← Chapters

ငါတို့ စောင့်ကြည့်သင့်လား

Vol. 4 Ch. 56

ငါတို့ စောင့်ကြည့်သင့်လား

Vol. 4 Ch. 56

"မဆိုးပါဘူး..."

ပတ်ဝန်းကျင်ရှိ တိုင်ပင်ဆွေးနွေးနေသံများကိုကြားချိန်၌ ကျန်းရွှမ်က ဤမီးစာနှစ်ခုသည် အလွန်အမင်းအဖိုးတန်သည်ကို နားလည်သွားသဖြင့် စိတ်ကျေနပ်သွားကာ ခေါင်းညိတ်လိုက်သည်။

"အဆင်သင့်ပြင်ကြတော့....ငါက အခုချက်ချင်းမင်းတို့အတွက် မီးပြင်းဖိုကို ထွန်းညှိပေးမယ်"

"ဟုတ်ကဲ့..."

ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြ၏။သူမတို့တစ်ယောက်ခြင်းစီထံတွင် သူမတို့၏ကိုယ်ပိုင် အကြံအစည်များရှိနေသည်။

ယုရှောင်ယွီအတွက် လော့ကျစ်ငှက်သွေးသည် မီးပြင်းဖိုထွန်းညှိရာ၌ ကျရှုံးမည်မှာ သေချာပေါက်ပင်။ထို့ကြောင့် သူမ ဟန်ဆောင်ရန်အတွက် အလွန်လွယ်ကူသည်။

လျှူမင်ယွဲ့အတွက်ကမူ ဟန်ပေလိပ်သွေးသည်လည်း မီးပြင်းဖိုထွန်းညှိရာ၌ ကျရှုံးနိုင်ချေ မြင့်မားသောအရာပင်။အကယ်၍ မီးပြင်းဖိုကို ထွန်းညှိနိုင်လျှင်ပင် သူမ ဝန်ခံမည်မဟုတ်ချေ။

ယမန်နေ့က သူသည် သူမအား အရှက်ရစေခဲ့သဖြင့် ယခုအချိန်တွင် လူများအားလုံး၏ရှေ့၌ သူ အရှက်ကွဲသည်ကို သူမ မြင်တွေ့လိုသည်။

သူတို့တစ်ယောက်ခြင်းစီထံတွင် ကိုယ်ပိုင်အတွေးများရှိနေကာ ပြင်ဆင်ထားသော သွေးပုလင်းများကို လက်ကမ်းပေးပြီးနောက် ပလ္လင်ခွေထိုင်လိုက်ကြ၏။

"စကြစို့..."

သူမတို့၏အတွေးများကို သတိမပြုမိဘဲ ကျန်းရွှမ်သည် ပုလင်းအဖုံးများကို ပေါ့ပေါ့ပါးပါးဖွင့်လိုက်ရာ သွေးပုလင်းနှစ်ခုအတွင်းမှ ပြင်းထန်သောစွမ်းအားများကို ခံစားမိသည်။သူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်ချောင်းများကို ညင်သာစွာလှုပ်ခတ်လိုက်ရာ သွေးစက်နှစ်စက်မျောလွင့်လာပြီး သူ၏လက်ချောင်းထိပ်၌ ပျံ့လွင့်နေပေ၏။သူ၏လက်ကို ညင်သာစွာတစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ထိုသွေးတစ်စက်စီသည် မိန်းကလေးနှစ်ယောက်၏နဖူးပေါ်သို့ ကျရောက်သွားသည်။

"သူ ဘာလုပ်နေတာလဲ"

စောင့်ကြည့်နေသူများအားလုံး အံ့အားသင့်သွားသည်။

ဤနေရာရှိ ကျောင်းသားများအားလုံးသည် ယခင်က မီးပြင်းဖိုကို ထွန်းညှိပြီးဖြစ်သဖြင့် လုပ်ငန်းစဉ်များအကြောင်း ကောင်းစွာသိရှိသည်။မီးပြင်းဖိုထွန်းညှိသူသည် အစထမတွင် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များကို အာရုံခံကာ မရီဒါန်းများအတွင်းသို့ ဆွဲသွင်းရပေမည်။ ထို့နောက် သွေးစက်အတွင်းရှိ စွမ်းအားများကိုရင်းမြစ်ရေအိုင်အတွင်းသို့ ဝင်ရောက်ရန် လမ်းညွှန်ကာ ဤစွမ်းအားများကို မီးပွားတစ်ခုအဖြစ်ဖန်တီး၍ ရင်းမြစ်စွမ်းအင်များနှင့် ဆက်သွယ်ရပေမည်။

ဤသည်မှာ ရိုးရှင်းပုံရသော်လည်းလက်တွေ့လုပ်ဆောင်ရာ၌ အလွန်အမင်းရှုပ်ထွေးသည်။ ဆရာတယောက်သည် ပထမဆုံးအနေဖြင့် ပြင်းထန်သောရင်းမြစ်စွမ်းအားများကြောင့် ကျောင်းသားများ၏နုနယ်သော မရီဒါန်းများ ထိခိုက်ပျက်စီးသွားခြင်း မရှိစေရန် ပတ်ဝန်းကျင်၌ ဝင်္ကပါတစ်ခုကို ခင်းကျင်းရပေမည်။ထို့နောက် ဆရာဖြစ်သူသည် ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ သွေးစက်မှ မီးထွန်းညှိနိုင်သည့်စွမ်းအားကို တပည့်များဆွဲထုတ်နိုင်အောင် ကူညီပေးရပေမည်။

အတိုချုပ်ပြောရလျှင် ကျောင်းသားတစ်ယောက်၏မီးပြင်းဖိုကို ထွန်းညှိခြင်းအတွက် ဆရာတစ်ယောက်သည် အချိန်နာရီဝက်ခန့်ကြာအောင် ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်သည်။သို့ရာတွင် ကျန်းရွှမ်သည် အစောပိုင်းက သွေးစက်များကို သာမန်ကာလျှံကာ လှုပ်ခတ်လိုက်သည်။သူသည် မီးပြင်းဖိုနှစ်ခုလုံးကို တပြိုင်နက်တည်းထွန်းညှိရန် ကြံရွယ်နေသလော။ဤသည်မှာ အလွန်အဆင်အခြင်မဲ့ပေ၏။

"အဲ့ဒီကောင်က..."

မိုယန်ရွှယ်သည် သူမ အသေးစိတ်ပြင်ဆင်ထားသော မှတ်စုများကိုဖတ်ပြီးနောက် ကျန်းရွှမ်၏နည်းလမ်းသည် ကျောင်းအုပ်ကြီးလုနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်ကို မြင်တွေ့မိသည်။သူမ၏မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားပေ၏။ဤသည်မှာ သူမသူငယ်ချင်း၏ဘဝအတွက် အရေးပါသောကိစ္စတစ်ခုဖြစ်ကာ မီးပြင်းဖိုထွန်းညှိခြင်းသည် အရေးကြီးသော အဆင့်တဆင့်ပင်။ဤကိစ္စကို အလွန်ပေါ့ပေါ့တန်တန် ကိုင်တွယ်သည်မှာ အဓိပ္ပါယ်မဲ့ပေ၏။မြို့အရှင်သည် မည်သည်ကြောင့် ရှောင်ယွီအား ကျန်းရွှမ်၏တပည့်ဖြစ်လာရန် ခေါင်းမာနေသည်ကို သူမ နားမလည်နိုင်ချေ။

"ဝင်ပြီးစွက်ဖက်ဖို့ အဆင်သင့်ပြင်ထားကြတော့"

မလှမ်းမကမ်းရှိ အခန်းအတွင်းတွင်ရှိနေသော ကျောင်းအုပ်ကြီးလုမင်ရုန်က အချက်ပြလိုက်သည်။

ယန်ချင်ရှုနှင့်ဝူယွင်ကျိုးတို့ ပြောဆိုနေသော်လည်း ကျောင်းအုပ်ကြီးလုမင်ရုန်ထံတွင် ကျန်းရွှမ် အောင်မြင်မည်ဟု မျှော်လင့်ချက်တချို့ရှိနေဆဲပင်။သို့ရာတွင် ကျန်းရွှင်သည် မီးစာများကို မိန်းကလေးနှစ်ယောက်၏နဖူးပေါ်သို့ သာမန်ကာလျှံကာ တင်လိုက်သည်ကိုကြည့်ပြီး သူ အထင်ကြီးလွန်သွားသည်ကို နားလည်သဘောပေါက်သွားသည်။

ပါရမီရှင်များသည် မီးစာများမှနေ၍ စွမ်းအားများကို ကိုယ်တိုင်ဆွဲထုတ်နိုင်စွမ်းရှိသော်လည်း သာမာန်ကျင့်ကြံသူများ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ထံတွင် ပါရမီကောင်းများရှိသော်လည်း သူမတို့ မအောင်မြင်မည်မှာ သေချာပေါက်ပင်။

ဤကိစ္စမှတဆင့် ဤတံခါးဖွင့်သင်ခန်းစာသည် ကျရှုံးသွားရန် ကံကြမ္မာပါသည်မှာ သိသာထင်ရှားလှ၏။

"ဟုတ်ကဲ့"

အကြီးအကဲများအားလုံး ခါးသည်းစွာပြုံးလိုက်ကြသည်။ထိပ်သီးပါရမီရှင်တစ်ယောက်ကို ခေါ်ယူနိုင်ခဲ့သဖြင့် သူတို့အား ပျော်ရွှင်စေသည်ဟု သူတို့အားလုံး တွေးထင်ခဲ့ကြသော်လည်း ထိုအစား သူတို့ကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။သူတို့သည် ပြဿနာများဖြစ်လာမည်ကို တတ်နိုင်သမျှ ထိန်းချုပ်နေရသဖြင့် မျက်ရည်များကျလုမတတ်ပင်။

သူ၏လုပ်ရပ်များသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းကာ လူအများအား ဆွံ့အသွားစေသည်ကို သတိမပြုမိဘဲ ကျန်းရွှမ်သည် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ မီးစာမှစွမ်းအားများ ဆွဲထုတ်နေသည်ကို အာရုံစိုက်လိုက်၏။ထို့ကြောင့် သူ မျက်မှောင်ကြုတ်ပြီး အော်ငေါက်လိုက်သည်။

"မင်းတို့ရဲ့စိတ်တွေကို အာရုံစိုက်ပြီး တည်ငြိမ်အောင်လုပ်ကြစမ်း...မင်းတို့ရဲ့နံဘေးပတ်ဝန်းကျင်မှာ ဘာပဲဖြစ်နေနေ အာရုံလွင့်မသွားစေနဲ့"

သူ မီးပြင်းဖိုကိုထွန်းညှိသည့်နည်းလမ်းသည် ကောင်းကင်ဘုံစာကြည့်လိုက်၏ကောင်းကင်လမ်းနည်းစနစ်မှ ဆင်းသက်လာကာ သူမတို့၏ရုပ်ခန္ဓာကိုယ်များနှင့် အံ့ဝင်ခွင်ကျဖြစ်အောင် အထူးသီးသန့်ဖန်တီးထားသည့် စနစ်တကျကောင်းကင်လမ်းနည်းစနစ်ပင်။ထိုနည်းစနစ်အရ သူမတို့ဘက်မှ တားဆီးထားခြင်းမရှိသရွေ့ ကောင်းကင်ကံကြမ္မာရင်းမြစ်သားရဲသွေးကို မဆိုထားနှင့် သာမာန်အကျဆုံးသစ်ပင်ပန်းပန်များပင်လျှင် မီးပြင်းဖိုတစ်ခုကို ထွန်းညှိနိုင်ပေမည်။

သူမတို့သည် သရုပ်ဆောင်ရမည်ကို သိရှိထားသဖြင့် ယူရှောင်ယွီနှင့်လျှူမင်ယွဲ့တို့နှစ်ယောက်စလုံးသည် စိတ်တည်ငြိမ်အောင်ထိန်းသိမ်းကာ သွေးစက်အတွင်းရှိစွမ်းအားကို အာရုံခံနိုင်ရန် ကြိုးစားလိုက်သည်။သူမတို့သည် မည်သည့်အရာကိုမျှ အာရုံခံမိခြင်းမရှိချေ။။တစ်ယောက်သည် လော့ကျစ်ငှက်သွေးကို အသုံးပြုပြီး တခြားတစ်ယောက်သည် ဟန်ပေလိပ်သွေးကို အသုံးပြုနေလေရာ အဆိုးရွားဆုံးဖြစ်နိုင်ချေများအကြား၌ တစ်စုံတစ်ခုကို အာရုံခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။ဤအရာများသည် သာမန်သစ်ပင်ပန်းမန်များထက် ပို၍ဆိုးဝါးပေ၏။

အချိန်တခဏကြာ စောင့်ကြည့်သည့်တိုင် သူမတို့ထံတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကိုကြည့်ပြီး ကျန်းရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ချင်ကွမ်းသားရဲနှင့်လင်းယွမ်သားရဲနှစ်ကောင်လုံးသည် ကောင်းကင်ကံကြမ္မာရင်းမြစ်သားရဲများပင် ဤကဲ့သို့အဖိုးတန်မီးစာများကို လွယ်လင့်တကူအာရုံခံနိုင်ပြီး ထိုအရာများမှစွမ်းအားများကို ဆွဲထုတ်နိုင်သင့်သည်။

'ကြည့်ရတာတော့ သူတို့ရဲ့ပါရမီအရည်အချင်းက မြင်းတစ်ကောင်ထက် ပိုဆိုးနေတဲ့ပုံပဲ'

ကျန်းရွှမ်က သူ၏ခေါင်းကိုခါယမ်းကာ ကူကယ်ရာမဲ့စွာဖြင့် သူမတို့နှစ်ယောက်ကိုကြည့်လိုက်သည်။ မြင်းတကောင်ဖြစ်သော သောက်လီပင်လျှင် မီးစာအဖြစ် သာမာန်သစ်ပင်များကိုအသုံးပြုပြီး မီးပြင်းဖိုတစ်ခုကို အောင်မြင်စွာထွန်းညှိနိုင်ခဲ့သည်။သို့ရာတွင် ဤမိန်းကလေးနှစ်ယောက်သည် အရည်အသွေးမြင့်မီးစာများကို အသုံးပြုသည့်တိုင် ယခုအချိန်ထိ မည်သည့်အရာကိုမျှ အာရုံမခံနိုင်သေးချေ။

'ဘယ်လောက်တောင် အားနည်းလိုက်လဲ'

လူအမြောက်အများ စောင့်ကြည့်နေသဖြင့် အကယ်၍ ဤမီးပြင်းဖိုထွန်းညှိရာတွင် ကျရှုံးသွားပါက သူ့အတွက် အရှက်ရစရာ ဖြစ်သွားပေမည်။ထို့ကြောင့် သူ၏လက်နှစ်ဖက်ကိုထပ်မံ၍ဆန်တန်းကာ သူ၏လက်ချောင်းများကို ညင်သာစွာလှုပ်ခတ်လိုက်၏။

ဝှစ်....ဝှစ်..

မူလဘူတမြေဝါရောင်စွမ်းအင်တန်းနှစ်တန်းသည် သူမတို့၏မရီဒါန်းများတလျှောက် အမြန်စီးဆင်းသွားပြီး မယုံကြည်နိုင်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် သူမတို့၏ရင်းမြစ်ရေအိုင်များအတွင်းသို့ဝင်ရောက်ကာ တိတ်တဆိတ်ပုန်းအောင်းနေသည်။

ဤသည်မှာ လောကအရှင်သခင်တစ်ယောက်၏လျှို့ဝှက်ချက်တစ်ခုဖြစ်သဖြင့် ပေါ့ပေါ့တန်တန် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိလေရာ သူ၏တပည့်များအတွက်လည်း ချွင်းချက်မရှိချေ။

ထိုသို့ပြုလုပ်ပြီးနောက် ကျန်းရွှမ်သည် သူ၏လက်ချောင်းနှစ်ချောင်းကို ဆန့်တန်းကာ သူမတို့၏နဖူးများပေါ်မှ သွေးစက်များကိုဖယ်ရှားလိုက်သည်။ထိုနောက် သူ၏လည်ချောင်းကိုရှင်းပြီး ပြောဆိုလိုက်၏။

"မင်းတို့ရဲ့ပါးစပ်တွေကို ဖွင့်လိုက်ကြစမ်း"

ယူရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် သူ မည်သည့်အရာအား ရည်ရွယ်သည်ကို မသိရှိသော်လည်း သူမတို့၏ပါးစပ်များကို တပြိုင်နက်တည်းဖွင့်လိုက်ကြသည်။မည်သည့်တွေဝေတုံ့ခြင်းမျှမရှိဘဲ ကျန်းရွှမ်သည် သူ၏လက်ချောင်းများကို ထပ်မံ၍လှုပ်ခတ်ကာ သွေးစက်နှစ်စက်ကို သူမတို့၏ပါးစပ်များအတွင်းသို့ ကျရောက်သွားစေသည်။

"ဆရာ..."

"အမ်..."

ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့နှစ်ယောက်လုံး ကြက်သေသေသွားကာ မယုံကြည်နိုင်မှုကြောင့် သူမတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

မီးပြင်းဖိုတစ်ခုကို ထွန်းညှိခြင်းသည် မီးစာအတွင်းရှိစွမ်းအားကို စုပ်ယူရန်သာ လိုအပ်ပြီး စားရန်မဟုတ်ချေ...ယခုချိန်တွင်မူ သွေးစက်ကို တိုက်ရိုက်ဝါးမြိုခိုင်းခြင်း ဖြစ်သလော။သူ မည်သည့်အရာကို ပြုလုပ်နေသနည်း။

"ဒါက အဆုံးသတ်သွားပြီ....ဒါတွေက ကောင်းကင်ကံကြမ္မာသားရဲတွေရဲ့သွေးတွေပဲ ...ဘာအကာအကွယ်မှမရှိဘဲနဲ့ ဒီအရာတွေကို ချေဖျက်မယ်ဆိုရင် သေစေနိုင်တယ်"

ကျောင်းအုပ်ကြီးလုသည် သတိလစ်မေ့မျောသွားတော့လုမတတ်ပင်။

ကောင်းကင်ကံကြမ္မာရင်းမြစ်သားရဲများသည် အစွမ်းထက်ပြီး သူတို့၏သွေးများတွင် စွမ်းအားအနှစ်သာရများ ပါဝင်သည်။သာမန်လူတစ်ယောက်သည် ဤသွေးစက်များကို သောက်သုံးရန်နေနေသာသာ စူးစမ်းလေ့လာရုံဖြင့်ပင် ထိခိုက်နာကျင်မှုများ ဖြစ်စေနိုင်သည်။စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်သို့ပင် မရောက်သေးသော မိန်းကလေးနှစ်ယောက်ကို ဤသွေးစက်များ တိုက်ကျွေးလိုက်ခြင်းသည်....

ဤသည်မှာ မီးပြင်းဖိုကို ထွန်းညှိနေခြင်း ဖြစ်သလော သို့မဟုတ် သတ်ဖြတ်ရန် ကြံစည်ခြင်းဖြစ်သလော...

အကယ်၍ ကျန်းရွှမ်သည် မီးပြင်းဖိုကို ထွန်းညှိရာ၌ ကျရှုံးသွားလျှင်ပင် သူတို့ ဖုံးကွယ်ပေးထားရန် ပြင်ဆင်ထားပြီးဖြစ်သည်။သို့ရာတွင် ယခုအချိန်၌ အကယ်၍ ဤမိန်းကလေးနှစ်ယောက်ဒဏ်ရာရရှိသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းတို့ ဖြစ်လာပါက ကျောင်းတော်သည်လည်း ဤအရှုပ်တော်ပုံကြားမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

"အဆင်အခြင်မဲ့တယ်....အရမ်း အဆင်အခြင်မဲ့တယ်"

ဝူယွင်ကျိုးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ငါတို့ အခုချက်ချင်း ကြားဝင်စွက်ဖက်မယ်...တကယ်လို့ သွေးစက်တွေကို စုပ်ယူပြီးရင်တောင် သူတို့ကိုကယ်ဖို့ အရမ်းနောက်မကျသေးဘူး"

အကြီးအကဲဟယ်ချင်က ဆတ်ခနဲမတ်တတ်ထရပ်ကာ အပြေးသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းရွှမ်၏အသံကြောင့် ရပ်တန့်သွားသည်။

"ဘာမှမစိုးရိမ်နဲ့...ဒီသွေးစက်ကို ငါ့ရဲ့စွမ်းအားတွေနဲ့ ဖုံးအုပ်ထားတာကြောင့် မင်းတို့ကို ထိခိုက်နာကျင်စေမှာ မဟုတ်ဘူး...ဒါတွေကို သောက်သုံးခိုင်းတာက ဒီသွေးစက်တွေထဲကစွမ်းအားတွေကို မင်းတို့ စုပ်ယူတဲ့နေရာမှာ ပိုလွယ်ကူသွားပြီးတော့ မီးပြင်းဖိုကိုထွန်းညှိနိုင်ဖို့ပဲ"

"သူ့ရဲ့စွမ်းအားတွေနဲ့ ဖုံးအုပ်ထားတာလား...သူက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီလား"

"မနေ့က သူ စာကြည့်တိုက်က ထွက်သွားတဲ့အချိန်မှာ အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်....အခု သူက နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီလား"

ထိုစကားကိုကြားချိန်တွင် လုမင်ရုန်တို့လူစု ကြက်သေသေသွားသည်။ကျန်းရွှမ်သည် အလွန်အမင်းပါရမီအရည်အချင်းရှိသဖြင့် ကျင့်ကြံဆင့် အလျင်အမြန်မြင့်တက်သွားမည်ကို သူတို့ သိရှိထားသည်။သို့ရာတွင် ဤမျှထိ အလွန်လျှင်မြန်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

အကယ်၍ သူသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ အမှန်တကယ်ရောက်ရှိသွားပါက သူ၏စွမ်းအားကိုအသုံးပြု၍ သွေးစက်များကိုဖုံးအုပ်ထားပါက သူမတို့အား မည်သည့်ထိခိုက်နာကျင်မှုမျှမဖြစ်အောင် ကာကွယ်ဟန့်တားနိုင်ပေမည်။

"ငါတို့ စောင့်ကြည့်သင့်တယ် မဟုတ်လား"

ဝူလျှူယွင်၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေသော်လည်း ကူကယ်ရာမဲ့စွာဖြင့်အကြံပြုလိုက်၏။

"ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့....အဲ့ဒီကောင်က သူတို့ရဲ့မီးပြင်းဖိုတွေကို ထွန်းညှိနိုင်အောင် တကယ်ကူညီပေးနိုင်မလားဆိုတာ ငါ ကြည့်ချင်တယ်"

ကျောင်းအုပ်ကြီးလုမင်ရုံက ချီတုံချတုံဖြင့်သဘောတူကာ ခေါင်းညိတ်လိုက်သည်။

All Chapters