ဆုရှင်း ပြန်ရှင်သန်လာခြင်း
Vol. 4 Ch. 52
'တကယ်လို့ သူက ငါ့စကားကို ကောင်းကောင်းနားထောင်မယ်ဆိုရင်...ငါ သူ့ကို သင်ကြားပေးရမယ်"
ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဤမိန်းကလေးသည် မာန်မာနကြီးပြီး ပြဿနာရှာရသည်ကို နှစ်သက်ကာ ရံဖန်ရံခါ ငိုကြွေးလေ့ရှိသဖြင့် သူမကို တပည့်အဖြစ်ခေါ်ရန် သူ့အား ဝန်လေးစေခဲ့သည်။သူ သဘောတူညီခဲ့သော အဓိကအကြောင်းအရင်းမှာ သောက်လီကြောင့်ပင်။
ဆုရှင်း သေဆုံးသွားပြီးနောက် ကျန်းရွှမ်သည် ကြေကွဲဝမ်းနည်းစွာ ပြောဆိုနေစဉ်အတောအတွင်း၌ မိုယွင်ကျောက်စိမ်းကိုအသုံးပြု၍ မြင်း၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားခဲ့သည်။ဆုရှင်းကို အသက်ပြန်သွင်းနိုင်ရန်အတွက် အခွံအဖြစ် မြင်းတကောင်ကို လိုအပ်သည်။သူ့ရှေ့ရှိသောက်လီသည် အကောင်းဆုံးရွေးချယ်ခံပင်။
သန်သောအရိုးများရှိသည့် မိုင်ထောင်ချီမြင်းတစ်ကောင် တိုက်ပွဲဝင်စစ်မြင်းတစ်ကောင်....အချက်တိုင်းသည် ပြီးပြည့်စုံစေ၏။
"ဆရာကျန်း...ငါက သောက်လီကို နင့်ဆီ ခေါ်လာခဲ့ပြီ"
သူ ပြန်ရောက်လာသည်ကိုမြင်တွေ့ချိန်တွင် လျှူမင်ယွဲ့၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာပြီးနောက် သူမ၏လက်နှစ်ဖက်ကိုပူးစုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။ မြင်းကိုကိုင်ထားသော အစေခံသည်လည်း အလျင်စလို ဦးညွှတ်အရိုအသေပြုသည်။
စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် ကျန်းရွှမ်၏မျက်လုံးအကြည့် သောက်လီပေါ်သို့ ကျရောက်သွားသည်။ဆုရှင်းထက်ပို၍ အရပ်မြင့်ပြီး ခမ်းနားထည်ဝါကာ တခြားမိုင်ထောင်ချီမြင်းများအကြား၌ပင် ပေါ်လွင်ထင်ရှားနေပေမည်။
"ဆရာကျန်း...နင်က မြင်းတွေကို ဒီလောက်ထိကြိုက်တာလား....နင် မြင်းစီးရတာကို သဘောကျလား"
သူ၏စူးရှသောအကြည့်ကို မြင်တွေ့ချိန်၌ လျှူမင်ယွဲ့သည် အတွင်းစိတ်မှကြိတ်၍ လှောင်ပြောင်လိုက်သော်လည်း အပေါ်ယံတွင်မူ စိတ်စေတနာကောင်းကို ထိန်းသိမ်းထားကာ သူ့အား မြင်းစီးရန် ဖိတ်ခေါ်လိုက်သည်။သူမသည် အနီးတွင်ရှိနေသော အစေခံကို မသိမသာအချက်ပြလိုက်၏။
သူမ၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သဖြင့် အစေခံသည် ခြေလှမ်းအနည်းငယ်ခန့်နောက်ဆုတ်ကာ သောက်လီအား လျှို့ဝှက်သင်္ကေတတခုကို လုပ်ပြလိုက်သည်။
"အမှန်ပဲ..."
သူတို့နှစ်ယောက်၏ လျှို့ဝှက်လှုပ်ရှားမှုများကို မသိချင်ယောင်ဆောင်ပြီး ကျမ်းရွှမ်က အပြုံးနှင့် သောက်လီထံသို့ ချဉ်းကပ်လိုက်သည်။
ယမန်နေ့က သူသည် မြင်းကို အဝေးကသာမြင်တွေ့ခဲ့ရသည်။သို့ရာတွင် ယခုအနီးကပ်မြင်တွေ့ချိန်၌ အပြစ်ဆိုဖွယ်မရှိသောအမွှေးများ အားကောင်းသောအသက်ရှူနှုန်း သန်မာသောအရိုးအရွတ်များနှင့် ခွန်အားနှင့်သက်လုံကောင်းမွန်သော အရိပ်အယောင်များကို သူ ရှာဖွေတွေ့ရှိမိသည်။
ဟီးး...
သူ ချဉ်းကပ်လာသည်နှင့် သောက်လီသည် ခေါင်းမော့ပြီးဟီလိုက်ကာ ရန်သူတစ်ယောက်ကို အာရုံခံမိသည့်အလားပင်။မြင်း၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့်တောက်ပနေကာ လျှူမင်ယွဲ့နှင့်အစေခံတို့သည် ထိုအရာကိုဖုံးကွယ်နိုင်ရန် ကြိုးစားလိုက်ကြ၏။
ရန်လိုသောစိတ်ထားကို ရိပ်စားမိသဖြင့် ကျန်းရွှမ်သည် သူတို့၏ရည်ရွယ်ချက်ကို နားလည်သွားပြီး မသိမသာပြုံးလိုက်သည်။
"အရင်ကတော့ သက်ရှိတွေအားလုံးမှာ စိတ်ဝိညာဉ်ရှိတာကြောင့် ဒါကို မလုပ်သင့်ဘူးလို့ငါ တွေးခဲ့မိတယ်..ဒါပေမဲ့ ဒီလိုဆိုမှတော့ ငါ တွေဝေမနေတော့ဘူး"
ဆုရှင်း၏စိတ်ဝိဉာဉ်သည် သောက်လီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် မူလစိတ်ဝိညာဥ်ကို ဖျောက်ဖျက်ကာ အစားထိုးရပေမည်။ကျန်းရွှမ်သည် ဆုရှင်း ပြန်ရှင်သန်ရန်အတွက် တခြားမြင်းတကောင်ကိုသတ်ရမည့်အပေါ် အပြစ်ရှိစိတ်ကို ခံစားမိသည်။သို့ရာတွင် သောက်လီ၏ရန်လိုမှုကိုမြင်တွေ့ချိန်၌ သူ၏အပြစ်ရှိစိတ်များအားလုံး ပျက်ပြယ်သွားလေပြီ။
'မင်းက ငါ့ကိုသတ်ချင်တာ မဟုတ်လား...ကောင်းပြီလေ...တကယ်လို့ ငါက မင်းကိုသတ်ရင်လည်း မျှတသွားပြီ'
ဤအတွေးဖြင့် သူ၏လက်ကိုမြှောက်ကာ သောက်လီ၏နဖူးပေါ်သို့ ညင်သာစွာတင်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏စိတ်ဖြင့် ရွှမ်ကမ္ဘာအတွင်းမှ မိုယွင်ကျောက်စိမ်းရှိနေသောနေရာသို့ ဆက်သွယ်လိုက်သည်။
ယမန်နေ့က မြို့အရှင်အိမ်တော်တွင် သူသည် ဆုရှင်း၏အစာအိမ်အတွင်းမှ ဤမိုယွင်ကျောက်စိမ်းကို အထူးသီးသန့်ထုတ်ယူကာ ရွှမ်ကမ္ဘာအတွင်း၌ သိမ်းဆည်းထားခဲ့သည်။ထိုသို့မဟုတ်ပါက သူသည် အိမ်တော်ထိန်းဖုန်းကို အကွက်ဆင်နိုင်မည် မဟုတ်ချေ။
မိုယွင်ကျောက်စိမ်းသည် စိတ်ဝိညာဉ်များကိုသိမ်းဆည်းနိုင်ကာ တိုက်ပွဲစစ်မြေပြင်ရှိ သတ်ဖြတ်လိုခြင်းအရှိန်အဝါများကိုပင် သိမ်းဆည်းထားနိုင်သဖြင့် ဆုရှင်း၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်မည်မှာ သေချာပေါက်ပင်။ဆုရှင်း သေဆုံးသွားချိန်၌ သူသည် မြင်းအား ပို၍သင့်တော်သောပုံစံဖြင့် ပြန်လည်ရှင်သန်နိုင်ရန် အစီအစဥ်ချမှတ်ထားပြီးဖြစ်သည်။
အတွေးတချက်နှင့်အတူ မိုယွင်ကျောက်စိမ်းအတွင်းမှ ဆုရှင်း၏စိတ်ဝိညာဥ်ကို ထုတ်ယူပြီးနောက် သူ၏လက်ဝါးအတွင်းသို့ ရောက်ရှိလာသည်။ထို့နောက် သူသည် သောက်လီအား ညင်သာစွာပုတ်လိုက်သည်နှင့် ဆုရှင်း၏စိတ်ဝိညာဥ်သည် မြင်း၏ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် သောက်လီ၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသော်လည်း စိတ်လှုပ်ရှားမှုနှင့်ဝမ်းသာပျော်ရွှင်မှုအဖြစ်သို့ အလျင်အမြန်ပြောင်းလဲသွားသည်။ဆုရှင်း၏စိတ်ဝိညာဥ်သည် သောက်လီ၏စိတ်ဝိညာဉ်ကို အောင်မြင်စွာဝါးမြိုပြီး အစားထိုးနိုင်ခဲ့လေပြီ။
ကျန်းရွှမ်သည် မြင်း၏အနီးသို့ ချဥ်းကပ်သွားချိန်မှ စိတ်ဝိညာဥ်အစားထိုးပြီးသည့် အချိန်အထိ အသက်ဆယ်ရှိုက်စာထက် ပိုမကြာခဲ့ချေ။ လျှူမင်ယွဲ့နှင့်အစေခံတို့သည် ဤကိစ္စကို သတိပြုမိခြင်းမရှိချေ။မြင်းပေါ်တက်ရန်ဟန်ပြင်နေသော ကျန်းရွှမ်ကိုကြည့်ပြီး သူမသည် စိတ်လှုပ်ရှားမှုကြောင့် လက်သီးဆုပ်ထားကာ အစေခံအား ထပ်မံ၍အချက်ပြလိုက်သည်။
သူမ၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သဖြင့် အစေခံသည် ကျန်းရွှမ်ကို ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"ဆရာကျန်း...တကယ်လို့ မင်း မြင်းစီးချင်တယ်ဆိုရင် ငါက မင်းအတွက် မြင်းကို ဒူးထောက်ခိုင်းလို့ရတယ်....ဒါပေမဲ့ မြင်းရဲ့ခြေထောက်တစ်ဖက်မှာ ဒဏ်ရာရှိနေတယ်ဆိုတာ ငါ မင်းကိုကြိုပြီးအသိပေးပါ့ရစေ"
"မြင်းက ဒဏ်ရာရထားတာလား"
ကျန်းရွှမ်က မေးမြန်းသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက မြင်း အစာစားနေတုန်း တခုခုနဲ့ခြစ်မိသွားတယ်....မြင်းကို ကောင်းကောင်းအနားပေးလိုက်ရင် ရက်အနည်းငယ်အတွင်းမှာ ပြန်ကောင်းလာမှာပါ"
အစေခံက သောက်လီနောက်သို့သွားပြီး မြင်း၏ခြေထောက်ပေါ်ရှိ နေရာတစ်နေရာကိုလက်ညှိုးညွှန်ပြကာ ရှင်းပြလေ၏။
သူ လက်ညှိုးညွန်သောနေရာသည် မြင်း၏ခန္ဓာကိုယ်၌ အလွန်ချောင်ကျသောနေရာပင်။ထိုနေရာကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ရန်အတွက် ကျန်းရွှမ်သည် မြင်း၏နောက်မှ သွားကြည့်ရန် လိုအပ်သည်။ဤသည်မှာ လျှူမင်ယွဲ့နှင့်အစေခံတို့၏အကြံအစည်မှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျန်းရွှန်သည် သောက်လီကန်နိုင်သောနေရာသို့ ရောက်ရှိသွားစေရန် ရည်ရွယ်ထားသည်။
"ခြေထောက်မှာ ဒဏ်ရာရှိနေတာက မြင်းရဲ့ပုံပန်းသွင်ပြင်ကို ထိခိုက်စေတယ်...ငါ တစ်ချက်ကြည့်ကြည့်မယ်"
ကျန်းရွှမ်သည် ငြင်းဆန်ခြင်းမပြုဘဲ အစေခံညွှန်ပြသောနေရာထံသို့ လျှောက်လှမ်းသွားလိုက်သည်။အမှန်တကယ်ကိုပင် သောက်လီ၏နောက်ခြေထောက်၌ ခပ်စောင်းစောင်းဒဏ်ရာတစ်ခုရှိသည်ကို သူ မြင်တွေ့မိသည်။ဤ ဒဏ်ရာသည် ကြီးမားခြင်းမရှိ နက်ခြင်းလည်းမရှိဘဲ မကြာသေးမီကမှ လှီးဖြတ်ထားပုံရသည်။ ဤသည်မှာ သူ့ကို မျှားခေါ်ရန်အတွက် ဖြစ်ပေမည်။
သူ ငါးစားလာဟပ်သည်ကိုကြည့်ပြီး လျှူမင်ယွဲ့၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။သူမသည် အစေခံအား တတိယအကြိမ် အချက်ပြလိုက်၏။
အစေခံသည် ခေါင်းညိတ်ပြပြီးနောက် သောက်လီကိုကြည့်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဤသည်မှာ ကြိုတင်စီစဉ်ထားသောအချက်ပြမှုပင်။ဤအချက်ပေးသင်္ကေတကို မြင်တွေ့သည်နှင့် သောက်လီသည် နောက်ခွာကိုမြှောက်ကာ အရှိန်ပြင်းပြင်းဖြင့် ဤအရံဆရာအား ကန်ထုတ်ပေမည်။
သို့ရာတွင် အချက်ပေးသင်္ကေတကိုပြပြီးသည့်တိုင် သောက်လီသည် မလှုပ်မယှက်ငြိမ်သက်နေဆဲဖြစ်ကာ မည်သည့်အရာကိုမျှ မမြင်တွေ့သည့်အလားပင်။
"...."
လျှူမင်ယွဲ့နှင့်အစေခံတို့နှစ်ယောက်လုံး ကြက်သေသေသွားသည်။
သောက်လီသည် အချက်ပေးမှုကို မမြင်မည်အား စိုးရိမ်သဖြင့် အစေခံသည် ထပ်ခါတလဲလဲလုပ်ပြသော်လည်း မြင်းထံမှ တုံ့ပြန်မှုရှိမနေဆဲပင်။
သူတို့၏လျှို့ဝှက်လှုပ်ရှားမှုများကို မမြင်ချင်ယောင်ဆောင်ပြီး ကျန်းရွှမ်က ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ခဏနေအုံး...ဒီဒဏ်ရာနဲ့ပတ်သက်ပြီး တခုခုမှားနေပြီ....မင်ယွဲ့ ဒီနေရာကို တစ်ချက်လာကြည့်အုံး....ဒါက မတော်တဆမဟုတ်ဘဲနဲ့ တမင်သက်သက် လှီးဖြတ်ထားတဲ့ပုံပဲ"
"အမ်..."
လျှူမင်ယွဲ့သည် တွန့်ဆုတ်စွာဖြင့် ဒဏ်ရာကိုစစ်ဆေးရန် မြင်း၏အနီးသို့ ချဉ်းကပ်သွားလိုက်သည်။ဤသည်မှာ တမင်သက်သက်လှီးဖြတ်ထားသည့် ဒဏ်ရာဖြစ်ကြောင်း သိရှိထားသဖြင့် သူမက ကိုးယိုးကားရားအပြုံးတစ်ခုကိုအားတင်း၍ ပြုံးလိုက်၏။
"ဒါက တမင်သက်သက် လှီးဖြတ်ထားပုံရပေမယ့် ဒဏ်ရာကြီးတစ်ခုမဟုတ်ဘူး...ဒါက အဆင်ပြေမှာပါ"
သူမသည် စကားပြောဆိုရင်း အစေခံကို ထပ်မံ၍အချက်ပြလိုက်သည်။
အစေခံသည် ခေါင်းညိတ်ပြပြီးနောက် သောက်လီ သတိပြုမိသွားစေရန်အတွက် ရှေ့သို့တိုးကာ သူ၏လက်ကို ထပ်ခါတလဲလဲဝှေ့ယမ်းပြလိုက်၏။
ဤတစ်ကြိမ်၌ သောက်လီသည် နားလည်သဘောပေါက်သွားပုံရကာ ကျယ်လောင်သောမြင်းဟီသံတစ်သံနှင့်အတူ သောက်လီက နောက်ခြေထောက်ကိုမြှောက်ကာ ပြင်းပြင်းထန်ထန်ကန်လိုက်သည်
"ဒါက..."
လျှူမင်ယွဲ့ အသိမဝင်သေးမီမှာပင် သူမ၏မြင်ကွင်းအတွင်း၌ ကြီးမားသောမြင်းခွာကြီးဖြင့် ပြည့်သွားပြီး သူမ၏အမြင်အာရုံ မှောင်မည်းသွားသည်။
ဘုန်း...
သူမသည်လွင့်ထွက်သွားကာ ဖူးယောင်နေသောမျက်နှာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏ဣန္ဒြေ ပျက်ပြားသွားသည်။
"သခင်မလေး...."
အစေခံသည် နေရာမှာပင် ကြက်သေသေနေလေ၏။
ဤမြင်းအား ကျန်းရွှမ်ကိုကန်ရန် အချက်ပြခြင်းဖြစ်သော်လည်း ထိုအစား သခင်မလေးကို ကန်ခဲ့သည်။ဤသည်မှာ ပြဿနာကြီးတစ်ခုပင်။
"ပစ်မှတ်မှားသွားပြီ"
အစေခံသည် သောက်လီ၏နားကိုဆွဲပြီး တီးတိုးပြောဆိုလိုက်သည်။သူ၏စကားမဆုံးသေးမီမှာပင် သောက်လီ၏ရှေ့ခြေထောက်သည် သူ့အား ပစ်မှတ်ထားလာပေ၏။
"....."
တုံ့ပြန်ရန်အချိန်မရရှိသဖြင့် အစေခံသည် လျှုမင်ယွဲ့အတိုင်း လွင့်ထွက်သွားကာ မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဟီး...ဟီး..ဟီး...
သောက်လီက စိတ်လှုပ်ရှားစွာဖြင့် ဟီလိုက်ကာ 'ငါ ဒီတစ်ကြိမ်လုပ်တာ မှန်တယ်မလား'ဟု ပြောနေသည့်အလားပင်။
'ငါ့ခြေထောက်ကြီးကိုပဲ မှန်လိုက်...'
လျှူမင်ယွဲ့၏ခန္ဓာကိုယ် တုန်ရီနေကာ သူမ၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့်ပြည့်နှက်နေသည်။တိရစ္ဆာန်များသည် အမှန်တကယ်ကို ယုံကြည်အားကိုး၍မရချေ။