ဆေးလုံးများ ကုန်သွားခြင်း
Vol. 4 Ch. 50
"ကျောင်းအုပ်ကြီးပြောတာ အမှန်ပဲ..."
"ဒါဆိုရင် ရင်းမြစ်နဂါးက ဆင်ကိုဝါးမြိုရင်တောင် ဘာဖြစ်လာမှာမလို့လဲ.. ဆင်တစ်ကောင်ကို ဝါးမြိုနိုင်တာက အထင်ကြီးဖို့ကောင်းတယ်ဆိုပေမယ့် တကယ်အရေးကြီးတဲ့ ကိစ္စကအစာချေဖျက်နိုင်ဖို့ပဲ"
"ဆင်တစ်ကောင်ကို ဝါးမြိုဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်လိုပဲ လောဘကြီးပြီးတော့ အကန့်အသတ်ကို မသိဘူး...သူက အရာရာတိုင်းကို စုပ်ယူချင်နေတာလား...ငါတို့တွေက လက်ဦးမှုယူပြီးတော့ ငါတို့ရဲ့စွမ်းအားတွေအားလုံးကို သူ့ဆီ ပေးပို့ကြစို့...သူ ဒါကို ကိုင်တွယ်နိုင်မလားဆိုတာ စောင့်ကြည့်ကြရအောင်...တကယ်လို့ သူ ဒါကို မကိုင်တွယ်နိုင်ရင် ငါတို့ကို အလိုအလျောက်လွှတ်ပေးလိမ့်မယ်"
အစပထမတွင် ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်မှ မလွတ်မြောက်နိုင်ကြသော လူများအားလုံးသည် လုမင်ရုန်၏စကားများကို ကြားပြီးနောက် စိတ်သက်သာရာရသွားကာ သူတို့၏ယုံကြည်ချက်များ ပြန်လည်ရရှိသွားသည်။
ကျင့်ကြံသူတစ်ယောက်၏ ပါရမီအရည်အချင်း မည်မျှထိမြင့်မားသည်ဖြစ်စေ သူ၏ရင်းမြစ်ရေအိုင် မည်မျှထိကျယ်ပြန့်သည်ဖြစ်စေ အကန့်အသတ်ရှိသည်။ရင်းမြစ်စွမ်းအင်များကို စုပ်ယူခြင်းမှ ရင်းမြစ်နဂါးဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်ကို ဖြစ်ပေါ်စေသော အရည်အချင်းသည် အစွမ်းထက်သော်လည်း သူတို့၏ပူးပေါင်းစွမ်းအားများဖြင့် ပြန်လည်ဖြည့်တင်းပါက လုံလောက်သင့်သည်။
ဤနေရာရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်စီသည် အနည်းဆုံး နှစ်ပေါင်းသုံးဆယ်ကျော် ကျင့်ကြံခဲ့ကာ နေ့စဉ်နေ့တိုင်း ရင်းမြစ်စွမ်းအင်တန်းငါးဆယ်ကို စုပ်ယူခဲ့သည်။ အကယ်၍ စွမ်းအားတချို့ကို ဆုံးရှုံးသွားလျှင်ပင် သူတို့ စုဆောင်းထားသော စွမ်းအားပမာဏသည် ကြောက်မက်ဖွယ်ကောင်းပေ၏။သူတို့၏စွမ်းအားကုန်ကို ထုတ်ဖော်အသုံးပြုပါက တောင်များကို ရွေ့လျားစေနိုင်မည် မဟုတ်သော်လည်း အဖြူရောင်ကျောက်တုံးမြို့ကို တုန်ခါသွားစေနိုင်သည်။
ဤနေရာ၌ ထိုကဲ့သို့ သန်မာအားကောင်းသော ထိပ်သီးကျင့်ကြံသူများ ဆယ်လေးယောက်ရှိနေသည်။အကယ်၍ သူတို့သည် ကျင့်ကြံသူအသစ်ကလေးကို ဖိနှိပ်ထားနိုင်ခြင်းမရှိပါက ကျင်းတစ်ကျင်းရှာ၍ ဝင်ပုန်းရုံသာ ရှိပေတော့မည်။
"မင်း ဒီစွမ်းအင်တွေကို ကိုင်တွယ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"
ဤကိစ္စကို နားလည်သဘောပေါက်သဖြင့် လုမင်ရုန် ဝူယွင်ကျိုးနှင့် တခြားအကြီးအကဲများသည် သူတို့၏စွမ်းအားများကို ထပ်မံ၍ထိန်ချန်မထားတော့ချေ။သူတို့သည် သူတို့၏စွမ်းအားများစီးဆင်းနေမှုကို အရှိန်မြှင့်ကာ ရင်းမြစ်နဂါးကိုးကောင်အတွင်းသို့ ထည့်သွင်းလိုက်၏။
ဘုန်း....
စွမ်းအားအမြောက်အများ စုပြုံကျလာခြင်းကြောင့် ရင်းမြစ်နဂါးကိုးကောင်သည် ချက်ချင်းကြီးထွားသွားကာ အရွယ်အစားနှစ်ဆတိုးလာပြီး ရွှေရောင်အလင်းတန်းများတောက်ပလာခြင်းနှင့်အတူ အချိန်မရွေး ပျံသန်းသွားတော့မည့်အလားပင်။
......
"ဒါက'တကယ်အလုပ်ဖြစ်တယ်"
ယခင်က သူ့အား ထိတ်လန့်တုန်လှုပ်စေသော ရင်းမြစ်စွမ်းအင်များသည် မူလဘူတမြေဝါရောင်စွမ်းအင်မီးပြင်းဖို၏ လောင်ကျွမ်းမှုအောက်တွင် သန့်စင်သောစွမ်းအားများအဖြစ်ပြောင်းလဲကာ ရွှမ်ကမ္ဘာအတွင်း၌ ပြည့်နှက်သွားသည်ကိုကြည့်ပြီး ကျန်းရွှမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
ယခင်က ရွှမ်ကမ္ဘာသည် ရင်းမြစ်စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း အကျိုးသက်ရောက်မှုသည် နိမ့်ပါးပေ၏။ယခုအချိန်၌ အရှိန်နှုန်းသည် ဆယ်ဆမြင့်တက်လာကာ အဆတစ်ရာထိပင် ရောက်ရှိသွားနိုင်သည်။
"ဒါပေမဲ့ ဒါကိုကြည့်ရတာ နည်းနည်းတော့ နှေးနေသလိုပဲ"
သူ အထက်သို့မော့ကြည့်လိုက်ရာ ရင်းမြစ်စွမ်းအင်များသည် မိုးရေစက်များအလား မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လာပြီး သန့်စင်သောစွမ်းအားများ အသွင်ပြောင်း၍ မြေပြင်ပေါ်သို့ ကျရောက်လာသည်ကို သူ မြင်တွေ့မိသည်။ ဤအရှိန်နှုန်းသည် သာမန်လူများ စွမ်းအင်စုပ်ယူသည်ထက် များစွာပို၍လျှင်မြန်သော်လည်း ရွှမ်ကမ္ဘာသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။
ဤစုပ်ယူမှုအရှိန်နှုန်းဖြင့်ဆိုပါက ရွှမ်ကမ္ဘာတစ်ခုလုံးကို စွမ်းအားများပြည့်နှက်ကာ သူ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ရောက်ရန် လဝက်ခန့်ကြာမြင့်ခြင်းမရှိလျှင်ပင် အနည်းဆုံးဆယ်ရက်ခန့် အချိန်ယူရပေမည်။
"ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ကံကြမ္မာချပ်ပြားကနေ ထုတ်လွှတ်ပြီးတော့ ပတ်ဝန်းကျင်မှာ ကျင့်ကြံသူတွေအများကြီးရှိနေတာကြောင့် ငါ မဆင်မခြင်စုပ်ယူလို့ မရခဲ့ဘူး....ဒါပေမဲ့ ဒီစာကြည့်တိုက်ထဲမှာ ရင်းမြစ်စွမ်းအင်တွေက အကန့်အသတ်မရှိ စီးဆင်းနေတယ်... ငါက ဘာစိုးရိမ်ပူပန်စရာမှမလိုဘဲ လွတ်လွတ်လပ်လပ်စုပ်ယူနိုင်တယ်"
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏အသိစိတ်အာရုံသည် ရွှမ်ကမ္ဘာအတွင်း၌ နစ်မြုပ်နေကာ မူလဘူတမြေဝါရောင်မီးပြင်းဖိုကို ထိန်းချုပ်ထားသဖြင့် သူ၏ခန္ဓာကိုယ်သို့ ပြန်မရောက်နိုင်ချေ။သို့ရာတွင် စာကြည့်တိုက်သည်အလွန်အမင်းလုံခြုံကာ ရင်းမြစ်စွမ်းအင်များဖြင့် ပြည့်နှက်နေပေ၏။သူ၏ယခုလက်ရှိအားနည်းသောခွန်အားဖြင့် သူ စွမ်းအင်များကို အစွမ်းကုန်စုပ်ယူသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ သတိပြုမိမည်မဟုတ်ချေ။
ဤအတွေးကြောင့် သူသည် တွေဝင်တုံ့ဆိုင်းနေခြင်း မရှိတော့ချေ။ရွှမ်ကမ္ဘာ တုန်ခါသွားပြီးနောက် ကျင်းနက်ကြီးကိုးခုအသွင်ပြောင်းလဲကာ လေထုအတွင်းမှ ရင်းမြစ်စွမ်းအင်များကို အဆက်မပြတ်ဝါးမျိုလိုက်၏။
"အမှန်ပဲ...တကယ်ကို ပိုပြီးမြန်သွားပြီ"
အရှိန်နှုန်းမြင့်တက်လာသည်ကိုကြည့်ပြီး ကျန်းရွှမ် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။
ယခင်က ဤဖြစ်စဉ်သည် ဆယ်ရက်ခန့် အချိန်ယူရမည့်ပုံရှိသော်လည်း ယခုအချိန်၌ သူ့အောင်မြင်ရန်အတွက် တစ်ရက်ကျော်ခန့်သာ ကြာမြင့်ပေမည်။
"ဒါက နည်းနည်းတော့နှေးနေသေးပေမယ့် ငါတတ်နိုင်သမျှ အစွမ်းကုန်ပဲ"
အချိန်တခဏကြာ စူးစမ်းလေ့လာပြီးနောက် စွမ်းအင်စုပ်ယူရာ၌ ပို၍လျင်မြန်စေသော မည်သည့်နည်းလမ်းကိုမျှ ရှာမတွေ့သဖြင့် ကျန်းရွှမ်က သက်ပြင်းရှိုက်လိုက်သည်။
ပါမောက္ကကုန်းမြေအတွင်းတွင် သူသည် အဆင့်ငယ်တစ်ခုကိုချိုးဖျက်ရန် နှစ်နာရီကြာမြင့်ပြီး တစ်ခါတစ်ရံ၌ နာရီဝက်ပင်မပြည့်ချေ။သို့ရာတွင် ဤနေရာ၌ သူ ကျင့်ကြံဆင့်ချိုးဖျက်ရန် တစ်ရက်ကျော်ကြာမြင့်မည်ဖြစ်ရာ ရင်းမြစ်ကမ္ဘာအတွင်း၌ ကျင့်ကြံခြင်းသည် အမှန်တကယ်ကို စိန်ခေါ်မှုများပို၍များပြားပေ၏။
သို့ရာတွင် သူ၏ကျင့်ကြံဆင့်ချိုးဖျက်မှု နှေးကွေးသွားသော်လည်း ရွှမ်ကမ္ဘာအတွင်းရှိ စွမ်းအားများကို ချုပ်ကိုင်ထားသောနေရာတွင် အကန့်အသတ်မဲ့သော အစစ်အမှန်စွမ်းအင်များဖြင့် ပြည့်နှက်နေလေပြီ။ဤစွမ်းအားများသည် ပါမောက္ခကုန်းမြေထက် ပို၍နက်နဲသိမ်မွေ့ပြီးကျစ်လစ်သိပ်သီးသည်။ထို့ကြောင့် သူ၏အင်အားစိုက်ထုတ်မှုသည် အချည်းနှီးဖြစ်သွားမည် မဟုတ်ချေ။
"ငါက ငါ့ရဲ့အဆောင်ကို ပြန်သင့်ပြီ....စာကြည့်တိုက်ထဲမှာ အချိန်အကြာကြီးနေတာက ငါ ဖော်ထုတ်ခံရတဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်"
ရင်းမြစ်စွမ်းအင်များကို အချိန်တခဏကြာစုပ်ယူပြီးနောက် သူ၏စွမ်းအားများ တည်ငြိမ်လာသည်ကို ခံစားမိချိန်တွင် ကျန်းရွှမ်သည် စာကြည့်တိုက်အတွင်းမှထွက်သွားရန် ဆုံးဖြတ်လိုက်၏။ထိုအချိန်မှာပင် သူ၏အထက်ရှိ အနက်ရောင်ကျင်းနက်ကြီးကိုးခုသည် ရုတ်တရက်ကြီးမားကျယ်ပြန့်သွားပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်ကို သူ မြင်တွေ့မိသည်။နောက်ထပ်အချိန်အခိုက်အတန့်တွင် သန့်စင်သော ရင်းမြစ်စွမ်းအင်တန်းအမြောက်အများ ကျရောက်လာသည်။
အကယ်၍ ယခင်စုပ်ယူမှုအရှိန်နှုန်းသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တူသည်ဆိုပါက ယခုအချိန်၌ ပင်လယ်ရေလှိုင်းကြီး တိုက်ခတ်နေသည့်အလားပင်။
ထို့ပြင် ထိုပင်လယ်ရေလှိုင်းကြီးအတွင်းသို့ ရေလှိုင်းလုံးကြီးများ တစ်လှိုင်းပြီးတစ်လှိုင်း အဆက်မပြတ်စီးဝင်နေပုံရသည်။
"ဘာတွေဖြစ်နေတာလဲ"
ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ကောင်းကင်ဘုံက ငါ ရင်းမြစ်စွမ်းအင်တွေကိုစုပ်ယူတဲ့နေရာမှာ အရမ်းနှေးနေတာနဲ့ ပတ်သက်ပြီးတော့ ငါ့ရဲ့ရိုးသားမှုကို ခံစားမိလို့ ငါ့ကို စွမ်းအင်တွေချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တာများလား...မဟုတ်ရင် ဘယ်နေရာကနေပြီး ဒီလောက်ထိ များပြားပြီးသန့်စင်တဲ့ ရင်းမြစ်စွမ်းအင်တွေက ကျင်းနက်ကြီးတွေကနေတဆင့် တစ်လှိုင်းပြီးတစ်လှိုင်း အကန့်အသတ်မရှိ စီးဝင်လာမှာလဲ"
"ငါ ဘာမှ စိတ်ထဲမထားတော့ဘူး...ဒါတွေကို အရင်ဆုံး စုပ်ယူမယ်"
ရင်းမြစ်စွမ်းအင်များ အလွန်လျှင်မြန်စွာရောက်ရှိလာသည်ကို သိရှိပြီးနောက် သူသည် မူလဘူတမြေဝါရောင်စွမ်းအင်များကို ပို၍အသုံးပြုကာ မီးပြင်းဖိုတစ်ခုအသွင် ပြောင်းလဲလိုက်သည်။ ကျန်းရွှမ်ထံ၌ ရှည်ရှည်ဝေးဝေးစဉ်းစားနေရန်အချိန်မရှိချေ။သူ၏အသိစိတ်အာရုံသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်ရောက်သွားခြင်းမရှိတော့ဘဲ သူသည် စွမ်းအင်များကို ပြင်းပြင်းထန်ထန်စုပ်ယူပြီး သန့်စင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် ကမ္ဘာတစ်ခုလုံးရှိကာ မူလဘူတမြေဝါရောင်စွမ်းအင်များ လုံလောက်သည်။ထိုသို့မဟုတ်ပါက သာမန်ကျင့်ကြံသူတစ်ယောက်သည် ဤစွမ်းအင်များကို ကိုင်တွယ်နိုင်မည်မဟုတ်ချေ။
...
ရွှမ်ကမ္ဘာအတွင်း၌ ကျန်းရွှမ်သည် တလိမ့်လိမ့်စီးဝင်လာသော ရင်းမြစ်စွမ်းအင်များကို အရူးအမူးသန့်စင်နေသည်။စာကြည့်တိုက်အတွင်း၌ အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ထိပ်သီးကျင့်ကြံသူဆယ့်လေးယောက်ထံတွင် ယခင်ယုံကြည်ချက်မျိုး မရှိတော့ချေ။ထိုအစား သူတို့၏မျက်နှာများဖြူရော်နေကာ ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်နေလေပြီ။
"ကျောင်းအုပ်ကြီး...ငါ့ရဲ့စွမ်းအားတွေ ကုန်ခမ်းသွားလုနီးပါးပဲ .. ငါ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"
ပဉ္စမာအကြီးအကဲချန်ကျင်းကျင်းက တိုးညှင်းသောအသံဖြင့် ခပ်အုပ်အုပ်ညည်းတွားလေသည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ဤအုပ်စုအတွင်း၌ အထူးချွန်ဆုံးမဟုတ်သဖြင့် နာရီဝက်ခန့်ကြာမြင့်ပြီးနောက် သူ၏အကန့်အသတ်သို့ ရောက်နေလေပြီ။
"ငါ့ရဲ့စွမ်းအားတွေလည်း ကုန်လုနီးပါးပဲ"
ဝူလျှူယွင်က ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
မူလက ဤသည်မှာ ရိုးရှင်းသောတာဝန်တစ်ခုဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။သူတို့အားလုံး အတူပူးပေါင်းဆောင်ရွက်ပါက သူတို့ရှေ့ရှိ လူငယ်လေးကို လွယ်လင့်တကူ လွှမ်းမိုးချုပ်ကိုင်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။သို့ရာတွင် ကျန်းရွှမ်သည် ထိခိုက်မှုမရှိ တည်ငြိမ်နေဆဲဖြစ်ပြီး တောင့်မခံနိုင်သူများမှာ သူတို့ ဖြစ်နေသည်။
ဤလူငယ်လေးတွင် အောက်ခြေမရှိသော ကျင်းနက်ကြီးတစ်ခု ရှိနေသည့်အလား စွမ်းအင်မည်မျှထိ များပြားနေပါစေ သူ၏ရင်းမြစ်ရေအိုင်ပြည့်အောင် ဖြည့်တင်းပေးနိုင်ခြင်းမရှိချေ။
"မင်းတို့ရဲ့ဆေးလုံးတွေကို သောက်လိုက်ကြတော့....မင်းတို့အားလုံးမှာ စွမ်းအားဖြည့်တင်းခြင်းဆေးလုံးတွေ ရှိတယ်မဟုတ်လား...ဘာမှ ချန်မထားကြနဲ့တော့"
လုမင်ရုန်၏အသံ တုန်ရီနေကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
ဤလူတစ်စုအကြားတွင် သူသည် အစွမ်းထက်ဆုံးဖြစ်သော်လည်း သူ့ထံမှနေ၍အလွန်ကြီးမားသောစွမ်းအင်ပမာဏကို စုပ်ယူခံရသောကြောင့် သူ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
"ဟုတ်ကဲ့...."
ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမြိုခြင်း သဘာဝလွန်ပုံရိပ်အတွင်း၌ ပိတ်မိနေသဖြင့် သူတို့ထံတွင် လွတ်မြောက်နိုင်စွမ်းမရှိချေ။အကယ်၍ သူတို့ သေဆုံးသွားလိုခြင်းမရှိပါက သူတို့၏ဆေးလုံးများကို ထုတ်ယူပြီး အဆက်မပြတ် သောက်သုံးရပေမည်။
သူတို့သည် ရုန်းကန်နေရင်း သူတို့၏ဆေးလုံးများကိုထုတ်ယူကာ သောက်သုံးလိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် သူတို့၏ခမ်းခြောက်သွားသော ရင်းမြစ်ရေအိုင်များအတွင်း၌ စွမ်းအားတချို့ပြန်ရလာသဖြင့် ရင်းမြစ်နဂါးများအတွင်းသို့ သူတို့၏စွမ်းအားများကို ဆက်လက်၍ပေးပို့နိုင်ခဲ့သည်။
အကယ်၍ ကျန်းရွှမ်၏ရင်းမြစ်ရေအိုင်သည် အမြင့်မားဆုံးအဆင့်၌ ရှိနေလျှင်ပင် ထိပ်သီးကျင့်ကြံသူဆယ့်လေးယောက်၏ပူးပေါင်းစွမ်းအားများကို သူ တောင့်ခံနိုင်မည်မဟုတ်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
သူတို့၏အဆိုးရွားဆုံးအိမ်မက်များအတွင်း၌ပင် အရင်ဆုံးကျရှုံးသွားသည်မှာ သူတို့ဖြစ်နေမည်ဟု တွေးထင်ထားမိခြင်းမရှိချေ။
ယခင်က သူတို့သည် ကျန်းရွှမ်မှနေ၍ သူဟအလိုရှိသလောက် စွမ်းအာများကို သူတို့ထံမှ စုပ်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိစွာ တွေးထင်ခဲ့ကြ၏။ယခုအချိန်၌ သူတို့ မည်မျှထိ နုံအခဲ့မိကြောင်း နားလည်သဘောပေါက်သွားသည်။
'ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့...ငါတို့က ကလေးဆန်မိတာပါ'
'မင်း ဒါကိုကိုင်တွယ်နေမလားဆိုတာ ကြည့်ကြသေးတာပေါ့'ဟု သူတို့တွေးတောခဲ့ကြသော်လည်း ကျန်းရွှမ်၏စုပ်ယူမှုအရှိန်နှုန်းက သူတို့ကို လွှမ်းမိုးချုပ်ကိုင်သွားခဲ့သည်။
သူတို့၏စိတ်များအတွင်းတွင် ထူးခြားသောခံစားချက်မျိုးစုံ ပျံ့လွင့်နေကာ ဤကိစ္စသည် ထာဝရကြာမြင့်သွားသယောင် ခံစားနေရသည်။ ကျောင်းအုပ်ကြီးလုမင်ရုန်သည် သူ၏ဦးရေပြား တင်းကြပ်လာသည်ကို ခံစားမိသဖြင့် သူ ကြာရှည်တောင်မခံနိုင်တော့သည်ကို နားလည်သဘောပေါက်သွားသည်။ထိုအချိန်မှာပင် အကြီးအကဲဟယ်ချင်၏ တုန်ရီနေသောအသံ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ဆေးလုံးတွေက ကုန်သွားပြီ...သူက....ဆက်ပြီးစုပ်ယူနေတုန်းလား..."