သိတတ်တဲ့ ဇနီးကို အနိုင်ယူသွားခဲ့တဲ့ ယောက်ျား
Vol. 5 Ch. 49
“ နှလုံးသား တစ်ဖက်ခြမ်းကို တွယ်တာလွန်းတဲ့ ရောဂါ ဟုတ်လား …. ဘယ်လိုရောဂါကြီးတုန်း အဲ့တာ …”
လသော်တာ အံ့အားသင့်သွားခဲ့သည်။
နာမည်ကြည့်ရသလောက်တော့ လင်မယားချင်း တစ်ဦးကိုတစ်ဦး တွယ်တာ မှီခိုလွန်းသည်ကို ရည်ညွှန်းခြင်း ဖြစ်ပုံပင်။
သူမလည်း ဘွဲ့ရ ပညာတတ် ဆိုပေမယ့် အဲ့လို ရောဂါမျိုးကို ဘာကြောင့် မကြားဖူးရတာလဲ …
စုံတွဲမှာ တရုတ်စာပေနှင့် အနုပညာ တက္ကသိုလ်၏ ထိပ်တန်း ကျောင်းသားများ ဖြစ်ကြပြီး ဘွဲ့ရပြီးနောက် ခင်ပွန်း ဖြစ်သူက သတင်းစာဂျာနယ်တိုက် ကုမ္ပဏီတွင် အလုပ်ဝင်ပြီး ၊ ဇနီးဖြစ်သူကတော့ တက္ကသိုလ် စာကြည့်တိုက်တွင် အလုပ်ဝင်ခဲ့သည်။
နိုင်ငံပိုင် ကဏ္ဍ၏ ခံစားခွင့်ရရှိသည့် အကျိုးကျေးဇူးများအနက် တစ်ခုမှာ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု အခမဲ့ ပြုလုပ်ရခြင်းပင်။
ရုပ်ပိုင်းဆိုင်ရာမှ စိတ်ပိုင်းဆိုင်ရာအထိ ၊ အရာအားလုံးကို စစ်ဆေးနိုင်သည်။
ထို့ကြောင့် လသော်တာက သူမတွင် မည်သို့သော စိတ်ကျန်းမာရေး ချို့တဲ့သည့် လက္ခဏာရပ်တို့မျှ မရှိကြောင်းကို သေချာနေခြင်းပင်။
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်ရတာ ငါတို့ကို သိပ္ပံအကြောင်း ပိုပြီး နားလည်လာစေရုံတင် မကဘူး … ဗဟုသုတ အသစ်တွေလည်း အများကြီးရတယ် ….”
“ မေမေရေ … သားတော့ နောက်ထပ် စိတ်ရောဂါ အသစ်တစ်ခုကို သိသွားပြန်ပြီ …”
“ ပြောခါမှ အဲ့လို စိတ်ရောဂါမျိုးက တကယ်ရော ရှိလို့လား ….”
“ ဒါပေါ့ … ဒါပေမယ့် ငါတို့ နိုင်ငံထဲ လူတော်တော်များများကတော့ အဲ့လို ရောဂါရှိကြောင်း မသိကြဘူး ….”
“ အပေါ်ကလူ … မြန်မြန် ပြောပြစမ်းပါ ….”
“ ကျေးဇူးပြုပြီး ပြောပြပေပါ ….”
တခြားနိုင်ငံက အိုင်ပီလိပ်စာနှင့် ပရိတ်သတ်တစ်ယောက်က စတင်ရှင်းပြလာသည်။
နှလုံးသား တစ်ဖက်ခြမ်းကို တွယ်တာလွန်းသည့် ကစဉ့်ကလျား ရောဂါကို ၁၉၆၀ တွင် စတင်ရှာဖွေ တွေ့ရှိခဲ့သည်။
ယင်းက ခင်ပွန်းသည် (သို့မဟုတ်) ဇနီးဖြစ်သူက သူတို့၏ နာမကျန်းဖြစ်သည့် ကြင်ဖော်ကို နှစ်ကာလကြာရှည်စွာ ဂရုစိုက်ပေးသည့်လူကို ဆိုလိုပြီး ၎င်းတို့မှာ အလွန်လျင်မြန်စွာဖြင့် ရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာတတ်သည်။
အဆိုပါ ရောဂါတို့က ပလိပ်ရောဂါကဲ့သို့ သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်၀ိဥာဏ်တွင်စွဲကပ်လာခဲ့ပြီး ထိုသို့သော လူနာအများစုမှာ ၎င်းတို့ ပြုစုစောင့်ရှောက်ပေးသည့် ကြင်ဖော်ကြင်ဖက် မသေဆုံးမီတွင် စောလျင်စွာ သေဆုံးသွားခဲ့ကြရသည်။
လုံလောက်သည့် သုတေသန ဒေတာ အချက်အလက်တို့ လိုအပ်သည့် အတွက်၊ နိုင်ငံတော်တော်များများတွင် ထိုရောဂါကို ဆေးဘက်ဆိုင်ရာ ကုသမှုများတွင် ထည့်သွင်းခြင်း မပြုကြချေ။
မိမိတို့ နိုင်ငံ၌ ထိုရောဂါကို သုတေသနလုပ်သူကလည်း အင်မတန် နည်းပါးလွန်းလှသဖြင့် လူမသိ သူမသိ ရောဂါ တစ်ခုအဖြစ် တည်ရှိနေခဲ့လေသည်။
ကြည့်ရှုသူများအားလုံးမှာ အံ့အားသင့်သွားခဲ့ကြပြီး ပြောစရာစကား ကင်းမဲ့သွားခဲ့ကြသည်။
ယုတ္တိမဆန် ဆန်းပြားလွန်းလှသည့် ထိုရောဂါ အကြောင်းကို ကြားသိလိုက်ရပြီးနောက် ကြည့်ရှုသူများမှာ အပြောကျယ်ဝန်းပြီး ထူးဆန်းမှုတို့ များစွာ တည်ရှိနေသည့် လောကကြီးကို အံ့အားမဆုံး ဖြစ်သွားခဲ့ကြလေသည်။
“ ဒေါက်တာချန် .. ရှင် အထင်လွဲနေပြီ … ကျွန်မ ခင်ပွန်းက ကျန်းမာရေး သိပ်ကောင်းတာ … ဘာရောဂါမှလည်း မရှိဘူး …”
လသော်တာလည်း ဖုန်းထဲ ရှာဖွေကြည့်ပြီး အခြားသော ကြည့်ရှုသူများနည်းတူ တူညီသည့် အဖြေကိုသာ ရရှိလိုက်သည်။
သူမ ချန်ယွီ့ကို သူမ၏ အလုပ်အကြောင်း အကြမ်းဖျင်း ပြောပြလိုက်ပြီး နှစ်စဉ်နှစ်တိုင်းတွင် ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာရေး စစ်ဆေးနိုင်သည့် အကျိုးခံစားခွင့်တို့ရှိကြောင်း ပြောပြလိုက်၏။
“ ခင်များတို့ နှစ်ယောက် လက်ထပ်ပြီးကတည်းက ….. ခင်များက ကိုယ့်ကိစ္စဆို အမြဲတမ်း ဘေးချိတ်ထားတယ် ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်သည်။ “ ဒါပေမယ့် ခင်များ အမျိုးသားရဲ့ အရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ ခင်များ အဲ့တာကို အရေးကြီး ကိစ္စလိုမျိုး အမြဲသတ်မှတ်လေ့ ရှိတယ် … ကျွန်တော် ပြောတာ မှန်တယ်မဟုတ်လား…”
လသော်တာ ခေါင်းညိတ်လိုက်၏။
“ အရင်တုန်းက ခင်များယောက်ျား ပရော်ဖက်ရှင်နယ် ဂုဏ်ဒြပ်ခေါင်းစဉ်အတွက် စာတမ်း တစ်စောင် ရေးတယ် … ဒါပေမယ့် လေးကြိမ် ရေးတာတောင် အကဲဖြတ်အဆင့်ကို မကျော်နိုင်ခဲ့ဘူး…”
“ ခင်များ ညသန်းခေါင်ကြီး တိတ်တိတ်လေး ထပြီး ခင်များ ယောက်ျားရဲ့ စာတမ်းကို တည်းဖြတ်တာတွေ လုပ်ပေးခဲ့တယ် ….”
“ ပြီးတော့ အဲ့တာက သူ့ကို ပရော်ဖက်ရှင်နယ်ဆိုတဲ့ ဂုဏ်ဒြပ်ကို ရသွားစေခဲ့တယ် ….”
“ ခင်များယောက်ျား စာတမ်းရေးဖို့ ညဉ့်နက်တဲ့အထိ နေတိုင်း ခင်များ သူ့ဘေးမှာ အဖော်လုပ်ပေးပြီး သူ့ကို ကူညီပြီးတော့ စာလုံးတွေ စစ်ပေးတာတွေ လုပ်ပေးတယ် …”
“ အဲ့လိုမျိုး တူညီတဲ့ တခြား အခြေအနေတွေလည်း အများကြီး ရှိသေးတယ် ….”
“ ခင်များ ယောက်ျား ခေါင်းလေးကိုက်တာပဲ ဖြစ်ဖြစ်၊ သာမန်ဖျားနာတာလေးပဲ ဖြစ်ဖြစ် ခင်များ သူ့ကို ဆေးရုံချက်ချင်း ခေါ်သွားပြတယ် ….”
လသော်တာမှာ ဆွံ့အနေလျက် ရှိတော့သည်။ ချန်ယွီ့က သူမတို့ လင်မယားနှင့် နှစ်ကိုယ်တူ ဘဝလေးတွင် ရှိခဲ့သည့် အသေးစိတ်လေးများကို ကိုယ်တိုင် မျက်စိနှင့် ကြုံတွေ့ခဲ့သည့်နှယ် တစ်ခုပြီးတစ်ခု ပြောဆိုနေတော့၏။
ယင်းတို့က အင်မတန် အသေးစိတ်လွန်းနေသည်။
မကောင်းသတင်းများ ဖြစ်ပေါ်လာနိုင်သည့် မည်သို့သော အခွင့်အရေး သေးသေးလေးကို မဆို ရှောင်ကြဉ်နိုင်ရန်အတွက် သူမ စာတမ်းပြင်ပေးသည့် ကိစ္စအား ခင်ပွန်းဖြစ်သူပင် မသိရှိခဲ့ချေ။
သူမ လုပ်ခဲ့သည့်ကိစ္စကို သူမ တစ်ဦးတည်းသာ သိပြီး အခြား မည်သူ့ကိုမျှ ပြောမပြဖူးကြောင်းကို လသော်တာ ကျိန်ဆိုဝံ့သည်။
“ ဘယ်လိုတောင် ဂရုစိုက်ပေးတတ်တဲ့ ဇနီးလေးလဲ ….. သူ့ယောက်ျား ဒီလောက်ထိ ကုသိုလ်ကံ ကောင်းနေတာ အရင်ဘဝတုန်းက ကမ္ဘာကြီးကို ကယ်တင်ခဲ့လို့ပဲ ဖြစ်ရမယ် … “
“ ငါ မနာလိုဘူးကွာ ….”
“ မင်းဘာမင်း ဘယ်လောက်ပဲ မနာလို ဖြစ်ဖြစ် အသုံးမဝင်ဘူး …. အဲ့လို ဇနီးမျိုးက ကုသိုလ်ကံ အင်မတန်ကောင်းမှ ရှာလို့တွေ့နိုင်တာ ….”
“ ဟွန့် … ငါ့ယောက်ျား ၊ အိမ်က ဝက်ခေါင်းကြီးကတော့ သူ့ကို ညသန်းခေါင်လေး ခေါက်ဆွဲ ထပြုတ်ပေးစမ်းပါ ပြောတာကို သေဖို့ ရှေ့တန်းထွက်ခိုင်းတဲ့ မျက်နှာမျိုးနဲ့ …”
“ အတူတူပဲ … ငါ့ယောက်ျားလည်း ဘာမှ မထူးဘူး …”
“ မင်းတို့နှစ်ယောက် ငါ့အိမ်မှာ စောင့်ကြည့်ရေး ကင်မရာ တပ်ထားတယ်လို့တောင် ငါ သံသယ ဝင်လာပြီ …”
“ ငါ့မှာသာ အဲ့လို ဂရုစိုက်ပေးတတ်တဲ့ ဇနီးလေးရှိလို့ကတော့ ဘုရားက အချိန်ပို လုပ်ဖို့ ပြောလာရင်တောင် ဘုရားစကားကို ငါ ပစ်ပယ်တယ် …”
ကွန်းမန့်အများစုမှာ လသော်တာ၏ အမူအကျင့်ကို ချီးမွမ်းနေခဲ့ကြသည်။
လသော်တာမှာ ခင်ပွန်းဖြစ်သူ၏ လုံခြုံရေးကို စိုးရိမ်ပူပန်နေသော်ငြားလည်း အားလုံးက ဝိုင်းဝန်းချီးမွန်းနေသည်ကို မြင်တော့ မနေနိုင်ဘဲ မျက်နှာနီမြန်းလာခဲ့ရသည်။
“ ခင်များ ခင်ပွန်းက ခင်များ အဲ့ဒီလို တိတ်တိတ်လေး ကူညီပေးနေတာကို သူ မသိဘူးလို့ ခင်များ ထင်နေလား ….”
ချန်ယွီ့၏ စကားက လသော်တာကို ရှော့ခ်ရသွားစေခဲ့ပြီး မျက်နှာအမူအရာပင် သိသိသာသာ ပြောင်းလဲသွားခဲ့တော့သည်။
“ သူသိနေတယ်လား …” လသော်တာ မေးလိုက်သည်။
“ သိတာပေါ့ …” ချန်ယွီ့ ခေါင်းညိတ်လိုက်၏။ “ ခင်များရဲ့ စာရေးတဲ့ဟန်ကို ခင်များယောက်ျားက မသိဘဲ ဘယ်နေလိမ့်မှာ ….”
“ ခင်များက ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ခင်များယောက်ျားကို ဂရုစိုက်ပေးခဲ့တယ် …”
“ ခင်များရဲ့ နှလုံးသားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ ဘဝနဲ့ အလုပ်ကို ဂရုစိုက်ပေးတာက သူ့ကို ချစ်ပေးပြီး တာဝန်ယူတတ်တဲ့ ဇနီးသည်ကောင်း တစ်ယောက်ရဲ့ တာဝန်လို့ ခင်များ စွဲမြဲထားတယ် ….”
“ ပင်ပန်းရတယ် ဆိုပေမယ် … ခင်များ ပျော်တယ် …”
“ မသိလိုက်ခင်မှာပဲ ခင်များမှာ နှလုံးသားတစ်ဖက်ခြမ်းအပေါ် တွယ်တာလွန်းတဲ့ ကစဉ့်ကလျား ရောဂါ ရှိနေပြီ….”
ချန်ယွီ့က သူမ ရောဂါ ခံစားနေရသည့် ပြဿနာ အရင်းအမြစ်ကို ထောက်ပြလိုက်သည်။
လသော်တာ ရှော့ခ်ရသွားခဲ့၏။ နှလုံးသားကြီး တစ်ခုလုံးနဲ့ ပံ့ပိုးပေးပြီး ခင်ပွန်းဖြစ်သူကို ကူညီပေးမိတာ သူမအမှားလား …
“ ဒေါက်တာချန် … ကျွန်မတို့ ဒီကိစ္စ မပြောကြစို့လား …”
လသော်တာက တောင်းဆိုလိုက်သည်။
“ ရပါတယ် ….” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး “ ခင်များ ယောက်ျား အခု ဘယ်မှာ ရှိနေလဲလို့ မေးချင်နေတာမလား …”
“ ဟုတ်တယ် ဟုတ်တယ် … ကျွန်မ မေးချင်နေတာ အဲ့တာပဲ ….”
ချန်ယွီ့က သူမတွင် နှလုံးသား တစ်ဖက်ခြမ်းအပေါ် တွယ်တာလွန်းသည့် ကစဉ့်ကလျား ရောဂါရှိနေသည်ဟု ပြောလာသည်က သူမကို အနည်းငယ် မပျော်မရွှင် ဖြစ်စေသော်လည်း …
ထိုစကားလုံးများမှတစ်ဆင့် ချန်ယွီ့၏ အစွမ်းအစတို့က မခေကြောင်းကို လသော်တာ အတည်ပြုလိုက်နိုင်သည်။
မဟုတ်ပါက သူမ ခင်ပွန်းသည်ကို ကူညီနေသည့် အကြောင်း မည်သို့ သိနိုင်လိမ့်မည်နည်း။
“ သူက တစ်ချိန်လုံး ခင်များရဲ့ အနီးနားဝန်းကျင် တစ်ဝိုက်မှာပဲ ရှိနေခဲ့တာ … ပြီးတော့ သူ တခြား ဘယ်နေရာမှ မထွက်သွားခဲ့ဘူး….”
“ သူက ကျွန်မနေတဲ့ နေရာနားလေးမှာပဲ ဟုတ်လား ….”
လသော်တာ၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။
သူမခင်ပွန်းသည်က သူငယ်ချင်း တစ်ယောက်နှင့် စီးပွားရေးစလို၍ နိုင်ငံခြားသို့ ထွက်သွားခဲ့သည်ဟုသာ တစ်ချိန်လုံး ပြောဆိုနေခဲ့၏။
သူမတို့နှစ်ဦး အဆက်အသွယ် မပြတ်စဉ်ကဆိုလျှင် ဖုန်းပြောသည့် အချိန်တိုင်း သူရောက်နေသည့် နေရာ၏ မြင်ကွင်းက မည်သို့မည်ပုံ ရှိတတ်ကြောင်းကိုပင် ပြောပြတတ်သေးသည်။
“ ငါ အခု နားလည်သွားပြီ … သူ့ယောက်ျားက ဖောက်ပြန်နေတာပဲ ဖြစ်ရမယ် …”
“ သေစမ်း မကောင်းတဲ့ကောင် …”
“ မိန်းမဖြစ်သူက အိပ်ကောင်းခြင်း မအိပ်နိုင်၊ စားကောင်းခြင်း မစားနိုင်ဘဲ စိတ်ပူနေရတာကို လဒက နောက်တစ်ယောက်နဲ့ အေးဆေး သွားနှပ်နေတယ်ပေါ့ ….”
“ ငါ့အစ်မ … နင် အဲ့လို လူစားမျိုးကို ဘာမှ တွယ်တာ နေစရာမလိုဘူး … နင့်မှာက ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ် … နင့်ကို ချစ်တဲ့လူတွေ အများကြီး ရှိသေးတယ် …”
“ သူသာ ငါ့ယောက်ျားဆိုလို့ကတော့ အိမ်ထဲကနေ ဘာမှမကျန်အောင် အကုန် ညှစ်ထုတ်ပြီးမှ ထွက်သွားခိုင်းလိုက်မယ် … ကလေးကို သူ့ရဲ မျိုးရိုးနာမည်ပေးဖို့လား … အိပ်မက်မက်နေလိုက် …. ”
“ ဘာမှမကျန်အောင် ညှစ်ထုတ်မယ်ဆိုတာက ငါ တွေးနေတဲ့ အဲ့ဒီ တစ်ခုများလား (ခွေးခေါင်းပုံ) …”
“ အပေါ်ကကောင် … နင်လျှောက်အတွေးလွန်မနေနဲ့ … အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်သွားခိုင်းမယ် ပြောတာ ….”
“ ချယ်ရီ ထွက်သွားတာ သိပ်စောလွန်းနေတာပဲ …. သူတော့ အခွင့်အရေးကောင်းကြီးကို လွတ်သွားရပြီ …”
“ ကံတရားပဲလေ …”
ကြည့်ရှုသူများ ဝေဖန်သုံးသပ်ထားသည့် ကွန်းမန့်များကို မြင်တော့ လသော်တာ၏ မျက်နှာအရောင်မှာ ဖြူဖျော့သွားခဲ့သည်။
ချက်ချင်းဆိုသလို တက္ကသိုလ်နှစ်များ၌ သူမတို့နှစ်ဦး မည်သို့မည်ပုံ ချစ်ကျွမ်းဝင်ခဲ့ကြပုံ၊ ဘွဲ့ရပြီးနောက် နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပုံ၊ မိသားစု ဘဝကို အတူထူထောင်ကြပုံ၊ စသည့် များပြားလှသော အတိတ်အမှတ်တရတို့က ပုံရိပ်ကားချပ်သဖွယ် ဦးနှောက်ထဲ ဖြတ်ပြေးသွားခဲ့သည်။
လသော်တာ ညပေါင်းများစွာ ညဉ့်နက်သည်အထိ နေ၍ ဖြစ်နိုင်ချေမျိုးစုံကို တွေးတောခဲ့ဖူးသည်။
သူမယောက်ျားရဲ့ ပိုက်ဆံတွေ အလိမ်ခံလိုက်ရပြီး အိမ်ပြန်လာကာ သူမကို မျက်နှာပြဖို့ ရှက်ရွံ့နေတာကြောင့်လည်း ဖြစ်နိုင်သည်။
ဒါမှမဟုတ် … မတော်တဆမှု တစ်ခုဖြစ်ပြီး ဆေးရုံကုတင်ပေါ်တွင် သတိလစ်မေ့မြောနေသည်မျိုးလည်း ဖြစ်နိုင်သည်။
သူမ ခင်ပွန်းဖြစ်သူ ဤလောကကြီး၌ မရှိတော့ဘူးဟူ၍ပင် တွေးတောခဲ့ဖူးသေးသည်။
သို့ပေမယ့် … ခင်ပွန်းဖြစ်သူ သူမ အပေါ် ဖောက်ပြန်လိမ့်မည်လို့တော့ တစ်ကြိမ်တစ်ခါမှ မတွေးတောခဲ့ဖူးချေ။
သူက သူမ နေတဲ့ နေရာနားမှာ တစ်ခြား မိန်းမတစ်ယောက်နဲ့ အတူနေမှာကို နိုင်ငံခြား ထွက်ပြီး စီးပွားရေးလုပ်မယ်လို့ ဘာကြောင့်များ လှည့်စားနိုင်ရတာလဲ …
“ ဒေါက်တာချန် … သူနဲ့ အဲ့မိန်းမ ဘယ်နေရာမှာ ရှိနေတာလဲ …” လသော်တာက မျက်ရည်များအား အဆက်မပြတ် ဖယ်ရှားရင်း မေးလိုက်သည်။
“ သူ့ဘေးနားမှာ မိန်းမတစ်ယောက်မှ မရှိဘူး … ယောက်ျားတွေပဲ ရှိတယ် ….”
“ ယောက်ျားတွေ …”
လသော်တာ၏ အမြင်တို့ မှောင်မိုက်သွားခဲ့ပြီး သတိလစ်လု မတတ် ဖြစ်သွားခဲ့သည်။
“ ငါလေး ဆွံ့အနေပါပြီ ….”
“ ငါ့ကောင်တို့ … ဒီလောက် ချစ်ဖို့ကောင်း သိတတ်တဲ့ ဇနီးလေးကို အနိုင်ယူသွားခဲ့တာ ဈေးပေါတဲ့ အပျက်မ မဟုတ်ဘဲ ယောက်ျားတစ်ယောက်တဲ့လား ….”
“ သူ့ယောက်ျားရဲ့ ယောက်ျား မွေးဖွားလာပြီ ….”
“ နောက်ထပ် ယောက်ျားတွေကို သင်္ကာမကင်းဖြစ်တဲ့ ရောဂါဖြစ်သွားမယ့် နေ့လေးတစ်နေ့လေးပါလား …”
“ ငါလေး လက်မထပ်မိတာ ကံကောင်းတယ်… လက်မထပ်ဘူးဆိုရင် နောက်ကျော ဓားနဲ့ထိုးခံရမှာလည်း ကြောက်စရာမလိုတော့ဘူး ….”
“ ငါ အန်ချင်လာသလိုပဲ …”
ကြည့်ရှုသူများမှာ လသော်တာ၏ တရားမျှတမှုအတွက် စတင် တိုက်ခိုက်ကြတော့၏။
သူတို့တွင် တူညီသည့် ရန်သူ တစ်ဦး ရှိလာပြီး … ထိုရန်သူကတော့ လသော်တာ၏ ခင်ပွန်း ၊ မကောင်းတဲ့ လဒကောင်ပင်။
“ သူ …. သူနဲ့ အဲ့ယောက်ျားက ဘယ်မှာလဲ … ကျွန်မ သူတို့ကို ဘယ်မှာ သွားရှာရမလဲ ….”
လသော်တာက စိတ်အားတင်းပြီး တင်းမာနေသည့် လေသံဖြင့် မေးလိုက်သည်။
“ ယောက်ျား တစ်ယောက်တည်း မဟုတ်ဘူး … တကယ်တော့ အားကောင်းမောင်းသန် ဗလထွားထွားနဲ့ ယောက်ျားကြီး သုံးယောက် သူနဲ့ အတူရှိနေတာ …”
ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။