← Chapters

သူက ထပ်ပြီးယုံလို့မရတော့ပြန်ဘူး

Vol. 4 Ch. 54

သူက ထပ်ပြီးယုံလို့မရတော့ပြန်ဘူး

Vol. 4 Ch. 54

မိုယန်ရွှယ်၏အခန်း၌....

သူမ၏သူငယ်ချင်းသည် ရင်းမြစ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူကာ အချိန်နှင့်အမျှ ပို၍သန်မာအားကောင်းလာသည်ကိုကြည့်ပြီး ယုရှောင်ယွီမျက်လုံးအတွင်း၌ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။သူမ ဤနေရာသို့ရောက်ရှိနေသည်မှာ ကျောင်းအုပ်ကြီးလုမင်ရုန်သည် မိုယန်ရွှယ်၏မီးပြင်းဖိုကို ကူညီ၍ ထွန်းညှိပေးစဉ် အချိန်ကတည်းကပင်။ကံအကြောင်းမလှစွာဖြင့် သူမသည် ကျောင်းအုပ်ကြီး၏တပည့်မဟုတ်သဖြင့် သူ့ထံမှ အကူအညီရရန် အရည်အချင်းမပြည့်မီခဲ့ချေ။ထိုသို့မဟုတ်ပါက သူမသည်လည်း သူမ၏သူငယ်ချင်းကောင်းနှင့်တူညီစွာ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပေမည်။

သူမအား မြင်းထိန်းတစ်ယောက်၏လက်အောက်တွင် တပည့်ခံစေခဲ့သော သူမဖခင်၏ဆုံးဖြတ်ချက်ကို သူမ နားလည်သဘောပေါက်ခြင်းမရှိချေ။သူသည် မြို့အရှင်တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ ညံ့ဖျင်းသောအကဲဖြတ်မှု ရှိနေပေ၏။

သူမ၏သိချင်စိတ်ပြင်းပြမှုကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့သဖြင့် ယုရှောင်ယွီက မေးမြန်းလိုက်သည်။

"ယန်ရွှယ်....ငါ့ကို ပြောပြစမ်းပါ....နင့်ရဲ့အထွတ်အထိပ်အဆင့် မီးပြင်းဖိုနဲ့ နင် တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်း ဘယ်လောက်များများ စုပ်ယူနိုင်လဲ"

မိုယန်ရွှယ်က စွမ်းအင်များစုပ်ယူနေခြင်းကိုရပ်တန့်ပြီး အပြုံးနှင့်ပြောဆိုသည်။

"အခုလက်ရှိနှုန်းအရဆိုရင် တစ်ရက်ကို စွမ်းအင်တန်း တစ်ရာ့လေးဆယ်လောက်ရှိမယ်"

"စွမ်းအင်တန်း တစ်ရာ့လေးဆယ်လား"

ယုရှောင်ယွီ၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ငါ့ရဲ့အဖေ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကို ပထမဆုံးရောက်တဲ့အချိန်က တစ်ရက်ကို စွမ်းအင်တန်း တစ်ရာသုံးဆယ့်ခုနစ်တန်းပဲ စုပ်ယူနိုင်ခဲ့တယ်....ဒါတောင် စံချိန်တစ်ခု ဖြစ်နေပြီ....နင်က သူ့ထက်တောင် သာတာလား"

"ဒါက ဘာလို့လဲဆိုတော့ ကျောင်းအုပ်ကြီးလုက ငါ့ရဲ့မီးပြင်းဖိုကို ထွန်းညှိဖို့အတွက် ကူညီပေးခဲ့လို့ပဲ....နင် သိထားတဲ့အတိုင်းပဲ...တူညီတဲ့မီးစာကိုသုံးရင်တောင် မီးထွန်းညှိသူရဲ့ခွန်အားနဲ့နည်းစနစ်က ရလဒ်အပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်"

မိုယန်ရွှယ်က ဖြည့်စွက်၍ပြောဆိုသည်။

"ဒါက အမှန်ပဲ"

ယုရှောင်ယွီ မျက်နှာပျက်သွားသည်။ကျင့်ကြံသူတစ်ယောက်၏ပါရမီအရည်အချင်း မီးထွန်းညှိရန်မီးစာ မီးထွန်းညှိသည့်နည်းလမ်း မီးထွန်းညှိသူ၏နည်းစနစ်စသည့် အဆင့်တိုင်းသည် မီးပြင်းဖိုတစ်လုံးအတွက် အလွန်အရေးပါသည်။ နောက်ဆုံးအဆင့်သည် အရေးအကြီးဆုံးဖြစ်ကာ အဆုံးအဖြတ်ဟု ပြောနိုင်သည်။သူမ၏သူငယ်ချင်းကောင်းသည် ကျောင်းအုပ်ကြီး၏အကူအညီကိုရရှိပြီး သူမကမူ မြင်းထိန်းတစ်ယောက်ကို မှီခိုအားထားရပေမည်။သူမသည် ဤကိစ္စနှင့်ပတ်သက်ပြီး တွေးတောမိလေလေ ပို၍စိတ်ဓာတ်ကျသွားလေလေပင်။

"ကျန်းရွှမ်ရဲ့လက်အောက်မှာ နင့်ကိုတပည့်ခံစေတဲ့အတွက် နင့်ရဲ့အဖေ့မှာ အကြောင်းအရင်းတွေ ရှိနေနိုင်တယ်....သူက နင့်လို ပါရမီအရည်အချင်းရှိတဲ့လူမျိုးကို နိမ့်ပါးတဲ့အစပျိုးမှုမျိုး အဖြစ်ခံမှာမဟုတ်ဘူး....ဘာမှ မစိုးရိမ်နဲ့"

မိုယန်ရွှယ်သည် သူမသူငယ်ချင်း၏အတွေးများကို သတိပြုမိသဖြင့် နှစ်သိမ့်ပေးလိုက်၏။

"ဟူး မျှော်လင့်ရတာပဲ...."

ယုရှောင်ယွီက သက်ပြင်းရှိုက်ပြီးနောက် သူမ၏သူငယ်ချင်းကို နှုတ်ဆက်စကားပြောဆိုကာ သူမ၏အခန်းသို့ ပြန်လာခဲ့သည်။ထိုအချိန်မှာပင် တံခါးဝ၌ အကြံပေးလျောင်စောင့်ဆိုင်းနေသည်ကို သူမ မြင်တွေ့မိလေ၏။

"သခင်မလေး..."

အကြံပေးလျောင်က ဦးညွှတ်အရိုအသေပြုပြီးနောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"မြို့အရှင်က မင်းအတွက် မီးပြင်းဖိုထွန်းညှိဖို့မီးစာဖြစ်တဲ့ ကောင်းကင်ကံကြမ္မာသားရဲထဲက ချင်ကွမ်းသားရဲသွေးကို လာပို့ခိုင်းလို့ပါ"

ယုရှောင်ယွီ၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။

"ချင်ကွမ်းသားရဲသွေးလား....ဒါက သွေးတစ်ပုလင်းကို ရင်းမြစ်ဒင်္ဂါးတစ်သိန်းတန်တဲ့ လင်းယွမ်သားရဲသွေးထက်တောင် ပိုပြီးဈေးကြီးတယ်မဟုတ်လား"

အကြံပေးလျောင်က ခေါင်းညိတ်ပြသည်။

"သွေးတစ်ပုလင်းအတွက် ရင်းမြစ်ဒင်္ဂါးသုံးသိန်း ကျသင့်တယ်"

ယုရှောင်ယွီသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ဆွံ့အသွားပေ၏။ကျောင်းအုပ်ကြီးသည် ကျန်းရွှမ်ကို လစာငွေရင်းမြစ်ဒင်္ဂါးငါးထောင်ပေးရန် တိုင်ပင်ခဲ့စဉ်က အကြီးအကဲများ၏ဟန့်တားခြင်းကို ခံခဲ့ရသည်။သွေးတစ်ပုလင်းအတွက် ရင်းမြစ်ဒင်္ဂါးသုံးသိန်းကျော် ကျသင့်ခြင်းသည် မိုးထိမြင့်မားသော ဈေးနှုန်းတစ်ခုပင်။

"အဖေက ဒီလိုအဖိုးတန်ရှားပါတဲ့ သားရဲသွေးမျိုးကို ပြင်ဆင်ထားမှတော့...သူက ဘာလို့ ငါ့ကို မြင်းထိန်းတစ်ယောက်ဆီမှာ တပည့်ခံခိုင်းဖို့ ခေါင်းမာနေတာလဲ"

ယုရှောင်ယွီက နှုတ်ခမ်းစူပြီး မကျေမနပ်ဖြင့်ပြောဆိုသည်။

"မြို့အရှင်မှာ ဒီလိုလုပ်ရတဲ့အတွက် အကြောင်းအရင်းရှိပါတယ် ...သူက မင်း အဲ့ဒီမြင်းထိန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခုရအောင် ထိန်းသိမ်းထားပြီးတော့ သူ့အပေါ်မှာ ဘယ်တော့မှ အထင်မသေးရဘူးလို့ မှာလိုက်တယ်"

အကြံပေးလျောင်က မြို့အရှင်ယု၏ညွှန်ကြားချက်အတိုင်း တသွေမတိမ်း ပြောဆိုလိုက်သည်။

အချိန်တစ်ခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ယုရှောင်ယွီက ပြောဆိုလေ၏။

"သူက ငါ့အဖေရဲ့အမဲလိုက်လင်းယုန်ကို ယဉ်ပါးအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ငါ သူ့ကို အထင်မသေးဘူး...မနက်ဖြန်ကျရင် သူက ပထမဆုံးသင်ခန်းစာကို သင်ကြားပေးပြီးတော့ ငါ့အတွက် မီးပြင်းဖိုထွန်းညှိပေးမယ်လို့ လျှူမင်ယွဲ့က ငါ့ကို ပြောတယ်... ငါ စိုးရိမ်မိတာက သူက အခုမှ သင်ကြားမှုစတင်တာကြောင့် မီးပြင်းဖိုကို ဘယ်လိုကောင်းကောင်းထွန်းညှိရမယ်ဆိုတာ သိမှာမဟုတ်ဘူး...ဒါဆိုရင် သားရဲသွေးရဲ့စွမ်းအားတွေ ကျဆင်းသွားနိုင်တယ်"

စားဖိုမှူးကောင်းတစ်ယောက်သည် ထိပ်တန်းအရည်အသွေးရှိသော ပါဝင်ပစ္စည်းများမှတဆင့် အရသာရှိသောဟင်းလျာတပွဲကို ပြုလုပ်နိုင်သည်။သို့ရာတွင် ညံ့ဖျင်းသောစားဖိုမှူးတစ်ယောက်အတွက်မူ ဤသည်မှာ ဖြုန်းတီးခြင်းပင်။အကယ်၍ ကျန်းရွှမ်ထံ၌ အရည်အချင်းမရှိပါက ဤအဖိုးတန်သောသားရဲသွေးသည် အလဟဿ ဖြစ်သွားပေမည်။

သူမ၏စိုးရိမ်ပူပန်မှုများကိုကြည့်ပြီး အကြံပေးလျောင်သည် သူ၏ဝတ်ရုံလက်ကြားမှ နောက်ထပ်ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ပေးလေသည်။

"သခင်မလေး ဘာမှမစိုးရိမ်နဲ့...မြို့အရှင်က အဲ့ဒီကိစ္စအတွက် စဉ်းစားထားပြီးပြီ...ဒါက လော့ကျစ်ငှက်သွေးပဲ....ဒါက ချင်ကွမ်းသားရဲသွေးနဲ့ ဆင်တူပေမယ့် အရမ်းသာမန်ဆန်ပြီးတော့ မီးပြင်းဖိုကို ဘယ်လိုမှ ထွန်းညှိနိုင်မှာ မဟုတ်ဘူး...မနက်ဖြန်ကျရင် မင်း လုပ်ဖို့လိုအပ်တာက ဒီသွေးစက်ကို ဆရာကျန်းဆီပေးပြီးတော့ သူရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာကျင့်ကြံပြီး မီးပြင်းဖိုကိုထွန်းညှိနိုင်ယောင်ဆောင်ဖို့ပဲ"

"ဘာလို့လဲ"

ယုရှောင်ယွီသည် အံ့အားသင့်သွားကာ လုံးလုံးလျားလျားဇဝေဇဝါဖြစ်သွားသည်။

ဟန်ဆောင်ရမည်ဟု ဆိုသလော။ဤသည်မှာ မြို့အရှင်၏သမီးဖြစ်သော သူမအတွက် ထူးခြားသောစကားလုံးပင်။

အကြံပေးလျောင်က ရှင်းပြသည်။

"ဆရာသစ်တစ်ယောက်ရဲ့ ပထမဆုံးသင်ခန်းကို လူသူအများရှေ့မှာ အမြဲတမ်းသင်ကြားရပြီးတော့ ဆရာတွေနဲ့ကျောင်းသားတွေရဲ့ရှေ့မှာ သူတို့ရဲ့အရည်အချင်းတွေကို သရုပ်ပြရတယ်...ဒါက ဆရာကျန်းကို မျက်နှာတချို့ရစေပြီးတော့ သူ အရှက်ရမယ့်ကိစ္စကနေ ကာကွယ်နိုင်ဖို့အတွက်ပဲ.....ဘာမှ မစိုးရိမ်ပါနဲ့...မနက်ဖြန်ညနေကျရင် မြို့အရှင်ကိုယ်တိုင် မင်းဆီရောက်လာပြီးတော့ ချင်ကွမ်းသားရဲသွေးနဲ့ မင်းရဲ့မီးပြင်းဖိုကို မီးထွန်းညှိပြီး စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်ကို အမှန်တကယ်ရောက်စေလိမ့်မယ်....ဒါက ဆက်ဆံရေးတွေကို ထိန်းသိမ်းထားဖို့အတွက်ပါပဲ"

"ဒါဆိုရင်လည်း ကောင်းပြီလေ"

သူမ၏ဖခင်ကိုယ်တိုင် ရောက်ရှိလာမည်ဟုကြားချိန်၌ ယုရှောင်ယွီက စိတ်ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။သူမဖခင်၏စွမ်းအားသည် ကျောင်းအုပ်ကြီးလုထက်ပင် သာလွန်သဖြင့် သူမသည်လည်း ရင်းမြစ်စွမ်းအင်များစုပ်ယူရာ၌ သူမ၏သူငယ်ချင်းကောင်းထက်သာလွန်ကာ ကျောင်းသားသစ်များအကြား၌ ထိပ်သီးတစ်ယောက် ဖြစ်လာပေလိမ့်မည်။

"ဒါ့ပြင် ဆရာကျန်းကို မျက်နှာသာများများပေးဖို့မှတ်ထားပေးပါ...မင်း သူကို ပိုပြီးလွန်လွန်ကျူးကျူး ချီးကျူးနိုင်လေလေ မင်းအပေါ် သူ့ရဲ့အမြင် ပိုကောင်းလာလေလေဖြစ်လိမ့်မယ်"

အကြံပေးလျောင်က ညွှန်ကြားလိုက်သည်။

"ဘာမှမစိုးရိမ်နဲ့...ငါ နားလည်တယ်"

ယုရှောင်ယွီက သူမ၏လက်ကိုပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။သူမဖခင်၏လုပ်ရပ်များအပေါ် သူမ အပြည့်အဝနားလည်သဘောပေါက်ခြင်းမရှိသော်လည်း သူမသည် မြို့အရှင်အိမ်တော်၌ ကြီးပြင်းလာသူဖြစ်သဖြင့် အကွက်ချကြံစည်မှုနှင့်ခြေပုန်းခုတ်မှုအမြောက်အများကို မြင်တွေ့ပြီးဖြစ်သည်။ဤကဲ့သို့အခြေအနေတစ်ခုကို ကိုင်တွယ်ရာမှာ သူမအတွက် အလွန်လွယ်ကူသည်။

"မင်း ဘာပြောလိုက်တာလဲ...ငါ့ရဲ့ညီမက မြင်းထိန်ကနေ အရံဆရာတစ်ယောက်ဖြစ်သွားတဲ့ ကျန်းရွှမ်ရဲ့လက်အောက်မှာ တပည့်ခံနေတာလား"

အဖြူရောင်ကျောက်တုံးကျောင်းတော်အတွင်းရှိ သူ၏အခန်းအတွင်း၌ ယုဖုန်း၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့သဖြင့် ယမန်နေ့ကကျင်းပခဲ့သော သူ့ညီမ၏အကဲဖြတ်စစ်ဆေးမှုကို လွဲချော်သွားခဲ့သည်။တစ်ရက်တည်းဖြင့် ဤကဲ့သို့ ကြီးမားသောကိစ္စတစ်ခု ဖြစ်ပွားသွားသည်ကို သူ မယုံကြည်နိုင်ချေ။

"အမှန်ပဲ....အဲ့ဒီမြင်းထိန်းက မြို့အရှင်ကို ဒီလိုဆုံးဖြတ်ချက်မျိုးချအောင် လှည့်စားလိုက်တာပဲဖြစ်မယ်...သူ့ရဲ့အစ်ကိုတစ်ယောက်ဖြစ်တဲ့မင်းက ရှောင်ယွီကို ဒီလိုမျိုးခံစားခွင့် မပြုသင့်ဘူး"

ကျောင်းသားများအကြားမှနေ၍ ချန်းဟောင်၏ဒေါသတကြီးပြောဆိုလိုက်သောအသံ ထွက်ပေါ်လာသည်။သူသည် ထိပ်သီးမိသားစုကြီးသုံးစုအနက်မှတစ်စုဖြစ်သော ချန်းမိသားစု၏သခင်လေးပင်။

"ဘာတွေဖြစ်သွားတာလဲ...ငါ့ကို အတိအကျပြောစမ်း"

ယုဖုန်းက အသေးစိတ်ကျကျမေးမြန်းသည်။အခြေအနေတစ်ခုလုံးကို နှံ့နှံ့စပ်စပ်နားလည်သဘောပေါက်သွားပြီးနောက် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။

"မင်းပြောတဲ့ မြင်းထိန်းက ငါ မနေ့ကတွေ့ဖူးတဲ့လူဖြစ်လိမ့်မယ်...သူက ရင်းမြစ်ရေအိုင် ဘယ်နေရာမှာရှိတယ်ဆိုတာကိုတောင် မသိဘူး...သူက ဘာကိုမှမသိဘဲနဲ့ ငါ့ရဲ့ညီမကို တပည့်အဖြစ် လက်ခံရဲတယ်...အတင့်ရဲလှချည်လား..."

ယခင်က သူ၏ညီမအတွက် ရှေ့ထွက်ပေးခဲ့သောကြောင့် ကျန်းရွှမ်အပေါ်တွင် သူ အမြင်ကောင်းတချို့ရှိခဲ့သည်။ယခုအချိန်၌ ဤအမြင်ကောင်းသည် အောက်ခြေထိ ကျဆင်းသွားလေပြီ။မောက်မာထောင်လွှားသော အစေခံတယောက်သည် သူ့ညီမ၏ဆရာအဖြစ် ခံယူဝံ့သည်။အကယ်၍ ဤသည်မှာ သူ့ဖခင်၏တောင်းဆိုချက်ဖြစ်နေလျင်ပင် ကျန်းရွှမ်သည် မည်သည်ကြောင့် သဘောတူညီခဲ့သနည်း။

'ဘယ်လောက်တောင် ဒေါသထွက်ဖို့ ကောင်းလိုက်လဲ'

"သူကမနက်ဖြန်ကျရင် လူပုံလယ်မှာ သင်ခန်းစာပို့ချရမှာ မဟုတ်လား....လိုအပ်တဲ့ အရည်အချင်းမရှိဘဲနဲ့ ဆရာတစ်ယောက်ဖြစ်လာတာရဲ့ အကျိုးဆက်တွေကို သူ သိအောင် ငါ လုပ်ပြမယ်"

ယုဖုန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ချန်းဟောင်၏မျက်လုံးများ တောက်ပသွားသည်။

"ငါက မနက်ဖြန်ကျရင် အတန်းဖော်တွေအားလုံးကို တက်နိုင်သလောက်စုစည်းပြီးတော့ သူ့ရဲ့သင်ကြားမှုကို သွားကြည့်ပြီး သူ့ကို အရှက်ရအောင်လုပ်မယ်"

"ကောင်းပြီလေ"

ယုဖုန်းသည် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဟတ်ချိုး...."

ခြံဝန်းငယ်လေးအတွင်းတွင် ကျန်းရွှမ်က နှာတစ်ချက်ချေလိုက်သည်။ယခုအချိန်၌ သူ၏အကြောင်းကို မည်သူ ပြောဆိုနေသနည်း။

"ဟူး စိတ်ထဲမထားတာ ကောင်းတယ်"

ထို့နောက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် သူ၏မျက်လုံးအကြည့် ရှေ့သို့တန်းတန်းမတ်မတ်ကျရောက်သွားသည်။

"ငါက မီးပြင်းဖိုကို ဘယ်လိုထွန်းညှိရမလဲဆိုတာ ငါ့အတွက်ပဲ သင်ယူခဲ့တာ...တခြားလူတွေအတွက် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ ငါ မသိဘူး....ဆရာတစ်ယောက်အနေနဲ့ ငါက ပေါ့ဆလို့မဖြစ်ဘူး...မနက်ဖြန် သင်ခန်းစာသင်တဲ့အချိန်ကျရင် ငါ အမှားမလုပ်မိမှာ သေချာအောင်လုပ်ရမယ်...ငါ မင်းနဲ့လေ့ကျင့်ရင် ဘယ်လိုဖြစ်နိုင်မလဲ...ငါက မင်းအတွက်လည်း မီးပြင်းဖိုတစ်လုံး ထွန်းညှိပေးမယ်"

သောက်လီသည် ရင်းမြစ်သားရဲတစ်ကောင် မဟုတ်သော်လည်း မိုင်းထောင်ချီမြင်းတစ်ကောင်ဖြစ်သဖြင့် အလွန်နီးစပ်သည်။အကယ်၍ မြင်းသည် ရင်းမြစ်စွမ်းအင်များကို စုပ်ယူနိုင်ပါက တိုက်ရိုက်အသွင်ပြောင်းမှုတစ်ခုနှင့် ကြုံတွေ့ရပေမည်။

"...."

သောက်လီသည် တောင့်တင်းသွားလေ၏။မြင်းတကောင်ကို ကျင့်ကြံနိုင်ရန်အတွက် မီးပြင်းဖိုကို ကူညီပြီး ထွန်းညှိပေးမည်ဟု ဆိုသလော။

'ဒီလူက ထပ်ပြီးယုံလို့မရတော့ပြန်ဘူး'

All Chapters