← Chapters

အသွင်ယူတဲ့ မစ်ရှင်

Vol. 5 Ch. 50

အသွင်ယူတဲ့ မစ်ရှင်

Vol. 5 Ch. 50

လသော်တာမှာ စကားပြောနိုင်သည့် လျှာ အခိုးခံလိုက်ရသကဲ့သို့ နှုတ်ဆိတ်သွားခဲ့သည်။

ကွန်ပျူတာရှေ့တွင် ပါးစပ်အဟောင်းသား ဖြစ်လျက် ငူငူငိုင်ငိုင်ကြီး ဖြစ်နေမိ၏။

ပုံမှန် မည်သို့သော ကိစ္စများ ရှိလာပါစေ၊ မတုန်လှုပ်သည့် စိတ်ထားနှင့် စနောက်တတ်လေ့ရှိသည့် ကြည့်ရှုသူများပင် ထိုအခိုက်အတန့်၌ ဆယ်စက္ကန့်မျှကြာအောင် ငြိမ်သက်သွားခဲ့ကြ၏။

ဒါကြီးက လခွမ်းတွေလား …..

တွေးပေးတတ် ၊ ကြင်နာပေးတတ် ၊ ဂရုစိုက်ပေးတတ်တဲ့ ဇနီးကောင်းလေးကို သစ္စာဖောက်တာကတင် လူတိုင်းကို ဆွံ့အသွားစေဖို့ လုံလောက်နေပြီ …

ဒါပေမယ့် အခုများတော့ အဲ့လို သစ္စာဖောက်တာက ယောက်ျားတစ်ယောက်ကြောင့်အတွက်တဲ့လား ….

မဟုတ်သေးဘူး … တစ်ယောက်တည်း မကဘူး … အဲ့ဒီ အစား သုံး ယောက် တောင် …

“ အားလုံးပဲ … မင်းတို့တွေ စိတ်ကူးယဉ်ချင်တိုင်း လျှောက်ယဉ်မနေကြနဲ့ … မင်းတို့ ထင်နေသလို မဟုတ်ဘူး ….” ချန်ယွီ့ စခရင်ကို ကြည့်ပြီး ပြောလိုက်ရာ ကြည့်ရှုသူများမှာ ချက်ချင်းဆိုသလို ရင်းနှီးနေသည့် အငွေ့အသက်အား ရရှိလိုက်ကြသည်။

“ ခင်များ ယောက်ျားက ခင်များအပေါ် မဖောက်ပြန်ဘူး ….”

“ သူ့ဘေးနားရှိတဲ့ အားကောင်းမောင်းသန် ယောက်ျားရင့်မာကြီး သုံးယောက်ကလည်း ခင်များထင်နေသလို ရင်းနှီး ပတ်သက်မှုမျိုး မဟုတ်ဘူး …”

သူသာ ဘာမှ ထပ်မပြောဘူးဆို ထိုအမျိုးသမီး မကြာခင် သတိလစ်သွားတော့မည် ဖြစ်ကြောင်း ချန်ယွီ့ သိနေသည်။

“ တကယ် ….”

သူမယောက်ျား အခြားတစ်ယောက်နှင့် မဖောက်ပြန်သရွေ့ မည်သည့် ကိစ္စမျိုးမဆို သူမ ခွင့်လွှတ်ပေးနိုင်သည်။

ခေါင်းညိတ်ပြီး ချန်ယွီ့ ဆက်ပြောသည်။ “ ကျုပ်ကတော့ ခင်များ သူ့ဆီ တိုက်ရိုက်မသွားဖို့ အကြံပေးချင်တယ် ….”

“ ဘာလို့လဲ …”

လသော်တာက သူ့အကြံပြုချက်ကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူမ ယောက်ျားက ဖောက်ပြန်နေတာ မဟုတ်ဘူးဆိုမှတော့ ဘာလို့ တိုက်ရိုက် သွားရှာလို့ မရမှာလဲ …

“ ဘာလို့ဆို သူက သူ့ဘဝအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ရမယ့် ကာလအတွင်း ရောက်နေလို့ပဲ ….”

“ စောနက ကျွန်တော်ပြောခဲ့တဲ့ ယောက်ျားရင့်မာကြီး သုံးယောက်ဆိုတာ လူမိုက်တွေ …”

“ သူတို့က ခင်များယောက်ျားကို ဝိုင်းရိုက်နေကြတာ ….”

လသော်တာမှာ ရင်ဘက်ထဲ နာကျင်သွားခဲ့မိသော်လည်း စိုးရိမ်ဖွယ်ရာ ကောင်းလောက်သည့် အခြေအနေအထိတော့ မဟုတ်သေးချေ။

“ ဒေါက်တာချန် …. ကျွန်မ ယောက်ျား သူ ငွေတွေချေးပြီး ပြန်မဆပ်နိုင်လို့ အဲ့လူတွေက သူ့ကို ရိုက်နှက်နေကြတာလားဟင် …”

“ မဟုတ်ဘူး …”

လဝန်းသော်တာ၏ ခန့်မှန်းမှုကို ချန်ယွီ့ငြင်းပယ်လိုက်သည်။

“ ခင်များယောက်ျားက ဘယ်ကိုမှလည်း မထွက်သွားဘူး .. ဘာစီးပွားရေးမှလည်း မစဘူး …”

“ သူ ခင်များကို ညာခဲ့တာ … ဘာလို့ဆို သူက လျှို့ဝှက် အသွင်ယူတဲ့ မစ်ရှင်ကို ထမ်းဆောင်တော့မှာမို့လို့ပဲ ….”

“ သိပ်မကြာခင်တုန်းက သတင်းစာတိုက်ရဲ့ တာဝန်ခံအယ်ဒီတာခေါင်းဆောင်က သူတို့ရဲ့ နောက်ဆုံး လက်ကျန် ရန်ပုံငွေတွေ အကုန်ထုတ်ပြီး သတင်းကြီးကြီးမားမားတစ်ခုကို ဝယ်ယူခဲ့တယ် …”

“ ဆေးဝါး အတုတွေ ထုတ်လုပ်နေတဲ့ ဌာနချုပ်က ခင်များ အခု နေတဲ့ ဧရိယာနားလေးမှာတင်ပဲ ….”

“ ခင်များ ယောက်ျားက အသွင်ယူပြီး စုံစမ်းစစ်ဆေးဖို့ မစ်ရှင်ကို လက်ခံလိုက်တယ် … ကံဆိုးချင်တော့ သူ့ အထောက်အထားက မနေ့တုန်းကပဲ ဖော်ထုတ်ခံလိုက်ရပြီ …”

ချန်ယွီ့၏ စကားလုံးများက လသော်တာကို တစ်ဖန်ထပ်ပြီး ကြောက်လန့်သွားစေခဲ့ပြန်သည်။

“ သူက ဘာလို့ အဲ့လောက် အန္တရာယ်များတဲ့ တာဝန်ကို လက်ခံလိုက်ရတာလဲ …”

ကိုယ့်ယောက်ျားအကြောင်း ကိုယ်သာလျှင် အသိဆုံး ဖြစ်၏။

သူမ အမျိုးသားက သတ္တိကောင်းသူ တစ်ဦး မဟုတ်ပေ။ အားမနာစတမ်း ပြောရမည်ဆိုပါက သူ့သတ္တိမှာ ခြင်လောက်သာ ရှိလေသည်။

သူ့ကုမ္ပဏီတွင် အသွင်ယူမည့် တာဝန်ကို ထမ်းဆောင်မည့်လူတွေ အများကြီး ရှိကောင်းရှိလိမ့်မည်။ သို့သော် သူမ ယောက်ျားကတော့ ထိုအထဲ မပါဝင်နိုင်ချေ။

“ အင်တာနက် သတင်းမီဒီယာတွေကြောင့် စက္ကူစာရွက်နဲ့ ထုတ်တဲ့ သတင်းစာရွက်တွေကို ဖတ်ရှုသူတွေက အတော်လေး နည်းသထက် နည်းလာပြီ… “ ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ခင်များ ယောက်ျားရဲ့ သတင်းစာတိုက်က လွန်ခဲ့တဲ့ ၂ နှစ်ယောက်ကတည်းကရင် သူတို့ အလုပ်သမားတွေရဲ့ လစာကို ပေးဖို့ ငွေပြတ်လပ်ချင်နေတာ ကြာပြီ …”

“ အထူးသဖြင့် ခင်များယောက်ျားရဲ့ ဌာနပဲ … သူတို့ ကြီးကြီးမားမား တစ်ခုခုကို တူးဖော်မိတိုင်း အွန်လိုင်း မီဒီယာ ဌာနတွေကပဲ အရင်လက်ဦးပြီး ထုတ်လွှင့်ကြေညာသွားခဲ့တယ် …”

“ တကယ်လို့ သူသာ သတင်းကြီး တစ်ချို့ မရနိုင်ဘူးဆိုရင် သူလည်း အလုပ်ပြုတ်ဖို့ မကြာတော့ဘူး …”

“ ခင်များက သူ့ကို ဒီတစ်လျှောက်လုံး အစစ အရာရာ ဂရုစိုက်ပေးလာခဲ့တော့ သူကလည်း ခင်များ သူ့ကို မတူတဲ့ အမြင်နဲ့ ကြည့်လာအောင် တစ်ခုခု လုပ်ပြချင်တယ်…”

“ ဘာပဲဆိုဆို ယောက်ျားတိုင်းက သူရဲကောင်း ဖြစ်ချင်ကြတဲ့ လူတွေပဲလေ … သူတို့ချစ်ရသူတွေကို သူတို့ကို လေးစားနှစ်သက်ဂုဏ်ယူတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တာကို ခံချင်တယ် ….”

ဤသည်ကို ကြားတော့ လသော်တာမှာ ရုတ်ချည်း သတိပြုမိသွားခဲ့၏။

ကုမ္ပဏီက သူတို့ ဝန်ထမ်းများကို မကြာခဏ လျှော့ချပစ်လေ့ရှိကြောင်း သူမ ခင်ပွန်း စောဒကတက်သည်ကို အကြိမ်ရေများစွာ ကြားခဲ့ဖူးသည်။

အဆိုပါ လျှော့ချပစ်ခံရသည့် ဝန်ထမ်းများအားလုံးက အသက် ၃၅ နှစ်ထက် ပိုကြီးသည့် သက်လတ်ပိုင်း အရွယ်များ ဖြစ်၏။

နောက်တစ်နှစ်တွင် သူမ ခင်ပွန်းက အသက် ၃၅ နှစ်ထဲ ရောက်မှာ ဖြစ်၏။

“ ကျွန်မ သူ့ကို ကယ်ချင်တယ် … ရဲခေါ်ပြီး သူ့ကို ကယ်တင်ဖို့ လိုတယ် …”

“ ဒေါက်တာချန် … ကျွန်မကို လိပ်စာပြောပြပါ …”

လသော်တာသည် နောက်ဆုံးတော့ ချန်ယွီ့က အဘယ်ကြောင့် ခင်ပွန်းဖြစ်သူထံ တိုက်ရိုက် သွားမရှာစေချင်လဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့သည်။

သူမ သွားလိုက်သည်နှင့် ခင်ပွန်းသည်လည်း ဖော်ထုတ်ခံလိုက်ရမှာ ဖြစ်သည်။

“ ဒေါက်တာချန် … မင်းမှန်မှန်ပြောစမ်း … မင်းအရင်က ဒရာမာဇာတ်ကားရိုက်တဲ့ ဇာတ်ညွှန်း ဒါရိုက်တာ လုပ်ခဲ့ဖူးတယ်မလား …”

“ သေစမ်း … သူ့ကြောင့်နဲ့ ငါ့မှာ နှလုံးရောဂါ ရတော့မလို့ ….”

“ အန်တီ … ကျွန်တော် တောင်းပန်ပါတယ် … ခင်များယောက်ျားကိုလည်း တောင်းပန်ပါတယ် …”

“ သူက ယောက်ျားအစစ်ပဲ …”

“ ငါ့အထင် သူ့ယောက်ျား သူ့ကို ပြောမပြသွားခဲ့ဘူးဆိုတာ သူ စိတ်ပူနေမှာ စိုးလို့နဲ့တူတယ် …”

“ သူလျှို လုပ်ရတဲ့ တာဝန်က အန္တရာယ်ကြီးတယ် … အဲ့ဒီ ကွင်းဆက်ထဲမှာ ဆွေမျိုးမိတ်ဆွေတွေ ပါဝင်ပတ်သက်လာရင် သူတို့ တစ်လျှောက်လုံး စိုးရိမ်ပူပန်နေရတော့မှာ ….”

ယခင်က နှစ်ပြားမကျန်အောင် ဆဲရေးကြိမ်းမောင်းခဲ့ကြသည့် ကြည့်ရှုသူများမှာ ယခုတော့ ပြန်တောင်းပန်နေကြရပြီ ဖြစ်သည်။

ချန်ယွီ့ ပြောသည့်အတိုင်းဆိုပါက …

ထိုလူမှာ တကယ့်ကို ခင်ပွန်းကောင်းပင်။

ဆေးဝါးအတုများ ထုတ်လုပ်သည့် ကုမ္ပဏီသို့ သူ၏ တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များနှင့် အသွင်ယူ သတင်းစုံစမ်းရန် သွားရောက်ခဲ့သည် ဆိုသော်လည်း … လောကကြီးထဲတွင် တစ်ကိုယ်ကောင်း မဆန် ၊ အတ္တမကြီးသည့်လူ မည်သူရှိမည်နည်း။

ဤ တစ်ကိုယ်ကောင်းဆန်မှုက အခြားသူများကို မထိခိုက်စေသ‌ရွေ့ ၊ ပြဿနာ ရှိသည်ဟု မည်သူကမျှ ခံစားရမှာ မဟုတ်ချေ။

“ တကယ်လို့ ခင်များ ရဲကို ဖုန်းဆက်လိုက်ရင် ခင်များ ယောက်ျား ဘေးကင်း လုံခြုံမယ် …” ချန်ယွီ့ ပြောလိုက်သည်။ “ ဒါပေမယ့် ခင်များတို့နှစ်ယောက်ရဲ့ ခင်ပွန်းနဲ့ ဇနီးသည် ဆက်ဆံရေးလည်း အဆုံးသတ်သွားမယ် …”

“ ဒေါက်တာချန် … စိတ်မရှိနဲ့နော်… ကျွန်မ ခံစားချက်တွေ ပြင်းထန်လွန်းလို့ ထင်ယောင်ထင်မှားတွေ ဖြစ်နေမိပြီ ထင်တယ် …”

“ ရှင် တစ်ခေါက်ထပ်ပြီး ပြောပြပေးပါလား ….”

လသော်တာက သူမ၏ လက်ကို မြှောက်၍ ပါးကို ခပ်ဆတ်ဆတ် ရိုက်ပြီး နိုးနိုးကြားကြား ဖြစ်အောင် ပြုလုပ်လိုက်သည်။

“ ခင်များ ရဲခေါ်လိုက်တာနဲ့ ခင်များတို့နှစ်ယောက် ကွာရှင်းရမယ်….”

“ ခင်များ မခေါ်ဘူးဆိုရင်တော့ ခင်များရဲ့ ယောက်ျား နှစ်ကုန်ပိုင်းကျရင် တခြားနေရာတစ်ခုကို သွားရမယ် …”

ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် တစ်ခေါက် ပြန်ပြောပေးလိုက်သည်။

“ ဒေါက် … ဒေါက်တာချန် … ရှင် ကျွန်မကို စိတ်သက်သာရအောင်ဆိုပြီး ဟာသလုပ်နေတာ ဟုတ်တယ်မလားဟင် …”

ဤတစ်ကြိမ်တွင်တော့ သူမ နားကြားမမှားဘူးဆိုတာကို လသော်တာ အတည်ပြုနိုင်သွားခဲ့သည်။

“ ခင်များ ယောက်ျားရဲ့ အထောက်အထားက ခင်များ အွန်လိုင်းမှာ တင်လိုက်တဲ့ လူပျောက် ကြော်ငြာ အသိပေးစာကြောင့် ဖော်ထုတ်ခံလိုက်ရပြီးပြီ …” ချန်ယွီ့ ခေါင်းခါရင်း ပြောလိုက်သည်။

သူမ၏ အံ့အားသင့်နေသည့် မျက်နှာကို ကြည့်ရင်း ချန်ယွီ့ စကားဆက်လိုက်၏။

“ ခင်များ ယောက်ျား ခင်များကို နောက်ပိုင်း အဆက်အသွယ် မလုပ်တော့တာက ဘာလို့ဆို သူက ဆေးဝါး အတု ထုတ်လုပ်ရေးပိုင်းထဲကို အောင်အောင်မြင်မြင်နဲ့ ဝင်ရောက်နိုင်သွားလို့ပဲ …”

“ အဲ့ဒီ ထုတ်လုပ်ရေး နေရာက ဆေးဝါး အတု အုပ်စုရဲ့ အူတိုင်အရင်းအမြစ်နေရာ …” “ သူ့ သတင်းစာတိုက် ရထားတဲ့ အချက်အလက်အတိုင်းဆိုရင် ထုတ်လုပ်ရေး လိုင်းမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတိုင်းရဲ့ ဖုန်းတွေမှာ ခိုးနားထောင်တဲ့ ကိရိယာတွေ တပ်ဆင်ထားတယ် …”

“ သူ့ရဲ့ အသွင်ယူတဲ့ မစ်ရှင်ကို ပြီးမြောက်နိုင်ဖို့နဲ့ သူ့ အထောက်အထား ဘယ်သူပါဆိုတာကို ဖော်ထုတ်ခံရတာ ကာကွယ်နိုင်ဖို့အတွက် ခင်များ ယောက်ျားက သူ့ဖုန်းကို ဖျက်စီးပစ်လိုက်တယ် …”

“ ဒါပေယ့် သူနဲ့ အဆက်အသွယ်ပြတ်ပြီးနောက်မှာ ခင်များက ဒီလောက်ထိ ပျာပန်းခတ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့တာတော့ အမှန်ပဲ…”

“ အထူးသဖြင့် ခင်များ လိုင်းပေါ်တက်ပြီး လူပျောက်ကြော်ငြာတွေ တင်လိုက်တဲ့အချိန်မှာပေါ့ …”

“ ဆေးအတု ထုတ်လုပ်တဲ့ အုပ်စုက တစ်ခုခုတော့ မဟုတ်သေးဘူးဆိုတာကို ခံစားမိပြီး သူ့ကို ဖမ်းဆီးပြီး နှိပ်စက်ကြတယ် …”

“ ခင်များ ယောက်ျားကလည်း ဝန်ခံဖို့ ငြင်းဆန်ပြီး သူတို့ နှိပ်စက်တာတွေ တောင့်ခံနေခဲ့တာ ဒီနေ့နဲ့ဆို နှစ်ရက် ရှိပြီ …”

“ သူ့ကို ရိုက်နှက်နေတဲ့ လူမိုက် သုံးယောက်က သူတို့ လူမှားရိုက်မိနေတယ်လို့ ထင်ဖို့က သိပ်မလိုတော့ဘူး …”

“ တကယ်လို့ ခင်များ ရဲကို ဖုန်းဆက်လိုက်မယ်ဆိုရင် သူတို့ အောင်အောင်မြင်မြင်နဲ့ ခင်များ ယောက်ျားကို ကယ်တင်လိုက်နိုင်မယ် …”

“ ဒီရဲ့ ဆေးဝါးအုပ်စုနဲ့ သူကိုယ်တိုင်က တခြား သတင်းစာ အေဂျင်စီတွေရဲ့ သတင်းတစ်ပုဒ် ဖြစ်လာလိမ့်မယ်….”

“ သူ့ရဲ့ သတင်းစာတိုက် နောက်ဆုံးလက်ကျန် ရန်ပုံငွေလေးနဲ့ ဝယ်ထားတဲ့ သတင်းက တခြားလူအတွက် မင်္ဂလာဝတ်စုံဝယ်ပေးသလို ဖြစ်သွားတာပေါ့ …”

“ အမျိုးသားနေ့မှာ သူ့ကုမ္ပဏီက ဒေဝါလီခံကြောင်း ကြေညာတယ် …”

“ ခင်များ ယောက်ျား အလုပ်ပြုတ်သွားပြီးတဲ့နောက်မှာ အိမ်မှာ လတွေ အကြာကြီးနေပြီး သူ့ အတွေးတွေ အထိန်းအကွပ်မဲ့လာတယ် …”

“ ခင်များသာ ရဲကို ဖုန်းမဆက်ဘူးဆိုရင် သူ့အလုပ်ပြီးအောင် လုပ်နိုင်မယ်လို့ ထင်နေတာ …”

“ ခင်များက သူ့အထောက်အထားကို ပေါက်ကြားစေလိုက်လို့ တခြား သတင်းမီဒီယာတွေရဲ့ အာရုံကို ဆွဲဆောင်သလို ဖြစ်သွားစေခ့တာ …”

“ သူ့ အလုပ် မရှိတော့ဘူးဆိုတဲ့ နာကျင်မှုတွေပါ ပေါင်းစပ်လိုက်တော့ နှစ်သစ်ကူးပြီး နောက်တစ်နေ့မှာပဲ ခင်များနဲ့ ကွာရှင်းဖို့ သူ ရွေးချယ်လိမ့်မယ် …”

အကယ်၍ သူမ ရဲစခန်းသို့ ဖုန်းခေါ်လိုက်မည်ဆိုပါက ဖြစ်ပျက်လာမည့် ကိစ္စရပ်များကို ချန်ယွီ့ ပြောပြသွားခဲ့သည်။

ထို့နောက် သူ လသော်တာကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

လသော်တာမှာ ကနေဦးပိုင်းတွင် ရှော့ခ်ရနေခဲ့မိလေသည်။ သို့သော် မကြာမီမှာပဲ သူမ တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့၏။

“ ဒေါက်တာချန် … ရှင့်စကားတွေထဲမှာ တစ်ခုခု မှားနေသလိုပဲ …”

လသော်တာက ပြောလာခဲ့၏။

“ နှစ်သစ်ကူးတာနဲ့ ကျွန်မယောက်ျားက ကွာရှင်းမယ်လို့ ရှင်ပြောတယ် …”

“ ဒီတော့ ဆိုလိုတာ သူက မကွာရှင်းခင်အထိ အိမ်မှာ ရှိနေမယ်ဆိုတဲ့ သဘောပဲ မလား …”

“ ရှင် အစောပိုင်းတုန်းက ပြောခဲ့တာ သူ နှစ်အဆုံးမှာ တခြားနေရာ သွားမယ်လို့ ပြောခဲ့သေးတယ် …”

“ ရှင့်စကားတွေက ရှေ့နဲ့နောက်လည်း မညီနေဘူးနော်…”

လသော်တာက ချန်ယွီ့စကားလုံးထဲရှိ ပြဿနာကို သွား သတိထားမိသည်။

“ ကျွန်တော်ပြောခဲ့တာ နှစ်ကုန်ကျရင် ခင်များ ယောက်ျား တစ်နေရာသွားရမယ်ဆိုတာ ခင်များ ရဲဆီ ဖုန်းမခေါ်မှပဲလေ …”

ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်၏။

“ တကယ်လို့ ကျွန်မ ရဲကို ဖုန်းမဆက်ခဲ့ဘူးဆိုရင် သူ ဘယ်ကို သွားမှာလဲဟင် …” သူမ မေးလိုက်သည်။

“ အကျဉ်းထောင်ထဲ ….”

ချန်ယွီ့ လက်မြှောက်၍ ရှစ်ဂဏန်း ပုံစံ ပြုလုပ်ပြလိုက်သည်။

“ အကျဉ်းကျကာလ ၊ ရှစ်နှစ် ….”

စာစဉ် (၅) ပြီး၏။

All Chapters