ရင်းမြစ်နဂါးဝါးမြိုခြင်း
Vol. 4 Ch. 47
တစ်ရက်မကုန်သေးမီမှာပင် ကျန်းရွှမ်သည် ထောင်နှင့်ချီသော စာအုပ်များကို ကူးယူပြီးလေပြီ။သူ သိုမှီးထားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကိုကြည့်ပြီး သူသည် စာအုပ်ကူးယူခြင်းကို ဝန်လေးစွာဖြင့် ရပ်တန့်လိုက်၏။ဤအကဲဖြတ်စစ်ဆေးမှုအတောအတွင်းတွင် ရွှမ်ကမ္ဘာနှင့်ကောင်းကင်ဘုံစာကြည့်တိုက် နှစ်ခုစလုံးသည် အလွန်များပြားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူခဲ့သည်။ဤသည်မှာ တခြားလူများအတွက် ဘဝတသက်စာအသုံးပြုရန် လုံလောက်သော်လည်း သူ့အတွက်ကမူ ပင်လယ်အတွင်းမှရေတစ်စက်မျှသာ ဖြစ်သည်။ဤကြီးမားကျယ်ပြန့်သော စာကြည့်တိုက်အတွင်းမှ နည်းစနစ်များအားလုံးကို ကူးယူနိုင်ရန်အတွက် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သန်းနှင့်ချီ၍ လိုအပ်ပေမည်။
စုံစမ်းစစ်ဆေးမှုကို ရှောင်တိမ်းနိုင်ရန်အတွက် သူသည် အကဲဖြတ်စစ်ဆေးမှုနှစ်ခုလုံးအတွင်းတွင် သတိကြီးစွာထားခဲ့ပြီး တစ်ကြိမ်တည်းဖြင့် စွမ်းအင်တန်းများကို များစွာစုပ်ယူခြင်းမပြုခဲ့ချေ။တစ်ကြိမ်လျှင် သူ အများဆုံးစုပ်ယူခဲ့သည်မှာ စွမ်းအင်တန်းတစ်သောင်းကျော်ဖြစ်၍ သူ လိုအပ်နေသည့် စွမ်းအင်တန်းသန်းနှင့်ချီနှင့် နှိုင်းယှဥ်ပါက ဝေးကွာနေဆဲပင်။သို့ရာတွင် သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းထားခြင်းသည် အမှန်ကန်ဆုံးရွေးချယ်မှုပင်။အကယ်၍ ကျောင်းအုပ်ကြီး သို့မဟုတ် တခြားလူများသည် သူ၏ပြိုင်ဘက်ကင်းစွမ်းရည်များကို ရှာတွေ့သွားလျှင် သူတို့သည် စုံစမ်းစစ်ဆေးမှုများကို သေချာပေါက်ပြုလုပ်ပေမည်။ထိုအချိန်ကျပါက သူ့အတွက် အဆုံးမရှိသောပြဿနာများ ဖြစ်ပွားလာနိုင်သည်။
ထိုအကြောင်းကိုတွေးတောရင်း ကျန်းရွှမ်သည် သူ၏လိမ္မာပါးနပ်မှုအတွက် မချီးကျူးဘဲ မနေနိုင်တော့ချေ။လူအများစုသည် ဤမျှထိများပြားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် ကြုံတွေ့ရချိန်၌ သူတို့ တတ်နိုင်သမျှများများ စုပ်ယူခြင်းကို ထိန်းချုပ်နိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း သူ စီမံနိုင်ခဲ့သည်။ဤှသည်မှာ အမှန်တကယ်ကို အထင်ကြီးဖွယ်ကောင်းပေ၏။
"ပေါင်းစပ်... "
သူသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ မျောလွင့်နေသော စာအုပ်အမြောက်အများကိုကြည့်ပြီး သူ၏စိတ်ကို အာရုံစူးစိုက်လိုက်သည်။ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို လောင်ကျွမ်းလိုက်ခြင်းနှင့်အတူ သူ့ရှေ့၌ စာအုပ်အသစ်စက်စက်တစ်အုပ် ထွက်ပေါ်လာသည်။ကျန်းရွှမ်သည် သူ၏လက်ကို ဆန့်တန်းလိုက်ရာ ထိုစာအုပ်သည် သူ၏လက်အတွင်းသို့ ညင်သာစွာကျရောက်လာပေ၏။
သူသည် ထိုစာအုပ်ကိုဖွင့်လိုက်ရာ ရှေးကျပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
"....ရင်းမြစ်စွမ်းအင်တွေကို သန့်စင်တဲ့နေရာမှာ အသုံးပြုတဲ့ မီးပြင်းဖိုရဲ့အဆင့် ပိုပြီးမြင့်မားလေလေ သန့်စင်ခြင်းလုပ်ငန်းစဥ် ပိုပြီးမြန်လေလေပဲ....ကျင့်ကြံနည်းစနစ်တွေလိုပဲ သာမာန်မီးပြင်းဖိုတွေကို အဆင့်နိမ့် အလယ်အလတ် အဆင့်မြင့် အထွတ်အထိပ် တော်ဝင်နဲ့ ဧကရာဇ်အဆင့်ဆိုပြီး အဆင့်ခြောက်ဆင့် ခွဲခြားထားတယ်'
'အဆင့်နိမ့်ဆေးပြင်းဖိုတွေကို များသောအားဖြင့် သစ်ပင်ပန်းမန်တွေရဲ့စွမ်းအားကို စုပ်ယူခြင်းကနေ ဖွဲ့စည်းနိုင်တယ်....သစ်ပင်ပန်းမန်တွေရဲ့စွမ်းအားက အားနည်းတယ်ဆိုပေမယ့် ကျယ်ပြန့်ပြီး နေရာတိုင်းမှာရှိတာကြောင့် မီးတောက်ထွန်းညှိဖို့ လွယ်ကူတယ်....'
'အလယ်အလတ်ဆင့်မီးပြင်းဖိုတွေကို အဖိုးတန်ရှားပါးတဲ့ ဆေးပင်တွေကနေ ဖွဲ့စည်းနိုင်တယ်.... ဒီမီးတောက်က အားကောင်းပြီးကြမ်းတမ်းပေမယ့် အဲ့ဒီဆေးပင်မျိုးတွေက ရှားပါးပြီးတော့ ရှာရခက်တယ်....'
'အဆင့်မြင့်မီးပြင်းဖိုတွေကိုတော့ များသောအားဖြင့် ရင်းမြစ်သားရဲတွေရဲ့စွမ်းအားတွေကနေ ဖွဲ့စည်းတယ်....'
'အထွတ်အထိတ် မီးပြင်းဖိုတွေကို ကောင်းကင်ကံကြမ္မာစွမ်းအင် ရင်းမြစ်သားရဲတွေကနေ ဖွဲ့စည်းနိုင်တယ်...'
'တော်ဝင်မီးပြင်းဖိုတွေက ရှားပါးပြီးတော့ တန်ဖိုးကြီးတဲ့ ရတနာတွေကနေ ဖွဲ့စည်းနိုင်တယ်....'
'ဧကရာဇ်အဆင့်မီးပြင်းဖိုကို ထွန်းညှိဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက အရမ်းရှာပါးတယ်... အစစ်အမှန်ပြိုင်ဘက်ကင်းရတနာတွေကသာ ဒီအဆင့်ကို ရောက်စေနိုင်တယ်'
စာအုပ်၏ပထမဆုံးစာမျက်နှာတွင် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၏အမျိုးအစားခွဲခြားချက်များနှင့် မီးပြင်းဖိုသွန်းလုပ်သည့်နည်းလမ်းများကို အသေးစိတ်ကျကျဖော်ပြထားသည်။
သစ်ပင်ပန်းမန်များ ဆေးပင်များ ရင်းမြစ်သားရဲများ ကောင်းကင်ကံကြမ္မာရင်းမြစ်သားရဲများ တန်ဖိုးကြီးရတနာများ ပြိုင်ဘက်ကင်းရတနာများစသဖြင့် မီးပြင်းဖိုကိုထွန်းညှိရန် မတူကွဲပြားသော ပစ္စည်းများကို အသုံးပြုခြင်းမှတဆင့် မတူညီသော မီးပြင်းဖိုများကို ရရှိနိုင်သည်။မီးပြင်းဖိုကိုထွန်းညှိခြင်းသည် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစဉ်တစ်ခုပင်။တစ်စုံတစ်ယောက်ပိုင်ဆိုင်ထားသော ပစ္စည်းများ ပို၍ တန်ဖိုးကြီးလေလေ မီးပြင်းဖိုပို၍အားကောင်းပြီး စွမ်းအင်သိုလှောင်ခြင်းဖြစ်စဉ် ပို၍လျှင်မြန်လေလေပင်။ ဤသည်မှတဆင့် နောင်အနာဂတ်တွင် ပို၍မြင့်မားသော အောင်မြင်မှုများထံသို့ ဦးတည်သွားသည်။
"အဲ့ဒါကိုသန့်စင်ဖို့အတွက် ငါ ဘာကိုအသုံးပြုသင့်လဲ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
အစွမ်းထက်သူတစ်ယောက် ဖြစ်လာစေရန်အတွက် သူသည် ဧကရာဇ်အဆင့်မီးပြင်းဖိုကို သွန်းလုပ်လိုပါက ပြိုင်ဘက်ကင်းရတနာများကိုရှာရန် လိုအပ်သည်။သို့ရာတွင် သူ၏ယခုလက်ရှိအခြေအနေဖြင့် ဤကဲ့သို့ရတနာများကို ရှာဖွေရန်နေနေသာသာ ကြာဖူးနားဝပင်မရှိချေ။အကယ်၍ သူသည် ထိုရတနာများ ရှိသည့်နေရာကို သိရှိလျှင်ပင် သူ၏ယခုလက်ရှိခွန်အားဖြင့် ထိုအရာများအားရှာဖွေရန် နှစ်ပေါင်းရာနှင့်ချီ၍ အချိန်ယူရပေမည်။
'ကောင်းကင်လမ်းအစီအစဉ်...'
အချိန်အတော်ကြာ စဉ်းစားတွေးသောသည့်တိုင် အဖြေတစ်ခုမရသဖြင့် ကျန်းရွှမ်၏စိတ် တစ်ချက်လှုပ်ရှားသွားသည်။ဤကမ္ဘာ၏မပြည့်စုံမှုများမှ ဆင်းသက်လာသော ကောင်းကင်လမ်းနည်းစနစ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်၏အကူအညီဖြင့် သူ့ရှေ့တွင် တောက်ပနေသော ပုံရိပ်အသေးလေးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုသေးငယ်သောပုံရိပ်သည် ပလ္လင်ခွေထိုင်ကာ စာအုပ်တွင်ဖော်ပြထားသော နည်းလမ်းများအတိုင်း စေ့စေ့စပ်စပ်လေ့ကျင့်နေသည်။ အစစ်အမှန်ချီ လှည့်ပတ်နေသောလမ်းကြောင်းများသည် ထိုပုံရိပ်အတွင်း၌ တောက်ပလင်းလက်နေပေ၏။
ဤသည်မှာ ပါမောက္ခကုန်းမြေမှ ခုံးရှီပိုင်ဆိုင်သော စွမ်းရည်ပင်။
တစ်စုံတစ်ယောက်သည် နည်းစနစ်များကို စတင်၍ကောက်ချက်ချရန်အတွက် ကောင်းကင်လမ်း၏စည်းမျဉ်းများကို အသုံးပြုနိုင်သည်။
အနှစ်သာရအတွက်ကမှု လူတစ်ယောက်စီတိုင်းတွင် ကွဲပြားခြားနားသောခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်စွမ်းရည်များရှိသည်။ဤစွမ်းရည်ဖြင့် ကျန်းရွှမ်သည် လူတစ်ယောက်စီတိုင်းနှင့် သင့်တော်သောကျင့်ကြံနည်းစနစ်များကို စစ်ထုတ်နိုင်ကာ အကျိုးသက်ရောက်မှု အမြင့်မားဆုံးရနိုင်မည့်အသင့်တော်ဆုံးနည်းစနစ်တစ်ခုကို ရှာဖွေနိုင်သည်။
ဤသည်ကြောင့် ခုံးရှီထံတွင် တပည့်ပေါင်းသုံးထောင်ရှိသည့်အနက် ခုနစ်ဆယ့်နှစ်ယောက်သည် တာအိုကိုအောင်မြင်ပြီးမြောက်သွားခြင်းပင်။ထိုသို့မဟုတ်ပါက လူတစ်ယောက်သည် မည်မျှပင် စိတ်အားတက်ကြွနေပါစေ ကျောင်းသားတစ်ယောက်စီတိုင်းအား သာလွန်ထူးကဲအောင်လုပ်ရန် နေနေသာသာ သူတို့အား ထူးချွန်အောင်နှင့် အံ့ဝင်ခွင်ကျဖြစ်သော လမ်းညွှန်ချက်များ ပေးရန်မှာ မဖြစ်နိုင်ချေ။
စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၏ကောင်းကင်လမ်းနည်းစနစ်ကိုဖတ်ပြီးနောက် ဧကရာဇ်အဆင့်မီးပြင်းဖိုတစ်ခုကို ထွန်းညှိရန်အတွက်ပစ္စည်းများကို သူ ရှာဖွေနိုင်စွမ်းမရှိချေ။ထိုကြောင့် သူသည် ဖြတ်လမ်းနည်းရှိမရှိကြည့်ရန်နှင့် လိုအပ်ချက်များကိုလျှော့ချရန် ကောင်းကင်လမ်းအစီအစဉ်ကို မှီခိုအားထားခဲ့သည်။
ဝှစ်....
ဧကရာဇ်အဆင့်သည် အနီရောင်တောက်ပသော မီးပြင်းဖိုတစ်လုံးအဖြစ် ဖွဲ့စည်းသွားခြင်းပင်။ရင်းမြစ်စွမ်းအင်တန်းများ မီးပြင်းဖိုအတွင်းသို့ဝင်ရောက်လာပြီးနောက် သန့်စင်သောစွမ်းအင်များအဖြစ် ပြိုကွဲပြီး မရီဒါန်းများတလျှောက် ဖြတ်သန်းစီးဆင်းသွားသည်။
"ဒါကိုကြည့်ရတာ ငါ ဘာလို့ရင်းနှီးနေတာလဲ"
ဧကရာဇ်အဆင့်မီးပြင်းဖိုဖြင့် ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကိုကြည့်ပြီး ကျန်းရွှမ်သည် အနည်းငယ်ကြက်သေသေသွားပေ၏။
မီးပြင်းဖိုအတွင်းသို့ဝင်ရောက်လာပြီးနောက် ရင်းမြစ်စွမ်းအင်များသည် အလျင်အမြန်ပြိုကွဲသွားကာ စွမ်းအားပုံစံအမျိုးမျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ဤအရှိန်နှုန်းသည် တခြားကျင့်ကြံသူများအတွက် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သော်လည်း သူ့အတွက်ကမူ အနည်းငယ်အားနည်းနေဆဲပင်။
ဤမြင်ကွင်းကို ရင်းနှီးကျွမ်းဝင်နေသောအကြောင်းအရင်းမှာ သူ ယခင်က မြင်တွေ့ဖူးသောကြောင့်ပင်။
အတွေးတစ်ချက်နှင့်အတူ ကျန်းရွှမ်သည် ရွှမ်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားပေ၏။ မိုးကောင်းကင်ယံ၏အမြင့်မားဆုံးနေရာသို့ သူ မော့ကြည့်လိုက်ရာ ဖရိုဖရဲနေရာမှဆင်းသက်လာသော ရင်းမြစ်စွမ်းအင်များကို သူ မြင်တွေ့မိသည်။ထိုအရာများသည် မူလဘူတမြေဝါရောင်စွမ်းအင်များအတွင်း၌ လောင်ကျွမ်းသွားပြီးနောက် ရောင်စုံအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလောင်ကျွမ်းမှုအရှိန်နှုန်းသည် ဧကရာဇ်အဆင့်မီးပြင်းဖိုထက် အဆပေါင်းသန်းနှင့်ချီပြီး ပို၍လျှင်မြန်သည်။
မြေဝါရောင်စွမ်းအင်များနှင့် ထိတွေ့မိသည်နှင့် ရင်းမြစ်စွမ်းအင်များသည် တောင်များ မြစ်များ သက်ရှိများ အပင်များစသဖြင့် လောကကြီးအတွင်းရှိ အရာရာတိုင်းအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"မူလဘူတမြေဝါရောင်စွမ်းရည်က ဒီကမ္ဘာဖန်တီးတဲ့အချိန်မှာ မွေးဖွားလာတဲ့အရာဖြစ်ပြီးတော့ တကယ့်ကိုပြိုင်ဘက်ကင်းတယ်"
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားကာ စိတ်လှုပ်ရှားမှုကြောင့် သူ၏လက်သီးကို ဆုပ်လိုက်သည်။
သူသည် ဤကဲ့သို့ ပြိုင်ဘက်ကင်းရတနာတစ်ခုကို မည်သည့်နေရာ၌ ရှာဖွေရမည့်အား အစဉ်အမြဲသိချင်နေမိသည်။ယခုကြည့်ကြည့်တော့မှ ရွှမ်ကမ္ဘာအတွင်းမှ နေရာတိုင်းတွင်ရှိနေသော မူလဘူတမြေဝါရောင်စွမ်းအင်သည် အကောင်းဆုံးရွေးချယ်မှုပင်။
ကမ္ဘာတစ်ခု၏အုပ်ချုပ်သူသာ ထိုစွမ်းအင်ကိုထိန်းချုပ်နိုင်သဖြင့် ရှားပါးသည်ထက်ပင်ကျော်လွန်နေကာ ရှာတွေ့နိုင်ရန် အလွန်ခက်ခဲသည်။
သူ၏စိတ် တစ်ချက်လှုပ်ခတ်သွားခြင်းနှင့်အတူ ရင်းမြစ်ရေအိုင်အတွင်း၌ ပြန်လည်၍ထွက်ပေါ်လာကာ လေထုအား ညင်သာစွာထိတွေ့လိုက်သည်။မူလဘူတမြေဝါရောင်စွမ်းအင်တန်းများသည် ရုတ်တရက် နယ်မြေအတွင်း၌ ပြည့်နှက်သွားပြီး လေဟာနယ်တစ်ခုလုံးကို လောင်ကျွမ်းနေသည့် မီးပြင်းဖိုတစ်လုံးနှင့် တူညီသွားစေသည်။
"မိုးနဲ့မြေက မီးပြင်းဖို...ဖန်တီးမှုက အလုပ်သမား....ယင်နဲ့ယန်က လောင်စာတွေဖြစ်ပြီးတော့ အရာအားလုံးက ကြေးနီတွေပဲ..."
ကြည်လင်ပြတ်သားသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
ကျန်းရွှမ်၏စိတ်အတွင်း၌ ဥာဏ်အလင်းပွင့်သွားခြင်းနှင့်အတူ စာကြည့်တိုက်အတွင်း၌ ပြန့်ကျဲနေသော ရင်းမြစ်စွမ်းအင်တန်းအမြောက်အများသည် သူ့ထံ၌ အလျင်အမြန်စုဝေးလာကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကြီးမားသော လေးဆင်နှာမောင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
သာမန်ပစ္စည်းများဖြင့် သွန်းလုပ်ထားသော မီးပြင်းဖိုများသည် အရာဝတ္ထုတစ်ခုသက်သက်ပင်။သို့ရာတွင် မူလဘူတမြေဝါရောင်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့်အရာသည် ကမ္ဘာတစ်ခုလုံးကို မီးပြင်းဖိုအဖြစ် အသုံးပြုနိုင်ပြီး ကောင်းကင်ကိုပင် သန့်စင်နိုင်သည်။
...
အဖြူရောင်ကျောက်တုံးကျောင်းတော်၏ စီနီယာအကျဆုံး အရံဆရာများအနက်မှ တစ်ယောက်ဖြစ်သော စုချောင်သည် စာကြည့်တိုက်ကို စီမံခန့်ခွဲနေသည်မှာ နှစ်ပေါင်းငါးဆယ်ကျော်ပြီဖြစ်သော ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ပင်။ကျောင်းအုပ်ကြီးလုပင်လျှင် သူ့အား ရိုရိုသေသေနှုတ်ဆက်ကာ အကြီးအကဲစုဟု ခေါ်ဆိုသည်။
ယနေ့တွင် သူ စာဖတ်နေစဉ်၌ ဆရာသစ်တစ်ယောက်သည် စာကြည့်တိုက်ဝင်ခွင့်ကတ်ပြားကိုကိုင်၍ ရောက်လာသည်ကို သူ မြင်တွေ့မိသည်။ ထိုလူငယ်လေးသည် အသက်နှစ်ဆယ့်လေး နှစ်ဆယ့်ငါးနှစ်ခန့်ရှိကာ သူ့ထံတွင် မည်သည့်စွမ်းအင်အရိပ်အယောင်မျှ မရှိသဖြင့် ယခုအချိန်ထိ စတင်မကျင့်ကြံရသေးသည်မှာ သိသာထင်ရှားသည်။စုချောင်းအား ဇဝေဇဝါဖြစ်စေသောကိစ္စမှာ ထိုလူငယ်လေးသည်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်များထားသော နေရာသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားခြင်းပင်။
ဤစာအုပ်များသည် များသောအားဖြင့် ကျောင်းသားများအတွက်ပင်။ကျောင်းတော်သည် ဤတကြိမ်တွင် မည်ကဲ့သို့ အားနည်းသောဆရာမျိုးကို ငှားရမ်းထားသနည်း။
အစပထမတွင် ကျန်းရွှမ်သည် တပည့်များအတွက် စာအုပ်များ ရှာဖွေခြင်းဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် အချိန်တခဏကြာခန့်စောင့်ကြည့်ပြီးနောက် စုချောင် ဒေါသထွက်သွားသည်။
ထိုလူငယ်လေးသည် စာကြည့်တိုက်အတွင်း၌လျှောက်သွားပြီး စာအုပ်များကိုဆွဲထုတ်ကာ ဖွင့်ကြည့်ခြင်းမပြုဘဲ ပြန်ထားခဲ့သည်။ဤကဲ့သို့ ထပ်ခါတလဲလဲလုပ်နေကာ သူသည် မည်သည့်စာအုပ်ကိုမျှ ဖွင့်ကြည့်ခြင်းမရှိချေ။ထို့နောက် သူသည် ကြောင်စီစီဖြင့် ငေးမောနေပေ၏။
'မင်းက ဒီနေရာကို စာဖတ်ဖို့လာတာလား ဒါမှမဟုတ် ပြဿနာလာရှာတာလား'
မောက်မာခြင်း သတိမထားခြင်း မာန်မာနကြီးခြင်း စိတ်မတည်ငြိမ်ခြင်း..
ရုတ်ချည်းဆိုသလိုပင် စုချောင်သည် သူ၏စိတ်အတွင်းမှနေ၍ ကျန်းရွှမ်ကို ထိုကဲ့သို့လူစားမျိုးဟု သတ်မှတ်လိုက်သည်။
"လူတိုင်းကို စာကြည့်တိုက်ဝင်ခွင့်ကတ်ပြားတွေ မပေးသင့်ဘူးဆိုတာ ငါ ကျောင်းအုပ်ကြီးကိုပြောရမယ်....မဟုတ်ရင် သူတို့က စာကြည့်တိုက်ရဲ့အခြေအနေကို ပျက်စီးစေနိုင်တယ်"
စုချောင်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏စာအုပ်ကို ပြန်ဖွင့်လိုက်သည်။သို့ရာတွင် သူ စာဆက်ဖတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မြေပြင် မသိမသာတုန်ခါသွားသည်ကို သူ ခံစားမိသည်။ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိရင်းမြစ်စွမ်းအင်များသည် ရေလွှမ်းမိုးမှုတစ်ခုအလား စာကြည့်တိုက်၏အလယ်ဗဟိုသို့ စီးဝင်လာပေ၏။
သူ ထိုနေရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
စုချောင် အစောပိုင်းက မကျေမနပ်ဖြစ်နေသော လူငယ်လေးသည် လက်ဝဲဘက်လက်ကိုနောက်ပစ်ထားပြီး လက်ယာဘက်လက်၌ စာအုပ်တစ်အုပ်ကိုကိုင်ကာ မျက်လုံးစုံမှိတ်ထားပြီး ခန္ဓာကိုယ်လှုပ်ရှားခြင်းမရှိချေ။ဤအချိန်၌ သူ၏ခန္ဓာကိုယ်သည် အောက်ခြေမဲ့သော ကျင်းနက်ကြီးတစ်ခုအလား တိုးဝင်လာသောစွမ်းအင်များကို ဝါးမြိုနေပေ၏။
သူ စွမ်းအင်စုပ်ယူသောအရှိန်နှုန်းကြောင့် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များ ပုံပျက်သွားပြီ လေဆင်နှာမောင်းတစ်ခုအဖြစ်ဖွဲ့စည်းကာ စာအုပ်စင်များကို အက်ကွဲသွားစေသည်။
"ဒါက ရင်းမြစ်စွမ်းအင်တွေကို အရမ်းမြန်မြန်စုပ်ယူနိုင်တာကြောင့် ဖြစ်ပေါ်လာတဲ့ 'ရင်းမြစ်နဂါးဝါးမြိုခြင်း' သဘာဝလွန်ပုံရိပ် မဟုတ်လား...ဒါ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
စုချောင်၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူသည် နေရာမှနေ၍ တောင့်တင်းစွာ မတ်တတ်ထရပ်လိုက်သည်။