← Chapters

ဖေဖေလို့ခေါ် မယ်

Vol. 5 Ch. 42

ဖေဖေလို့ခေါ် မယ်

Vol. 5 Ch. 42

ချန်ယွီ့၏ စကားလုံးတို့က သူမအပေါ် ဧရာမ ဗုံးအကြီးကြီး တစ်လုံး ပစ်ချလိုက်သည်နှင့် မခြားပေ။

ကောင်လေးက သူမ အပေါ် စိတ်ဝင်စားနေခဲ့ပြီး ဘွဲ့ရသည်နှင့် သူမကို ဖွင့်ပြောဖို့ ကြံရွယ်နေကြောင်း သိလိုက်ရသည့်အချိန်၌ လွမ်းဆွေးနှင်းစက်သည် ပျော်ရွှင်လွန်း၍ ခုန်ပေါက်ချင်သွားခဲ့သည်။

သို့သော် နောက်တစ်ခဏ၌ လွမ်းဆွေးနှင်းစက်သည် အဆုံးအစမဲ့သည့် အသူရာချောက်နက်ထဲသို့ တစ်ဖန် လွင့်ပစ်ခြင်း ခံလိုက်ရလေသည်။

သူမ နှစ်တွေ အကြာကြီး စိတ်ဝင်စားနေခဲ့သည့် ကောင်လေးက ရှင်သန်ဖို့ နှစ်လသာလျှင် အချိန်ရှိတော့သည်လော။

“ တကယ်တော့ သူ ဒီ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ဦးမယ် ဆိုရင်တောင် သူ့ အချစ်တွေကို ဝန်ခံနိုင်ဦးမှာ မဟုတ်ဘူး …”

လွမ်းဆွေးနှင်းစက်၏ စိတ်မှာ ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး ချန်ယွီ့ ပြောသည့် စကားလုံးများကို မကြားတော့ချေ။

ကြည့်ရှုသူများနှင့် လွမ်းဆွေးနှင်းစက်၏ မိခင်ကတော့ ရှင်းလင်းစွာ ကြားလိုက်ရ၏။

“ ဒေါက်တာချန် … ဖြစ်နိုင်တာ ငါ့သမီးလေး ……” အမျိုးသမီးမှာ ကြောင့်ကြစွာ မေးမြန်းလာခဲ့သည်။

“ ကြည့်ရတာတော့ ခင်များ ခန့်မှန်းမိတဲ့ပုံပါပဲ ..” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

“ ကျွန်တော့်ရဲ့ ရောဂါဆန်းစစ်တဲ့ ကနေဦး အစပိုင်းကို ပြန်သွားကြည့်ကြမယ် …”

“ အသည်းကွဲ ရောဂါလက္ခဏာက ခင်များ သမီး ထင်နေသလို ရိုမန်တစ်ဆန်တဲ့ အရာ မဟုတ်ဘူး …”

“ ဒီရဲ့ ရောဂါ ထကြွလာပြီ ဆိုတာနဲ့ လူနာရဲ့ ရင်ဘက်က တင်းကြပ်သလို ခံစားလာရမယ် .. စိတ်ဖိအား များလာမယ် … အတွေးတွေ များလာမယ် …” ချန်ယွီ့ တည်ငြိမ်စွာဖြင့် စကားဆက်သည်။ “ အမြဲတမ်း မကောင်းတဲ့ စိတ်ခံစားချက်တွေမှာပဲ ငြှိတွယ်နေပြီး အချိန်တိုင်းလိုလို ကြေကွဲဝမ်းနည်းနေသလို ဖြစ်နေမယ် ….”

“ ဒေါက်တာတွေကတော့ ဒါကို အချစ်နာကျတယ်လို့ ခေါ်တယ် …”

“ ဒီဝေဒနာကို ခံစားနေရတဲ့ လူနာအများစုက သူတို့ ဘ၀ရဲ့ အချစ်ရဆုံး လူတစ်ယောက် ဆုံးရှုံးသွားခဲ့ရတာ … ဒါမှမဟုတ် ကြမ်းတမ်းတဲ့ အချစ်ရေး ရှိခဲ့တဲ့လူတွေချည်းပဲ …”

“ ခင်များရဲ့ သမီးက ကောင်လေး တစ်ယောက်အပေါ် သုံးနှစ်တိတိ တိတ်တခိုးကြိတ်သဘောကျခဲ့ပြီး ဝန်ခံရဲတဲ့ သတ္တိမရှိခဲ့ဘူး …”

“ သူ့ဘာသူ တစ်ယောက်တည်း အဆုံးစမဲ့တဲ့ အတွေးတွေထဲမှာ ပတ်ချည်လည်နေပြီး ကောင်လေးက သူ့ကို ချစ်လား မချစ်ဘူးလားပဲ အမြဲသိချင်နေခဲ့တယ် … ဒါက သူကို ဒီရောဂါ ဖြစ်လာစေတဲ့ အဓိက အကြောင်းအရင်းပဲ ..”

“ ခင်များရဲ့ သမီး အဲ့ကောင်လေးကို မြင်တဲ့ အချိန်တိုင်း နှလုံး ကိုက်ခဲလာမယ် …”

“ ခင်များသမီးကတော့ အဲ့တာကို ရင်တဒိန်းဒိန်း ခုန်နေတယ်ပဲ ထင်ပြီး သတိပေးတဲ့ အချက်ပြ လက္ခဏာလို့ မမြင်ခဲ့ဘူး …”

“ အသည်းကွဲတဲ့ ရောဂါက စိတ်ရောဂါ တစ်ခုပဲ … ဒါပေမယ့် ကိုယ်တိုင်ကိုက သေချာလေး အာရုံစိုက် သတိမမူမိဘူးဆိုရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ ရုပ်ရောဂါတွေပါ ဖြစ်လာနိုင်တယ် …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ သူ၏ ရင်ဘက်ကို လက်ဖြင့် တစ်ဖန် ပုတ်ပြလိုက်သည်။

“ ရောဂါက ဘယ်မှာလာထိမလဲ ဆိုတော့ ဒီနေရာမှာပဲ …”

“ နှလုံးလား …” အမျိုးသမီးကြီးမှာ အလန့်တကြား မြည်တမ်းသွားခဲ့မိသည်။

ထိုအချိန်တွင် အမျိုးသမီးကြီးမှာ ချန်ယွီ့ အဘယ်ကြောင့် သူမသမီး သေကြောင်းကြံသည့် ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြနေစဉ် သူ့နှလုံးကို ထပ်ခါတလဲလဲ ပြောပြနေရလဲဆိုသည့် အကြောင်းအရင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

ချန်ယွီ့ ခေါင်းညိတ်ပြီး စကားဆက်၏။

“ တကယ်လို့ အစောတုန်းကတည်းကသာ ရှာတွေ့ခဲ့ပြီး ဆေးရုံခေါ်သွားပြလိုက်မယ်ဆိုရင် ဒီပြဿနာကို အလွယ်လေး ဖြေရှင်းလိုက်လို့ရတယ် …”

“ ကြန့်ကြာသွားတာနဲ့ သူ့ရဲ့ စိတ်ဖိစီးမှုကနေ ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေက ရင်ဘက်ကို ဆက်ပြီး တင်းကြပ်လာစေမယ် ၊ ရင်ဘက်နာကျင်လာမယ် ၊ တစ်ချက် တစ်ချက် အသက်ရှူမဝတာတွေ ဖြစ်လာမယ် …”

“ သူ့ရဲ့ ဟော်မုန်းနဲ့ ဒိုပါမင်းတွေလည်း အတော်လေး ရုတ်လျော့သွားပြီး နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကို အားနည်းလာစေလိမ့်မယ် …”

“ တစ်ချိန်တည်းမှာ သွေးကြောမျှင်တွေကလည်း စိတ်ခံစားချက် အတက်အကျတွေကြောင့် ထဖောက်လာမယ် …”

“ တကယ်လို့ နှလုံးကသာ သွေးပံ့ပိုးမှုကို အချိန်မီ မရနိုင်ဘူးဆိုရင် ခင်များသမီး အချိန်မရွေး နှလုံးရပ်သွားနိုင်တယ် …”

ချန်ယွီ့ လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ အကြည့်ထဲတွင် စိတ်မကောင်းဖြစ်သည့် အငွေ့အသက်တို့ ရောယှက်နေခဲ့၏။

သူမ၏ လေးကြိမ်မြောက် သတ်သေရန် ကြိုးပမ်းမှုကတည်းက လွမ်းဆွေးနှင်းစက်သည် သူမတွင် အသည်းကွဲ ရောဂါ ရှိနေကြောင်းကို အကြမ်းဖျင်း သိရှိထားပြီး ဖြစ်သည်။

သို့ပါသော်လည်း … သူမ၏ ထူးဆန်းသည့် ဦးနှောက် အတွေးတို့က အဆိုပါ ရောဂါလက္ခဏာသည် သူမတို့လို အချစ်တစ်ခုတည်းအပေါ် တန်ဖိုးထားသူများအတွက် အထူးတလှယ် ပြင်ဆင်ထားပေးကြောင်း ယုံကြည်နေခဲ့သည်။

စောနတုန်းက ချန်ယွီ့ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာဖြင့် တွက်ချက်၍ လွမ်းဆွေးနှင်းစက်၏ အတိတ်ပုံရိပ်များကို ကြည့်ရှုနိုင်ခဲ့သည်။

ချန်ယွီ့ ကိုယ့်မျက်နှာကိုယ် လက်ဖဝါးဖြင့် အုပ်ချင်သွားခဲ့၏။

ကိုယ်က သေအောင်မလုပ်ရင် မသေဘူးဆိုသည့်စကားက တကယ့် သွေးထွက်အောင် မှန်ကန်သည့် စကားပင်။

“ ရမ်းကုတွေ … အဲ့ဒေါက်တာတွေ အကုန်လုံး ရမ်းကုတွေ …”

အမျိုးသမီးကြီးမှာ ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်ထားခဲ့မိသည်။

သူမ သမီးလေး၏ အသက်က ကြိုးတန်းမျှင်လေးပေါ်တွင် လမ်းလျှောက်နေခဲ့ရသော်လည်းပဲ အနှီ စိတ်ကျန်းမာရေး ဆရာဝန်တို့က သူမ သမီးလေးကို စိတ်ဓာတ်ကျနေရုံလေးပါပဲဟု အမှန်ပင် ပြောထွက်ခဲ့ကြသည်။

အကယ်၍ ချန်ယွီ့၏ ထောက်ပြလမ်းညွှန်ပေးမှုကြောင့်သာ မဟုတ်ဘူးဆိုပါက သူမ သမီး သေသွားခဲ့သည့်တိုင် ရောဂါ အစစ်အမှန်ကို သိနိုင်လိုက်မှာ မဟုတ်ချေ။

“ အစ်မကြီး … စိတ်ကို အေးအေးထားပါ … တကယ်တော့ ခင်များ သူတို့ကို လုံးဝကြီး အပြစ်တင်လို့လည်း မရဘူး …”

ချန်ယွီ့ အမျိုးသမီးကြီးအား နှစ်သိမ့်လိုက်သည်။

“ အသည်းကွဲ ရောဂါလက္ခဏာက အတော်လေးကို အပုန်းကောင်းတဲ့ ရောဂါ တစ်ခုလို့ ပြောလို့ရတယ် … ကျွန်တော်တို့ နိုင်ငံမှာတင် မကဘူး … နိုင်ငံခြားမှာတောင် မှားယွင်း အကဲဖြတ်မိကြတာတွေ ရှိတယ် …”

“ ပြီးတော့ ဒီရောဂါ ရှိတယ်ဆိုတာ ရှာဖွေတွေ့ရှိတာကလည်း နှစ် ၃၀ လောက်ပဲ ရှိသေးတော့ ကျွမ်းကျင်သူတစ်ယောက် မဟုတ်ရင် ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ အင်မတန် ခဲယဉ်းတယ် …”

သူ့စကားဆုံးသည်နှင့် ချန်ယွီ့သည် အသိစိတ် ပြန်ကပ်လာသည့် လွမ်းဆွေးနှင်းစက်ကို ကြည့်လိုက်၏။

“ ဒေါက်တာချန် … နင်က ဒီလောက် ရှင်းရှင်းလင်းလင်းနဲ့ အတည်ပြုပေးနိုင်မှတော့ ငါ့သမီးလေးရဲ့ ရောဂါကိုလည်း ကုသပေးနိုင်မှာ သေချာတယ် …”

“ ဆယ်သိန်းဆိုရင် လောက်လား … တကယ်လို့ မလောက်ဘူးဆိုရင် ငါနင့်ကို သိန်းနှစ်ဆယ် ပေးမယ် … မဟုတ်ဘူး သိန်းသုံးဆယ် …”

“ ကျွန်တော်တို့ သူ့ရဲ့ စိတ်ရောဂါ အရင်းအမြစ်ကို အရင်ဆုံး မကုသဘူးဆိုရင် ….” ချန်ယွီ့ တည်ငြိမ်သည့် လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ သူ့ ခန္ဓာကိုယ် အခြေအနေ ပြန်သက်သာလာခဲ့မယ်ဆိုရင်တောင် သူ သေဦးမှာပဲ ….”

“ ပြီးတော့ …. သူ့ရဲ့ ရှစ်ကြိမ်မြောက် သေကြောင်းကြံတာက တကယ်အောင်မြင်သွားလိမ့်မယ် …”

ထိုစကားကို ကြားတော့ လွမ်းဆွေးနှင်းစက်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

“ ရှင် သူ့ကို ကုသပေးနိုင်မယ်မလားဟင် ….”

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လွမ်းဆွေးနှင်းစက်က ချန်ယွီ့ကို မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လာခဲ့သည်။

“ ရတယ် ….”

ချက်ချင်း ဆိုသလို လိုက်စထွင်း စကားပြောခန်း တစ်ခုလုံး အုတ်အောသောင်းနင်း ဖြစ်သွားခဲ့သည်။

“ ဒေါက်တာချန်ကတော့ ထပ်ပြီး သရုပ်ဆောင်နေပြန်ပြီ …”

“ ဒါနဲ့များ အဲ့လိုလူစားမျိုး မဟုတ်ပါဘူးလို့ ပြောရဲနေသေးတယ် … သူ ခဏနေကျရင် မြင့်မြတ်ရေစင် တစ်ပုလင်း ပေးလာတော့မယ်ဆိုတာ ငါ ကျိန်းသေ သိနေတယ် …”

“ ဘယ်နားကသာ … အင်မော်တယ်ဆေးလုံး ဖြစ်ဖို့ များတယ် …”

“ ဟိုလို သိဒ္ဓိဆေးလုံး ဒါမှမဟုတ် အဲ့လိုမျိုး တစ်ခုခုပေါ့ …”

ချန်ယွီ့နှင့် ရင်းနှီးနေကြသည့် လူများမှာ သူ၏ စိတ်ကျန်းမာရေး ဆရာဝန်ဟူသော ဂုဏ်ပုဒ်က အသွင်ယူထားသည့် အရာတစ်ခုထက် မပိုကြောင်းကို နားလည်ကြသည်။

ချန်ယွီ့ကလည်း ဝန်မခံလိုသဖြင့် သူတို့အားလုံးကလည်း လိုက်ပါ ပူးပေါင်းပေးကြသည်။ အတိတ်နှင့် အနာဂတ်အကြောင်းအရာများကို အနည်းငယ်မျှပင် မမှားယွင်းဘဲ ချန်ယွီ့ ဒိုးဒိုးဒေါက်ဒေါက် ခန့်မှန်းသွားသည်ကို သူတို့အားလုံး မြင်တွေ့ပြီးကြပြီ ဖြစ်၏။

ထို့ကြောင့် … အကယ်၍များ သူ့ဘက်က အဆောင်လက်ဖွဲ့နှင့် ဆေးလုံးများ ထုတ်ပြလာခဲ့လျှင်ပင် အထူးအဆန်းလုပ်၍ အံ့အားသင့်နေကြမှာ မဟုတ်ချေ။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဈေးနှုန်းပြောလိုက်ပါ … ကောင်လေးရဲ့ ကုသစားရိတ်အတွက်လည်း ကျွန်မ ပေးပါ့မယ် …”

“ ငါ့သမီးလေးရဲ့ ရောဂါကိုလည်း ကျေးဇူးပြုပြီး ကုသပေးပါနော်…..”

ယခုလို အခြေအနေမျိုးတွင် သူမ သမီးလေး၏ နှလုံးသားက ထိုကောင်လေးထံတွင် မြဲမြံစွာ ချည်နှောင်ခံထားရသည်ကို အမျိုးသမီးကြီး မသိဘဲ ဘယ်နေလိမ့်မည်နည်း။

အကယ်၍ သူမ သမီးလေးကို နာနာခံခံနှင့် ဆေးပုံမှန်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်သည့် ရောဂါကို ကုသဖို့ ဆိုပါက အရင်ဦးစွာ ကောင်လေး၏ အသက်ကို ကယ်တင်ပေးဖို့ လိုသည်။

အကယ်၍ ကောင်လေးသာ သေဆုံးသွားခဲ့မည်ဆိုပါက သူမ သမီးလေးလည်း အသက်ရှင်မှာ မဟုတ်တော့ချေ။

ထို့ပြင် သမီးဖြစ်သူ၏ ရှစ်ကြိမ်မြောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုက အောင်မြင်သွားခဲ့သည်ဟုလည်း ချန်ယွီ့ ပြောထားခဲ့သေးသည်။

ထိုအကြောင်းတွေးမိသည်နှင့် အမျိုးသမီးကြီးမှာ သူမ သမီးလေး၏ အသက်နှင့် မည်သည့် ပိုက်ဆံ ပမာဏကိုမဆို လဲလှယ်နိုင်လေသည်။

“ ဆေးနှစ်မျိုး ၊ တစ်မျိုးကို ယွမ်တစ်သိန်း ကျမယ် …” ချန်ယွီ့ အပြုံးလေးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ ပြီးတော့ သူတို့ရဲ့ ရောဂါတွေကို ပျောက်ကင်းသွားတဲ့အထိ ကျွန်တော့်ဘက်က ဆေးဝါး ထောက်ပံ့ပေးသွားဦးမှာ ….”

“ ဈေးပေါလိုက်တာ ….”

အမျိုးသမီးကြီးမှာ ကြက်သေသေသွားခဲ့သည်။ သူမမှာ သူမ၏ ပိုက်ဆံအိတ်ကို သွေးအထွက်ခံဖို့ အထိ စိတ်ထဲ ပြင်ဆင်ထားပြီး ဖြစ်နေသည်။

သို့သော် ဆေးဖိုးစားရိတ်က ယွမ် နှစ်သိန်းမျှသာ ကျသင့်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ အန်တီ … သမီးလေး တစ်ယောက် လိုချင်သေးလားရှင့် … ကျွန်မက မိန်းမကောင်းလေးပါ ….”

“ လူလူချင်း မတူတာက တကယ် ဝမ်းနည်းဖို့ ကောင်းလွန်းတယ် … နောင်ဘဝကျရင် ငါလည်း ဒီလိုမိသားစုမျိုးမှာ လူလာဖြစ်ဖို့ မျှော်လင့်တယ် ….”

“ သေချာတယ် … နောင်နှစ်နည်းနည်းလောက်နေရင် အထက်ကလူ သေချာပေါက် လွမ်းဆွေးနှင်းစက်ကို ချစ်ဖို့ကောင်းတဲ့ အသံလေးနဲ့ မေမေဆိုပြီး ခေါ်နေလောက်တယ် ….”

“ လွမ်းဆွေးနှင်းစက်ရဲ့ အကျင့်စရိုက်က တကယ် သဘောကျဖို့ကောင်းတယ် … ငါတို့တွေ သူငယ်ချင်း လုပ်လို့ရတယ် ….”

“ ယွမ် နှစ်သိန်းက ဈေးပေါတယ် ဟုတ်လား … ဒီ သူဌေးတွေက တစ်ခုခုတော့ တစ်ခုခုပဲ ….”

“ ငါ တစ်နှစ်လုံး မစားမသောက်ဘဲ နေရင်တောင် အလွန်ဆုံးရ ယွမ် ခြောက်သောင်းတည်းရယ် …..”

“ ငါဆို ပိုတောင်နည်းသေး … တစ်နှစ်မှ ယွမ်ငါးသောင်း …..”

“ မင်းတို့ရဲ့ သနားဖို့ကောင်းတဲ့ တစ်နှစ်လစာ ဂဏန်းငါးလုံးလေးကို ဒီနေရာမှာ ကြေညာဖို့ ဘယ်ကောင် သတ္တိပေးလိုက်တာလဲ ….”

သူမ သမီးလေး နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသည့် ရောဂါက ပျောက်ကင်းတော့မည် ဆိုတာကို သိတော့ အမျိုးသမီးကြီးမှာ စိတ်ကောင်းဝင်နေသည်။

စကားပြောခန်းထဲရှိ လှောင်ပြောင်နေသည့် ကွန်းမန့်များကိုပင် ဂရုမစိုက်ပါဘဲ ရက်ရောမှု ကြီးစွာဖြင့် စကားပြောခန်းထဲရှိ လူတိုင်းထံသို့ ယွမ် နှစ်သောင်း ဟုန်ပေါင်းများ ပို့လွှတ်ပေးလိုက်သည်။

ထိုအချိန်တွင် ချန်ယွီ့ သူ့ ထိုင်ခုံကနေ ထသွားခဲ့၏။

ကြည့်ရှုသူများက ဟုန်ပေါင်းများ အပြိုင်လုနေစဉ်မှာပဲ ချန်ယွီ့ သူ့နေရာသူ ပြန်ရောက်လာပြီး ထိုင်ချလိုက်သည်။

လက်ထဲတွင်တော့ ပစ္စည်းနှစ်ခု ပါလာခဲ့၏။

“ ဟင် အဲ့တာ အစပ်ချောင်းထုပ် မဟုတ်လား ….”

“ အဲ့တာ အစပ်ချောင်းတွေ … ငါ အရင်က စားဖူးတယ်…. စားကောင်းတယ် ... ”

“ ငါတော့ မျက်မှန်အသစ် လဲဖို့လိုပြီထင်တယ် … မျက်လုံးက ဘာတွေ မြင်လို့ မြင်နေမှန်း မသိပါဘူး ….”

“ အဲ့ဒီ အစိမ်းရောင် သောက်စရာပုလင်းကရော ဘာလို့ ရင်းနှီးနေသယောင် ရှိနေပါလိမ့် …..”

“ မရင်းနှီးဘဲ နေမလား … အဲ့တာ စပရိုက် အချိုရည်လေ …”

“ ဒေါက်တာချန် … မင်း ဒါတွေက ဆေးဝါးဆိုတာ သေချာပါတယ်နော်… ငါတို့ကို ဟာသ လာလုပ်ပြနေတာတော့ မဟုတ်ဘူးမလား ….”

စောနလေးတင် အမျိုးသမီးကြီးကို ကျေးဇူးတွေ မဟားတရား တင်နေခဲ့ကြသည့် ကြည့်ရှုသူများမှာ အံ့အားသင့်သည့် အမူအရာများ ဖြစ်သွားခဲ့ကြသည်။

ကြည့်ရှုသူများမှာ ချန်ယွီ့ ယူလာခဲ့သည့် ပစ္စည်းများက ဆေးဝါးနှင့် တစ်စုံတစ်ရာ ဆက်စပ်နေခဲ့မည်ဆိုပါက ‘ ဖေဖေ ‘ ဟု ခေါ်ဆိုမည်ဟုပင် တညီတညွှတ်တည်း ကြိမ်းဝါးလာခဲ့ကြသေးသည်။

တစ်ခုက အနက်ရောင် အဖုံးလေးနှင့် စပရိုက်ပုလင်း ဖြစ်ပြီး ကျန်တစ်ခုက အကြမ်းထည်ဆန်သည့် ထုပ်ပိုးမှုနှင့် အစပ်ချောင်းထုပ် တစ်ထုပ်ပင်။

ယင်းက နာမည်ကြီး စားစရာ အစပ်ချောင်း “ ထန်ဆန်းကိုယ်တော် အသား “ ဖြစ်နေသည်။

All Chapters