ငါကိုယ်တိုင် လုပ်နိုင်တယ်
Vol. 4 Ch. 60
"…"
"ဘာတွေ ဖြစ်နေတာလဲ"
"ကြည့်ရတာတော့ မိန်းကလေးယုရဲ့မီးပြင်းဖိုကိုလည်း ထွန်းညှိနိုင်ခဲ့တဲ့ပုံပဲ"
"ခုဏကတင် သူ မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား....သူ့ရဲ့ပါးစပ်က မရဘူးလို့ ပြောနေပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က တော်တော်လေးရိုးသားတယ်"
စောင့်ကြည့်နေသူများအားလုံး၏မျက်လုံးများ တဖန်ထပ်၍ ပြူးကျယ်သွားသည်။
လျှူမင်ယွဲ့က ဆရာကျန်း၏နည်းစနစ်သည် အသုံးမဝင်ကြောင်း သတင်းပို့ခဲ့စဉ်မှာပင် သူမ အောင်မြင်သွားခဲ့သည်။ယုရှောင်ယွီသည် သူမ မလုပ်နိုင်ဟု ပြောဆိုခဲ့သော်လည်း နောက်ထပ်အချိန်အခိုက်အတန့်တွင် သူမ၏မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့လေ၏။
တစ်စုံတစ်ယောက်အား မျက်နှာမပျက်စေရန် ကြိုးစားသည့်လူများကို မြင်တွေ့ဖူးသော်လည်း ကိုယ့်ကိုယ်ကိုယ် ဤမျှထိအရှက်ရအောင် လုပ်သူများကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။
"အဲ့ဒီမိန်းကလေးနှစ်ယောက်က ရူးနေတာလား .....ဒါမှမဟုတ်ရင် အဲ့ဒီဆရာတပည့်တွေက ဒီနေရာကို တံခါးဖွင့်သင်ခန်းစာ သင်ကြားပေးဖို့မဟုတ်ဘဲ ဖျော်ဖြေပွဲတစ်ခုကို လာပြီးသရုပ်ဆောင်နေကြတာလား""
"…"
လုမင်ရုန် ဝူယွင်ကျိုးနှင့် တခြားအကြီးအကဲများအားလုံး ကြက်သေသေသွားသည်။
သူတို့သည် ထိခိုက်မှုများ လျော့နည်းသွားစေရန်နှင့် ပါရမီရှင်၏အရှက်ကို ကာကွယ်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။
ဝင်္ကပါများ အစွမ်းထက်သောလမ်းညွှန်မှုများ သို့မဟုတ် တခြားအထူးနည်းလမ်းများ မလိုအပ်ဘဲ သွေးစက်များကို တိုက်ရိုက်ဝါးမြိုခြင်းဖြင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့သလော။အကယ်၍ ဤမျှထိလွယ်ကူနေပါက သူတို့သည် မည်သည်ကြောင့် တစ်ချိန်လုံး ရုန်းကန်နေရသနည်း။
"....."
လူအုပ်ကြီးသည် ထိတ်လန့်တုန်လှုပ်နေစဥ်တွင် သူတို့၏အကြည့်များအောက်၌ရှိနေသော ယုရှောင်ယွီ၏မျက်လုံးများ ပြူးကျယ်နေကာ သူမ၏မျက်ခွံများ တဆတ်ဆတ်တုန်နေသည်။
ဤသည်မှာ မီးထွန်းညှိရန် မဖြစ်နိုင်ဟု အတည်ပြုထားသော အရာဖြစ်သည့် လော့ကျစ်ငှက်သွေးပင်။သို့ရာတွင် မည်သည်ကြောင့် ဤသွေးစက်သည် အလုပ်ဖြစ်သွားသနည်း။မည်သည်ကြောင့် အောင်မြင်သွားခဲ့သနည်း။
ရုတ်ချည်းဆိုသလိုပင် မြို့အရှင်အိမ်တော်၏သခင်မလေးဖြစ်သော သူမ၏လောကအမြင်များ ပြိုလဲသွားသည်ကို ခံစားမိလေ၏။ သူမ သင်ယူထားခဲ့သော အရာရာတိုင်းသည် အသုံးမဝင်သည့်အလားပင်။
အထူးသဖြင့် တစ်ချိန်လုံး ဟန်ဆောင်ခဲ့ပြီးနောက်....ယခုကြည့်ကြည့်တော့မှ သူမသည် သွေးစက်မှစွမ်းအားကို ရင်းမြစ်ရေအိုင်အတွင်းသို့ စုပ်ယူရန်သာ လိုအပ်ခြင်း ဖြစ်သလော။အကယ်၍ ဤမျှထိ ရိုးရှင်းမည်ကို သူမ ကြိုသိခဲ့ပါက မည်သည်ကြောင့် ဟန်ဆောင်နေမည်နည်း။
သူမ ဘဝတစ်သက်စာ သင်ယူထားသော ဟန်ဆောင်မှုအရည်အချင်းသည် အချည်းနှီးဖြစ်သွားလေပြီ။
"မီးပြင်းဖိုကို အောင်မြင်အောင် ထွန်းညှိနိုင်တာက ဆရာကျန်း အလုပ်လုပ်နိုင်တယ်ဆိုတာကိုပဲပြသနိုင်တယ်....ဒါက သူ့ရဲ့အရည်အချင်း မြင့်မားတယ်လို့ ကိုယ်စားမပြုနိုင်ဘူး....အဲ့ဒီမီးပြင်းဖိုက ဘယ်အဆင့်မှာလဲဆိုတာ ကြည့်ကြစို့....တကယ်လို့ အဆင့်နိမ့်နေတယ်ဆိုရင် သူ့ရဲ့နည်းစနစ်တွေက အဓိပ္ပါယ်အများကြီး ရှိမှာမဟုတ်ဘူး"
ချန်းဟောင်၏အသံ ထပ်မံ၍ထွက်ပေါ်လာသည်။
"အမှန်ပဲ.....ချင်ကွမ်းသားရဲသွေးနဲ့ ထွန်းညှိထားတဲ့မီးပြင်းဖိုက ဘယ်အဆင့်မှာရှိလဲဆိုတာ ငါတို့ ကြည့်ချင်တယ်"
ထိုစကားများကြောင့် လူများအားလုံး တဖန်ပြန်၍ အာရုံစိုက်လိုက်ကြသည်။လျှူမင်ယွဲ့သည် အထွတ်အဆိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့လေရာ မိန်းကလေးယုသည်လည်း ထပ်တူထပ်မျှ အောင်မြင်သွားနိုင်သလော။
"ငါ...."
လူအုပ်ကြီးထံမှ စကားများကိုကြားချိန်တွင် ယုရှောင်ယွီ၏နှလုံးခုန်နှုန်း လျှင်မြန်သွားကာ သူမသည် စိုးရိမ်ပူပန်သွားလေ၏။
သူမ၏ပြိုင်ဘက် လျှူမင်ယွဲ့သည် လင်းယွမ်သားရဲသွေးအနှစ်သာရကို အသုံးပြုကာအထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ပြီး စွမ်းအင်စမ်းချောင်း စီးဆင်းခြင်း ဖြစ်စဉ်ကိုပင် ဖြစ်ပေါ်စေခဲ့သည်။သူမ၏သူငယ်ချင်းကောင်းသည်လည်း ကျောင်းအုပ်ကြီးလု၏အကူအညီဖြင့် အထွတ်အထိပ်အဆင့်မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့လေ၏။
အကယ်၍ သူမသည် ထိုမိန်းကလေးနှစ်ယောက်ထက်နိမ့်ကျနေပါက အဆုံးမရှိသော လှောင်ပြောင်သရော်ခံရမှုများနှင့် ရင်ဆိုင်ရပေမည်။
သို့ရာတွင် တခြားလူများသည် ကွာဟချက်မရှိနိုင်ဟု ပြောဆိုနေသော်လည်း သူမ ဤကိစ္စကို မယုံကြည်နိုင်ချေ။လျှူမင်ယွဲ့သည် ကောင်းကင်ကံကြမ္မာသားရဲသွေးကို အသုံးပြုခဲ့သော်လည်း သူမကမူ လော့ကျစ်ငှက်သွေးကို အသုံးပြုခဲ့သည်။ဤကွာဟချက်သည် နှိုင်းယှဉ်ရန်ပင် အလွန်ကြီးမားပေ၏။
သူမသည် မီးပြင်းဖိုးကိုထွန်းညှိနိုင်သည့်တိုင် ထိုမိန်းကလေးနှစ်ယောက်ထက် အဆင့်တစ်ဆင့်နိမ့်နေလျှင်ပင် ကံကောင်းနေလေပြီ။အထွတ်အထိပ်မီးပြင်းဖိုအတွက်ကမူ သူမ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေမည်။
"ထားလိုက်တော့...ငါ ပြန်ရောက်သွားတဲ့အချိန်ကျမှ ထပ်ပြီးစစ်ဆေးရမယ်"
သူမက ရှက်ကိုးရှက်ကန်းအပြုံးဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။သူမသည် သူမ၏အခြေအနေအပေါ် ကောင်းစွာသိရှိထားသဖြင့် လူပုံအလယ်တွင် အရှက်ရလိုခြင်း မရှိချေ။
"ရှောင်ယွီ ....မင်းက လင်းယွမ်သားရဲသွေးထက်တောင် ပိုပြီးအဆင်မြင့်တဲ့ ချင်ကွမ်းသားရဲသွေးကို သန့်စင်ခဲ့တယ်....အရမ်းနှိမ့်ချမနေစမ်းနဲ့....ဒီနေရာမှာ ထုတ်ပြလိုက်စမ်း...တကယ်လို့ လျှူမင်ယွဲ့တောင် လုပ်ပြရဲရင် မင်းက ဘာလို့မရရမှာလဲ"
ယုဖုန်းက ပြောဆိုသည်။
"အမှန်ပဲ...ငါတို့ကို ပြပေးပါ...ချင်ကွမ်းသားရဲသွေးနဲ့ ထွန်းညှိတဲ့မီးဖိုက ဘယ်အဆင့်လဲဆိုတာ ငါတို့လည်း ကြည့်ချင်တယ်"
"ငါတို့ အရမ်းသိချင်နေပြီ...."
"ငါ..."
ယုရှောင်ယွီ ငိုချင်စိတ်ပေါက်သွားသည်။
'နင်က ငါ့ရဲ့ချစ်လှစွာသောအကို တကယ်ရောဟုတ်ရဲ့လား....ငါ့ကို အရှက်ရအောင်လို့ ဒီနေရာကနေ ထွက်မသွားခိုင်းတာလား...နှိမ့်ချမနေနဲ့လို့ နင် ပြောလိုက်တာလား....ဒါက နှိမ့်ချတာမဟုတ်ဘူး...ငါ ကြွားလုံးထုတ်ချင်ရင်တောင် မလုပ်နိုင်တာပဲ'
"ရှောင်ယွီ...စလိုက်တော့...ငါလည်း ကြည့်ချင်တယ်"
မိုယန်ရွှယ်က သိချင်စိတ်ပြင်းပြစွာဖြင့် ယုရှောင်ယွီကိုကြည့်ပြီး ပြောဆိုသည်။
တူညီသော လင်းယွမ်သားရဲသွေးကိုအသုံးပြု၍ ကျန်းရွှမ်သည် ကျောင်းအုပ်ကြီးထက်ပင် ပို၍သာလွန်သော မီးပြင်းဖိုကို ထွန်းညှိပေးနိုင်ခဲ့သည်။ထို့ထက်ပို၍အဆင့်မြင့်သော ချင်ကွမ်းသားရဲသွေးကို အသုံးပြုထားသဖြင့် ယုရှောင်ယွီ၏မီးပြင်းဖိုသည် မည်သည့်အဆင့်သို့ ရောက်ရှိနေသနည်း။
"ကောင်းပြီလေ...."
လူများအားလုံး၏မျက်လုံးအကြည့်များ သူမထံသို့ ကျရောက်နေသဖြင့် လွတ်လမ်းမရှိတော့ချေ။ယုရှောင်ယွီက အံ့တင်းတင်းကြိတ်ပြီး သဘောတူလိုက်သည်။
'ဒါက ဘယ်လိုငရဲမျိုးလဲ....ငါက အစကတည်းက တော်တော်လေးအရှက်ကွဲခဲ့ပြီးပြီ....နည်းနည်းလောက်ထပ်တိုးသွားရင်လည်း ဘာပြဿနာမှမရှိပါဘူး'
သူမသည် မျက်လုံးစုံမှိတ်ပြီး အသက်ပြင်းပြင်းရှိုက်ကာ အတွေးတစ်ချက်နှင့်အတူ ရင်းမြစ်စွမ်းအင်များကို စတင်၍အာရုံခံလိုက်သည်။
"ဒါကို သန့်စင်နိုင်ဖို့ ငါ မျှော်လင့်မိတယ်"
ရင်းမြစ်စွမ်းအင်များ သူမ၏ရင်းမြစ်ရေအိုင်အတွင်းသို့ ဝင်ရောက်လာကာ မီးပြင်းဖိုကို ချက်ချင်းတောက်လောင်သွားစေသည်။ထိုအရာသည် သန့်စင်သော စွမ်းအားလှိုင်းအဖြစ်သို့ အလျှင်အမြန်ပြောင်းလဲကာ သူမ၏ခန္ဓာကိုယ်ရှိ မရီဒါန်းများတလျှောက် လှည့်ပတ်နေပေ၏။
'ဒါက ပြီးသွားပြီလား....ဘာလို့ ဒီလောက်ထိ မြန်နေတာလဲ'
ယုရှောင်ယွီ ကြက်သေသေသွားသည်။
ဤသည်မှာ အဆင့်နိမ့်ဆုံးမီးပြင်းဖိုဖြစ်မည်ဟု သူမ တွေးထင်ထားသော်လည်း သန့်စင်မှုအရှိန်နှုန်း အလွန်လျှင်မြန်နေသည်။သူမသည် ထူးဆန်းသည်ဟု ခံစားရသဖြင့် စုပ်ယူမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်လိုက်သည်။ နောက်ထပ်အချိန်အခိုက်အတန့်တွင် လူအများသည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ရေစီးဆင်းနေသံများကို ကြားလိုက်ရပေ၏။
"ဒါက စွမ်းအင်စမ်းချောင်း စီးဆင်းခြင်း မဟုတ်လား"
"မီးပြင်းဖိုနှစ်ခုလုံးက....အဆင့်မြင့်ဆုံး အထွတ်အထိပ် မီးပြင်းဖိုတွေပဲ"
"သူက အထွတ်အထိပ်မီးပြင်းဖိုနှစ်ခုကို ထွန်းညှိနိုင်ခဲ့တယ်....ငါတို့က ဆရာကျန်းကို နားလည်မှုလွဲခဲ့တာ မဟုတ်လား"
"ကြည့်ရတာတော့ ကျောင်းအုပ်ကြီးတောင် ဒီလိုမျိုးလုပ်နိုင်မယ့်ပုံ မရဘူး"
ယခင်ကဝေဖန်ခဲ့ကြသော ကျောင်းသားများနှင့်ဆရာများအားလုံး နှုတ်ဆိတ်သွားသည်။
ပုံမှန်အားဖြင့် အတွေ့အကြုံရှိသော ဆရာတစ်ယောက်ပင်လျှင် မီးပြင်းဖိုတစ်ခုကို အောင်မြင်စွာထွန်းညှိပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုနှင့်အင်အားစိုက်ထုတ်မှု အမြောက်အများကိုပြုလုပ်ရပြီး အချိန်နာရီဝက်ခန့် ကြာမြင့်ပေမည်။ထိုသို့ဆိုသည့်တိုင် အောင်မြင်မှုနှုန်းသည် မြင့်မားခြင်းမရှိချေ။သို့ရာတွင် ကျန်းရွှမ်သည် အချိန်မိနစ်အနည်းငယ်အတွင်းတွင် မီးပြင်းဖိုနှစ်လုံးကို အင်အားစိုက်ထုတ်ခြင်းမရှိဘဲ ထွန်းညှိပေးနိုင်ခဲ့သလော။
"ချန်းဟောင်....ဆရာကျန်းက အရည်အချင်းမရှိဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား...အခုကြည့်ရသလောက်တော့ သူက တော်တော်လေးအရည်အချင်းရှိတဲ့ပုံပဲ... ငါက သူ့ဆီမှာ တပည့်ခံဖို့တောင် စဉ်းစားနေမိပြီ"
"ငါလည်း အဲ့ဒီလို စဉ်းစားထားတယ်"
ကျောင်းသားများသည် ထိတ်လန့်တုန်လှုပ်နေရာမှအသိဝင်လာပြီးနောက် ကျန်းရွှမ်ကိုချီးမွမ်းသံများ ပျံ့နှံစပြုလာသည်။သူတို့အနက်မှအများစု သည် ဤနေရာသို့ရောက်လာခြင်းမှာ ချန်းဟောင်၏တောင်းဆိုမှုကြောင့်ဖြစ်ပြီး ဆရာကျန်းကျရှုံးသည်ကို ကြည့်ရှုရန် ရည်ရွယ်ထားကြသည်။သို့ရာတွင် ဤဆရာကျန်း၏အရည်အချင်းသည် အထင်ကြီးဖွယ်ကောင်းပေ၏။
"အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး...ဆရာကျန်း မီးပြင်းဖိုတွေကို ထွန်းညှိနိုင်တာဟဘာအံ့အားသင့်စရာရှိလို့လဲ....သူ့ရဲ့အရည်အချင်းတွေက သာမန်ပါပဲ"
ချီးမွမ်းသံမျာ းမြင့်တက်လာသည်ကိုကြည့်ပြီး ချန်းဟောင်သည် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"အထွတ်အထိပ်အဆင့် မီးပြင်းဖိုနှစ်လုံးကို ထွန်းညှိနိုင်တဲ့အရည်အချင်းက သာမန်ပဲလား"
တစ်စုံတစ်ယောက်က ချေပပြောဆိုသည်။
"မင်းတို့ ငါ ပြောတာကို မယုံကြဘူးလား...ငါ မင်းတို့ကို ရှင်းပြမယ်"
ချန်းဟောင်က သူ၏အင်္ကျီလက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။
"မိန်းကလေးလျှူနဲ့မိန်းကလေးယုတို့ ပြောတာကို မင်းတို့လည်း ကြားတာပဲ....သူတို့က လင်းယွမ်သားရဲသွေးနဲ့ ချင်ကွမ်းသားရဲသွေးတွေကို အသုံးပြုခဲ့တယ်...အဲ့ဒီသားရဲသွေးတွေက ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာ မင်းတို့သိတယ်မဟုတ်လား...ဒီလောက်အဖိုးတန်ရှားပါတဲ့ မီးစာတွေနဲ့ဆိုရင် အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိဖို့က အခက်အခဲရှိမှာ မဟုတ်ဘူး....ဘယ်ဆရာမဆို ဒီကိစ္စကို လုပ်နိုင်တယ်"
"ဒါက..."
လူအများသည် တွေဝေတုံ့ဆိုင်းနေပြီးနောက် အမှန်တရားကို နားလည်သဘောပေါက်သွားသည်။ဤကဲ့သို့ အစွမ်းထက်သောမီးစာများရှိနေသဖြင့် အထွတ်အထိပ်အဆင့်မီးပြင်းဖိုများကို ထွန်းညှိနိုင်ခြင်းသည် ကျန်းရွှမ်၏အရည်အချင်းကြောင့် မဖြစ်နိုင်ချေ။
"တကယ်တော့ ဆရာတစ်ယောက်ရှိဖို့တောင် မလိုဘူး....ငါကိုယ်တိုင် ဒါကို လုပ်နိုင်တယ်"
ချမ်းဟောင်သည် သူတို့၏သံသယများကို သိရှိသဖြင့် သရော်တော်တော်ပြုံးကာ သူ၏လက်ကိုမြှောက်လိုက်သည်။
"ဒီမှာ သွေးအနှစ်သာရနှစ်ပုလင်း ရှိနေတယ်....ဒီပုလင်းတွေထဲမှာ သွေးနှစ်စက်စီကျန်သေးတယ်...အခုထိ မီးပြင်းဖိုကို မထွန်းညှိရသေးတဲ့ ဘယ်ကျောင်းသားသစ်မဆို ဒီနေရာကိုလာလို့ရတယ်....ငါက သူတို့ကိုကူညီပြီးတော့ မီးပြင်းဖိုကို ထွန်းညှိသွားမယ်....တကယ်လို့ ငါ ကျရှုံးသွားရင် ငါက ဆရာကျန်းရဲ့ရှေ့မှာ ဒူးထောက်တောင်းပန်မယ်"
"ကျောက်စိမ်းပုလင်းတွေလား...."
ကျန်းရွှမ်သညိ အံ့အားသင့်သွားပေ၏။သူသည် လျှူမင်ယွဲ့နှင့်ယူရှောင်ယွီတို့မှ သူ့အားပေးခဲ့သော ပုလင်းနှစ်လုံး ပျောက်သွားသည်ကို သတိပြုမိသွားသည်။ဤသည်မှာ ဖရိုဖရဲအခြေအနေအတွင်းတွင် ချန်းဟောင် ယူဆောင်သွားခြင်းဖြစ်ပေမည်။