ကျွန်မ ယောက်ျား ပျောက်နေလို့
Vol. 5 Ch. 48
“ ဒီနေ့က all-women show လား ….”
“ ရှူး …. တိုးတိုး … အဲ့တာ ဘာများ ဖြစ်နိုင်မလဲ … ဝင်လာတဲ့ သုံးယောက်လုံးက အမျိုးသမီးတွေ ဖြစ်နေတယ် … အဲ့တာ သူတို့ကုသိုလ်နဲ့ သူတို့ပဲ ….”
“ ငါ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ပြောရရင် အခု ဝင်လာတဲ့ အမျိုးသမီးက အနည်းဆုံး အသက် ၃၀ ကျော်ပြီ …”
“ ဘာ ... ငါ ထင်နေတာ အလွန်ဆုံးရှိလှ ၂၄ ၊ ၂၅ ပေါ့ ….”
“ ငါ့အစ်မ .. နင် သုံးတဲ့ အလှကုန်စာရင်း ငါ လိုချင်တယ် …”
တတိယ ဝင်ရောက်လာသူက တကယ်ကို အမျိုးသမီး တစ်ယောက်ပင်။
သူမ၏ အွန်လိုင်း နာမည်က [ ညဉ့်ဦးယံမှာ တောက်ပနေတဲ့ လသော်တာ ] အမည်နှင့်ပင်။
လသော်တာ၏ မျက်နှာက မိတ်ကပ် ပါးပါးလေး ပုတ်ထားပြီး အဖြူရောင်ရှပ် တစ်ထည်နှင့် ဆံပင်ကိုလည်း စုပြီး ချည်ထားသည်။
ခေါင်းအစ ခြေအဆုံး ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသည့် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။
“ ဟယ်လို ဒေါက်တာချန် .. ကျွန်မ ရှင့်ကို အရေးတကြီး အကူအညီ တောင်းချင်တာလေး ရှိလို့ပါ …”
“ စည်းမျဉ်းတွေကိုလည်း ကျွန်မ နားလည်ထားပြီးသားပါ …”
“ ပိုက်ဆံလား .. ဒါမှမဟုတ် တခြား ကုသနည်းလား … ကျွန်မ အကုန်ရတယ် ….”
“ ကျွန်မ တစ်ခုတည်းပဲ တောင်းဆိုချင်တယ် … ကျေးဇူးပြုပြီး ကျွန်မ ယောက်ျားကို ရှာပေးပါရှင် ….”
လသော်တာက လိုရင်းသို့ တန်းသွားလိုက်သည်။
သူမ ခင်ပွန်းက ပျောက်ဆုံးနေပြီး မည်မျှပင် ကြိုးစားခဲ့စေကာမူ ရှာလို့ မတွေ့နိုင်ခဲ့ချေ။
သူမတွင် အခြား သွားစရာ နေရာလည်း မရှိတော့။ နောက်ဆုံး မျှော်လင့်အားကိုးရာ ကောက်ရိုးလေးတစ်မျှင် အနေနှင့် ချန်ယွီ့၏ အကူအညီကို လာရောက်တောင်းခံခြင်း ဖြစ်၏။
“ ခရက် ….”
ချယ်ရီသစ်ပင်၏ နှလုံး အက်ကွဲသံပင်။
စောနက ပျော်ရွှင်မှုတို့ဖြင့် မျက်လုံးအရောင် တလက်လက် ဖြစ်နေသည့် ချယ်ရီသစ်ပင်၏ မျက်နှာပင် ချက်ချင်း လက်ငင်း ညှိုးကျသွားခဲ့တော့သည်။
“ အာ ….. ညီကို ချယ်ရီပင် ဒီကောင် ဘယ်တွေ သွားခဲ့တာလဲ ….”
ချန်ယွီ့၏ လိုက်စထွင်းထဲတွင် မီးစိမ်းနေသည့် ချယ်ရီသစ်ပင်က လသော်တာ၏ စကားကို ကြားသည့်နှင့် သူ၏ ပရိုဖိုင်မှာ ချက်ချင်းပဲ အမဲရောင်သမ်းသွားခဲ့သည်။
“ ဟားဟား … ငါသိတယ် … သူ့မှာ ယောက်ျား ရှိတယ်ဆိုတဲ့ စကားကြားတော့ စိတ်ဓာတ်ကျသွားတာ ဖြစ်မယ် ….”
“ ချယ်ရီတို့က တာတောင် မထွက်ရသေးဘူး …. သူများက ပန်းတိုင်စည်းကို ရောက်နေပြီ ….”
“ တကယ်တော့ … ငါလည်း MILF တွေကို ကြိုက်တာ ( ရှက်နေသည့် မျက်နှာလေးဖြင့် ) …. “
“ NTR fan ? “
“ တော်လောက်ပြီ … သူ့ အမျိုးသား ပျောက်နေပါတယ်လို့ နင်တို့ နားတွေ ကန်းနေကြလား … ဒါ လူပျောက်နေတာနော် … နင်တို့မှာ ကိုယ်ချင်းစာ တရား မရှိကြဘူးလား ….”
ထိုအခါမှပဲ ကြည့်ရှုသူများမှာ ပြန်ပြီး အသိဝင်လာကြတော့သည်။
လသော်တာက ဖြစ်နိုင်ချေ နည်းလမ်းမျိုးစုံကို ကြိုးစားကြည့်ပါသော်လည်း ခင်ပွန်း ဖြစ်သူ မည်သည့် ဌာနေ ရောက်နေမှန်း မသိရချေ။
ဤသည်က ရာဇဝတ်မှုခင်း တစ်ခု ဖြစ်ဖို့များ၏။
မည်သို့ပင်ဆိုစေ အင်တာနက်ခေတ်တွင် မျက်နှာပျောက်ကွယ်သွားဖို့က အမှန်တကယ် မလွယ်ကူချေ။ အထူးသဖြင့် မျက်နှာမှတ်မိသည့် အေအိုင်နည်းပညာတို့ တိုးတက်ထွန်းကားနေသည့် သူတို့ နိုင်ငံတွင် ဖြစ်သည်။
လူကို ရှာလို့ မတွေ့ဘူးဆိုပါက အသတ်ခံရခြင်း … သို့မဟုတ် ပြန်ပေးဆွဲခံရခြင်း ဖြစ်နိုင်သည်။
“ မလောပါနဲ့ လူနာ … ခင်များ ဖြစ်နေတဲ့ အခြေအနေကို ဖြည်းဖြည်းချင်း ပြောပါ …”
ချန်ယွီ့က လသော်တာကို စိတ်တည်ငြိမ်စေရန် ရေတစ်ခွက် အရင်သောက်ခိုင်းလိုက်ပြီး သူမ၏ တင်းမာသည့် စိတ်အခြေအနေကို ပြောလျော့စေလိုက်သည်။
“ ဟူယွီ ပလတ်ဖောင်းမှာ လိုက်စထွင်း လွှင့်ရတဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က အကူအညီ လိုအပ်နေတဲ့ လူနာတွေ အများကြီးကို ကူညီဖို့ပဲ …”
“ ကျွန်တော့်ဆီ ဆက်သွယ်လာတဲ့ လူနာတွေကို သိပ္ပံနည်းကျပေါ် အခြေခံထားတဲ့ စိတ်ပညာကုထုံးကို သုံးပြီး ကူညီပေးမယ် ….”
ချန်ယွီ့နှင့် ရင်းနှီးနေကြသည့် ကြည့်ရှုသူများမှာ ထောက်ခံသည့် ကွန်းမန့်များ ပေးပို့လာခဲ့ကြသည်။
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းက အမြဲ သိပ္ပံနည်းကျ အကြောင်းအရာတွေချည်းပဲ ….”
“ အန်တီ … ဘာမှ မပူနဲ့ … ဒေါက်တာချန်ရဲ့ စိတ်ပညာကုထုံးက တအား အံ့ဩဖို့ကောင်းတယ် … လူရှာပေးဖို့ မပြောနဲ့ … ဂြိုလ်သားတွေ ရှာခိုင်းလို့တောင် ရတယ် … ကိစ္စ မရှိဘူး ….”
“ ငါတို့ ရောဂါတွေကိုလည်း ဒေါက်တာချန်ကပဲ သိပ္ပံနည်းကျ ကုသမှုနဲ့ ကုသပေးထားတာလေ …”
ချန်ယွီ့၏ ပေါက်တတ်ကရများကို ဆက်တိုက် နားထောင်ပြီးသည့်နောက်တွင် သူ၏ ပရိသတ်အဟောင်းများက သူ့ကိုပါ ကူပြီး အခြားသူများကို အယုံသွင်းပေးနေကြသည်။
အတိတ်နှင့် အနာဂတ် အကြောင်းအရာများကို တစ်လုံးတစ်ပါဒ မမှားယွင်းဘဲ ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုသည်က သိပ္ပံပညာ ဖြစ်သည်။
အရာရာတိုင်းကို ကုသပေးပြီး မည်သည့်ရောဂါကိုမဆို ဆေးပေးနိုင်သည်ကလည်း သိပ္ပံပညာဖြစ်သည်။
လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးသည်ကလည်း …. အင်း ... ထိုအရာလည်း သိပ္ပံပညာပဲ ဖြစ်သည်။
ကြည့်ရှုသူ အဟောင်းတို့ကသာ ထိုသို့ ပြောဆိုလာခြင်း မဟုတ်။ ယနေ့မှ ရောက်လာကြသည့် ကြည့်ရှုသူ အသစ်များကလည်း ထိုအတိုင်း လိုက်ပါလာခဲ့ကြသည်။
ဤသည်က ချန်ယွီ့ လိုက်စထွင်း၏ နောက်ဆုံးသော လူနာပင်။
အကယ်၍ သူတို့တွေ ကတ်တီးကတ်ဖဲ့ပြောပြီး ဤစထွင်းသာ အပိတ်ခံလိုက်ရမည်ဆိုပါက မနက်ဖြန် ပြန်ထုတ်လွှင့်သည်ကို စောင့်ဆိုင်းရပေလိမ့်မည်။
ချန်ယွီ့ အကြံပေးသည်ကို လိုက်နာရင်း လသော်တာက ရေနွေးပူတစ်ခွက် သောက်လိုက်သည်။
ရေအနည်းငယ် သောက်ပြီးနောက် သူမ၏ စိုးရိမ်ကြောင့်ကြနေသည့် စိတ်ကလည်း အနည်းငယ် ပြေလျော့သွား၏။
“ ကျွန်တော့်ကို အသေးစိတ်ပြောပြ …. ခင်များ အမျိုးသား ဘယ်အချိန်တုန်းကတည်းက ပျောက်သွားခဲ့တာ ….”
“ လွန်ခဲ့တဲ့ တစ်လတုန်းကပါ …”
ချန်ယွီ့ မေးလာသည်နှင့် လသော်တာက ချက်ချင်း ဖြေလာခဲ့သည်။
သူမဘက်က စတင်ပြီး ခင်ပွန်းဖြစ်သူ မည်သို့ ပျောက်ဆုံးသွားကြောင်း ပြောပြလာသည်။
“ ကျွန်မ ခင်ပွန်းက သတင်းစာဂျာနယ် သတင်းထောက်ပါ …”
“ လွန်ခဲ့တဲ့ တစ်လခွဲလောက်တုန်းက သူ အလုပ်ကနေ ရုတ်တရက် နှုတ်ထွက်ပြီး နိုင်ငံခြားကို သူ့သူငယ်ချင်းနဲ့ အလုပ်တစ်ခု စတင်ဖို့ ခရီးထွက်ချင်တယ် ပြောတယ် ….”
“ သူ နိုင်ငံခြား ထွက်သွားတုန်းက ကျွန်မတို့တွေ နေ့တိုင်းနီးပါး ဖုန်းခေါ်ပြောဖြစ်ကြသေးတယ် …”
“ နောက်ပိုင်းကျတော့ သူ့ဖုန်းက ဆက်ပိတ်ထားပြီး ကျွန်မ ဘယ်လောက်ပဲ ခေါ်ခေါ် … ခေါ်မရတော့ဘူး …”
“ ကျွန်မ နောက်ထပ် လဝက်လောက် စောင့်သေးတယ် … ဒါပေမယ့် သူ့ဘက်က ဖုန်းတစ်ချက် ပြန်မခေါ်လာဘူး …”
ဇနီးနှင့် ခင်ပွန်းက တရုတ်စာပေနှင့် ယဉ်ကျေးမှု တက္ကသိုလ်၏ စာသင်ဖော် စာသင်ဘက်များပင်။
ဘွဲ့ရပြီးနောက် နှစ်ယောက် လက်ထပ်လိုက်ကြပြီး အချင်းချင်းလည်း ချစ်မြတ်နိုးကြ၏။
အလုပ်၌ပင် သူမ ခင်ပွန်းက သူမထံ အမြဲတစေ စာတို မက်ဆေ့ချ်တွေ ပို့သည်။
ထို့ကြောင့် … သူမ ခင်ပွန်းဖြစ်သူထံကနေ လဝက်မျှ စာမလာ၊ သတင်းမကြားရ ဖြစ်တော့ စိုးရိမ်ပူပန်လာသည်။
သူမ ခင်ပွန်း၏ အတန်းဖော်သူငယ်ချင်းများ၊ မိတ်ဆွေများ ၊ ဆွေမျိုးများထံ သွားရောက်၍ သူမ၏ခင်ပွန်း မည်သူနှင့် နိုင်ငံခြားသို့ ထွက်ပြီး စီးပွားရေး လုပ်သနည်းဟု မေးမြန်းခဲ့သည်။
ထင်မှတ်မထားစွာဖြင့် ။
မည်သူကမျှ သူမ ခင်ပွန်း အလုပ်ထွက်လိုက်သည့် ကိစ္စကိုပင် မသိရှိကြချေ။
ထိုသို့ ဖြစ်ပြီးနောက် လသော်တာက ချက်ချင်းပဲ ရဲစခန်းသို့ သွားကာ အမှုဖွင့်သည်။
ယခုအချိန်ထိတိုင် ရဲဘက်က မည်သည့် သတင်းမျှ မကြားရသေးချေ။
နောက်ပိုင်း၌ အွန်လိုင်းမှတစ်ဆင့် လူပျောက်ရှာဖို့ အကြံတစ်ခု ရလာသည်။ သို့တိုင် အကြောင်းမထူးလာခဲ့ချေ။
“ ကျွန်မ စဉ်းစားလို့ရတဲ့ နည်းလမ်းတွေ အကုန် ကြိုးစားကြည့်ပြီးပြီ … ဆွေမျိုးမိတ်ဆွေတွေဆီ လိုက်မေးတယ် … ရဲစခန်းမှာ လူပျောက်တိုင်တယ် … လူပျောက်ကြော်ငြာတောင် ထုတ်ထားခဲ့သေးတယ် …”
“ ဒါတောင် ဒီနေ့ထိ ဘာ သတင်းမှ မရသေးဘူးရယ် ….”
“ ကျွန်မလည်း တကယ့်ကို အကြံကုန်နေပါပြီ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့ယောက်ျားကို ကူပြီး ရှာပေးပါဦးရှင် ….”
“ တကယ်လို့ … တကယ်လို့ သူ ကြမ္မာဆိုးငင်သွားခဲ့တယ်ဆိုရင်တောင် ကျွန်မ လက်ခံနိုင်ပါတယ် ….”
လသော်တာ၏ မျက်ဝန်းတို့ နီရဲသွားခဲ့သည်။
ရှေ့တစ်လ လုံးလုံးလည်း သူမ အိပ်ကောင်းခြင်း မအိပ်ခဲ့ရချေ။
သူမ ခင်ပွန်း တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေသည်ဟုသာ အမြဲ အိပ်မက်ဆိုးတွေ မက်ပြီး စိတ်ဖိစီးမှုကလည်း အကန့်အသတ်သို့တိုင် တင်းမာလာသည်။
သူမ အဖြေတစ်ခုတည်းကိုသာ သိချင်သည်။
ခင်ပွန်းက အဘယ်ကြောင့် သူမထံ အဆက်အသွယ် မလုပ်ဘဲ ပစ်ထားရသနည်း။
သူမထံရည်ရွယ်ချက် ရှိရှိ မဆက်သွယ်ဘဲ နေတာလား … ဒါမှမဟုတ် တစ်ခုခု ဖြစ်နေတာကြောင့်လား ….
“ သူ စီးပွားရေးလုပ်ရင်း ပိုက်ဆံ ရှုံးသွားလို့ ရှက်ပြီး မိန်းမဖြစ်သူကို မျက်နှာ မပြဝံ့တာများလား ….”
“ ဖြစ်နိုင်တာ သူ နိုင်ငံခြား ရောက်သွားလို့ ဖုန်းခေါ်မရတော့တာများလား … အဲ့တာကြောင့် ဖုန်းက ဆက်သွယ်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေပါသည် ဖြေနေတာပေါ့ ….”
“ ထိပ်ကလူ … ခင်များ ဘယ်ခေတ်ကနေ နိုးထလာတာလဲ .. အခုခေတ်ကြီးကိုက ကန့်သတ်နယ်နိမိတ်တွေ မရှိဘဲ ဆက်သွယ်လို့ရတဲ့ ခေတ် ဖြစ်နေပြီ …”
“ အရင် ၂ နှစ်တုန်းကလည်း နိုင်ငံခြား ထွက်ပြီး ကျောက်ကပ်တွေ အတင်းအဓမ္မ ထုတ်ခံလိုက်ရတဲ့ သတင်းတွေတော့ မြင်ဖူးတယ် … သူလည်း အဲ့လို ဖြစ်နေမလာနော်….”
“ ဟိုက သတင်းထောက်လေ … သူအဲ့လောက်တော့ သတိထားမိမှာပါဟ ….”
“ တစ်ခြားကမ္ဘာကို ကူးပြောင်းသွားတာများလား ….”
“ ဘယ်နားကသာ … တစ်ဆင့်ပိုမြင့်တဲ့ ကမ္ဘာကို တက်လှမ်းသွားတာပဲ ဖြစ်ရမယ် ….”
“ ဒေါက်တာချန် ….. ငါ့ထိပ်ကလူကို အယူသည်းမှုတွေ ကြော်ငြာမှုနဲ့ တိုင်ချင်ပါတယ် ….”
ကြည့်ရှုသူများအားလုံး အမြင်ကိုယ်စီနှင့် ဖြစ်နေခဲ့ကြသည်။
တစ်ယောက်ပြီး တစ်ယောက် ၊ ရှားလော့ဟုမ်း အသွင်သို့ ကူးပြောင်းသွားခဲ့ကြကာ စိတ်ကူးယဉ် ထောက်လှမ်းမှုတို့ စပြီး ပြုလုပ်ကြတော့၏။
“ စိုးရိမ်စရာမလိုဘူး …. “ ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များရဲ့ ခင်ပွန်းက အသက်ရှင်နေသေးတယ် …”
“ အဲ့တာဆို သတင်းကောင်းပဲ …”
လသော်သာမှာ သူမ ခင်ပွန်း အသက်ရှင်နေသေးသည်ဟု သိလိုက်ရတော့ စိတ်သက်သာ ရသွားခဲ့သည်။
သူ အသက်ရှင်နေသရွေ့ သူ့ကို ကျိန်းသေပေါက် ရှာဖွေနိုင်သည်။
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ကျွန်မ ရှင့်ကို ဘယ်လို ပေးချေရမလဲ ….”
ချက်ချင်းဆိုသလို လသော်တာက ဝန်ဆောင်မှုအတွက် ငွေချေဖို့ လုပ်လာခဲ့၏။
“ မလောပါနဲ့ … ကုသမှုက အခုထိ မပြီးသေးဘူး ….”
“ ခင်များရဲ့ ယောက်ျား အသက်ရှင်နေသေးတာ မှန်တယ် … ဒါပေမယ့် …… “
အမျိုးသမီး ဖြစ်သူ၏ အခြေအနေနှင့် အမျိုးသားဖြစ်သူ၏ အခြေအနေကို ဝေဖန် သုံးသပ်နေကြသည့် ကြည့်ရှုသူများမှာ ချန်ယွီ့၏ ‘ ဒါပေမယ့် ‘ ဆိုသည့် စကားကိုကြားတော့ အားလုံး လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြသည်။
“ ဒီတစ်ခေါက် သူ ဒီစကားပြောတာ ပထမဆုံးတစ်ယောက်ထက် ရှစ်မိနစ် စောတယ် …. စောနက တစ်ယောက်ထက်ကျ မိနစ် ၂၀ စောတယ် … ကြည့်ရတာ ဒေါက်တာချန် ပင်ပန်းပြီး စောစီး နားချင်နေတယ်နဲ့တူတယ် ….”
“ ခွဲခြမ်းသုံးသပ်နိုင်လွန်းတဲ့ ကျွမ်းကျင်သူကြီး … ကျုပ် ဒူးထောက်ပါတယ် …”
“ လူပျောက်တာက ရေးကြီးခွင်ကျယ် ကိစ္စ ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်တာပဲလေ … ဒါကြောင့်မို့ ဒေါက်တာချန်က ဒွိဟဖြစ်အောင် မလုပ်ချင်တာ နေမယ် ….”
ချန်ယွီ့ ‘ ဒါပေမယ့် ‘ ဆိုသည့် စကားပြောလိုက်သည့် အချိန်က သူ၏ ကုသမှုကို စတင်မယ့် အချိန်ဖြစ်သည်။
ကြည့်ရှုသူများ၏ ကွန်းမန့်ကို မြင်တော့ အမျိုးသမီးဖြစ်သူမှာ အားတင်းပြုံးလိုက်၏။
“ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ကျွန်မ အခုတလော အတော်လေး စိတ်ဖိစီးနေတာ အမှန်ပဲ … ကျွန်မ ကိုယ့်ဘာကိုယ်ပဲ ဂရုစိုက်လိုက်ပါမယ် …”
“ မဟုတ်ဘူး … အစ်မကြီးရဲ့ ရောဂါက စိတ်ဖိစီးမှု များနေတာ မဟုတ်ဘူး … တကယ်တော့ နှလုံးသား တစ်ဖက်ခြမ်းကို တွယ်တာလွန်းတဲ့ ကစဉ့်ကလျား ရောဂါပဲ …”