← Chapters

စွမ်းအင်သိုလှောင်ခြင်း နယ်ပယ်

Vol. 4 Ch. 46

စွမ်းအင်သိုလှောင်ခြင်း နယ်ပယ်

Vol. 4 Ch. 46

ကျန်းရွှမ်က သူသည် ကျောင်းသားများ၏ ဒေါသပစ်မှတ်ဖြစ်လာသည်ကို သတိမပြုမိဘဲ လုမင်ရုန်၏နောက်သို့ အမှီလိုက်ကာ ပတ်ဝန်းကျင်၌ မည်သူမျှမရှိသည်ကိုကြည့်ပြီး ကူကွယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

"ကျောင်းအုပ်ကြီးလု .. မင်းက ဘာလို့ ငါ့ကို အရံဆရာတစ်ယောက်အဖြစ် ခေါ်ထားတာလဲ....ငါ့မှာ အထင်ကြီးဖို့ကောင်းတဲ့ ဘာစွမ်းရည်ဘာအရည်အချင်းမှ ရှိပုံမရဘူး"

သူ ကျောင်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သည့်နှစ်ကြိမ်လုံးတွင် ဂရုစိုက်၍ သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းခဲ့သည်။မည်သည်ကြောင့် သူသည် ဤကဲ့သို့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သနည်း။

လုမင်ရုန်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

'မင်းက ငါ့ရဲ့အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ဒေဝါလီခံလုနီးပါး ဖြစ်အောင်လုပ်ပြီးတော့ ငါတို့ရဲ့ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုကို ပျက်စီးလုနီးပါး ဖြစ်သွားစေတာတောင် အခု မင်းမှာ အရည်အချင်းမရှိဘူးလို့ ပြောနေတာလား....မင်းရဲ့အရည်အချင်းကို မင်း ထုတ်ပြောဖို့အတွက် ကျောင်းတော်ကြီးတစ်ခုလုံး မင်းရှေ့မှာ ဒူးထောက်ပေးရမှာလား'

အမှန်အားဖြင့် သူ ထိုသို့ပြောနိုင်ခြင်းမရှိချေ။ကျန်းရွှမ်သည် ဟန်ဆောင်လိုသောကြောင့် လုမင်ရုန်သည်လည်း ပျော်ရွှင်စွာဖြင့် အတူလိုက်ပါသရုပ်ဆောင်ရပေမည်။သူသည် အပြုံးနှင့် ပြောဆိုလိုက်၏။

"မြို့အရှင်ယုဆီကနေ မင်းက သားရဲတွေကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ ထူးချွန်တယ်လို့ ငါကြားခဲ့တယ်...ဒီလိုကျွမ်းကျင်မှုမျိုးက ငါတို့ကျောင်းတော်မှာ လိုအပ်နေတဲ့အရာမျိုးပဲ"

အမှန်အားဖြင့် ဝူယွင်ကျိုးသည် မြို့အရှင်အိမ်တော်မှပြန်လာပြီးနောက် ဤကိစ္စကို သူ့အား သတင်းပို့ခဲ့ခြင်းဖြစ်သည်။

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားပေ၏။ဤရင်းမြစ်ကမ္ဘာအတွင်းရှိ သားရဲယဥ်ပါးစေခြင်းနည်းစနစ်များသည် အလွန်ရှေးရိုးဆန်သဖြင့် သူ့ထံတွင်ရှိနေသော အရည်အချင်းသည် တခြားလူများ၏အာရုံစိုက်ခြင်း ခံရသည်မှာ သဘာဝကျသည်။ဤသည်မှာ သူ့အတွက်လည်း အကျိုးကျေးဇူးရရှိနိုင်သည်။သူသည် မည်သည့်နေရာတွင် နေထိုင်ရမည်နှင့် ကျင့်ကြံနည်းစနစ်များကို မည်ကဲ့သို့ ရှာဖွေရမည်တို့နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရန် မလိုတော့ချေ။ယခုအချိန်၌ သူ၏လိုအပ်ချက်များကို ထောက်ပံ့ပေးမည့် တစ်စုံတစ်ယောက် ရှိလာလေပြီ။

"ငါက ကျောင်းတော်အတွက် ဘာလုပ်ပေးရမှာလဲ"

ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"သားရဲတွေကို ယဥ်ပါးအောင် လုပ်ပေးရမှာလား....မင်းတို့မှာရှိနေတဲ့ ရင်းမြစ်သားရဲတွေက ဘယ်အဆင့်လဲ"

အကယ်၍ ထိုသားရဲများ၏အဆင့်သည် အလွန်မြင့်မားနေပါက သူ ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ချေ။

"အရံဆရာတွေက ဝေယျာဝစ္စအလုပ်တွေကို လုပ်ဖို့လိုတယ်....ဒါပေမဲ့ မင်း ခုဏက ကျောင်းသားနှစ်ယောက်ကို လက်ခံလိုက်တာကြောင့် မင်းက အခု တရားဝင်ဆရာတစ်ယောက် ဖြစ်သွားပြီ....မင်း သူတို့ကို သေချာသင်ပေးဖို့ပဲလိုတယ်...မင်းရဲ့လစာနဲ့ခံစားခွင့်တွေအတွက်ကတော့ ငါက တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးလိုက်အုံးမယ်....ဒါက မင်း စိတ်ကျေနပ်မှုရစေမယ်ဆိုတာ သေချာတယ်"

လုမင်ရုန်က အပြုံးနှင့်တုံ့ပြန်သည်။

အရံဆရာရာထူးသည် ယိုးမယ်ဖွဲ့ခြင်းသက်သက်ပင်။ဤကဲ့သို့ ပါရမီရှင်တစ်ယောက်သည် ဝေယျာဝိစ္စကိစ္စများကို လုပ်ဆောင်မည်ဟု သူ မျှော်လင့်မထားမိချေ။ယခုအချိန်၌ ကျန်းရွှမ်သည် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်သောကြောင့် သူသည် တရားဝင်ဆရာတစ်ယောက်ဖြစ်သွားလေပြီ။ထို့ကြောင့် သူသည် မည်သည့်ဝေယျာဝစ္စကိစ္စကိုမျှ လုပ်ဆောင်ရန် မလိုတော့ချေ။

သူသည် တရားဝင်ဆရာတစ်ယောက် လွယ်လွင့်တကူဖြစ်လာကာ လစာပင်ရရှိမည်ကိုသိချိန်၌ ကျန်းရွှမ်သည် အံ့အားသင့်သွားပေ၏။ထို့နောက် သူသည် အနည်းငယ်ရှက်ကိုးရှက်ကန်းလေသံဖြင့် မဝံ့မရဲမေးမြန်းသည်။

"ငါ့ကို အကူအညီနည်းနည်းလောက် ထပ်ပေးနိုင်မလား....ငါက စာကြည့်တိုက်ထဲကစာအုပ်တွေကို ဖတ်လို့ရနိုင်မလား"

"ရတာပေါ့...."

လုမင်ရုန်က ခေါင်းညိတ်ပြလေသည်။

"ငါ အရင်ဆုံး မင်း နေရမယ့် အဆောင်ဆီ ငါ မင်းကို ခေါ်သွားပေးမယ်....ဒါပြီးရင် မင်းကျောင်းတော်ရဲ့စာကြည့်တိုက်ကို လွတ်လွတ်လပ်လပ်ဝင်ထွက်နိုင်ဖို့အတွက် ငါ မင်းကို စာကြည့်တိုက်ဝင်ခွင့်ကတ်ပြားပေးမယ်"

"ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က သူ၏နှစ်ဖက်ကိုအလျင်အမြန်ပူးဆုပ်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။

စာကြည့်တိုက်အတွင်းသို့ လွတ်လွတ်လပ်လပ်ဝင်ထွက်ခွင့်ရခြင်းမှာ သူသည် စာအုပ်များကို တခြားနေရာများ၌ ရှာဖွေရန်မလိုပဲ ရင်းမြစ်ရေအိုင်နယ်ပယ်ထက် ကျော်လွန်သော ကျင့်ကြံနည်းစနစ်များကို သင်ယူနိုင်သည်ဟု ဆိုလိုခြင်းပင်။

ဆရာများ၏အဆောင်သည် စတုရန်းမီတာတစ်ရာကျယ်ဝန်းသော ခြံဝန်းတခုအတွင်း၌ တည်ဆောက်ထားသည့် စတုရမ်းမီတာခြောက်ဆယ်ရှိသော အခန်းတစ်ခန်းပင်။အဖြူရောင်ကျောက်တုံးကျောင်းတော်ကဲ့သို့ နေရာတနေရာအတွက် ဤအခန်းသည် ကြီးမားခြင်းမရှိချေ။ သို့ရာတွင် ပြင်ပ၌ ဤကဲ့သို့အခန်းမျိုးကို ငှားရမ်းပါက တစ်လလျှင် ရင်းမြစ်ဒင်္ဂါးထောင်နှင့်ချီ၍ ကျသင့်မည်ဖြစ်ပြီး လူအများစုအတွက် မတတ်နိုင်သောပမာဏပင်။ယခုအချိန်၌ သူသည် အိမ်ငှားခနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရန် မလိုတော့ချေ။

ကျန်းရွှမ်ထံတွင် အခန်းအတွင်း၌ နေရာချထားရန် ပစ္စည်းများများစားစားမရှိချေ။သူသည် ဤပတ်ဝန်းကျင်နှင့်ရင်းနှီးအောင် အလျင်အမြန်လှည့်ပတ်ကြည့်ပြီးနောက် စာကြည့်တိုက်၏တည်နေရာကို မေးမြန်းကာ ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

သူ၏ရင်းမြစ်ရေအိုင်အဖြစ် သတ်မှတ်ထားသော ရွှမ်ကမ္ဘာသည် ယခုအချိန်ထိ လုံးလုံးလျားလျားတည်ငြိမ်ခြင်း မရှိသေးသော်လည်း နီးစပ်နေလေပြီ။ထို့ကြောင့် သူ အရေးပေါ်လိုအပ်နေသောအရာသည်ကောင်းကင်ကံကြမ္မာစွမ်းအင် မဟုတ်ချေ။ ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ သူ မည်သို့ဆက်၍ကျင့်ကြံရမည်ကို သိရှိရန်အတွက် ကျင့်ကြံနည်းစနစ်များကို ရှာဖွေရန်ပင်။

ထိုသို့မဟုတ်ပါက သူ စာသင်ခြင်းမစတင်မီမှာပင် အလုပ်ထုတ်ခံရနိုင်သည်။

သူသည် သင်ကြားမှုကို မည်သည့်အချိန်၌ စတင်မည် မည်သို့ပြုလုပ်မည်ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်သော်လည်း သူ၏တပည့်များအား မည်သည့်အရာမျှမသင်ပေးဘဲ မနေနိုင်ချေ။အနှိုင်းမဲ့ဆရာသခင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် အရှက်ရလိုခြင်းမရှိပေ။

ထို့ကြောင့် နာမည်ခံတပည့်များဖြစ်စေ တရားဝင်တပည့်များဖြစ်စေ သူ၏သင်ပြမှုအောက်သို့ တစ်ကြိမ်ရောက်ရှိသည်နှင့် သူသည်သူတို့အား ရိုးသားဖြူစင်စွာနှင့်သဘောထားကြီးစွာ ဆက်ဆံရပေမည်။ဤသည်မှာ သူ၏တပည့်များအပေါ် တသမတ်တည်းဆက်ဆံသည့် ခံယူချက်ပင်။

အဖြူရောင်ကျောက်တုံးကျောင်းတော်၏စာကြည့်တိုက်သည် မြို့အရှင်အိမ်တော်မှစာကြည့်တိုက်ထက် ပို၍ကြီးကျယ်ခမ်းနားပြီးကျယ်ဝန်းသည်။ဤနေရာတွင် စာအုပ်များကို စနစ်တကျ အမျိုးအစားခွဲထားကာ အလွှာလိုက်နေရာချထားသည်။

ကျန်းရွှမ်သည် ကျောင်းအုပ်ကြီးပေးထားသော စာကြည့်တိုက်ဝင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားသဖြင့် စာကြည့်တိုက်မှူး၏သိချင်စိတ်ပြင်းပြသောအကြည့်အောက်တွင် သူ စာကြည့်တိုက်အတွင်းသို့ ဝင်နိုင်ခဲ့သည်။သူသည် စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်စာအုပ်များကို အလျင်အမြန်ရှာတွေ့ခဲ့လေ၏။

ရင်းမြစ်ရေအိုင်၏ပထမဆုံးအဆင့်သုံးဆင့်မှာ အာရုံခံခြင်း ရင်းမြစ်ရေအိုင်ရှာဖွေခြင်းနှင့် စွမ်းအင်သိုလှောင်ခြင်းတို့ပင်။

အာရုံခံခြင်းနှင့်ရင်းမြစ်ရေအိုင်ရှာဖွေခြင်းတို့တွင် ရင်းနှစ်ရေအိုင်ကိုအာရုံခံခြင်းနှင့် ရင်းမြစ်ရေအိုင်၏တည်နေရာကို ရှာဖွေခြင်းတို့ ပါဝင်သည်။ထိုကိစ္စများကိုဖြတ်ကျော်ပြီးနောက် အထူးနည်းလမ်းများမှတဆင့် ရင်းမြစ်ရေအိုင်ကို ပြုစုပျိုးထောင်ရပေမည်။ဤဖြစ်စဉ်သည် များသောအားဖြင့် အချိန်အတော်ကြာယူရပြီး ရင်းမြစ်ရေအိုင်ကို အသက်သွင်းပြီးသည်နှင့် အကဲဖြတ်စစ်ဆေးမှုကို ဆောင်ရွက်နိုင်သည်။

ရင်းမြစ်ရေအိုင်ကို အကဲဖြတ်စစ်ဆေးမှုခံယူကာ တည်ငြိမ်မှုရအောင် လုပ်ဆောင်ပြီးနောက် တစ်စုံတစ်ယောက်သည် ရင်းမြစ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့စုပ်ယူပြီး စွမ်းအားအဖြစ်ဖြည့်တင်းကာ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်သို့ ခြေချနိုင်ပေမည်။

ဤအဆင့်သို့ရောက်ရှိသွားပါက ကျင့်ကြံခြင်းကို အစစ်အမှန်စတင်ခြင်းဟု မှတ်သားနိုင်သည်။ထိုအဆင့်သို့ရောက်ရှိသွားသူတစ်ယောက်သည် နဂါးတစ်ကောင်ကဲ့သို့ အစွမ်းထက်သော ခွန်အားမျိုးရရှိကာ သာမန်လူများထက် သာလွန်ထူးကဲသွားစေသည်။

ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော ကျန်းရွှမ်၏ခန္ဓာကိုယ်ခွန်အားသည် ပြိုင်ဘက်ကင်းပင်။သူ၏စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးပြုပါက ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်ဖြစ်သော ကျောက်စိမ်းအရိုးနယ်ပယ် ကျင့်ကြံသူများထက် ပို၍အစွမ်းထက်ပေမည်။စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်များအတွက် သူ့ထံတွင် ရွေးချယ်ပိုင်ခွင့် အမြောက်အမြားရှိသည်။သို့ရာတွင် သူသည် ရင်းမြစ်စွမ်းအင်၏ဖိအားအရှိန်အဝါကို လျော့ပါးစေသောနည်းလမ်းများနှင့် သူ၏ခန္ဓာကိုယ်ရှိအတွင်းဒဏ်ရာများကို ကုသနိုင်သည့် နည်းလမ်းများအား ရှာဖွေရန် လိုအပ်သည်။ထိုကြောင့် သူသည် ရင်းမြစ်စွမ်းအင်ကို သန့်စင်ရာ၌ ပို၍နားလည်သဘောပေါက်နိုင်ရန်နှင့် ကောင်းမွန်သောနည်းစနစ်များကိုစုဆောင်းနိုင်ရန်အတွက် စာများဖတ်ရန်လိုအပ်နေဆဲပင်။

စာအုပ်စင်များအကြား၌ လမ်းလျှောက်ရင်း သူသည် 'ကျားနဂါးစွမ်းအင်သိုလှောင်ခြင်းနည်းစနစ်'ဟု ခေါင်းစဉ်ရှိသောစာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာကောက်ယူပြီး ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်၏။

'စွမ်းအင်သိုလှောင်ခြင်းက ရင်းမြစ်စွမ်းအင်တွေကို ရင်းမြစ်ရေအိုင်ထဲကို စုပ်ယူတဲ့နည်းစနစ်ဖြစ်ပြီးတော့ မရီဒါန်းတွေကို ချဲ့ထွင်တဲ့လုပ်ငန်းစဉ်ပဲ"

'ရင်းမြစ်စွမ်းအင်က မတည်ငြိမ်တဲ့ အားလှိုင်းတစ်ရပ်ဖြစ်ပြီးတော့ ရင်းမြစ်ရေအိုင်ကတောင် လွယ်လင့်တကူ ထိန်းသိမ်းမထားနိုင်ဘူး....ဒီစွမ်းအင်ကို သန့်စင်ဖို့အတွက် 'မီးပြင်းဖို'တစ်လုံးရဲ့အကူအညီ လိုအပ်တယ်'

'မီးပြင်းဖိုဆိုတာက နာမည်အတိုင်းပဲ ရင်းမြစ်ရေအိုင်ထဲမှာ မီးတောက်တစ်ခုကို ထွန်းညှိတဲ့အရာပဲ...မတူကွဲပြားတဲ့နည်းစနစ်တွေကနေတဆင့် မတူညီတဲ့ မီးပြင်းဖိုတွေကို ဖြစ်ပေါ်စေတယ်...မီးတောက် ပိုပြီးသန်မာအားကောင်းလေလေ ရင်းမြစ်စွမ်းအင်တွေကို သန့်စင်တဲ့နေရာမှာ ပိုပြီးမြန်လေလေပဲ....ကျားနဂါးစွမ်းအင်သိုလှောင်ခြင်းနည်းစနစ်က အဆင့်နိမ့် စွမ်းအင်သန့်စင်ခြင်းနည်းစနစ်ပဲ....သစ်ပင်ပန်းမန်းတွေရဲ့စွမ်းအားကို အသုံးချခြင်းကနေတဆင့် ကျားနဂါးမီးပြင်းဖိုကို သွန်းလုပ်နိုင်မယ်...ဇွဲလုံ့လရှိရှိကျင့်ကြံမယ်ဆိုရင် တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းဆယ်တန်းထိ

သန့်စင်နိုင်လိမ့်မယ်"

ကျန်းရွှမ်၏စိတ် တစ်ချက်လှုပ်ရှားသွားခြင်းနှင့်အတူ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်း လောင်ကျွမ်းသွားပြီး ကျားနဂါးစွမ်းအင်သိုလှောင်ခြင်းနည်းစနစ်နှင့် တစ်ထပ်တည်းတူသောစာအုပ်ကို သူ၏စာကြည့်တိုက်အတွင်း၌ ဖန်တီးလိုက်သည်။ထိုစာအုပ်၏ အားနည်းချက်များသည်လည်း သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။

"အဆင့်နိမ့် စွမ်းအင်သန့်စင်ခြင်း နည်းစနစ်လား....ဒါက တော်တော်လေး အားနည်းတာပဲ"

တစ်ချက်ကြည့်ပြီးနောက် ကျန်းရွှမ်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

'ကျင့်ကြံနည်းစနစ်စာအုပ်တွေကို အဆင့်နိမ့် အလယ်အလတ် အဆင့်မြင့် အထွတ်အထိပ်တော်ဝင်နဲ့ဧကရာဇ်အဆင့်ဆိုပြီး ခွဲခြားထားတယ်....အဆင့်နိမ့်နည်းစနစ်တွေက အားအနည်းဆုံးဖြစ်ပြီးတော့ ကျားနဂါးစွမ်းအင်သိုလှောင်ခြင်း နည်းစနစ်ဆိုတာက နာမည်နဲ့တောင်မလိုက်တဲ့ အမှိုက်နည်းစနစ်ပဲ'

သူသည် စာအုပ်စင်များပေါ်ရှိ စာအုပ်များကို ထိတွေ့လိုက်ခြင်းနှင့်အတူ စာအုပ်တစ်အုပ်ပြီးတစ်အုပ်ကို ကူးယူခဲ့သည်။

'မြွေလိပ်စွမ်းအင် သိုလှောင်ခြင်းနည်းစနစ်' 'ထင်းရူးကြိုးကြာ နည်းစနစ်' 'ဖရိုဖရဲရင်းမြစ်စွမ်းအင်သိုလှောင်ခြင်း နည်းစနစ်' 'နှလုံးသားပြန်လာခြင်း ရင်းမြစ်စွမ်းအင်နည်းစနစ်' 'စွမ်းအင်စုပ်ယူသိုလှောင်ခြင်း နည်းစနစ်'...

သူသည် စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်အမျိုးမျိုးကို အလျင်အမြန်မှတ်တမ်းတင်ပြီး ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ သိမ်းဆည်းလိုက်၏။

ကျန်းရွှမ်သည် စာကြည့်တိုက်အတွင်း၌ စာဖတ်နေစဉ်အချိန်၌ လျှူမင်ယွဲ့သည် သူမ၏ကျောင်းဝင်ခွင့်စာရင်းသွင်းခြင်းကို ပြီးဆုံးသွားလေပြီ။ ထိုအချိန်၌ အစေခံတယောက်က သူမ၏အနီးသို့ ချဉ်းကပ်လာသည်။

"သခင်မလေး ...ငါက သောက်လီကို ဒီနေရာဆီ ခေါ်လာခဲ့ပြီ... ငါ သူ့ကို ဒီနေရာမှာ ချည်ထားလိုက်ရမလား"

ယခင်က ကျောင်းတော်သို့ မြင်းတစ်ကောင် ခေါ်လာသည့် တစ်စုံတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးသဖြင့် အစေခံက သတိကြီးစွာထားပြီး မေးမြန်းလိုက်သည်။

"ငါက ဒီမြင်းကို အဲ့ဒီအရံဆရာဆီ ပေးမလို့ပဲ...သူ ဘာတွေကြံစည်နေလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လျှူမင်ယွဲ့က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သောက်လီ၏အနီးသို့ ချဉ်းကပ်ကာ မြင်း၏ခေါင်းကိုညင်သာစွာပုတ်ပြီး 'အရံဆရာ'ဟူသော စကားလုံးကို တမင်သက်သက်အလေးပေး၍ ပြောဆိုသည်။

"နင်က သောက်လီကို တချိန်လုံး အစာကျွေးနေခဲ့တာ... ဒါကြောင့် မြင်းက နင့်ရဲ့စကားကို နားထောင်တယ်...နောက်ပိုင်းကျရင် အဲ့ဒီအရံဆရာနဲ့တွေ့တဲ့အချိန်မှာ သင်ခန်းစာကောင်းကောင်းပေးရမယ်.. တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါ တာဝန်ယူတယ်"

သူမ၏မျက်လုံးတစ်စုံသည် တောက်ပနေကာ အစေခံအား ညွှန်ကြားလိုက်သည်။

"နားလည်ပါပြီ"

အစေခံသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေသော်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

All Chapters