ကံကြမ္မာသုံးခု
Vol. 5 Ch. 46
“ ဂန္တဝင် အချစ်ဝတ္ထုတွေ …”
“ ရှေးတုန်းကတော့ အဲ့တာက ဆင်းရဲတဲ့ စာပေသမားလေးတွေ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ဖြည့်စွက်ဖို့ … ၊ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အဲ့တာက အချစ်ရူးတဲ့ လူတွေ အတွက်ပဲ….”
“ လွမ်းဆွေးနှင်းစက်ရဲ့ စံပြအိုင်ဒေါ သုံးယောက်ထဲမှာ နှစ်ယောက်က စိတ်ကူးယဉ် ဖန်တီးထားတဲ့ ကာရိုက်တာ ဇာတ်ကောင်တွေ ….”
“ ဒါကြီးက နှစ်သုံးဆယ်လောက် စင်ဂယ် ဖြစ်နေခဲ့တဲ့ စာရေးဆရာက သူတို့ရဲ့ အလှနတ်ဘုရားမကို ပိုးပန်းတဲ့ အချစ်နည်းလမ်း အမှားကြီးနဲ့ တူမနေဘူးလား …”
“ ဒေါက်တာချန် ပြောတာ မှန်တယ် … ရှေးတုန်းက မိန်းမပျိုလေးတွေ အပြင်သိပ်မထွက်ကြဘူးဆိုပေမယ့် သူတို့က ဦးနှောက်မဲ့တဲ့ အရူးတွေ မဟုတ်ဘူး …”
“ ပုံပြင်ဇာတ်လမ်းတွေထဲမှာ ကြွယ်ဝတဲ့ မိန်းမငယ်လေးတွေပဲ အချစ်စစ်ကို ရှာဖွေကြတာ မဟုတ်ဘူး … မြေခွေးတွေ ၊ အမျိုးသမီး တစ္ဆေတွေ ၊ ရေသူမတွေတောင် အချစ်စစ်ကို ရှာဖွေကြသေးတယ် ….”
“ ကျော့ဝန်ကျွင်းက တကယ့် ဖြစ်ရပ်မှန်ဆိုပေမယ့် သူ့ ကြမ္မာက တကယ် ဝမ်းနည်းဖို့ကောင်းတယ် ….”
“ ငါ အမှန်ပြင်ပေးမယ် … နည်းနည်း မဟုတ်ဘူး … လုံးဝ လုံးဝ ဝမ်းနည်းဖို့ ကောင်းတာကွ …”
ချန်ယွီ့၏ စကားလုံးများက သူတို့ကို အိမ်မက်ထဲကနေ လှုပ်နိုးလိုက်သလို ဖြစ်သွားစေခဲ့သည်။
ပြီးပြည့်စုံပြီး ရင်ထဲ ထိခိုက်ခံစားဖို့ကောင်းသည့် အချစ်ဇာတ်လမ်း ၉၉.၉၉ ရာခိုင်နှုန်းက စိတ်ကူးယဉ်ဖန်တီးမှု အနုပညာ လက်ရာများ ဖြစ်သည်ကို သူတို့ တွေးတောမိသွားခဲ့ကြလေသည်။
ဒါမှမဟုတ် ၎င်းတို့က မျိုးဆက်တွေ တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာသည့် ဒဏ္ဍာရီ ဇာတ်လမ်းမျှသာ ဖြစ်သည်။
ကွန်းမန့်များ နှေးကျသွားသည့် အချိန်ကို စောင့်ရင်း ချန်ယွီ့ ဆက်ပြီးပြောသည်။ “ သူတို့နှစ်ယောက် အတူတွဲပြီးတဲ့နောက်မှာ လွမ်းဆွေးနှင်းစက်က တစ်လလောက်တော့ ဟန်းနီးမွန်း(ကြင်စဦး) ကာလထဲ ရောက်နေလိမ့်မယ် …”
“ ဒါပေမယ့် မကြာခင်မှာပဲ ပြဿနာ တစ်ခုပေါ်လာတယ် ….”
“ လွမ်းဆွေးနှင်းစက်ရဲ့ ကမ္ဘာကြီးမှာ အချစ်တစ်ခုတည်းက သူတို့နှစ်ဦးလုံးရဲ့ တစ်ခုတည်း ဦးစားပေးအရာဖြစ်ရမယ် … အရာအားလုံးကို အချစ်အတွက်ပဲ ပေးဆပ်ရမယ် ….”
“ ဒါပေါ့ … တကယ့် လက်တွေ့က အဲ့လိုမျိုး ဟုတ်မနေခဲ့ဘူးဆိုတာကို သူ့ကိုယ်သူ မကြာခင်ပဲ သိသွားတယ် …”
“ကောင်လေးက အချိန်ပိုင်း အလုပ်တွေ လုပ်ရ ၊ စာတွေ ပြရ ၊ သူငယ်ချင်းတွေနဲ့လည်း ညစာစားဖို့ အချိန်တွေ ပေးရတယ်…. ပြီးရင် တစ်ခါတစ်လေဆို ကောင်လေးက သူ့ရဲ့ အမျိုးသမီး အိုင်ဒေါတွေ သီချင်းဆို ကခုန်တာတွေလည်း ခိုးကြည့်သေးတယ် … “
“ အရင်တုန်းက သူမရဲ့ စိတ်နှလုံးသား တစ်ခုလုံးကို ကောင်လေးနဲ့ အတူရှိဖို့ပဲ ပေးဆပ်ထားခဲ့ပြီး တခြား အရာအားလုံးကို လျစ်လျူရှုထားခဲ့တယ် …”
“ အချိန်ကာလက ဘယ်လိုနှင်းဆီရောင် မှန်မျိုးမဆို အတွက် အကောင်းဆုံး ရေစစ်ပဲ …”
“ နှစ်လကြာပြီးတဲ့နောက်မှာ သူမရဲ့ လက်တွေ့ မဆန်တဲ့ အိပ်မက်ကနေ နိုးထလာခဲ့ပြီး ကောင်လေးနဲ့ လမ်းခွဲလိုက်တယ် …”
“ ဒါပေါ့ … သူ့လို လူနာ တစ်ယောက်မှာ ရောဂါဟောင်းက ပြန်ပြန်ဖောက်လာတဲ့ အချိန်ဆိုတာ မလွဲမသွေ ရှိမှာပဲလေ …”
“ ဘွဲ့မရခင်မှာကို သူတို့တွေ အဲ့လိုပဲ ပြတ်ကြလိုက် ၊ ပြန်အဆင်ပြေသွားကြလိုက်နဲ့ သုံးကြိမ်လောက်ကို ဖြစ်တယ် …”
“ အဲ့ဒီ တစ်ခေါက်ကနေစပြီး သူမလည်း အချစ်ဆိုတဲ့ အရာအပေါ်မှာ မယုံကြည်တော့ဘူး …”
“ သူ့အမေ အရင်က သူမအတွက် ပြုလုပ်ခဲ့ပေးဖူးတဲ့ အရာရာတိုင်းကို ပြန်အမှတ်ရရင်း သူမရဲ့ လက်ကျန် ဘဝတစ်လျှောက်လုံးကို သူ့မိဘတွေ စိုက်ပျိုးပေးခဲ့တဲ့ အသီးအပွင့်တွေ ခံစားရင်း အထည်စက်ရုံကို ကာကွယ်ပေးရင်းနဲ့ပဲ နေသွားခဲ့တယ် ….”
“ သူမရဲ့ ထက်ထက်မြက်မြက်ရှိတဲ့ ဉာဏ်ရည်အပေါ် မှီခိုရင်း နိုင်ငံခြားက အကောင်းဆုံး တက္ကသိုလ်မှာ PhD. ဘွဲ့ရခဲ့တယ် ….”
“ ကောင်လေးကကျတော့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်ပြီး ခုနစ်နှစ် ကြာတော့ သူ့တို့ စီးပွားရေး အသင်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ် …”
“သူ အိမ်တစ်လုံးဝယ်တယ် … ပြီးတော့ သူ့ရဲ့ သိမ်မွေ့နူးညံ့တဲ့ ချစ်သူ ကောင်မလေးနဲ့ လက်ထပ်သွားတယ် …”
“ သူ့ မင်္ဂလာဆောင်တဲ့နေ့မှာ လွမ်းဆွေးနှင်းစက်နဲ့ ဟိုတယ်မှာ ပက်ပင်းတိုးတယ် ….”
“ အဲ့အချိန်မှာ လွမ်းဆွေးနှင်းစက်က သူမ အထည်ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဖြစ်နေပြီ …”
“ အဲ့နေ့ ဟိုတယ်မှာ ကုမ္ပဏီအတွက် သတင်းစာရှင်းလင်းပွဲ လာလုပ်တာ …”
“ နှစ်ယောက်လုံး ပြန်တွေ့တော့ တစ်ယောက်ကိုယ်တစ်ယောက် ပြုံးပြပြီး ကိုယ်စီ လမ်းခွဲသွားခဲ့ကြတယ် …”
“ အဲ့နောက် … သူတို့တွေ ဘယ်တော့မှ ပြန်မဆုံဖြစ်ကြတော့ဘူး ….”
ချန်ယွီ့ ထပ်ပြီး သူထိုင်သည့် ကိုယ်ဟန်ကို ပြောင်းလဲလိုက်သည်။
“ လွမ်းဆွေးနှင်းစက်က သူ့ အိပ်မက်ထဲကနေ နိုးထလာပြီး ရည်မှန်းချက် အသစ် တစ်ခု ရှိလာခဲ့တယ် …”
“ အဲ့ကောင်လေးကလည်း ချစ်ဖို့ကောင်းတဲ့ ဇနီးနဲ့ ကလေးကို ပိုင်ဆိုင်သွားခဲ့တယ် …”
ဤသို့သော အဆုံးသတ်ကို နားထောင်ပြီးနောက် လုလု ခံစားချက်တို့ မရှုပ်ထွေးဘဲ မနေနိုင်ခဲ့ချေ။
သူတို့နှစ်ဦး၏ အချစ်ဇာတ်လမ်းအတွက် ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းတစ်ခု ဖြစ်နေသော်လည်းပဲ … ယုတ္တိကျကျ စဉ်းစားကြည့်မည်ဆိုပါက ဤသည်ကလည်း နှစ်ဦးလုံးအတွက် အကောင်းဆုံးသော နိဂုံးတစ်ခု ဖြစ်နေခဲ့သည်။
လွမ်းဆွေးနှင်းစက်က သူမ အမှန်တကယ် သွားလိုသည့် ဦးတည်ရာကို ရှာတွေ့သွားခဲ့ပြီး ကောင်လေးကလည်း နေ့ရက်တိုင်းတွင် ပျော်ပျော်ရွှင်ရွှင်နှင့် နေထိုင်သွားခဲ့၏။
ဒါက လူအများစု လိုချင်နေကြတဲ့ ဘဝပဲ မဟုတ်လား ….
မျက်စိလျင်သည့် ကြည့်ရှုသူတစ်ဦးက လွမ်းဆွေးနှင်းစက် လိုက်စထွင်းထဲသို့ ဝင်လာခဲ့သည်ကို မြင်တွေ့သွားခဲ့သည်။
“ ဒေါက်တာချန်ရေ … လွမ်းဆွေးနှင်းစက်တော့ ဒီကို ရောက်လာပြီ …”
“ ညီကိုတို့ … ကာဗာပေးထားကြ … ဒေါက်တာချန် … မြန်မြန်ပြန်ဆုတ် …”
“ သူက အခုထိ အချစ်ရူးနေတဲ့ မိန်းမငယ်လေးပဲ ရှိသေးတာလေ … ဒေါက်တာချန် ပြောတာတွေ နားထောင်ပြီးတော့ ပေါက်ကွဲသွားမှာ သေချာတယ် …”
“ သူ့စရိုက်နဲ့သာဆိုရင် ဒေါက်တာချန်ရဲ့ တံခါးဝကို သွားခေါက်ပြီး တံခါးဘောင်မှာ တန်းလန်းဆွဲထားလောက်တယ် …”
ကြည့်ရှုသူ တစ်ဝက်လောက်ခန့်က သူ့ကို စနောက်နေခဲ့ကြပြီး ကျန်တစ်ဝက်ကတော့ လွမ်းဆွေးနှင်းစက် ထပ်ပြီး သေကြောင်းကြံနေဦးမှာကို စိုးရိမ်နေကြသည်။
“ ဒေါက်တာချန် … အနာဂတ်က တကယ်ပဲ ပြောင်းလဲလို့ရလား ….”
လွမ်းဆွေးနှင်းစက်က အထူးကွန်းမန့်တစ်ခု ပေးပို့လာခဲ့သည်။
“ ဒါပေါ့ ဒါပေါ့ … သေချာပေါက် ရတာပေါ့ ….”
ချန်ယွီ့ ပြောတော့မည့် အချိန်မှာပဲ ချယ်ရီသစ်ပင်က လျင်မြန်စွာ တုံ့ပြန်လာသည်။
ကံကြမ္မာက ပြောင်းလဲနိုင်ကြောင်း သူက အကောင်းဆုံးသော သက်သေပင် မဟုတ်လော။
သူသည်လည်း လွမ်းဆွေးသစ်ပင်က ချန်ယွီ့၏ အိမ်တံခါးဝသို့ ပြေးသွားပြီး ဓားနဲ့ထိုးမှာကို ထိတ်လန့်နေခဲ့သည်။
ချယ်ရီက ဈေးပေါသည့် လိုက်စထွင်း ကွန်းမန့်များနှင့် အခန်းတစ်ခုလုံး ပြည့်နှက်အောင် လွမ်းဆွေးနှင်းစက်အား နှစ်သိမ့်စကားများဆိုရင်း သူမ၏ အနာဂတ်က သူမ၏ လက်ထဲမှာပဲ ရှိကြောင်း ယုံကြည်လာအောင် သိမ်းသွင်းနေခဲ့သည်။
“ အစ်ကိုချယ်ရီသစ်ပင် … ကျေးဇူးပါပဲ ….”
လွမ်းဆွေးနှင်းစက်က ကွန်းမန့်တစ်ကြောင်း ပေးပို့ပြီး လိုက်စထွင်းအခန်းထဲက ထွက်သွားခဲ့သည်။
“ ဒေါက်တာချန် … သူတို့ရဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားမှာလား ….”
ဤတစ်ကြိမ် မေးမြန်းလာခဲ့သူက [မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင်] ဖြစ်၏။
ချန်ယွီ့ ရင်ထဲ လှုပ်ခတ်သွားခဲ့သည်။ သူ လက်တစ်ဖက်ကို စားပွဲအောက်သို့ ပို့ရင်း လက်မကို လက်လေးချောင်းဖြင့် တစ်ချက်ချင်းစီဖိရင်း အနာဂတ်ကို စတင် မှန်းဆ တွက်ချက်ကြည့်လိုက်သည်။
( လက်ချိုးပြီး ဗေဒင်တွက်တာကို မြင်ယောင်ပါလေ)
‘ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာက တကယ့်ကို နက်နဲဆန်းပြားပြီး အကန့်အသတ်မဲ့တာပဲ …’
ချန်ယွီ့ သူ့ကိုယ်သူ တွေးတောလိုက်သည်။
“ အဲ့ကောင်လေးနဲ့ ပတ်သက်တဲ့ သူမရဲ့ ကံတရားကတော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး … ဒါပေမယ့် ……”
ချန်ယွီ့ စကားကို ခေတ္တရပ်တန့်ပြီးနောက် လုလုကို ကြည့်လိုက်သည်။
“ အလှလေး … အခုချိန် ထွက်ပြေးလို့ နောက်မကျသေးဘူးနော်… ဒေါက်တာချန်က သူ့ အားအပြင်းဆုံး တိုက်ကွက်ကို ဖော်ထုတ်ဖို့ အရှိန်ယူနေတာ ….”
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး သက်ညှာပေးလိုက်ပါ … ဒီလို တက်ကြွတဲ့ မိန်းကလေးသာ မင်းကြောင့်နဲ့ စိတ်ဓာတ်ကျသွားခဲ့ရင် ငါပါ ရောပြီး စိတ်ဓာတ်ကျသွားလိမ့်မယ် …”
မရေမတွက်နိုင်သည့် ကွန်းမန့်များက ဒလဟော ဝင်ရောက်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ချန်ယွီ့၏ မည်သည့် စကားတစ်လုံးက မဆို စကားအခွန်းပေါင်း တစ်သောင်းနှင့် ညီမျှ၏။
အခြား စထွင်မာ လှလှလေးများကို သွားရည်သွားယိုနေကြသည့် ချန်ယွီ့၏ ပရိသတ် အုပ်စုကြီးမှာလည်း သတင်းကြားကြားချင်း လိုက်စထွင်းခန်းထဲ အုပ်လိုက်ကြီး ရောက်လာခဲ့ကြသည်။
တစ်နာရီ ၂၈၀ မိုင်နှုန်းဖြင့် အရှိန်တင်ပြီး လုလု အကြောင်းကို သိချင်စိတ် ပြင်းပြနေခဲ့ကြ၏။
ထိုအခိုက်အတန့်၌ ဆက်ဆီကျသည့် စထွင်မာလှလှလေးများမှာ သူတို့၏ အာရုံကို ဆက်ပြီး မဆွဲဆောင်နိုင်တော့ချေ။
“ မင်း အနားဝန်းကျင်မှာ ရှိတဲ့ ယောက်ျားလေး သူငယ်ချင်းတွေ မင်းနဲ့ ခပ်ဝေးဝေးနေပြီး ဘလော့သွားကြတယ်ဆိုတာ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်ဘူးဆိုတာ ငါ အာမခံတယ် …”
“ သူတို့က သူတို့ကိုယ်သူတို့ မင်းအရှေ့မှာ ရပ်တည်နေရမှာကို ရှက်ကြလို့ပဲ …”
“ သူတို့ မင်းနဲ့ ခပ်ခွာခွာနေကြတယ်ဆိုတာ တကယ်လည်း သူတို့ပြောတဲ့အတိုင်း မင်းရဲ့ အနာဂတ်ကို နှောင့်နှေးကြန့်ကြာအောင် လုပ်မိမှာ စိုးလို့ပဲ ….”
ချန်ယွီ့၏ စကားလုံးများက လုလု၏ စိတ်ထဲသို့ ဧရာမ ဗုံးကြီးတစ်လုံး ပစ်ချလိုက်သည့်နှယ်ပင်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ..
သူတို့က သူမနဲ့ သူငယ်ချင်းဖြစ်တာနဲ့ပဲ သူတို့က အလှမ်းဝေးတယ်လို့ ခံစားရရောလား …
လုလုက ထူးချွန်တဲ့ မှုခင်းဆရာဝန်တစ်ယောက် ဖြစ်ချင်ရုံလေးပဲလေ …
သူမရဲ့ အစွမ်းအစတွေနဲ့ဆိုရင် မှုခင်းဆရာဝန် စာမေးပွဲကို အောင်မြင်ဖို့က ပြဿနာ မရှိဘူး … လက်ရှိ သူ့မှာရှိတဲ့ သူငယ်ချင်းထက် နှစ်ဆများနေရင်တောင် သူမရဲ့ အဆင့်တွေအပေါ် အကျိုးသက်ရောက်မှုမှ မရှိနိုင်တာ …
“ ဟင်း ….”
ချန်ယွီ့ သက်ပြင်းချလိုက်သည်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကို ပိုင်ဆိုင်ပြီးကတည်းက ချန်ယွီ့ လူဆယ်ယောက်၏ ကံကြမ္မာကို တွက်ချက် ဖတ်ရှုကြည့်ခဲ့ဖူးသည်။
သူတို့အားလုံးအနက် လုလု၏ ကံကြမ္မာက အရှုပ်ထွေးဆုံး ဖြစ်၏။
လူတိုင်းတွင် ကံကြမ္မာလမ်းကြောင်း တစ်ခုတည်းသာလျှင် ရှိသော်ငြားလည်း လုလုထံတွင်တော့ ကံကြမ္မာလမ်းကြောင်းက သုံးခု ရှိနေခဲ့သည်။
ထို့ပြင် ထိုလမ်းကြောင်းများ အားလုံးကလည်း ပုံသေကားချပ် ဟုတ်မနေချေ။
သူမ၏ ကံကြမ္မာက အစဉ်မပြတ် ပြောင်းလဲနေလျက်ရှိ၏။
ချန်ယွီ့တစ်ဦးကလွဲပြီး … အကယ်၍ လုံဟူတောင်၏ လက်ရှိ မာစတာကျန်းပင် သူမ၏ ကံကြမ္မာကို ဖတ်ရှုမည်ဆိုပါက အမှားပြုလုပ်မိနိုင်ချေရှိသည်။
လုလု၏ ဘဝကို ဩဇာကြယ်၊ ပျက်စီးခြင်းကြယ် နှင့် ထောင်ဟွားကြယ် စသည့် ကံကြမ္မာကြယ် သုံးစင်းတို့က အုပ်စိုးထားသည်။
အဆိုပါ ကံတရားကြယ်သုံးစင်း ပေါင်းစပ်နေမှုက ရာစုနှစ် တစ်ခုတွင် တစ်ခါသာလျှင် ကြုံတွေ့နိုင်သည့် အရာဖြစ်သည်။
လုလုတွင် ကံကြမ္မာကြယ် သုံးစင်းက သူမနှင့် ပေါင်းစည်းနေပြီး ၁၂ နှစ်တစ်ကြိမ် အလှည့်ကျ သက်ဆိုင်ရာကြယ်၏ လွှမ်းမိုးမှုကို ခံစားရသည်။
သူမက ယခုနှစ်တွင် ၂၃ နှစ်ဖြစ်ပြီး လက်ရှိတွင် ထောင်ဟွားကြယ်စက်ဝန်းအတွင်း၌ ဖြစ်၏။
ထောင်ဟွားကြယ်(မက်မွန်ပွင့်ကြယ်)က ညှို့ဓာတ်ရှိမှု၊ ဆွဲဆောင်မှုရှိမှု ၊ ဆန့်ကျင်ဘက်လိင်တို့ကြားထဲ ရေပန်းစားမှုတို့ကို ဖြစ်ပေါ်စေသည်။ သို့ပါသော်လည်း နောက် ၂၄ နှစ်တွင် ဩဇာကြယ်စက်ဝန်းအတွင်းသို့ ကျရောက်တော့မည့် ဖြစ်ရာ နီးကပ်လာသည့် ကြယ်စွမ်းအင်၏ သက်ရောက်မှုကို ခံနေရသည်။
ဩဇာကြယ်(Power star)က အေးစက်မှု ၊ စိတ်မြန်လက်မြန် ရှိမှုနှင့် အယ်လ်ဖာ ဝံပုလွေကဲ့သို့သော အရှိန်အဝါတို့အား ထုတ်လွှတ်သည်။
အကယ်၍ ဩဇာကြယ်စက်ဝန်းအတွင်းသို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့မည်ဆိုပါက ဩဇာကြယ်၏ သက်ရောက်မှုကြောင့် အခြားသူများက သူမနှင့် နီးစပ်ရန် ခက်ခဲသည်ဟု အလိုအလျောက်ခံစားရစေမည်။
ယခု အချိန်တွင် ထောင်ဟွားကြယ်၏ လွှမ်းမိုးမှု အားအင်က ဖြည်းဖြည်းချင်း လျော့နည်းလာနေပြီး ဩဇာကြယ်က သူမ၏ ဘဝကို ဖြည်းဖြည်းချင်း လွှဲပြောင်းယူငင်နေသည်။
ထို့ကြောင့်ပဲ လုလု၏ ယောက်ျားလေး သူငယ်ချင်းတို့မှာ မသိစိတ်အလျောက် သူမနှင့် ဝေးရာကို ခပ်ခွာခွာ ရှောင်နေမိကြခြင်းပင် ။