ကိုယ့်ဘာကိုယ် ဆေးမကုရဘူး
Vol. 5 Ch. 44
“ ဟယ်လို ဒေါက်တာချန် … နင်နဲ့ စကားပြောခွင့်ရတာ သိပ်ဝမ်းသာတာပဲ …”
“ ကြည့်ရှုနေတဲ့သူတွေရော …. ကောင်းသော နေ့လေးပါနော်…”
ထိုမိန်းကလေး၏ အွန်လိုင်းနာမည်က [လုလုက အချိန်ကောင်းလေး ပိုင်ဆိုင်ပြီး တစ်ချိန်လုံး ပြုံးနေတယ် ] ဆိုသည့် နာမည်ပင်။
သူမက ချန်ယွီ့နှင့် ကြည့်ရှုသူများသို့ အပြုံးလေးဖြင့် လက်ပြနှုတ်ဆက်လိုက်၏။
“ အမေ့ …. ဒီမှာ မိန်းကလေး တစ်ယောက် သားကို ပြုံးပြနေတယ် ….”
“ ချစ်တယ် … ငါလည်း မင်းကိုချစ်တယ် … ငါ နောက်ဆုံးတော့ အချစ်စစ်ကို ရှာတွေ့သွားပြီ ….”
“ ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး … ကောင်မလေး … ငါ့ဆီကို လာစမ်း ….”
“ ငါ့ တာအိုနှလုံးသားကို ယိမ်းယိုင်အောင် လာလုပ်နေတယ်ပေါ့ ဟုတ်လား အမိ …”
လုလု၏ အပြုံးနှင့် ချိုမြိန်သည့် အသံလေးက လိုက်စထွင်းခန်းထဲရှိ စင်ဂယ်ကြည့်ရှုသူ တော်တော်များ၏ နှလုံးသားကို လှိုင်းထသွားစေခဲ့သည်။
သူတို့တွေ လွမ်းဆွေးနှင်းစက်နှင့် လုလုတို့ နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်လိုက်သည်တွင် လုလုဘက်က လုံးဝ အသာစီးရသည်။ နှစ်ဦးလုံးက အလှလေးများ ဖြစ်ကြ၏။ တစ်ယောက်က စိတ်ဖိစီးနေပြီး သူတို့၏ ဦးခေါင်းများတွင် တိမ်းမည်းတိမ်စိုင်များ ရှိနေသည်ဟု ခံစားရစေသည်။
ကျန်တစ်ယောက်ကတော့ သူတို့ကို နေမင်းကြီးနှင့်တူသည်ဟူသော ခံစားချက်မျိုးကို ရရှိစေသည်။
အဘယ်ကြောင့် မိန်းကလေးနှစ်ယောက်ကြားတွင် ကွာဟမှုက ဤမျှ ကြီးမားနေရသနည်း။
“ ဟယ်လို … လူနာ …”
“ ကျေးဇူးပြုပြီး မင်းရဲ့ အခြေအနေကို ပြောပါ …” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေးလိုက်သည်။
“ ဒေါက်တာချန် … နင် အထင်လွဲနေပြီ … ငါ အခု ဝင်လာခဲ့တာက နင်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မဟုတ်ဘဲ ကျေးဇူးတင်ဖို့ပါ …”
“ ဘာလို့ ကျေးဇူးတင်ရလဲ ဆိုတော့ နင့်ရဲ့ ကုသမှုနဲ့လည်း နည်းနည်းသက်ဆိုင်တယ် …”
လုလုက သူမ၏ တောက်ပသည့် အပြုံးလေးကို မပျောက်ပျက်ဘဲ ဆက်ပြီးပြောသည်။
သူမ၏ အသံကလည်း ဆည်းလည်းသံလေးကဲ့သို့ သာယာနေသည်။
ကြည့်ရှုသူများကို ဒွိဟဖြစ်အောင် မလုပ်ပါဘဲ အကြောင်းအရင်းကို လျင်မြန်စွာ ရှင်းပြလာခဲ့သည်။
“ အရင်ဦးဆုံး လူတိုင်း ရွံရှာမုန်းတီးနေတဲ့ ကျင်းချန်မြို့ရဲ့ နတ်ဆိုးကို ကူညီ ဖော်ထုတ်ပေးခဲ့တဲ့အတွက် ဒေါက်တာချန်ကို ကျေးဇူးတင်ချင်ပါတယ် …”
ထိုအခါမှပဲ ကြည့်ရှုသူများမှာ လုလု၏ အိုင်ပီက ကျင်းချန်မြို့မှ ဖြစ်နေသည်ကို သတိထားမိသွားခဲ့ကြသည်။
သူမက ကျင်းချန်မြို့မှ အလှလေး ဖြစ်လာသည်ကို သူတို့ သတိရသွားတော့…
ကြည့်ရှုသူများမှာ သူမ အတွက် စိတ်ဝမ်းနည်းမိကြောင်း စာများ အသီးသီး ပေးပို့လာခဲ့ကြသည်။
ကျင်းချန် နတ်ဆိုး၏ ကွင်းဆက်လူသတ်မှုတို့က ကျင်းချန်မြို့နေ ပြည်သူများအပေါ် အနှစ် ၂၀ ကျော်မျှ စိတ်ဒုက္ခကို ပခုံးထမ်းထားခဲ့ရသည်။
“ ဂရုစိုက်ပေးကြလို့ ကျေးဇူးပါပဲ … ထွေထူးမဟုတ်ပါဘူး … တရားမှုက မတရားမှုကို အမြဲတမ်း အောင်နိုင်တယ်လို့ ငါ ယုံကြည်တယ် …”
“ တရားမျှတမှုက ဖြည်းဖြည်းချင်းနဲ့ မကောင်းမှုကို အောင်မြင်နိုင်သွားမှာပဲ …”
“ တရားမျှတတဲ့ စိတ်နှလုံးနဲ့ နေရင် ဘဝကို အမြဲတမ်း လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်နိုင်မှာပဲလေ …”
လုလုက ခိုးခိုးခစ်ခစ်ရယ်ပြီး ကြည့်ရှုသူများ၏ နှလုံးသားကို တစ်ဖန်ထပ်ပြီး သိမ်းပိုက်သွားခဲ့သည်။
“ ငါ့ရဲ့ ဒုတိယ အကြောင်းအရင်းကတော့ ….”
“ ဒေါက်တာချန်က ကျင်းချန်နတ်ဆိုးရဲ့ အထောက်အထားကို မြင်သွားခဲ့ပြီး သူ့ကို တရားမျှတမှုရဲ့ ရှေ့တော်မှောက် ဆောင်ကြဉ်းပေးခဲ့လို့ပဲ …”
“ အဲ့တာက ငါ့အဖေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ သူ့အပေါ် စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးလိုက်နိုင်တယ် … အခုဆို သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ကောင်းလာနေပြီ ….”
ပြောရင်းဖြင့် လုလုက မတ်တပ်ရပ်ပြီး ကင်မရာသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
ကြည့်ရှုသူများမှာ လုလုက နစ်နာသူ မိသားစုဝင်များထဲက တစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်း လိုက်ကြ၏။
မဟုတ်ပါက …
ချန်ယွီ့ ကျင်းချန် နတ်ဆိုးအား ဖမ်းပေးလိုက်မှုက လုလု အဖေကို ကူညီပေးနိုင်လိမ့်မည်နည်း။
အပြုံးဖျော့ဖျော့က ချန်ယွီ့၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
သူ လုလုကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိက်၏။
“ မဟုတ်ဘူး … နင်တို့ လျှောက်ပြီး ရမ်းပြောမနေကြနဲ့ … ငါ့မိသားစုက နစ်နာသူ မိသားစု မဟုတ်ဘူး …”
ကွန်းမန့်များကို ဖတ်ရင်း လုလု ကျောမတ်သွားခဲ့သည်။
သူမ ချက်ချင်းပဲ ရှင်းပြလာသည်။ “ ငါ့အဖေက ကျင်းချန်ရဲ့ နတ်ဆိုးကို အမဲလိုက်ဖို့ တာဝန်ပေးခံခဲ့ရတဲ့ ခြောက်ယောက်မြောက် ခေါင်းဆောင်ပဲ …”
“ နောက်ပိုင်းမှာ အလုပ်တွေ အလွန်အကျွံလုပ်တာကြောင့် အိမ်မှာ အနားယူလိုက်ရတယ် …”
“ သူ အနားယူလိုက်ကတည်းက အမှု တိုးတက်မှုအပေါ်မှာ တစ်လျှောက်လုံး စိုးရိမ်ပူပန်နေခဲ့တာ … “
“ အမြဲတမ်းလည်း မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို တွေးတောလျက်ချည်းပဲ … သူ အဲ့လို ဖြစ်နေတာကို မြင်တိုင်း အိမ်သားဖြစ်တဲ့ ကျွန်မတို့လည်း စိတ်မကောင်း ဖြစ်မိရတယ်လေ …”
လုလုက ဝမ်းနည်းသည့် လေသံအငွေ့အသက်ဖြင့် ပြောဆိုလိုက်သည်။
သူမ အဖေ အနားယူသည့် အချိန်တုန်းက အသက် လေးဆယ့်ငါးပင် မပြည့်သေးချေ။
ကနေဦးတုန်းက အင်ပြည့်အားပြည့်နှင့် ယောက်ျားရင့်မာကြီး တစ်ဦးမှာ ကျင်းချန်မြို့ရဲ့ နတ်ဆိုးကို အမဲလိုက်သည့် လေးနှစ်တာ ကာလအတွင်း ချူချာလာခဲ့သည်။
တစ်နှစ် ၃၆၅ ရက်တွင် အလုပ်အလွန်အကျွံလုပ်သည့် နေ့ဟူ၍ တစ်နေ့မျှပင် မရှိဘဲ အချိန်တိုင်း ဖြစ်နိုင်ချေ သတင်းအချက်အလက်များကို သုံးသပ်နေခဲ့သည်။
ကျင်းချန်မြို့ နတ်ဆိုး၏ သဲလွန်စကို ရရှိသည့် အခါတိုင်း သူကိုယ်တိုင် အသင်းကို ဦးဆောင်ကာ အတည်ပြုလေ့ရှိ၏။
ထိုသို့ဖြင့် လေးနှစ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်လည်း လုံးလုံးလျားလျား တောင့်မခံနိုင်တော့ကာ နောက်ဆုံး လဲပြိုသွားခဲ့ရတော့သည်။
သူ့တွင် သွေးတိုးရောဂါ၊ အစာအိမ် ပြဿနာ ၊ အာရုံကြော အားနည်းသည့်ရောဂါ ၊ ကျောရိုးနာသည့် ရောဂါ စသည့် အမျိုးမျိုးသော ရောဂါများနှင့် အသေးအမွှား ပြဿနာလေးများလည်း စုပြုံလာသည်။
သူ၏ ရောဂါအခြေအနေကြောင့် အနားယူလိုက်ရပြီး … ပြန်လည်သက်သာလာဖို့ အိမ်တွင် အနားယူနေရပါသော်လည်း သူ၏ စိတ်နှလုံးသားကတော့ အမှုထံပါးမှ တစ်ဖဝါး မခွာခဲ့ချေ။
အများပြည်သူ၏ မျှော်လင့်ချက်ကို စိတ်ပျက်စေခဲ့မိသည်ဟု ထင်ပြီး ကိုယ့်ကိုယ်ကို သိမ်ဖျင်းသည်ဟု ယူဆကာ စိတ်ဓာတ်ကျနေခဲ့သည်။ ယင်းက စိတ်ဓာတ်ကျ ရောဂါလက္ခဏာရပ်များသို့ ဦးတည်လာခဲ့ကာ အခြေအနေကို ပိုပြီး ဆိုးရွားသွားစေခဲ့သည်။
“ အခုတော့ အားလုံး အဆင်ပြေသွားပြီ …”
လုလု သူမ၏ လက်သီးသေးသေးလေးကို ဆုပ်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေခဲ့သည်။
“ ကျင်းချန်ရဲ့ နတ်ဆိုးလည်း ဖမ်းခံလိုက်ရပြီ … ငါ့အဖေလည်း ပြန်သက်သာလာပြီ …”
“ အခုဆို ဆေးတွေ သေချာ သောက်နေရုံတင် မကတော့ဘူး …တစ်ခါတစ်လေဆို သံစဉ်တစ်ခုခု ညည်းပြီး လူတိုင်းကိုလည်း ပြုံးပြတတ်သေးတယ် …”
“ သူ့ကိုယ်သူ ဆန်တာကလော့စ် အဘိုးအိုကြီးလိုမျိုးတောင် လုပ်နေလိုက်သေးတယ် ….”
လုလုက ခိုးကြောင်ခိုးဝှက် အမူအရာတစ်ခုကို လှစ်ဟာပြလာခဲ့ပြီး နှုတ်ခမ်းကို လက်ဝါးဖြင့်ကွယ်ပြီး ကင်မရာသို့ တိုးကပ်ကာ တီးတိုးပြောလာသည်။
“ ငါ နင်တို့ကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ် … ငါ့အဖေက ရာဇဝတ်မှုကြီးတွေ စုံစမ်းစစ်ဆေးရေးဌာနမှာ တာဝန်ကျခဲ့ဖူးတဲ့လူလေ … သူ့နာမည်ပြောင်က ကျောက်တုံး မျက်နှာစုံထောက်ဲ့ …”
“ အခု ဒီသုံးလေးရက်မှာ သူပြုံးနေတဲ့ မျက်နှာကို မြင်ရတဲ့ အကြိမ်အရေအတွက်က ငါ ကလေးတုန်းကတည်းက မြင်ခဲ့ဖူးတဲ့ မျက်နှာအရေအတွက်ထက်တောင် ပိုများနေသေးတယ် …”
“ အိုး … ပြီးတော့ ငါက အခု ဆေးမှုခင်း သိပ္ပံ စီနီယာ ကျောင်းသူ တစ်ယောက် ဖြစ်နေပြီလေ … အဖေ့ရဲ့ နေရာကို အမွေဆက်ခံတော့မှာ …”
“ ငါ သင်ယူထားတဲ့ အရာတွေကို အသုံးချပြီး သေဆုံးသွားခဲ့တဲ့ လူတွေ အတွက် တရားမျှတမှုကို ဆောင်ကြဉ်ပေးပြီး လူဆိုးတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်တွေ ပေးမယ် …”
လုလုက သူမ၏ လက်ရှိ အခြေအနေအကြောင်းကို စကားပြောခန်းထဲရှိ ကြည့်ရှုသူများထံ တက်တက်ကြွကြွနှင့် ဖွင့်ပြောနေခဲ့၏။
“ ရွှတ် ရွှတ် ရွှတ် … ငါ အခု အတန်းထဲမှာ ငိုနေတာ … ငါ့ဘေးကကောင်တွေကတော့ ငါ့ကို ဘယ်ရည်စားနဲ့ ပြတ်သွားပြန်ပြီလဲ မေးနေကြတယ် ….”
“ အလှလေး … ငါ မင်းအနောက်မှာ အလင်းရောင်ကွင်းကြီး တောက်ပနေတာကို ဘာလို့ မြင်နေတာပါလိမ့် ….”
“ မင်းနဲ့ မင်းအဖေကို ငါလေးစားပါတယ် ….”
“ ကလေးမလေး … ငါက အသက်ကြီးနေပြီဆိုတော့ အသံဗြဲကြီးနဲ့ အော်ငိုဖို့ မျက်နှာ မရှိတော့ဘူး … မင်းဘဝကြီး အဆင်ပြေချောမွေ့ပါစေလို့ အန်ကယ် ဆုတောင်းပေးတယ်ကွာ ….”
“ အခုလို စိတ်ဓာတ်မျိုး ထားပေးတဲ့အတွက် ကျေးဇူးပဲ အလှလေး …”
ကြည့်ရှုသူများမှာ ရင်ထဲ ခံစားသွားခဲ့ကြရသည်။ တစ်ချိန်တည်းတွင် လုလု အဘယ်ကြောင့် ဤမျှ တက်ကြွသည့် မိန်းကလေး တစ်ဦး ဖြစ်နေရလဲဆိုတာကို သူတို့ နားလည်သဘောပေါက်သွားခဲ့ကြ၏။
ထိုကဲ့သို့သော တရားမျှတသည့် နှလုံးသားတစ်စုံ ရှိနေရာ ခွန်အားတို့ ပြည့်လျှံနေမည်က သဘာဝပင်။
“ ခဏနေကျရင် ဆေးရုံမှာ အဖေ့ကို အဖော်လုပ်ပေးရဦးမှာဆိုတော့ သွားတော့မယ်နော် ဒေါက်တာချန် … ရှင့်ရဲ့ အချိန်တွေကို မဖြုန်းတီးတော့ဘူး …”
လုလုက အားတက်သရောရှိစွာဖြင့် ချန်ယွီ့ကို အချိန်ရပါက ကျင်းချန်မြို့သို့ လာလည်ရန်လည်း ဖိတ်ခေါ်ဖို့ မမေ့ခဲ့ချေ။
ကျင်းချန်မြို့က ယခု လုံခြုံသွားပြီ ဖြစ်ပြီး မြိုသူ့မြို့သားများအားလုံးလည်း ဖော်ရွေကာ ခင်မင်ဖို့ ကောင်းသည့်လူများပင်။
ယခုဆို စိမ်းဆိုသာယာလှပသည့် မြို့လေး တစ်မြို့ ဖြစ်နေပြီ ဖြစ်၏။
သူ လာမည်ဆိုပါက လုလုက လည်ပတ်လို့ကောင်းသည့် နေရာများထံ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမည်ဟုပင် ဆိုခဲ့သေးသည်။ ချန်ယွီ့ကို သုံးလေးရက်ခန့် ပျော်ဖို့ ခေါ်သွားပေးနိုင်သည်။
“ ခဏလေး ….”
အချိန်အကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက်တွင် ချန်ယွီ့ လုလုထံသို့ ရုတ်ချည်း ပြောဆိုလာခဲ့၏။
“ ဒေါက်တာချန် … မင်းသူ့ကို လွှတ်ပေးလိုက်ပါကွာ … ငါ တောင်းဆိုပါတယ် …”
“ ဒေါက်တာချန် ပါးစပ်ဖွင့်မှာကို ကြောက်မိတာ ဒါ ပထမဆုံးအကြိမ်ပဲ ….”
“ ဖြစ်နိုင်တာ ဒီအလှလေးလည်း စိတ်ဝေဒနာ ခံစားနေရတာများလား ….”
“ မဖြစ်နိုင်ဘူး … လုံးဝ လုံးဝ မဖြစ်နိုင်ဘူး ….”
“ သူ့မှာ စိတ်ရောဂါ ရှိတယ်လို့ ငါ မယုံချင်ဘူး … ဒါပေမယ့် ဒေါက်တာချန်က ……..”
ချန်ယွီ့၏ စကားလုံးတို့က မိုးကြိုးပစ်ခွင်းလိုက်သည့်နှယ် ကြည့်ရှုသူများအားလုံးကို ဒိန်းခနဲ တုန်ယင်သွားစေခဲ့သည်။
ယခု သူတို့အားလုံး ဟိုမရောက် ဒီမရောက်၊ ချီတုံချတုံ ဝေခွဲမရ ဖြစ်နေကြပြီ ဖြစ်၏။
တစ်ဖက်တွင် ချန်ယွီ့ နောက်လူနာတစ်ယောက်အား ဆေးကုသပေးသည်ကို သူတို့ မြင်ချင်ကြသည်။
အခြားတစ်ဖက်တွင်လည်း ဤမိန်းကလေး တစ်ခုခု ဖြစ်နေမှာကို သူတို့ မမြင်တွေ့လိုပေ။
လုလု ဘာရောဂါများ ဖြစ်နေမလဲ …..
“ ဒေါက်တာချန် … ငါ နင့်ရဲ့ လိုက်စထွင်းတွေ ကြည့်ဖူးတော့ နင်က စိတ်ပညာနဲ့ ပတ်သက်လာရင် အတော်လေး ဗဟုသုတကြွယ်ဝတဲ့လူဆိုတာ ငါသိတယ် …”
“ ဒါပေမယ့် ငါ့မှာ တကယ်ကြီး ဘာစိတ်ရောဂါမှ မရှိတာ ….”
“ ဆေးမှုခင်း ဆရာဝန်ကလည်း ဆရာဝန်ပဲလေ … ငါ့မှာသာ ပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို သတိမထားမိဘဲ ဘယ်နေပါ့မလဲ ….”
သူမ ဖျားနေသည်ဟု ချန်ယွီ့ပြောလာမှာကို လုလု မကြောက်။
အရာအားလုံး ပုံမှန် ဖြစ်နေသည်ကို ပြသရန်အတွက် လုလုက လက်ဝှေ့ထိုးသည့် လှုပ်ရှားကွက်များကိုပင် ချန်ယွီ့ရှေ့၌ ကစားပြလိုက်သေးသည်။
“ ဆရာဝန်တွေ ကိုယ့်ကိုယ်ကို ရောဂါရှိမရှိ ဆန်းစစ်တာကို အားမပေးဘူးဆိုတာ မင်းလည်း သိပါတယ် … ဟုတ်တယ်ဟုတ် ….” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေးလိုက်၏။
“ မင်းမှာ ဆေးပညာ ဗဟုသုတတွေ ရှိတယ် … ဒါပေမယ့် အဲ့လိုဆိုတိုင်း မင်း ကိုယ့်ရောဂါကိုယ် ကုသနိုင်တယ်လို့ မဆိုလိုဘူး ….”
“ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖြစ်နေနိုင်တဲ့ တစ်ချို့ ရောဂါတွေ ရှိတယ် ….”
“ ပြီးတော့ … မင်းရဲ့ အခုရောဂါကလည်း ကုသဖို့ မလွယ်ဘူး ….”
ထိုစကားကို ကြားပြီးသည့်နောက် လုလု၏ အမူအရာမှာ အနည်းငယ် မသက်မသာ ဖြစ်လာသည်။
“ ဒေါက်တာချန် … ငါ တကယ် ဘာမှမဖြစ်ဘူးလို့ ….”
“ လုံးဝကြီးတော့ ဘယ်ဟုတ်မှာ …..”
“ မင်းနဲ့ ရင်းနှီးတဲ့ ကောင်လေးတွေ … ပြီးတော့ တစ်ချိန်က မင်းနဲ့ အဆင်ပြေခဲ့ဖူးတဲ့လူတွေ အခုတလော မင်းနဲ့ ခပ်ခွာခွာ နေနေကြတယ်မလား …” ချန်ယွီ့က ဆန်းကြယ်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ တစ်ချို့ဆို မင်းကိုတောင် ဘလော့သွားလိုက်သေးတယ် ဟုတ်တယ်ဟုတ် …”