝါဖြင့် တုံ့ပြန်သည်။
"......"
ယုလုံချင်း၏ခန္ဓာကိုယ် ဒယိမ်းဒယိုင်ဖြစ်သွားသည်။
ရင်းမြစ်စွမ်းအင်များကို သန့်စင်ခြင်းကြောင့် စိတ်ဝိညာဥ်ရင်းမြစ်ဝါးပင်တစ်ပင်သည် လုံးပါးပါးနေကာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင်လေးရာကျော် ကျရောက်သည့်တိုင်....သူမတို့သည် ယခုထိ စတင်၍မကျင့်ကြံရသေးဟု ဆိုလိုက်သလော။
ထိုသို့ဆိုပါက ထိုးကောင်းကင်ကံကြမ္မာစွမ်းအင်များသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
သူသည် ပတ်ဝန်းကျင်အား အလျင်အမြန်စစ်ဆေးလိုက်၏။
အခန်းအတွင်း၌ ကြမ်းတမ်းသောရင်းမြစ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော်လည်း သန့်စင်ပြီးသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ရှာမတွေ့ချေ။ဤသည်မှာ ဝင်္ကပါမှတဆင့် သူ ထုတ်လွှတ်လိုက်သော အရာရာတိုင်း ပျောက်ကွယ်သွားသည့်အလားပင်။
"အဖေ ဘာမှစိတ်မပူနဲ့....ရွှယ်အာနဲ့ငါက ဒီနေ့ ကျောင်းတော်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းကို စုပ်ယူဖို့ ကြိုးစားခဲ့ပြီးပြီ.. သမီးတို့ အဆင်ပြေမှာပါ..."
သူမ၏ဖခင်သည် သူမတို့နှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်နေသည်ဟု တွေးထင်မိသဖြင့် ယုရှောင်ယွီက အလျင်အမြန်နှစ်သိမ့်လိုက်သည်။
ယုလုံချင်း..."ငါ..."
ဤသည်မှာ စိုးရိမ်ပူပန်နေသော ကိစ္စတစ်ရပ် မဟုတ်ချေ။ဤကိစ္စသည် သူ၏အိမ်အား အကြမ်းဖက်စီးနင်းခံရသည့်တိုင် ယခုအချိန်၌ မည်သို့မျှ ဖော်ထုတ်၍မရသည်နှင့် တူညီနေသည်။
"မြို့အရှင်လု....ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို သန့်စင်တာက အရမ်းခက်ခဲတယ်မဟုတ်လား...တကယ်လို့ မြို့အရှင်အတွက် အခက်တွေ့စေမယ်ဆိုရင် ငါ အနှောက်အယှက်မပေးတော့ဘူး"
သူ၏ထူးဆန်းသောအပြုအမူများကို သတိပြုမိသွားသဖြင့် မိုယန်ရွှယ်က မေးမြန်းသည်။
"ဒါက အရမ်းခက်ခဲတာတော့ မဟုတ်ပါဘူး....ပြဿနာလေး တစ်ခုပါ..."
ယုလုံချင်းက သူမတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
"ခုဏက မင်းတို့တွေ ဘာထူးခြားချက်တစ်ခုကိုမှ သတိမပြုမိတာ သေချာလား"
"ဟုတ်ကဲ့...."
ယုရှောင်ယွီသည် ခေါင်းညိတ်လိုက်၏။
မိုယန်ရွှယ်ထံ၌လည်း တူညီသောအမူအယာမျိုး ရှိနေသည်ကို မြင်တွေ့ချိန်၌ ယုလုံချင်းသည် ကူကယ်ရာမဲ့စွာဖြင့် စာကြည့်တိုက်အတွင်းသို့ ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ဤကျယ်ပြန့်သောစာကြည့်တိုက်အတွင်းတွင် အပ်တစ်ချောင်းပြုတ်ကျသံကိုပင် ကြားနိုင်သည်အထိ အလွန်တိတ်ဆိတ်ပေ၏။ချွင်းချက်အနေဖြင့် ထောင့်တစ်နေရာ၌ စာရွက်များလှန်နေသောအသံကိုသာ ကြားနေရသည်။သူ ထိုနေရာသို့ ကြည့်လိုက်ချိန်၌ ကျန်းရွှမ်သည် စာမျက်နှာများကို ဖြည်းညှင်းစွာလှန်နေသည်အား မြင်တွေ့မိသည်။ကျန်းရွှမ်၏လှုပ်ရှားမှုများသည် အနည်းငယ်တောင့်တင်းနေပုံရပြီး သဘာဝမကျသကဲ့သို့ ဖြစ်နေသည်။
"ဖြစ်နိုင်တာတော့ သူလား...."
အတွေးတစ်ခုသည် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသဖြင့် ယုလုံချင်း၏မျက်ခုံး မြင့်တက်သွားသည်။
ဤစာကြည့်တိုက်တစ်ခုလုံးအတွင်း၌ လူသုံးယောက်သာ ရှိသည်။သူ၏သမီးနှင့်မိုယန်ရွှယ်တို့သည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို သတိမပြုမိသဖြင့် ထိုအရာများကို စုပ်ယူသွားသည်မှာ ဤလူငယ်လေး ဖြစ်နေသလော။
ကျန်းရွှမ်သည် သူ့အား သံသယဝင်နေသည်ကို သတိမပြုမိဘဲ သူ့လက်အတွင်းရှိစာအုပ်ကို စူးစိုက်ကြည့်နေကာ သူသည်လည်း ထပ်တူထပ်မျှဇဝေဇဝါဖြစ်နေသည်။အစောပိုင်းက ကောင်းကင်ကံကြမ္မာစွမ်းအင်များ မရှိတော့ဟု သူ တွေးတောမိစဉ်၌ ရုတ်တရက် ကြီးမားသောစွမ်းအင်ပမာဏ ရောက်ရှိလာသည်။သူသည် ထိုအရာများကို စုပ်ယူနေသည့်အချိန်မှာပင် ယခင်က တစ်ကြိမ်တခါမျှမရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားပေ၏။
ကံကောင်းထောက်မစွာဖြင့် သူ အလွန်လျှင်မြန်စွာ စုပ်ယူနိုင်ခဲ့သည်။ထိုသို့မဟုတ်ပါက သူသည် အခွင့်ကောင်းကို လက်လွှတ်ရပေမည်။
"ထားလိုက်တော့....ငါ မျှော်လင့်ထားတာထက်နည်းနေပေမယ့် စွမ်းအင်တန်းနှစ်ထောင်ကျော်က ကောင်းကင်လမ်းကြောင်းနည်းစနစ်ကို ဖွဲ့စည်းဖို့ လုံလောက်သင့်တယ်"
ကျန်းရွှမ်သည် အနည်းငယ်စိတ်လှုပ်ရှားနေပေ၏။ကောင်းကင်ဘုံစာကြည့်တိုက်ကို အသက်သွင်းခဲ့သော်လည်း ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း မလုံလောက်မှုကြောင့် တစ်ဝက်တစ်ပျက်တွင် သူ ရပ်တန့်ခဲ့ရသည်။ယခုအချိန်၌ စွမ်းအင်တန်းနှစ်ထောင်ကျော်ကို ထပ်မံ၍စုပ်ယူနိုင်ခဲ့သဖြင့် ဤကိစ္စ အောင်မြင်သင့်သည်။
သူ၏အတွေးတချက်နှင့်အတူ ကောင်းကင်ကံကြမ္မာစာအုပ်နှစ်ထောင်ကျော် စုဝေးသွားကာ နေရာတနေရာထံသို့ဦးတည်သွားပြီး ညင်သာသောအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ဝုန်း.....
အလင်းတန်းပျောက်ကွယ်သွားချိန်၌ လေထုအလယ်တွင် အသစ်စက်စက်စာအုပ်တစ်အုပ် မျောလွင့်နေသည်။ကျန်းရွှမ်က သူ၏လက်ကိုဆန့်တန်းလိုက်ရာ ထိုစာအုပ်သည် သူ၏လက်ဝါးပေါ်သို့ ဖြည်းညှင်းစွာကျလာပေ၏။
ယခင်စာအုပ်များအတိုင်း စာအုပ်မျက်နှာဖုံး၌ မည်သည့်နာမည်မျှ မပါဝင်ချေ။ထို့နောက် သူ၏အတွေးတစ်ချက်နှင့်အတူ 'ကောင်းကင်လမ်းကြောင်း ရင်းမြစ်ရေအိုင်ရှာဖွေခြင်းနည်းစနစ်'ဟူသောခေါင်းစဉ် ထွက်ပေါ်လာသည်။
သူသည် ထိုစာအုပ်ကိုဖွင့်ကြည့်လိုက်ရာ မဟာတာအို၏အနှစ်သာရများ ရောယှက်နေသောစာလုံးများကို မြင်တွေ့လိုက်ရသည်။
"ရင်းမြစ်ရေအိုင်....ရင်းမြစ်စွမ်းအင်တွေကို သန့်စင်ပြီးတော့ သိပ်သည်းနိုင်တဲ့နေရာတစ်ခု....ဒါက ဝမ်းဗိုက်အောက်ပိုင်း မျက်ခုံးနှစ်ခုကြားနဲ့ ပခုံးနေရာမှာလည်း ရှိနိုင်တယ် ဒါမှမဟုတ် တခြားနေရာတွေမှာလည်း ရှိနေနိုင်တယ်....ရုပ်ခန္ဓာကိုယ်တွေက မတူကွဲပြားတာကြောင့် ရင်းမြစ်ရေအိုင်တွေရဲ့တည်နေရာကလည်း မတူဘူး"
ရင်းမြစ်ရေအိုင်သည် ဆရာသခင်ကုန်းမြေတွင် အသုံးပြုသော ဒန်တျန်နှင့်မတူညီဘဲ ထိုအရာအသက်မဝင်မီ ခန္ဓာကိုယ်၏မည်သည့်အစိတ်အပိုင်း၌မဆို တည်ရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် ထိုအရာကို အသက်သွင်းရန်အတွက် အရင်ဆုံးရှာဖွေနိုင်ရန် လိုအပ်ပေ၏။
သို့ရာတွင် တစ်စုံတစ်ယောက်သည် ရင်းမြစ်ရေအိုင်ကို အောင်မြင်စွာအသက်သွင်းနိုင်သည်နှင့် နေရာရွှေ့ပြောင်းနိုင်သည်။ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် ရင်းမြစ်ရေအိုင်ကို ဝမ်းဗိုက်အောက်ပိုင်းရှိ ချီဟိုင်အပ်စိုက်မှတ်နေရာတွင် ထားရှိကြသည်။ဤသည်မှာ ကျင့်ကြံခြင်းနှင့်စွမ်းအားများစုစည်းခြင်းအတွက် အသင့်တော်ဆုံးနေရာ ဖြစ်သောကြောင့်ပင်။
"ရင်းမြစ်ရေအိုင်ကို ရှာဖွေဖို့အတွက် တစ်စုံတစ်ယောက်က အရင်ဆုံး ရင်းမြစ်စွမ်းအင်ကို အာရုံခံပြီး ခန္ဓာကိုယ်နဲ့သဟဇာတဖြစ်အောင် လုပ်ရမယ်...တုံ့ပြန်မှုအနေနဲ့...."
ဤစာအုပ်တွင် ရင်းမြစ်ရေအိုင်ကို မည်ကဲ့သို့ ရှာဖွေရမည်နှင့် ထိုအရာကိုရှာတွေ့ပြီးနောက် ဖွင့်လှစ်နိုင်မည့် နည်းလမ်းများကို အသေးစိတ်ကျကျ ရှင်းပြထားသည်။
"ဒါက ထူးဆန်းနေတယ်...ငါက ဘာလို့ အာရုံမစိုက်မိတာလဲ"
ကောင်းကင်လမ်းကြောင်းနည်းစနစ်အတိုင်း ကျန်းရွှမ်သည် အချိန်တခဏကြာခန့် ကျင့်ကြံပြီးနောက် သူ၏မျက်လုံးများကိုဖွင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ကောင်းကင်လမ်းကြောင်းနည်းစနစ်တွင် အမှားအယွင်းမရှိနိုင်ချေ။သို့ရာတွင် မည်သည်ကြောင့် သူသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ခုကိုမျှ အာရုံမခံမိသနည်း။
ဖြစ်နိုင်သည်မှာ....သူသည် ဤကမ္ဘာမှလူမဟုတ်သဖြင့် သူထံ၌ ရင်းမြစ်ရေအိုင်မရှိသလော....
"ထပ်ပြီး ရှာကြည့်မယ်"
သူသည် ကောင်းကင်လမ်းကြောင်းနည်းစနစ်ကို ဂရုတစိုက်လေ့လာကာ သူ အာရုံခံသည့်နည်းစနစ် မှားယွင်းမှုရှိမရှိ အတည်ပြုလိုက်သည်။ကျန်းရွှမ်သည် အလွန်အမင်းဇဝေဇဝါဖြစ်နေပေ၏။
ဖြစ်နိုင်သည်မှာ သူသည် ရင်းမြစ်ကမ္ဘာအတွင်းသို့လာရန် အင်အားများစွာစိုက်ထုတ်ခဲ့သည့်တိုင် သူ ကျင့်ကြံ၍မရသလော။
အကယ်၍ ဤကဲ့သို့ကိစ္စမျိုး ရှိနေလျှင် ကမ္ဘာသစ်အတွင်း၌ မငြိမ်မသက်ဖြစ်လာမည်ကို ရှောင်လွှဲနိုင်တော့မည် မဟုတ်သည့်အပြင် သူ၏အကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ချေ။သူသည်လည်း ဤနေရာ၌ သေဆုံးသွားနိုင်သည်။
"အင်း အားနည်းချက်တွေကို ဖယ်ရှားပေးတဲ့ ချို့ယွင်းချက်ကောင်းကင်လမ်းကြောင်းနည်းစနစ်က မှန်ကန်တဲ့အချက်တွေကို စုစည်းပေးနိုင်ပေမယ့်...ငါက ရင်းမြစ်ကမ္ဘာရဲ့ဒေသခံတယောက်မဟုတ်တာကြောင့် ငါ့အတွက် မသင့်တော်ဘူး... ငါက စနစ်တကျကောင်းကင်လမ်းကြောင်းနည်းစနစ်ကို ကြိုးစားကြည့်သင့်တယ်"
အချိန်တခဏကြာပြီးနောက် သူ၏စိတ်အတွင်း၌ အတွေးသစ်တစ်ခု ပေါက်ဖွားလာသည်။
ချို့ယွင်းချက်ကောင်းကင်လမ်းကြောင်းသည် အားနည်းချက်များကိုဖော်ပြကာ စည်းမျဥ်းဥပဒေသများအတိုင်း မှန်ကန်သောအချက်များကို စုစည်းပေးသည်။သို့ရာတွင် ဤကောင်းကင်လမ်းကြောင်းကြီးစနစ်သည် ရင်းမြစ်ကမ္ဘာမှ သက်ရှိများအတွက် သင့်တော်မည်ဖြစ်သော်လည်း သူ့အတွက် အသုံးဝင်မည်မဟုတ်ချေ။
ဤအခြေအနေသို့ ရောက်ရှိလာသဖြင့် သူသည် စနစ်တကျကောင်းကင်လမ်းကြောင်းကို အသုံးပြုရပေမည်။ချို့ယွင်းချက်များကင်းစင်ကာ မှန်ကန်မှုကိုအခြေခံ၍ အစီအစဉ်ကျနမှုနှင့်တိုးချဲ့မှုတို့ကို ပေါင်းထည့်မှသာ သူ့ကဲ့သို့ ပြင်ပလူများအတွက် သင့်တော်သောနည်းစနစ်တစ်ခုကို ပြုလုပ်နိုင်မည့်ပုံရသည်။
"ဒါပေမဲ့ ငါ့မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ ကုန်သွားပြီ"
ကျန်းရွှမ်က သူ၏နဖူးကိုပွတ်သပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။သူ့ အစောပိုင်းက စုပ်ယူခဲ့သော ရင်းမြစ်စွမ်းအင်တန်းနှစ်ထောင်ကျော် ကုန်ဆုံးသွားလေပြီ။အကယ်၍ သူသည် စနစ်တကျကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုပါက သူ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
"ထားလိုက်တော့....အခုက အချိန်ပြည့်တော့မယ်....နောက်တစ်ကြိမ်ကျမှ ငါက တခြားအခွင့်အရေးတစ်ခုကို ထပ်ရှာရမယ်"
စာဖတ်ချိန်တစ်နာရီ ကုန်ဆုံးတော့မည်ကို သိရှိသဖြင့် ကျန်းရွှမ်သည် 'လားရာငါးသွယ် မူလနည်းစနစ်'ကို နေရာသို့ပြန်ထားရန် ဟန်ပြင်လိုက်သည်။ထိုအချိန်မှာပင် ယုလုံချင်းက သူ၏အနီးသို့ချဉ်းကပ်လာကာ စူးရှသောမျက်လုံးတစ်စုံဖြင့် မေးမြန်းသည်။
"မင်း ခုဏက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို အာရုံခံမိလား...."