← Chapters

စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်

Vol. 4 Ch. 51

စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်

Vol. 4 Ch. 51

"သူက ဆက်ပြီးစုပ်ယူနေတုန်းပဲ"

ယန်ချင်ရှု ငိုချင်စိတ်ပေါက်နေလေပြီ။

သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၏မဟာအကြီးအကဲဖြစ်ကာ ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်တွင်ရှိသော ကျောက်စိမ်းအရိုးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။သူ့၏ကြီးမားကျယ်ပြန့်သောစွမ်းအားများ ခမ်းခြောက်သွားရုံသာမက သူ့ထံတွင်ရှိသော အထောက်အပံ့ဆေးလုံးများလည်း ကုန်ခမ်းသွားလုမတတ်ပင်။အဆိုးရွားဆုံးအပိုင်းမှာ ကျန်းရွှမ်သည် စွမ်းအားများ ဆက်လက်၍စုပ်ယူနေဆဲဖြစ်ပြီး အဆုံးသတ်မည့်ပုံမရှိခြင်းပင်။

ဤသည်မှာ ရင်းမြစ်ရေအိုင်တစ်ခုမဟုတ်ဘဲ ရင်းမြစ်ပင်လယ်နှင့်ပို၍တူညီကာ အောက်ခြေမဲ့သော ချောက်နက်ကြီးအလားပင်။

"ငါ့ရဲ့ဆေးလုံးတွေနဲ့စွမ်းအားတွေ ကုန်နေပြီ...ငါတို့ အခု ဘာလုပ်ကြမလဲ"

အကြီးအကဲဟယ်ချင်၏အသံ တုန်ရီနေသည်။

သူတို့သည် ရည်ရွယ်ချက်ကောင်းများဖြင့် ထိပ်သီးပါရမီရှင်၏သရုပ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသော်လည်း ဤဖြစ်စဉ်အတောအတွင်းတွင် သူတို့အားလုံး သေလုမျောပါးပင်။ဤကဲ့သို့ကိစ္စတစ်ခုကို ရင်းမြစ်ကမ္ဘာ၏သမိုင်းစဉ်တလျှောက်၌ တွေ့ကြုံဖူးမည်မဟုတ်ချေ။ဤသည်မှာ အမှန်တကယ်ကို ဘေးကပ်ဆိုးကြီးတစ်ခုပင်။

ယန်ချင်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ငါလည်း မသိတော့ဘူး....ငါတို့တွေ ကျောင်းအုပ်ကြီးကို မေးဖို့လိုတယ်"

"အင်း...."

တာဝန်ခံမှုကို ဤကဲ့သို့နည်းဖြင့် သူ့အပေါ် ပစ်တင်လိုက်သည်ကိုကြည့်ပြီး လုမင်ရုန်သည်လည်း ထပ်တူထပ်မျှ ကူကယ်ရာမဲ့မှုကို ခံစားရသည်။ရိုးရိုးသားသားဝန်ခံရလျှင် သူ၏ဆေးလုံးများသည်လည်း ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ သူသည် ဤကိစ္စကိုဆက်လုပ်လိုသော်လည်း တခြားလူများကဲ့သို့ပင် သူ့ထံ၌ စွမ်းအားကုန်ခမ်းနေလေပြီ။

"တကယ်လို့ ဒါက အလုပ်မဖြစ်တော့ဘူးဆိုရင် ငါတို့က ဆက်သွယ်မှုကို အတင်းအကြပ်ဖြတ်တောက်ရလိမ့်မယ်..ရင်းမြစ်စွမ်းအင်လေဟာနယ်ဖြစ်လာပြီးတော့ ထိပ်သီးပါရမီရှင်ရဲ့သရုပ်မှန် ပေါ်လွင်သွားမယ်ဆိုရင်တောင် ငါတို့ကို အပြစ်တင်လို့မရဘူး...ငါတို့ အကောင်းဆုံးကြိုးစားခဲ့တယ်"

သူတို့သည် ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမြိုခြင်းသဘာဝလွန်ပုံရိပ်အတွင်း၌ ပိတ်မိနေသော်လည်း အကယ်၍ သူတို့ဆန္ဒရှိပါက လွတ်မြောက်နိုင်သည်။ဤသည်မှာ ကျန်းရွှမ်၏လက်ရှိခွန်အားသည် အားနည်းနေသောကြောင့်ပင်။အကယ်၍ သူသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်မျိုး၌ ရှိနေပါက သူတို့ဆေးလုံးများသောက်သုံးရန်ပင် အခွင့်အရေးမရဘဲ ခြောက်ကပ်၍သေဆုံးသွားပေမည်။

ထိုစကားကိုကြားချိန်တွင် လူတိုင်း စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

နေရာအများစုတွင် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာချိန်၌ ငွေကြေးနှင့်အရင်းအမြစ်များလိုအပ်သည်။ဤတကြိမ်တွင် သူတို့၏အသက်များပါသွားလုနီးပါးဖြစ်ခဲ့ကာ အဆိုးရွားဆုံးကိစ္စမှာ ဤကိစ္စကို ကျန်းရွှမ် မသိရှိခြင်းပင်။

"ငါ သုံးထိရေမယ်...ငါတို့တွေအားလုံး စွမ်းအင်တွေကို တပြိုင်နက်တည်းဖြတ်တောက်မယ်...တစ် နှစ်..."

ဆုံးဖြတ်ချက်တစ်ခုချရတော့မည်ကို သိရှိသဖြင့် လုမင်ရုန်က နံပါတ်စဉ်ခေါ်လိုက်သည်။သို့ရာတွင် သူ၏နံပါတ်စဥ်ခေါ်မှု အဆုံးမသတ်သေးမီမှာပင် သူ ရှေ့သို့ယိုင်သွားသည်။သူ့ထံမှ အဆက်မပြတ်စီးဆင်းနေသော စွမ်းအားလှိုင်းသည် ရုတ်တရက် ရပ်တန့်သွားပေ၏။

သူသာမက လက်ထောက်ကျောင်းအုပ်နှင့်တခြားအကြီးအကဲများသည်လည်း ယိုင်တိုင်တိုင်ဖြစ်သွားကာ အမှုမဲ့အမှတ်မဲ့ဖြင့် ရှေ့သို့ကြည့်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်၏နံဘေးပတ်လည်းရှိ ရင်းမြစ်နဂါးကိုးကောင် တဖြည်းဖြည်းပျက်ပြယ်သွားလေပြီ။သူသည် ထိုးထွင်းသိမြင်မှုရရှိနေခြင်း အခြေအနေမှ တဖြည်းဖြည်းနိုးထလာကာ သူ၏မျက်လုံးကိုဖွင့်လိုက်ချိန်တွင် သူ့ရှေ့ရှိလူအုပ်ကြီးကို တွေ့မြင်မိသည်။သူသည် အနည်းငယ် အံ့အားသင့်ပြီး ဇဝေဇဝါဖြစ်သွားလေ၏။

"ကျောင်းအုပ်ကြီးလု လက်ထောက်ကျောင်းအုပ်နဲ့အကြီးအကဲတို့လည်း ဒီနေရာကို စာဖတ်ဖို့ရောက်လာတာလား"

'ဘာတွေဖြစ်နေတာလဲ...'

သူသည် အချိန်တခဏသာ ကျင့်ကြံခဲ့ခြင်းဖြစ်သော်လည်း ထိပ်သီးအကြီးအကဲအမြောက်အများ ဤနေရာ၌ စုဝေးနေသည်။သူသည် ရင်းမြစ်စွမ်းအင်များအား စုပ်ယူနေသည်ကို သူတို့ သိရှိသွားသောကြောင့် ဖြစ်နေသလော။

ဤကဲ့သို့ကိစ္စမျိုး မဖြစ်သင့်ချေ။သူသည် သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ပေ၏။

"မနက်ဖြန် စာစသင်ရတော့မယ်...ဒါကြောင့် ငါက စာကြည့်တိုက်မှာ အကြီးအကဲတွေအားလုံးကို စုဝေးထားတာပဲ"

လုမင်ရန်က မျက်တောင်မခတ်ဘဲ လိမ်ပြောလေသည်။

"ငါ သိပြီ"

ကျန်းရွှမ်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူသည် သတိကြီးစွာထားပြီး သူ၏ရင်းမြစ်စွမ်းအင် စုပ်ယူမှုအရှိန်နှုန်းကို ထိန်းချုပ်ခဲ့သည်။ထိုသို့မဟုတ်ပါက သူ ရှာဖွေဖော်ထုတ်ခံရမည်မှာ သေချာပေါက်ပင်။ သူ ကံကောင်းသွားသည်ဟု ခံစားမိပေ၏။

ကျန်းရွှမ်သည် မည်သည့်အရာကိုမျှ သံသယမဝင်သည်ကိုကြည့်ပြီး လုမင်ရုန်က မေးမြန်းလိုက်သည်။

"မင်း စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်တစ်ခုကို တွေ့သွားပုံရတယ်...ဘယ်လိုလဲ...မင်း စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ပြီလား"

"ငါ့ရဲ့စုပ်ယူမှုအရှိန်နှုန်းက အရမ်းမမြန်ဘူး...ငါက အလယ်အလတ်အဆင့်ကိုပဲရောက်သေးတယ်....အထွတ်အထိပ်အဆင့်ကိုရောက်ဖို့က အရမ်းအလှမ်းကွာဟနေတုန်းပဲ"

ကျန်းရွှမ်က စိတ်အားထက်သန်စွာဖြင့်ရှင်းပြကာ အနည်းငယ်ရှက်ရွံသွားသည်။

သူ၏စုပ်ယူမှုအရှိန်နှုန်းသည် လျှင်မြန်သော်လည်း ရွှမ်ကမ္ဘာသည် ကြီးမားကျယ်ပြန့်ပေ၏။ဤအရာ တစ်ဝက်ခန့်ပြည့်ရန်ပင် မလွယ်ကူလေရာ ပြီးပြည့်စုံရန်အတွက်မှာမူ အလွန်အလှမ်းကွာဟသည်။

ရင်းမြစ်စွမ်းအင်များကို တစ်ရက်လျှင် စွမ်းအင်တန်းတစ်ရာမှနှစ်ရာအထိ စုပ်ယူနိုင်သော နည်းစနစ်သည်ပင် အထင်ကြီးဖွယ်ကောင်းနေလေပြီ။သို့ရာတွင် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော သူသည် ဤအရာကို စံနှုန်းအဖြစ်အသုံးမပြုနိုင်ချေ။ထို့ပြင် သူ့ထံတွင်ရှိနေသည်မှာ ရွှမ်ကမ္ဘာဖြစ်ပြီး ရင်းမြစ်ရေအိုင်တစ်ခုသက်သက် မဟုတ်ချေ။

'အရမ်းမမြန်ဘူးလား....'

'စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်ပဲ ရှိသေးတာလား...'

ယန်ချင်ရှု ဝူလျှူယွင်နှင့်တခြားအကြီးအကဲများအားလုံး မျက်လုံးပြူးသွားသည်။

'မင်းက ငါတို့အားလုံးရဲ့စွမ်းအားတွေကို ခြောက်ခမ်းလုမတတ် ဖြစ်သွားစေပြီးတော့ မိုင်ရာနဲ့ချီအတွင်းက ရင်းမြစ်စွမ်းအင်တွေကို ကုန်ဆုံးသွားစေခဲ့တယ်...ဒါတောင်မှ မင်းက မမြန်ဘူးလို့ ပြောသေးတာလား...'

'ငါရဲ့နှလုံးသား အသည်းနဲ့အဆုတ်တွေ အရမ်းနာနေပြီ'

'တကယ်လို့ မင်းရဲ့စုတ်ယူမှုအရှိန်နှုန်းက မမြန်ဘူးဆိုရင် ငါတို့က ဘာဖြစ်သွားမလဲ'

'တကယ်လို့ မင်း သိုသိုသိပ်သိပ်နေချင်တယ်ဆိုရင်တောင် ဒီလောက်ထိ ဗြောင်ကျကျဟန်ဆောင်နေဖို့ မလိုပါဘူး'

လူများအားလုံးသည် မချင့်မရဲဖြစ်သွားသော်လည်း ကျန်းရွှမ်၏မျက်နှာအမူအယာသည် ရိုးသားစစ်မှန်ပုံရကာ သူပြောသောစကားများ အမှန်ဖြစ်သည်ကို ယုံကြည်ရန် ညွှန်ပြနေသည်အား မြင်တွေ့လိုက်ရသည်။

သူ စွမ်းအင်များကိုစုပ်ယူချိန်၌ နဂါးကိုးကောင်ဝါးမြိုခြင်းသဘာဝလွန်ပုံရိပ်နှင့် ရင်းမြစ်နဂါးမှ ဆင်ကိုဝါးမျိုခြင်းဖြစ်စဥ်တို့ကို ဖြစ်စေခဲ့သော်လည်း ဤသည်မှာ ပျမ်းမျှရလဒ်ဟု သူ တွေးထင်နေသလော...

'မင်း ဟန်ရေးမပြလို့ မရဘူးလား'

"ကျောင်းအုပ်ကြီး...ငါတို့တွေ သူ့ကို အမှန်အတိုင်းပြောသင့်လား"

ကျန်းရွှမ်အား ကောင်းကောင်းရိုက်နှက်လိုစိတ်ကိုချိုးနှိမ်ပြီး ဝူယွင်ကျိုးက တီးတိုးပြောဆိုလိုက်သည်။

"သူ ဟန်ဆောင်နေတာပဲဖြစ်ဖြစ် တကယ့်ကိုသတိမထားမိတာပဲဖြစ်ဖြစ် အရေးမပါဘူး... အမှန်တရားထွက်ပေါ်လာတာနဲ့ ငါတို့နဲ့သူ့အကြားမှာရှိတဲ့ ဆက်ဆံရေးက ခုလောက်ထိ သဘာဝကျတော့မှာ မဟုတ်ဘူး"

လုမင်ရုန်က ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

"ဒါက ချမ်းသာကြွယ်ဝဆုံးလူတစ်ယောက်က သူ့ကိုယ်သူ ဆင်းရဲယောင်ဆောင်ပြီး မင်းနဲ့လာကစားနေတာနဲ့ အတူတူဘဲ...မသိချင်ယောင်ဆောင်တဲ့ လူတွေအားလုံးအတွက် ကိစ္စတွေအားလုံးက ပျော်ဖို့ကောင်းနေလိမ့်မယ်...အမှန်တရားထွက်ပေါ်လာတာနဲ့ အဲ့ဒီဆက်ဆံရေးမှာ သန့်စင်မှု ဆုံးရှုံးသွားလိမ့်မယ်"

ဤသည်မှာ လက်ရှိအခြေအနေပင်။

ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူတို့သည် အမှန်တရားကို အဆောတလျင်ထုတ်ဖော်ပြော၍မရချေ။ထိုသို့မဟုတ်ပါက အကယ်၍ ကျန်းရွှမ်သည်သူ၏ပါရမီအရည်အချင်းကြောင့်သာ သူတို့ခေါ်ဆောင်ထားသည်ကို သိရှိသွားပါက သူတို့၏ယခင်အင်အားစိုက်ထုတ်ခဲ့မှုများအားလုံး အဓိပ္ပါယ်မဲ့သွားပေမည်။

"ငါ နားလည်ပြီ"

ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်၏။

"ငါက စုချောင်နဲ့တခြားလူတွေကိုလည်း သူတို့ရဲ့ပါးစပ်တွေပိတ်ထားဖို့ ညွှန်ကြားလိုက်မယ်"

"အင်း..."

လုမင်ရုန်သည် ခေါင်းညိတ်ပြပြီးနောက်သူ၏ကိုးရိုးကားရားနိုင်မှုကို ကြိုးစား၍ဖုံးကွယ်ကာ သူရှေ့ရှိလူငယ်လေးထံသို့ အာရုံပြန်စိုက်လိုက်သည်။

"ကျင့်ကြံခြင်းမှာ တစ်ဆင့်ပြီးတစ်ဆင့်သွားဖို့လိုတယ်...အလျင်စလို မလုပ်နဲ့"

ထိပ်သီးပါရမီရှင်တစ်ယောက်ကို ဤကဲ့သို့စကားမျိုးပြောဆိုရသည်မှာ အမှန်တကယ် ကိုးယိုးကားရားဆန်ပေ၏။

"ငါ နားလည်ပြီ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ကျောင်းအုပ်ကြီး စိတ်အေးအေးထားပါ...ငါက ပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ မင်းရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမယ်"

'မင်း ဘာမှနားမလည်ပါဘူး'

လုမင်ရုန်သည် တွေးတောလိုက်သော်လည်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုကို ထိန်းသိမ်းထားဆဲပင်။

"ဒါဆိုရင် မင်း ဒီနေရာမှာဆက်ပြီး ကျင့်ကြံမှာလား ဒါမှမဟုတ်...."

"ငါ အခုပြန်တော့မယ်"

ကျန်းရွှမ်သည် လူအများ၏စူးစိုက်ကြည့်နေမှုအောက်တွင် ရှက်ရွံ့လာသဖြင့် အလျင်အမြန်ပြောဆိုလိုက်၏။သူသည် မည်သည့်အာရုံစိုက်မှုကိုမျှ ဆွဲဆောင်လိုခြင်းမရှိသည့်အပြင် တစ်စုံတစ်ခု ပေါ်လွင်သွားရန်လည်း မစွန့်စားလိုချေ။။ပတ်ဝန်းကျင်တွင် ဤမျှထိများပြားသော ထိပ်သီးကျင့်ကြံသူများရှိနေသဖြင့် သူ တက်နိုင်သမျှ သိုသိုသိပ်သိပ်နေသည်မှာ အကောင်းဆုံးဖြစ်ပေမည်။

စာကြည့်တိုက်အတွင်းမှ ကျန်းရွှမ်ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် လုမင်ရုန်တို့လူစုသည် ထပ်မံ၍တောင်မခံနိုင်တော့ချေ။သူတို့သည် မြေပြင်ပေါ်သို့လဲကျသွားကာ အသက်ကိုအမောတကောရှူရှိုက်နေကြ၏။သူတို့၏မျက်နှာများဖြူရော်နေကာ ခြေထောက်များ အားပျော့နေပြီး ကျောင်းအုပ်ကြီးနှင့်အကြီးအကဲများဟူသော သူတို့၏ဂုဏ်သိက္ခာများကို ဆုံးရှုံးသွားစေသည်။

"ဒါက ငါတို့ကိုပင်ပန်းနွမ်းနယ်ပြီး စွမ်းအားတွေကုန်ခမ်းသွားစေတယ် ဆိုပေမယ့် အနည်းဆုံးတော့....သူ့ကြောင့်ဖြစ်လာတဲ့ သဘာဝလွန်ပုံရိပ်ကို ငါတို့ဖုံးကွယ်နိုင်ခဲ့တဲ့အတွက် ဒုက္ခတွေအများကြီးသက်သာသွားပြီ...ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ကြွင်းကျန်တဲ့အဆင့်တွေဖြစ်တဲ့ ကြွက်သားနဲ့ကိုယ်တွင်းအင်္ဂါနယ်ပယ်မှာ ရင်းမြစ်စွမ်းအင်တွေအများကြီး မလိုဘူး...ဒါကြောင့် ငါတို့တွေ သတိထားဖို့ မလိုလောက်ဘူး"

အချိန်တခဏကြာခန့် အနားယူပြီးနောက် လုမင်ရုန်က ပြောဆိုသည်။

"အမှန်ပဲ...အဲ့ဒီကိစ္စက အခက်အခဲရှိမှာမဟုတ်ဘူး"

ဝူယွင်ကျိုးက သဘောတူညီလိုက်သည်။

"ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ကြွက်သားနဲ့ကိုယ်တွင်းအင်္ဂါနယ်ပယ်မှာ အဆင့်တွေအားလုံးအတွက် ကျင့်ကြံသူတစ်ယောက်က ကိုယ်တိုင်တိုးတက်အောင်လုပ်ဖို့ လိုတယ်...ငါတို့ ကူညီပေးဖို့ ထပ်လိုတော့မှာ မဟုတ်ဘူး...ဒီတစ်ကြိမ် ငါတို့ ဖုံးကွယ်ထားနိုင်တာက အဆင်ပြေသွားပြီ"

"ရိုးရိုးသားသားပြောရရင်...သူက တော်တော်လေး သိုသိုသိပ်သိပ်နေပြီးတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို သတိထားတယ်"

လူများအားလုံးသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွင်း၌ ရင်းမြစ်စွမ်းအင်များကို ပထမဆုံးအကြိမ် စုပ်ယူခြင်းသည် ထိန်းချုပ်ရန်ခက်ခဲပြီး ဤကဲ့သို့သိသာထင်ရှားသော ရုန်းရင်းဆန်ခတ်မှုကြီးကို ဖြစ်ပွားစေခဲ့သည်။သို့ရာတွင် သူသည် နောက်ပိုင်းတွင် သူ့ကိုယ်သူ ပို၍ထိန်းချုပ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဤလူငယ်လေးသည် ချစ်ခင်ဖွယ်ကောင်းပြီး သူ့ထံ၌ အပြုအမူကောင်းများ ရှိပုံရသည်။

...

အကြီးအကဲများ၏တိုင်ပင်ဆွေးနွေးနေမှုကို သတိမပြုမိဘဲ ကျန်းရွှမ်သည် စာကြည့်တိုက်မှ ထွက်ခွာလာပြီးနောက် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။

"ကံကောင်းလို့သာပဲ....ငါက စိတ်ကူးပေါက်ပြီးတော့ ကျင့်ကြံတာကို ရပ်လိုက်မိတယ်...မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီးတော့ ဖုံးကွယ်ထားနိုင်တော့မှာလဲ"

သူ ထိုးထွင်းသိမြင်မှုရရှိပြီးနောက် ရွှမ်ကမ္ဘာကိုသာ လုံးလုံးလျားလျား အာရုံစိုက်ထားကာ ပြင်ပ၌ဖြစ်ပျက်နေသော ကိစ္စများကို လျစ်လျူရှုထားခဲ့သည်။ကျောင်းအုပ်ကြီးလုတို့လူစု မည်သည့်အချိန်က ရောက်ရှိနေသည်ကို သူ မသိရှိချေ။သူတို့၏မျက်နှာအမူအယာများအရ အကဲဖြတ်ကြည့်ပါက သူတို့သည် သူနှင့်ပတ်သက်ပြီး မူမမှန်မှုတစ်ခုကိုမျှ သတိမပြုမိပုံမရချေ။

ဤသည်မှာ ကောင်းမွန်သောကိစ္စပင်။ထိုသို့မဟုတ်ပါက သူသည် မည်ကဲ့သို့ရှင်းပြရမည်ကို မသိချေ။

"ငါက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အလယ်အလတ်အဆင့်ကိုပဲ ရောက်သေးပေမယ့် ငါ့ရဲ့ဒဏ်ရာတွေ သိသိသာသာပြန်ကောင်းလာပြီးတော့ ငါ့ရဲ့ခွန်အားလည်း တိုးတက်လာပြီ....အဲ့ဒီထက်ပိုပြီးအရေးကြီးတာက ငါ့မှာစွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အပေါ် နားလည်သဘောပေါက်မှုတွေရခဲ့တာပဲ...ငါ ခရီးထွက်ရကျိုးနပ်ပါတယ်"

ကျန်းရွှမ်သည် အပြုံးနှင့် သူ၏အခန်းထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့သည်။သူ အခန်းထံသို့မရောက်မီ တံခါးဝ၌ အစေခံတယောက်သည် မြင့်မားသောမြင်းတကောင်နှင့်အတူ မတ်တတ်ရပ်နေသည်အား သူ မြင်တွေ့မိသည်။ထိုအစေခံ၏နံဘေးတွင် လှပချောမောသောမိန်းကလေးတစ်ယောက်ရှိကာ သူ့အားစောင့်ဆိုင်းနေပုံရသည်။

ဤသည်မှာ လျှူမင်ယွဲ့နှင့် သူမ၏အဖိုးတန်မြင်းသောက်လီပင်။

All Chapters