← Chapters

ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမြိုခြင်း

Vol. 4 Ch. 49

ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမြိုခြင်း

Vol. 4 Ch. 49

စာကြည့်တိုက်ကို စီမံခန့်ခွဲသူတစ်ယောက်ပင်လျှင် ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်ကို သိရှိနေလေရာ ကျောင်းတော်၏ကျောင်းအုပ်ကြီးနှင့်အကြီးအကဲများသည် မည်သည်ကြောင့် မသိဘဲနေမည်နည်း။

မည်သည့် ကျင့်ကြံခြင်းအရင်းအမြစ်မျှ မရှိသည့်အပြင် မည်သည့်ကျင့်ကြံနည်းစနစ်မျှမရှိသော အစေခံတယောက်ဟု သူတို့ ယူဆထားသည့် ကျန်းရွှမ်သည် စတင်ကျင့်ကြံသည်နှင့် ဤကဲ့သို့ အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။

အစောပိုင်းက သူတို့သည်အကယ်၍ ကျန်းရွှမ်သည် တစ်ရက်လျှင် ရင်းမြစ်စွမ်းအင်တန်းငါးဆယ်ကျော် သန့်စင်နိုင်ပါကလစာငွေအဖြစ် သူ့အား ရင်းမြစ်ဒင်္ဂါးငါးထောင်ပေးမည်ဟု တိုင်ပင်ဆွေးနွေးခဲ့ကြသည်။သို့ရာတွင် ယခုအချိန်၌...သူသည် အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် အနည်းဆုံးစွမ်းအင်တန်းငါးဆယ်ကျော် သန့်စင်နိုင်သည်။ဤသည်မှာ လူများအားလုံးကို ရူးသွပ်သွားစေလုမတတ်ပင်။

အရည်အသွေးမြင့်မားသော မီးပြင်းဖိုတစ်လုံးကိုထွန်းညှိရန် သူ့အတွက် မည်သည်ကြောင့် အလွန်လွယ်ကူနေသနည်း...

"ငါက ငါ့ရဲ့ဂုဏ်သိက္ခာနဲ့ ကျိန်ဆိုတယ်...ဒါကအမှန်ပဲ...ငါ မမှားဘူး"

လူများအားလုံး၏မျက်နှာများပေါ်တွင် သံသယအရိပ်အယောင်များ ရှိနေသည်ကိုကြည့်ပြီး စုချောင်က သူ၏လက်တဖက်ကိုမြှောက်ကာ ရှင်းပြလိုက်သည်။

"သွားကြည့်ကြစို့..."

စုချောင်၏အတည်ပြုမှုကို ရရှိပြီးနောက် ယန်ချင်ရှုသည် ချက်ချင်းခေါင်းညိတ်လိုက်၏။သူ၏စကားအဆုံးမသတ်သေးမီမှာပင် လေပြင်းတစ်ရပ် တိုက်ခတ်သွားသည်ကို သူ ခံစားမိသည်။သူ မော့ကြည့်လိုက်ရာ အစောပိုင်းက စကားပြောဆိုနေသော ကျောင်းအုပ်ကြီးသည် ပြေးထွက်သွားကာ မီတာရာနှင့်ချီအကွာသို့ ရောက်ရှိနေပြီး မြင်ကွင်းမှပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို သူ မြင်တွေ့မိလေ၏။

ကျောင်းအုပ်ကြီးသာမက လက်ထောက်ကျောင်းအုပ်ဝူယွင်သည်လည်းနောက်မှထပ်ချပ်မကွာလိုက်သွားကာ ရင်းမြစ်သားရဲတချို့၏ လိုက်လံဖမ်းခြင်းကိုခံနေရသည့်အလား အလျင်အမြန်ပြေးလွှားနေသည်။

"..."

စုချောင်၏မျက်နှာရှုံမဲ့ပြီး ကြက်သေသေသွားသည်။ကျောင်းအုပ်ကြီးနှင့်လက်ထောက်ကျောင်းအုပ်တို့သည် အစဥ်အမြဲ တည်ငြိမ်အေးဆေးသောလူများ မဟုတ်လော။မည်သည်ကြောင့် သူတို့သည် အလျင်စလိုပြေးထွက်သွားသနည်း။

"တုံ့ဆိုင်းမနေနဲ့...တကယ်လို့ ငါတို့ နောက်ကျသွားရင် ငါတို့ ဘာကိုမှ မြင်လိုက်ရမှာမဟုတ်ဘူး"

သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် သက်ပြင်းရှိုက်သံတစ်သံကို ကြားလိုက်ရသည်။သူ မော့ကြည့်လိုက်ရာ ဒုတိယအကြီးအကဲဝူလျှူယွင်သည်လည်း ပြေးထွက်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်လိုက်ချိန်၌ အခန်းအတွင်းတွင် သူတစ်ယောက်တည်းသာ ကျန်ရှိတော့ကြောင်း စုချောင်နားလည်သဘောပေါက်သွားသည်။တခြားလူများအားလုံး ပြေးထွက်သွားလေပြီ။

"ငါ့ကို စောင့်ကြအုံး"

ဒေါသထွက်မှုကို ခံစားလိုက်ရသဖြင့် ယန်ချင်ရှုသည် ထပ်မံ၍ တောင့်မခံနိုင်တော့ဘဲ နောက်မှအလျင်စလိုပြေးလိုက်ခဲ့သည်။

မကြာမီမှာပင် အကြီးအကဲများအားလုံးသည် စာကြည့်တိုက်၏ရှေ့သို့ ရောက်ရှိလာပေ၏။သူ၏လက်တစ်ဖက်ကို နောက်ပစ်ထားကာ တခြားလက်တစ်ဖက်ဖြင့် စာအုပ်ကိုင်ထားပြီး ဥာဏ်အလင်းပွင့်ခြင်းအခြေအနေ၌ရှိနေသော လူငယ်လေးကိုကြည့်ပြီး သူတို့သည် မယုံကြည်နိုင်မှုဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

'စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်က အံ့အားသင့်စရာပဲ'

'အခုအချိန်ကနေစပြီးတော့ လူတိုင်းက စွမ်းအင်တွေကို စုပ်ယူဖို့အတွက် ဒီနည်းစနစ်ကို အသုံးပြုသင့်တယ်'

"ဒါက တကယ့်ကို ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်ပဲ"

ဤကိစ္စကိုအတည်ပြုပြီးနောက် လုမင်ရုန်က ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်သည်။

ဤဒဏ္ဍာရီလာသဘာဝလွန်ပုံရိပ်သည် တစ်စုံတစ်ယောက်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ရင်းမြစ်စွမ်းအင်များကို အလွန်လျင်မြန်စွာ သန့်စင်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ကျန်းရွှမ်သည် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုအတွင်း၌ ကံကြမ္မာချပ်ပြားများကို ကြေမွှပျက်စီးသွားစေခဲ့ကာ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေစဉ်အတောအတွင်း၌ ရင်းမြစ်နဂါးဝါးမျိုခြင်းသဘာဝလွန်ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့သည်။

'ဒါဆိုရင် ငါကမှ မြင်းထိန်းတစ်ယောက်... မောက်မာထောင်လွှားတဲ့ တောသားလူနှုန်းတစ်ယောက်ဖြစ်နေပြီ။

'မဟုတ်ရင် မင်းရဲ့သာမန်ကာလျှံကာကျင့်ကြံမှုက ဘာလို့ ဒီလောက်ထိအစွမ်းထက်ပြီး ထူးခြားနေမှာလဲ'

"မီတာတစ်ရာကျော်အတွင်းမှာရှိတဲ့ ရင်းမြစ်စွမ်းအင်တွေအားလုံးကို သူ စုပ်ယူပြီးသွားပြီ"

ယန်ချင်းရှုက ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက်ပြောဆိုသည်။

"အမှန်ပဲ...ဒီစုပ်ယူမှုအရှိန်နှုန်းနဲ့ဆိုရင် ဒီအတိုင်းဆက်ဖြစ်တာနဲ့ မီတာရာအနည်းငယ်မကဘူး မိုင်အနည်းငယ်အတွင်းမှာရှိတဲ့ ရင်းမြစ်စွမ်းအင်တွေအားလုံး ကုန်ဆုံးသွားလိမ့်မယ်...အဲဒီလိုသာဖြစ်လာရင် ကျောင်းတော်တစ်ခုလုံးမှာ စုပ်ယူဖို့ ရင်းမြစ်စွမ်းအင်တွေ ကျန်တော့မှာ မဟုတ်ဘူး...ဒီကိစ္စကို တခြားကျောင်းသားတွေမသိအောင် ဖုံးကွယ်ထားလို့မရတော့မှာကို ငါ စိုးရိမ်မိတယ်"

လက်ထောက်ကျောက်အုပ်ဝူယွင်ကျိုးသည် အရေးကြီးသောတစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဤသည်မှာ စွမ်းအားမြင့်မားသော ရေစုပ်စက်တစ်လုံးသည် ရေများအား အလျင်အမြန်ဖြည့်တင်းနိုင်ရန်အတွက် ရေစုပ်ဝဲတစ်ခုကို ဖန်တီးသဖြင့် လေဟာနယ်တစ်ခုအဖြစ်သို့ ဦးတည်သွားစေသည့် ကိစ္စအလားပင်။

လေထုအတွင်း၌ စွမ်းအင်များသည် လွတ်လွတ်လပ်လပ်စီးဆင်းနေသဖြင့် သာမန်အားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ သတိပြုမိမည်မဟုတ်ချေ။သို့ရာတွင် လေဟာနယ်တစ်ခုထွက်ပေါ်လာပါက ကျောင်းတော်အတွင်းရှိ ကျောင်းသားများအားလုံး သတိပြုသွားမည်မှာ သေချာပေါက်ပင်။ထိုအချိန်ကျပါက သူတို့သည် ထိုကျောင်းသားများအား ရှင်းပြရန်မှာ မဖြစ်နိုင်တော့ချေ။

"တကယ်လို့ ဒီသတင်းသာ ပေါက်ကြားသွားရင် ငါတို့တွေက ထိပ်သီးပါရမီရှင်ရဲ့သရုပ်မှန်ကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ဘယ်လိုလုပ်ပြီး ထိန်းသိမ်းထားလို့ ရနိုင်မှာလဲ"

ယခင်က သူတို့၏အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အချည်းနှီးဖြစ်သွားကာ ကံကြမ္မာချပ်ပြားသုံးပြားကိုလည်း အလဟဿစတေးရခြင်း ဖြစ်သွားပေမည်။

"အခုအချိန်မှာ တစ်ခုတည်းသောဖြေရှင်းချက်ကတော့....ရင်းမြစ်စွမ်းအင်လေဟာနယ် ဖြစ်လာမှာကို တားဆီးဟန်ထားဖို့ပဲ"

လုမင်ရုန်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်"

"ကျောင်းအုပ်ကြီး....မင်း ဆိုလိုတာက ငါတို့တွေက သူ စုပ်ယူသွားတဲ့ ရင်းမြစ်စွမ်းအင်တွေကို ပြန်ပြီးဖြည့်တင်းရမှာလား"

လုမင်ရုန်၏စကား အဆုံးမသတ်သေးမီမှာပင် ဝူယွင်ကျိုးကခန့်မှန်းလိုက်ကာ သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ကျန်းရွှမ်၏စုပ်ယူမှုအရှိန်နှုန်းသည် သိသိသာသာ တိုးလာပေ၏။မူမမှန်မှုများဖြစ်လာမည်ကို ကာကွယ်ဟန့်တားရန်အတွက် သူတို့သည် သူစုပ်ယူသွားသော ရင်းမြစ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရပေမည်။ဤထိပ်သီးကျင့်ကြံသူများအတွက် တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ သူတို့၏ကိုယ်ပိုင်စွမ်းအားများကို အသုံးပြုပြီး ထိုကွာဟချက်ကို ဖြည့်တင်းရန်ပင်။

"တခြားရွေးချယ်စရာ မရှိတော့ဘူး..."

လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

"ဘာမှ မစိုးရိမ်ကြနဲ့...စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်က ရင်းမြစ်ရေအိုင်ကို ရင်းမြစ်စွမ်းအားတွေဖြည့်တင်းပြီးတော့ မရီးဒါန်းတွေထဲကို လှည့်ပတ်စေတာပဲ...တကယ်လို့ သူရဲ့ရင်းမြစ်ရေအိုင်က သူတော်စင်အဆင့်မှာရှိနေရအောင် သူ့ရဲ့ပထမဆုံးအကြိမ်မှာ ရင်းမြစ်စွမ်းအင်ဘယ်လောက်များများ သူ စုပ်ယူနိုင်မှာမလို့လဲ....တကယ်လို့ ငါတို့တစ်ယောက်စီက စွမ်းအင်နည်းနည်းစီ ဖြည့်တင်းလိုက်မယ်ဆိုရင် ဒီမူမမှန်မှုကို မြန်မြန်ဆန်ဆန် ဖုံးကွယ်ထားနိုင်လိမ့်မယ်"

"အမှန်ပဲ"

"ဒါက ကျိုးကြောင်းဆီလျော်တယ်"

အချိန်တခဏကြာခန့် စဉ်းစားတွေးတောနေပြီးနောက် ဝူယွင်ကျိုး ယန်ချင်ရှုနှင့်တခြားအကြီးအကဲများသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်သည် နက်နဲသိမ်မွေ့သော်လည်း ကျန်းရွှမ်သည် ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်ကို အစပျိုးထားကာ ရင်းမြစ်စွမ်းအင်အမြောက်အများကို စုပ်ယူပြီးလေပြီ။ဤသည်မှာ သူ၏ရင်းမြစ်ရေအိုင် ပြည့်လုနီးပါးအဆင့်သို့ ရောက်ရှိနေသင့်သည်။သူတို့အားလုံး လုပ်ဆောင်ရန်လိုအပ်သည်မှာ နောက်ချန်ကိစ္စများကို ရှင်းလင်းရန်ပင်။သူတို့ ရင်ဆိုင်ရနိုင်သည့်အန္တရာယ်သည် သိသာထင်ရှားခြင်းမရှိချေ။

သူတို့စကားပြောဆိုနေမှာပင် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များ ထပ်မံ၍ဆူပွက်လာသည်။ကျန်းရွှမ်၏စုပ်ယူမှုအရှိန်နှုန်းသည် နှေးကွေးသွားခြင်းမရှိချေ။ထိုအစား ပို၍အရှိန်တက်လာသည်။ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေး၌ ရင်းမြစ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသောနဂါးကိုးကောင် ထွက်ပေါ်လာကာ စွမ်းအင်များသည် သူ၏အဓိကသော့ချက် အပ်စိုက်မှတ်ကိုးနေရာထံသို့ ပျံ့နှံ့သွားသည်။

ဝုန်း...ဝုန်း...

အစောပိုင်းကမှ ရွှေ့ပြောင်းထားသော စာအုပ်များသည် ဤနဂါးအားလှိုင်း၏ဖြတ်သန်းတိုက်ခတ်ခြင်းကို ခံရသဖြင့် တဖန်ထပ်၍လွင့်ထွက်သွားကာ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးပြီး မြေပြင်ပေါ်၌ ပြန့်ကျဲသွားသည်။

"ငါတို့ အချိန်ဆွဲလို့ မရတော့ဘူး...တကယ်လို့ ငါတို့က စွမ်းအင်တွေကို မြန်မြန်ပြန်ပြီးမဖြည့်တင်းဘူးဆိုရင် အသက်ဆယ်ရှိုက်စာမပြည့်ခင်မှာပဲ လေဟာနယ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်"

လုမင်ရုန်၏မျက်နှာ ဖြူရော်သွားသည်။

နဂါးတစ်ကောင်ဖြင့်ပင် စာကြည့်တိုက်တခုလုံးကို လေဆင်နှာမောင်း တိုက်ခတ်သွားသည့်အလား ဖရိုဖရဲဖြစ်သွားစေကာ မိုင်ရာအနည်းငယ်အတွင်းရှိ ရင်းမြစ်စွမ်းအင်များအားလုံးကို ပျောက်ကွယ်သွားစေသည်။နဂါးရှစ်ကောင် ထပ်တိုးလာသဖြင့် အကယ်၍ သူတို့သည် အလျင်အမြန် ဆောင်ရွက်ခြင်းမရှိပါက မကြာမီမှာပင် လေဟာနယ်တစ်ခု ထွက်ပေါ်လာပေမည်။

"အခုချက်ချင်း လုပ်ကြစို့"

လုမင်ရုန်၏အမိန့်နှင့်အတူ အကြီးအကဲများအားလုံးသည် သူတို့၏သန့်စင်သောစွမ်းအားများကို နဂါးများထံဦးတည်၍ ထုတ်လွှတ်လိုက်ကြ၏။

ဝှစ်...

ရင်းမြစ်စွမ်းအင်များ ငတ်မွတ်လုနီးပါးဖြစ်နေသည့် နဂါးကိုးကောင်သည် ရောက်ရှိလာသည့်စွမ်းအင်များကို လောဘတကြီးစုပ်ယူကာ အသက်ဝင်လာကြသည့်အလား မီးခိုးရောင်ဖျော့ဖျော့နေ၍ တောက်ပသောရွှေရောင်သို့ ပြောင်းလဲသွားသည်။

"ဒါက ရင်းမြစ်နဂါးက ဆင်ကိုဝါးမြိုခြင်း သဘာဝလွန်ပုံရိပ် မဟုတ်လား...မဟုတ်ဘူး....ငါရဲ့စွမ်းအားတွေ ကုန်ဆုံးသွားတာ အရမ်းမြန်တယ်....ငါ ရုန်းထွက်လို့မရတော့ဘူး"

"ငါ့ရဲ့စွမ်းအားတွေကိုလည်း အဲ့ဒီနဂါးတွေက စုပ်ယူနေတယ်....ငါ ထွက်ပြေးလို့မရတော့ဘူး"

နဂါးများ ရွှေရောင်သို့ပြောင်းလဲသွားသည်နှင့်အတူ လုမင်ရုန်တို့လူစုသည် သူတို့၏စွမ်းအားများ အလျင်အမြန်ခမ်းခြောက်သွားသည်ကို ခံစားမိကာ သူတို့အား မေ့မြောလုနီးပါးဖြစ်သွားစေသည်။

ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမြိုခြင်းသည် စပါးကြီးမြွေတစ်ကောင်မှ ဆင်ကိုဝါးမြိုသည့် ပုံပြင်ကိုတုပ၍ နဂါး၏ကြီးမားသော ဝါးမြိုနိုင်မှုစွမ်းအားကို သိသာထင်ရှားစေခြင်းပင်။သူတို့သည် အစစ်အမှန်ဆင်များမဟုတ်သော်လည်း ကျန်းရွှမ်နှင့်နှိုင်းယှဉ်ပါက သူတို့သည် များစွာပို၍သန်မာအားကောင်းသောကြောင့် ဤဥပမာနှင့်နှိုင်းယှဥ်သည်မှာ အံ့ဝင်ခွင်ကျဖြစ်သည်။

အစပထမတွင် သူတို့သည် ပတ်ဝန်းကျင်၌ အုတ်အော်သောင်းနင်းမှုများစွာ ဖြစ်သွားခြင်းမှ တားဆီးဟန့်တားရန်အတွက် နဂါးများထံသို့ စွမ်းအင်တချို့ ထောက်ပံ့ရန် ရည်ရွယ်ထားခဲ့သည်။သို့ရာတွင် ထိုအရာများနှင့်ထိတွေ့ပြီးနောက် သူတို့၏စွမ်းအားများသည် အထိန်းအကွပ်မဲ့စွာ စီးဆင်းသွားပေ၏။

ဤသည်မှာ ဆာလောင်နေသောကျားများသည် အချင်းချင်းပြန်စားသည်နှင့် တူညီနေပေ၏။

ကျန်းရွှမ်သည် ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်ကို အစပျိုးပြီးဖြစ်သောကြောင့် သူလိုအပ်သော ရင်းမြစ်စွမ်းအင်ပမာဏ လျော့နည်းသွားမည်ဟု မူလက သူတို့ တွေးထင်ခဲ့ကြသည်။သူ၏စုပ်ယူမှုအရှိန်နှုန်းသည် ပို၍အားကောင်းလာမည်ဟု သူတို့ တွေးထင်မထားမိချေ။ဤအချိန်အခိုက်အတွက်တွင် သူတို့ရုန်းထွက်နိုင်သည်ထက် ပို၍လျှင်မြန်စွာ နဂါးများမှ သူတို့၏စွမ်းအားများကို ဝါးမြိုနေသည်။ အကယ်၍ သူတို့နောက်ဆုတ်လိုလျှင်ပင် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။

"မင်းတို့အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်မသွားကြနဲ့....မင်းတို့ရဲ့စွမ်းအားတွေကို ထည့်သွင်းလိုက်ကြစမ်း...အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးနဲ့လက်ထောက်ကျောင်းအုပ်အပြင် အကြီးအကဲဆယ်ယောက်ကျော်ရှိနေတယ်..ထိပ်သီးကျင့်ကြံသူဆယ့်လေးယောက်က စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် စဦးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ရင်းမြစ်ရေအိုင်ကို ပြည့်အောင်မဖြည့်နိုင်ဘူးဆိုတာ ငါ မယုံဘူး"

လုမင်ရုန်၏မျက်ခုံး မြင့်တက်သွားကာ သူ၏မျက်လုံးအတွင်းတွင် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေပေ၏။

ကျန်းရွှမ်သည် မည်မျှထိ ပါရမီအရည်အချင်း ရှိနေပါစေ သူသည် စတင်ကျင့်ကြံသည်မှာ မကြာသေးသော လူတစ်ယောက်ပင်။သူတို့အုပ်စု၏ပူပေါင်းအင်အားတွင် ကျောက်စိမ်းအရိုးနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတချို့ရှိကာ တခြားလူများသည် ကိုယ်တွင်းအင်္ဂါငြိမ်းအေးခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်၌ ရှိနေသည်။သူတို့၏အစွမ်းထက်သော စွမ်းအားများသည် ပင်လယ်အတွင်းသို့ စီးဝင်နေသောမြစ်များနှင့်တူညီသဖြင့် ကျင့်ကြံသူအသစ်လေးတစ်ယောက်၏ ရင်းမြစ်ရေအိုင်ကိုဖြည့်တင်းရန်မှာ လုံလောက်သည်ထက်ပိုနေသင့်သည်။

All Chapters