စွမ်းအင်စုပ်ယူခြင်းနေရင်း ထိုးထွင်းသိမြင်မှု ရသွားတာလား
Vol. 4 Ch. 48
ရင်းမြစ်စွမ်းအင်များသည် မယုံနိုင်ဖွယ်ကောင်းအောင် မတည်ငြိမ်ပြီး ဖျက်ဆီးနိုင်မှုကြီးမားသည်။သာမာန်ကျင့်ကြံသူများအတွက် ထိုစွမ်းအင်များကို စုပ်ယူခြင်းသည် ငရုတ်သီးများကို ဝါးမြိုရသည့်အလားပင်။စွမ်းအင်တန်းတစ်တန်းစုပ်ယူခြင်းသည် သူတို့အတွက် သေရေးရှင်ရေးအခြေအနေကို ရုန်းကန်ရသကဲ့သို့ ခံစားရသည်။တစ်ရက်တွင် စွမ်းအင်တန်းဆယ်တန်းကျော် စုပ်ယူနိုင်ခြင်းကို အထင်ကြီးဖွယ်ကောင်းသည်ဟု သတ်မှတ်နိုင်ကာ ထိပ်သီးအဆင့်ပါရမီရှင်များကမူ စွမ်းအင်တန်းရာဂဏန်းအနည်းငယ်အား စုပ်ယူနိုင်သည်။
အတိတ်တွင် မြို့အရှင်ယုလုံချင်းသည် သူ၏အကဲဖြတ်မှုကို ပြုလုပ်စဉ်၌ ရင်းမြစ်စွမ်းအင်တန်း တစ်ရာသုံးဆယ့်ခုနစ်တန်းကို စုပ်ယူနိုင်ခဲ့သည်။ထိုကြောင့် သူ့အား အဖြူရောင်ကျောက်တုံးမြို့အတွင်း၌ ရာစုနှစ်တစ်ခုအတွင်း တကြိမ်သာထွက်ပေါ်သည့် ထိပ်သီးပါရမီရှင်တစ်ယောက်ဟု နာမည်ကျော်ကြားစေသည်။
တခြားစကားပြောင်းဆိုရလျှင် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်တွင်ရှိသည်တစ်စုံတစ်ယောက်သည် တစ်ရက်တွင် ရင်းမြစ်စွမ်းအင်တန်းတစ်ရာကျော်ကို စုပ်ယူနိုင်ပါက သာလွန်ထူးကဲသည်ဟု သတ်မှတ်နိုင်သည်။
ယခုအချိန်၌ ကျန်းရွှမ်သည် ရင်းမြစ်စွမ်းအင်များကို စုပ်ယူနေကာ လေဆင်နှာမောင်းတစ်ခုအဖြစ်ပင် ဖွဲ့စည်းနေသည်။
'ရင်းမြစ်နဂါးဝါးမြိုခြင်း'ဟု လူသိများကျော်ကြားသော သဘာဝလွန်ပုံရိပ်သည် တစ်စုံတစ်ယောက်မှနေ၍ ရင်းမြစ်စွမ်းအင်များကို အလွန်လျှင်မြန်စွာ စုပ်ယူချိန်၌ နဂါးတစ်ကောင်ပုံသဏ္ဍာန်နှင့်တူသော လေစီးကြောင်းများကို ဖန်တီးနိုင်သောကိစ္စပင်။ဤသည်ကိုဒဏ္ဍာရီလာသဘာဝလွန်ပုံရိပ်တစ်ခုဟု ယူဆနိုင်ပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤသို့အမှန်တကယ် ပြုလုပ်လိုပါက သူ၏ရင်းမြစ်ရေအိုင်အဆင့်သည် နဝမအဆင့်ထက် ကျော်လွန်နေရန်လိုအပ်သော်လည်း အစောပိုင်းက သူ မကျေမနပ်ဖြစ်ခဲ့သော လူငယ်လေးသည် လွယ်လင့်တကူလုပ်ဆောင်နိုင်ခဲ့သည်။
မယုံနိုင်ဖွယ်အကောင်းဆုံးအပိုင်းမှာ ထိုလူငယ်လေးသည် ရည်ရွယ်ချက်ရှိရှိကျင့်ကြံနေခြင်းမဟုတ်ဘဲ စာဖတ်နေစဉ်အတောအတွင်း၌ သာမန်ကာလျှံကာ နားလည်သဘောပေါက်သွားခြင်းပင်။
သူ၏ကိုယ်နေဟန်ထားမှတဆင့် ဤထိုးထွင်းသိမြင်မှုကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်းမဟုတ်ဘဲ ငိုက်မျဥ်းသွားသည့်အလား အင်အားစိုက်ထုတ်ခဲ့ရခြင်းမရှိသည်မှာ သိသာထင်ရှားသည်။
ဤကဲ့သို့ ပေါ့ပေါ့တန်တန်အောင်မြင်နိုင်ခဲ့သဖြင့် မည်သည့်ကျင့်ကြံနည်းစနစ်အား သူ အသုံးပြုနေသနည်း။သူ ထွန်းညှိခဲ့သော မီးပြင်းဖိုသည် မည်သည့်အဆင့်၌ ရှိသနည်း။
စုချောင်ထံတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကာ ဤလူငယ်လေးသည် ယခုဖတ်နေသောစာအုပ်ကြောင့် ထိုးထွင်းသိမြင်မှုအခြေအနေသို့ ရုတ်တရက် ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရှိထားသည် သူ၏စပ်စုလိုစိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် ထိုစာအုပ်၏မျက်နှာဖုံးကို အလျှင်အမြန်ကြည့်လိုက်၏။
"စွမ်းအင်စုပ်ယူသိုလှောင်ခြင်း နည်းစနစ်...အမ်..."
စုချောင် ကြက်သေသေသွားသည်။
စွမ်းအင်စုပ်ယူသိုလှောင်ခြင်းနည်းစနစ်...ဤသည်မှာ အဆင့်နိမ့်နည်းစနစ်ပင်။ 'စုပ်ယူခြင်း'ဟု ခေါ်ဆိုသောအရာသည် သစ်ပင်ပန်းမန်များကို ခူးဆွတ်၍ စုပ်ယူခြင်းအား ရည်ညွှန်းခြင်းမဟုတ်ချေ။ဤနည်းစနစ်အရ သတ္တုဓာတ်များနှင့်ဆေးပင်များကဲ့သို့ သဘာဝအရာများကိုရှာဖွေကာ ထိုအရာများ၏ရင်းမြစ်စွမ်းအင်များကို စုပ်ယူခြင်းမှတဆင့် စွမ်းအားများစုဆောင်းရပေမည်။
ဤသည်မှာ အလွန်ဆိုးရွားသောနည်းစနစ်ဖြစ်ပြီး ကျင့်ကြံသောလူအလွန်ရှားပါးကာ ဖတ်ရှုရန်ပင် အလွန်ခက်ခဲသည်။
ယခုအချိန်၌ ထိုလူငယ်သည် ဤစာအုပ်ကြောင့်ထိုးထွင်းသိမြင်မှုကို ရရှိသွားခဲ့သလော....
'ဒါကဘယ်လိုဟာသမျိုးလဲ။
ဝှီး.....
သူ အံ့အားသင့်နေစဉ်မှာပင် လူငယ်လေးမှ ရင်းမြစ်စွမ်းအင်များကို လျှင်မြန်စွာစုပ်ယူနေမှုကြောင့် ပတ်ဝန်းကျင်ရှိစာအုပ်များ လေထုအတွင်းသို့ လွင့်ထွက်သွားကာ တစ်ချို့သည် အစိတ်စိတ်အမွှာမွှာစုတ်ပြဲသွားပေ၏။
"ဘေးကပ်ဆိုးကြီး....တကယ်လို့ ဒီတိုင်းဆက်သွားရင် စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေအားလုံး ပျက်စီးသွားလိမ့်မယ်"
စုချောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူ ဖတ်နေသောစာအုပ်ကို ဂရုမစိုက်တော့ချေ။သူသည် လူငယ်လေးထံသို့အပြေးသွားကာ အနီးပတ်ဝန်းကျင်တွင်ရှိနေသော စာအုပ်စင်များကို နောက်သို့ဆွဲလိုက်၏။
"မင်းတို့ အဲ့ဒီနေရာမှာ ဘာရပ်ကြည့်နေကြတာလဲ....မြန်မြန်လာပြီး ကူညီကြစမ်း"
စာအုပ်စင်များကို အန္တရာယ်နှင့်လွတ်ကင်းအောင် လေစုပ်ဝဲကြီးနှင့်ဝေးရာသို့ ရွှေ့ပြီးသည်ကိုကြည့်ပြီး စုရှောင်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။ထို့နောက် သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ တခြားလူများကိုကြည့်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
ဤစာကြည့်တိုက်တွင် အရံဆရာအဖြစ် စုချောင်တစ်ယောက်တည်း ရှိသည်မဟုတ်ချေ။ စာအုပ်များကိုစုစည်းခြင်းနှင့် အမျိုးအစားခွဲခြင်းတို့တွင် တာဝန်ယူထားသော တခြားလူများလည်း ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကြောင့် အံ့အားသင့်နေကာ နေရာမှာပင် ကြက်သေသေနေပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို ဝေခွဲမရတော့ချေ။
အမိန့်သံကိုကြားချိန်၌ သူတို့သည် အလျင်စလိုပြေးလာကာ စာအုပ်စင်များကို ကျန်းရွှမ်နှင့်ဝေးရာသို့ ဆွဲထုတ်လိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက်သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် အကြီးအကဲစုကို ကြည့်လိုက်ကြ၏။
"အကြီးအကဲစု ဒါက ဘာဖြစ်တာလဲ...ဘာလို့ ဒီဆရာက ရင်းမြစ်စွမ်းအင်တွေကို ရုတ်တရက်ကြီး အရူးအမူးစုပ်ယူနေတာလဲ"
"အင်း...."
အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် စုချောင်က ထင်ကြေးပေးလိုက်သည်။
"သူက စွမ်းအင်စုပ်ယူခြင်းမှာ ထိုးထွင်းသိမြင်မှုရသွားတာပဲ"
"စွမ်းအင်စုပ်ယူတာလား...."
အရံဆရာများအားလုံး အံ့အားသင့်သွားသည်။
'သူ့မှာ ဒီလောက်တောင်ပြင်းထန်တဲ့ စိတ်ဆန္ဒ ရှိနေတာလား'
...
"ဒါကဆရာကျန်းရွှမ်အတွက် ငါ ရည်ရွယ်ထားတဲ့ လစာငွေပဲ....မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ"
ကျောင်းအုပ်ကြီး၏ရုံးခန်းအတွင်းတွင် လုမင်ရုန်သည် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးနှင့် တခြားအကြီးအကဲများကိုကြည့်ပြီး မေးမြန်းလိုက်သည်။
သူတို့သည် အဖြူရောင်ကျောက်တုံးကျောင်းတော်၌ သြဇာအာဏာအကြီးမားဆုံးတည်ရှိမှုများပင်။ဆရာသစ်များကိုငှားရမ်းခြင်းနှင့်ကျောင်းသားသစ်များခေါ်ယူခြင်းစသည့် အဓိကကိစ္စရပ်များတွင် သူတို့အားလုံးအတူတကွစုဝေးပြီး ဆုံးဖြတ်ချက်ချသည်။
သို့ရာတွင် ယနေ့ ဤနေရာ၌ သဘောထားကွဲလွဲမှုများ ရှိနေသည်။
"သူက အသစ်ငှားရမ်းထားတဲ့ ဆရာဖြစ်ပြီးတော့ ခုမှစပြီးကျင့်ကြံမှာ...သူ့အကြောင်းကိုလည်း အများကြီးမသိသေးဘူး...သူ့ကို လစာရင်းမြစ်ဒင်္ဂါးငါးထောင်ပေးမယ်ဆိုတာက မများလွန်းဘူးလား"
အမျိုးသမီးအကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်ပြီးပြောဆိုကာ သူမ၏မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေပေ၏။
တတိယအကြီးအကဲ ဟယ်ချင်...
"အမှန်ပဲ....သူက ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့် အကဲဖြတ်စစ်ဆေးမှုအရ သူ့ရဲ့ရင်းမြစ်ရေအိုင်က သန်မာအားကောင်းပြီး ကျယ်ပြန့်တယ်ဆိုတာပဲ ပြသနိုင်တယ်....ဒါက သူ့ရဲ့နောက်အနာဂတ်ကျင့်ကြံမှု ချောမွေ့မှုရှိမရှိကို အာမမခံနိုင်ဘူး....တကယ်လို့ မီးပြင်းဖိုကို ကောင်းကောင်းမထွန်းညှိနိုင်ဘူးဆိုရင် ရင်းမြစ်ရေအိုက်ကျယ်လေလေ ကျင့်ကြံခြင်းနှေးကွေးသွားလေလေဖြစ်ပြီးတော့ နောက်အနာဂတ်အောင်မြင်မှုတွေ နိမ့်ပါးသွားလိမ့်မယ်"
ပဉ္စမအကြီးအကဲ ချန်ကျင်းလင်က ပြောဆိုသည်။
ရင်းမြစ်ရေအိုင်ကို ရေကန်တစ်ခုနှင့် နှိုင်းယှဉ်ပါက မီးပြင်းဖိုကို ရေစုပ်စက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ကြီးမားကျယ်ပြန့်သော ရေအိုင်အတွင်းတွင် ငါးအမြောက်အများကို ထိန်းသိမ်းထားနိုင်သော်လည်း အကယ်၍ ရေတင်သည့်ရေစုပ်စက်သေးငယ်ပါက ငါးများအသက်ရှင်ရန် ထောက်ပံ့မပေးနိုင်မီမှာပင် ရေကန်ခမ်းခြောက်သွားပေမည်။
"အကြီးအကဲချန်ပြောတာ အမှန်ပဲ....မီးပြင်းဖိုက အရေးအကြီးဆုံးပဲ....ဒီလိုဆိုရင်ရော တကယ်လို့ အဲ့ဒီပါရမီရှင်က တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းငါးဆယ်ကျော် စုပ်ယူနိုင်မယ်ဆိုရင် လစာရင်းမြစ်ဒင်္ဂါးငါးထောင်ပေးမယ့်ကိစ္စကို ငါ ကန့်ကွက်မှာမဟုတ်ဘူး"
အချိန်တစ်ခဏကြာခန့် စဉ်းစားချင့်ချိန်ပြီးနောက် ဒုတိယအကြီးအကဲဝူလျှူယွင်က ပြောဆိုသည်။
"အကြီးအကဲဝူရဲ့အမြင်ကို ငါလည်း သဘောတူတယ်...ရင်းမြစ်စွမ်းအင်ကို စတင်သိုလှောင်နိုင်ပြီးတော့ တစ်ရက်ကို စွမ်းအင်တန်းငါးဆယ်ကျော် စုပ်ယူနိုင်မယ်ဆိုရင် တကယ်လို့ မီးပြင်းဖိုက အရမ်းအားမကောင်းဘူးဆိုရင်တောင် အားနည်းမှာတော့ မဟုတ်ဘူး...ဒါက ဆရာအများစုရဲ့အဆင့်ထက် ကျော်လွန်နေတဲ့အတွက် လစာငွေရင်းမြစ်ဒင်္ဂါးငါးထောင်ပေးတာက တရားမျှတတယ်"
ယန်ချင်ရှုက သူ၏မုတ်ဆိတ်ကိုပွတ်သပ်ပြီး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းငါးဆယ်ကျော် စုပ်ယူနိုင်ရမှာလား..."
လုမင်ရုန်က ပြောဆိုသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ...ငါတို့ ဒီလိုလုပ်ကြမလား...သူ့ရဲ့မီးပြင်းဖိုကို ထွန်းညှိဖို့အတွက် ပစ္စည်းတစ်ခုကို ငါကိုယ်တိုင် ရှာလိုက်မယ်....သူ့ရဲ့မီးပြင်းဖိုကို ငါ့ထက်ပိုပြီး သန်မာအားကောင်းအောင်လုပ်ပေးဖို့ ငါ ရည်ရွယ်ထားတယ်"
"ဒါက မဖြစ်နိုင်လုနီးပါးပဲ"
ဝူယွင်ကျိုးက ခါးသည်းသောအပြုံးနှင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ကျောင်းအုပ်ကြီး...အတိတ်မှာတုန်းက မင်း အရွက်တစ်ရာတေးဆိုပုစဥ်းရင်ကွဲကို ဖမ်းမိခဲ့တယ်....ဒါက ထိပ်တန်းအဆင့်ရင်းမြစ်သားရဲမဟုတ်ပေမယ့် မယုံကြည်နိုင်လောက်အောင် ရှားပါးတယ်...ငါတို့ အခုအချိန်မှာ အဲ့ဒီလိုမျိုးရတနာတစ်ခုကို ဘယ်နေရာကနေ ရှာတွေ့နိုင်မှာလဲ"
"အင်း...."
လုမင်ရုန်သည် မျက်မှောက်ကြုတ်လိုက်၏။
"ဒါပေမဲ့ တကယ်လို့ ပါရမီရှင်တစ်ယောက်ရဲ့အောင်မြင်မှုတွေက မီးထွန်းညှိမှုညံ့ဖျင်းတဲ့ မီးပြင်းဖိုတစ်ခုကြောင့် အကန့်အသတ်ရှိသွားမယ်ဆိုရင်....ဒါက ကြီးမားတဲ့ဆုံးရှုံးမှုကြီး မဟုတ်လား"
"နောက်အနာဂတ်မှာ သူ ပိုပြီးတော့သမ္မာအားကောင်းလာတဲ့ အချိန်ကိုရောက်လာရင် ပိုပြီးကောင်းတဲ့ ရတနာတွေနဲ့ အစားထိုးနိုင်ပါလိမ့်မယ်....အခုအချိန်အတွက်ကတော့ အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့အရင်းအမြစ်တွေက အကန့်အသတ်ရှိနေတယ်...."
ဝူယွင်ကျိုးက စတင်၍ရှင်းပြနေစဉ်မှာပင် တံခါးကို အလျင်စလိုခေါက်လိုက်သော အသံတစ်သံက သူ့အား ကြားဖြတ်နှောက်ယှက်သည်။
လုမင်ရုန်က ပြောဆိုသည်။
"ဝင်လာခဲ့..."
ရုတ်ချည်းဆိုသလိုပင် သူတို့သည် စာကြည့်တိုက်ကိုစီမံအုပ်ချုပ်ရာ၌ တာဝန်ယူသော အရံဆရာစုချောင်က ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်ကို မြင်တွေ့မိသည်။
"ကျောင်းအုပ်ကြီးလုနဲ့ မြင့်မြတ်တဲ့အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်"
စုချောင်က အလျင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အကြီးအကဲစုက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
လုမေရုန်က မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။
အကြီးအကဲစု စာကြည့်တိုက်မှထွက်လာသည်မှာ အလွန်ရှားပါးသည်။ထို့ကြောင့် သူရုတ်တရက်ရောက်ရှိလာခြင်း အရေးကြီးကိစ္စတစ်ခု ဖြစ်ပွားသွားခြင်းကြောင့်ဟု ခန့်မှန်းနိုင်သည်။
"အသစ်ငှားရမ်းထားတဲ့ ဆရာကျန်းရွှမ်က ခုဏက သူ့ရဲ့မီးပြင်းဖိုကို ထွန်းညှိပြီးတော့ စာကြည့်တိုက်ထဲက ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူပြီး စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကို ဝင်ရောက်နေတယ်..."
စုချောင်က ရှင်းပြသည်။
"ဘာ....မီးပြင်းဖိုကို ထွန်းညှိတာလား"
လုမင်ရုန်က ဆတ်ခနဲမတ်တတ်ထရပ်ပြီး စိုးရိပ်ပူပန်တကြီး ပြောဆိုသည်။
"ဒါက အရမ်းအဆင်အခြင်မဲ့တာပဲ"
"အမှန်ပဲ...."
ဝူယွင်ကျိုးလည်း အလွန်နှမြောတသဖြစ်နေသောလေသံဖြင့် ပြောဆိုလေ၏။
"သူက ဘာကျင့်ကြံခြင်းအရင်းအမြစ်မှမရှိတဲ့ အစေခံတစ်ယောက်ဖြစ်ပြီးတော့ ဘာကျင့်ကြံနည်းစနစ်ကိုမှ မသင်ယူရသေးဘူး... သူက စာအုပ်တစ်အုပ်ကိုဖတ်ရုံနဲ့ သင့်တော်တဲ့မီးစာမရှာဘဲ မီးပြင်းဖိုကိုထွန်းညှိတယ်...ဒါက ကြီးမားတဲ့အမှားတစ်ခုပဲ"
"ဒါက အဆုံးသတ်သွားပြီ....မီးစာအနေနဲ့ ရင်းမြစ်သားရဲတွေရဲ့စွမ်းအားကို အသုံးပြုမယ်ဆိုရင် သူ့ရဲ့အနာဂတ်လမ်းကြောင်းက ပိုပြီးကောင်းလာနိုင်တယ် ..ဒီနည်းလမ်းနဲ့လုပ်လိုက်တာက သူ့ရဲ့ရှေ့အလားအလာကို ဖျက်ဆီးလိုက်လုနီးပါးပဲ....စွမ်းအင်တန်းငါးဆယ်ကို မေ့လိုက်တော့....တစ်ရက်ကို စွမ်းအင်တန်းဆယ်တန်း စုပ်ယူနိုင်ရင်တောင် အထင်ကြီးဖို့ကောင်းနေပြီ"
ယန်ချင်ရှု၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးတစ်ခုရှိနေသည်။
"သူက အခုမှ ရင်းမြစ်စွမ်းအင်ကို စုပ်ယူကာစပဲဖြစ်နိုင်တယ်....သူ့ကို မြန်မြန်ဟန့်တားကြစမ်း...အရမ်းနောက်ကျသွားလို့ မဖြစ်ဘူး"
လုမေရုန်က အလျင်စလိုပြောဆိုလိုက်သော်လည်း သူ၏စကားမဆုံးသေးမီမှာပင် စုချောင်က ကိုးယိုးကားယားအမူအယာဖြင့် သူ့အားကြည့်ပြီး ပြောဆိုသည်။
"ကျောင်းအုပ်ကြီး....ကျေးဇူးပြုပြီးတော့ ဘာမှစိတ်မပူဘဲနဲ့ ငါ့ရဲ့စကားကို ဆုံးအောင်ပြောခွင့်ပြုပါ....အဲ့ဒီကျန်းရွှမ်က သူထွန်းညှိတဲ့ မီးပြင်းဖိုက ဘယ်အဆင့်လဲဆိုတာတော့ ငါ မသိဘူး...ဒါပေမဲ့ 'ရင်းမြစ်နဂါးဝါးမြိုခြင်း' သဘာဝလွန်ပုံရိပ်က အစပျိုးနေပြီ...အခုအချိန်မှာ စာကြည့်တိုက်တခုလုံး ဖရိုဖရဲဖြစ်နေတာကြောင့် ငါ ဒါကိုမကိုင်တွယ်နိုင်တော့ဘူး"
"...."
"ရင်းမြစ်နဂါးဝါးမြိုခြင်းလား....ဒီသဘာဝလွန်ပုံရိပ်က အသက်တစ်ရှိုက်နဲ့ ရင်းမြစ်စွမ်းအင်တန်းငါးဆယ်ကျော်ကို တစ်ယောက်ယောက်က စုပါယူနိုင်တဲ့အချိန်ကျမှ ထွက်ပေါ်လာတာ မဟုတ်လား"
အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။လူတိုင်းသည် သူတို့နားကြားမှားမည်ကို စိုးရိမ်သဖြင့် အားစိုက်၍နားစွင့်ထားကြ၏။